မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သင်၏နိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်’

‘သင်၏နိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်’

ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့

‘သင်၏နိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်’

၂ ဓမ္မရာဇဝင် ၇:၁-၁၆

သမိုင်းတစ်လျှောက်တွင် လူ့အုပ်စိုးရှင်များစွာသည် နန်းချခံခဲ့ရ၏။ အချို့က ကန့်ကွက်မဲဖြင့်၊ အချို့က အတင်းအကျပ်ဖြင့် ဖယ်ရှားခံခဲ့ရသည်။ ဘုရားသခင့် ကောင်းကင်နိုင်ငံတော်၏ ဘုရင် ယေရှုခရစ်နှင့်ပတ်သက်၍ကော အသို့နည်း။ ယေရှုကို ဘုရားသခင်၏ခန့်အပ်ခံ ဘုရင်အဖြစ်မှ တားဆီးနိုင်မည့်အရာ ရှိပါသလော။ ရှေးအစ္စရေးဘုရင် ဒါဝိဒ်ကို ယေဟောဝါဘုရားသခင် မိန့်ဆိုခဲ့သော စကားများတွင် အဖြေကို တွေ့နိုင်ပါသည်။ ၎င်းကို ၂ ဓမ္မရာဇဝင် အခန်းကြီး ၇ တွင် မှတ်တမ်းတင်ထားပါသည်။

လူသားဘုရင်မျှသာဖြစ်သော ဒါဝိဒ်သည် ကြီးကျယ်ခမ်းနားသော နန်းတော်တွင် နေထိုင်ပြီး ဘုရားသခင့်သေတ္တာတော်မူကား သာမန်တဲတော်တွင် တည်ရှိနေသည်ကို ဒါဝိဒ် စိတ်မကောင်းဖြစ်နေကြောင်း ထိုအခန်းကြီးကို ဖတ်သောအခါ ကျွန်ုပ်တို့ သိရှိရ၏။ * ယေဟောဝါဘုရားသခင်အတွက် ဂုဏ်အသရေရှိသည့် အိမ်တော်တည်းဟူသော ဝတ်ပြုရာအိမ်တော်ကို မိမိတည်ဆောက်ပေးလိုကြောင်း ဒါဝိဒ်ပြောပြသည်။ (အခန်းငယ် ၂) သို့သော် ဝတ်ပြုရာအိမ်တော်ကို ဒါဝိဒ် တည်ဆောက်ခွင့်ရမည်မဟုတ်ပါ။ ဒါဝိဒ်၏သားတစ်ဦး တည်ဆောက်လိမ့်မည်ဟု ပရောဖက်နာသန်မှတစ်ဆင့် ယေဟောဝါဘုရားသခင် မိန့်ဆိုတော်မူသည်။—အခန်းငယ် ၄၊ ၅၊ ၁၂၊ ၁၃။

ယေဟောဝါဘုရားသခင်သည် ဒါဝိဒ်၏စိတ်ဆန္ဒကို အလွန်နှစ်သက်တော်မူသည်။ ထို့ကြောင့် ဒါဝိဒ်၏ စိတ်အားကြီးမှုကို တုံ့ပြန်ရန်နှင့် ပရောဖက်ပြုချက်ကို ပြည့်စုံစေရန် ဘုရားသခင်သည် ထာဝစဉ်အုပ်ချုပ်မည့်သူတစ်ဦးကို ဒါဝိဒ်၏မျိုးနွယ်မှ ပေါ်ထွန်းစေမည်ဟု ကတိပြုကာ ဒါဝိဒ်နှင့် ပဋိညာဉ်ဖွဲ့ခဲ့သည်။ နာသန်သည် ဘုရားသခင်၏ ထိုလေးနက်သော ကတိပြုချက်ကို ဒါဝိဒ်အား ဤသို့ဆင့်ဆို၏– “သင်၏အမျိုးအနွယ်နှင့် သင်၏နိုင်ငံသည် ငါ့ရှေ့မှာ အစဉ်အမြဲ တည်လိမ့်မည်။ သင်၏ ရာဇပလ္လင်သည်လည်း အစဉ်အမြဲ တည်လိမ့်မည်။” (အခန်းငယ် ၁၆) အဆိုပါပဋိညာဉ်ကို ထာ၀ရတည်တံ့စေမည့် အမွေခံ၊ ထာဝစဉ်အုပ်ချုပ်သွားမည့်သူကား မည်သူနည်း။— ဆာလံ ၈၉:၂၀၊ ၂၉၊ ၃၄-၃၆

နာဇရက်မြို့သား ယေရှုသည် ဒါဝိဒ်၏မျိုးနွယ်မှ ဆင်းသက်လာသူဖြစ်သည်။ ကောင်းကင်တမန်တစ်ပါးသည် ယေရှုကို မွေးဖွားမည့်အကြောင်း ကြေညာစဉ်က ဤသို့မိန့်ဆိုသည်– “သူ့အဖ ဒါဝိဒ်၏ . . . ကို ယေဟောဝါဘုရားသခင်သည် သူ့အား ပေးတော်မူမည်။ သူသည် ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ် အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း အဆုံးမရှိရ။” (လုကာ ၁:၃၂၊ ၃၃) ထို့ကြောင့် ဒါဝိဒ်နှင့်ဖွဲ့ခဲ့သော ပဋိညာဉ်သည် ယေရှုခရစ်တွင် ပြည့်စုံခဲ့သည်။ သို့ဖြစ်၍ လူ့ရွေးချယ်မှုအားဖြင့်မဟုတ်ဘဲ ထာဝစဉ်အုပ်ချုပ်ခွင့်ရမည်ဟု ဘုရားသခင်၏လေးနက်သော ကတိတော်အားဖြင့် ယေရှု အုပ်ချုပ်သွားမည်ဖြစ်သည်။ ဘုရားသခင်၏ ကတိတော်များသည် အမှန်ပင် ပြည့်စုံလာမည်ကို မှတ်သားထားကြပါစို့။—ဟေရှာယ ၅၅:၁၀၊ ၁၁

၂ ဓမ္မရာဇဝင်အခန်းကြီး ၇ မှ သင်ယူစရာ အရေးကြီးသင်ခန်းစာနှစ်ခု ရှိပါသည်။ ပထမ၊ ယေရှုခရစ်၏အုပ်ချုပ်မှုကို တားဆီးနိုင်မည့်အရာ၊ တားဆီးနိုင်မည့်သူ လုံး၀မရှိကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။ ထို့ကြောင့် ကိုယ်တော်သည် မိမိအုပ်ချုပ်မှုနှင့်ပတ်သက်၍ ကတိပြုချက်အတိုင်း ပြည့်စုံအောင် ဆောင်ရွက်သွားမည်၊ တစ်နည်းအားဖြင့် ကောင်းကင်တွင် ဘုရားသခင့်အလိုတော် ပြည့်စုံသကဲ့သို့ မြေကြီးပေါ်တွင်လည်း ပြည့်စုံစေမည်ဖြစ်ကြောင်း စိတ်ချနိုင်ပါသည်။—မဿဲ ၆:၉၊ ၁၀

ဒုတိယ၊ ဤမှတ်တမ်းက ယေဟောဝါနှင့်ပတ်သက်၍ အားရှိစရာ သင်ခန်းစာတစ်ခုကို သင်ပေးပါသည်။ ယေဟောဝါဘုရားသခင်သည် ဒါဝိဒ်၏စိတ်အားကြီးမှုကို သိမြင်ပြီး တန်ဖိုးထားတော်မူကြောင်း အမှတ်ရပါ။ ယေဟောဝါဘုရားသခင်သည် ဝတ်ပြုကိုးကွယ်မှုအတွက် ကျွန်ုပ်တို့၏ စိတ်အားကြီးမှုကို လေးမြတ်တန်ဖိုးထားကြောင်း သိရှိရခြင်းက အားရှိစရာပင်။ ကျန်းမာရေးချို့တဲ့လာခြင်း သို့မဟုတ် အသက်အရွယ်ကြီးရင့်လာခြင်း အစရှိသော ကျွန်ုပ်တို့ ထိန်းချုပ်၍မရနိုင်သည့် အခြေအနေများကြောင့် ဘုရားသခင့်အမှုတော်ကို ဆောင်ရွက်ရာတွင် စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ချေ။ သို့တိုင် ဝတ်ပြုကိုးကွယ်ရေးအတွက် ကျွန်ုပ်တို့၏ စိတ်အားကြီးမှုကိုပင် ဘုရားသခင် သိမြင်တော်မူသည်ဟူသော အချက်ကြောင့် နှစ်သိမ့်မှု ရရှိနိုင်ပါသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ပဋိညာဉ်သေတ္တာဟူသည် ယေဟောဝါဘုရားသခင်၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ခဲ့သည့် မြင့်မြတ်သော သေတ္တာတစ်လုံး ဖြစ်သည်။ ယင်းသည် ရှေးအစ္စရေးလူမျိုးနှင့်အတူ ယေဟောဝါဘုရားသခင် ရှိနေသည့် အထိမ်းအမှတ်ဖြစ်၏။—ထွက်မြောက်ရာ ၂၅:၂၂