မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် ခရစ်တော်နောက် လုံးလုံးလိုက်နေသလော

သင်သည် ခရစ်တော်နောက် လုံးလုံးလိုက်နေသလော

သင်သည် ခရစ်တော်နောက် လုံးလုံးလိုက်နေသလော

‘သင်တို့လျှောက်လှမ်းနေသည့်အတိုင်း သာ၍ အပြည့်အ၀ လျှောက်လှမ်းနေကြပါ။’—၁ သက်. ၄:၁

၁၊ ၂။ (က) ယေရှုခေတ်ကလူတွေ ဘယ်ထူးမြတ်တဲ့အရာတွေကို မြင်တွေ့ခဲ့ရသလဲ။ (ခ) ကျွန်ုပ်တို့ရဲ့ ခေတ်ကာလကလည်း ဘာကြောင့် အရေးပါသလဲ။

ယေရှု ကမ္ဘာပေါ်ရှိခဲ့ချိန်တွင် အသက်ရှင်ရလျှင် အလွန်ကောင်းမည်ဟု သင်စဉ်းစားဖူးသလော။ ယေရှု၏ကုသမှုခံယူရမည်ဆိုလျှင် ထိခိုက်နာကျင်စေသော ကာယဒုက္ခတချို့ကို မခံစားရတော့ဟု သင်တွေးမိပေမည်။ သို့မဟုတ် ယေရှု၏သွန်သင်ချက်များကို ကြားနာ၍ ကိုယ်တော့်ထံမှသင်ယူကာ ယေရှုပြသောအံ့ဖွယ်အမှုများကို မြင်တွေ့ရခြင်းသည် အလွန်နှစ်သက်စရာ ဖြစ်မည်ဟု သင်စဉ်းစားမိပေမည်။ (မာ. ၄:၁၊ ၂; လု. ၅:၃-၉; ၉:၁၁) ဤအမှုများကို ယေရှုပြုလုပ်ခဲ့ချိန်တွင် ထိုတွင်ရှိနေခြင်းသည် အခွင့်ထူးကြီးဖြစ်ပေမည်။ (လု. ၁၉:၃၇) ထိုအချိန်နောက်ပိုင်း မည်သည့်လူမျိုးဆက်မျှ ယင်းအရာများကို မြင်တွေ့တော့မည် မဟုတ်ချေ၊ မြေကြီးပေါ်တွင် “မိမိကိုယ်ကို ပူဇော်ခြင်း” လုပ်ရပ်များကို ယေရှု ထပ်မံလုပ်ဆောင်တော့မည်မဟုတ်ချေ။—ဟေဗြဲ ၉:၂၆; ယော. ၁၄:၁၉

သို့သော် ကျွန်ုပ်တို့အသက်ရှင်နေသော ခေတ်ကာလသည်လည်း အလွန်ထူးခြားသည်။ အဘယ်ကြောင့်နည်း။ သမ္မာကျမ်းစာတွင် ကြိုဟောထားသည့် ‘ဆုံးခန်းကာလ’ ဖြစ်သော “နောက်ဆုံးသောနေ့ရက်များ” တွင် ယခု ကျွန်ုပ်တို့ အသက်ရှင်နေရသည်။ (ဒံ. ၁၂:၁-၄၊ ၉; ၂ တိ. ၃:၁) ဤအချိန်ကာလတွင် စာတန် ကောင်းကင်မှ ပစ်ချခံခဲ့ရသည်။ မကြာမီ သူသည် ချည်နှောင်ခံရကာ “တွင်းနက်ကြီးထဲသို့’’ ပစ်ချခံရတော့မည်။ (ဗျာ. ၁၂:၇-၉၊ ၁၂; ၂၀:၁-၃) ထို့ပြင် ဤအချိန်တွင် ကျွန်ုပ်တို့သည် နောက်ဘယ်တော့မျှ ပြန်လုပ်ရတော့မည်မဟုတ်သောလုပ်ငန်းဖြစ်သည့် ဘုရားသခင့် “နိုင်ငံတော်သတင်းကောင်း” ကို ကမ္ဘာတစ်ဝန်းကြေညာခြင်းဖြင့် ရောက်လာတော့မည့် ပရဒိသုမျှော်လင့်ချက်အကြောင်း လူတို့ကိုဟောပြောရသည့် အခွင့်ထူးရရှိထားသည်။—မ. ၂၄:၁၄

၃။ ယေရှုကောင်းကင်ကို မတက်ကြွမီ မိမိရဲ့နောက်လိုက်တွေကို ဘာလုပ်ဖို့ပြောခဲ့သလဲ၊ အဲဒီမှာ ဘယ်အရာပါဝင်သလဲ။

ယေရှုကောင်းကင်သို့ မတက်ကြွမီလေးတွင် မိမိ၏နောက်လိုက်များကို ဤသို့ မိန့်တော်မူခဲ့သည်– ‘သင်တို့သည် ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ့အကြောင်း သက်သေခံသူများ ဖြစ်ကြလိမ့်မည်။’ (တ. ၁:၈) ယင်းတွင် ကမ္ဘာချီသွန်သင်ခြင်းလုပ်ငန်း ပါဝင်လိမ့်မည်ဖြစ်သည်။ ယင်းလုပ်ငန်း၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ အဆုံးမရောက်မီ ခရစ်တော်၏နောက်လိုက်များဖြစ်သော တပည့်များတိုးများလာရန် ဖြစ်သည်။ (မ. ၂၈:၁၉၊ ၂၀) ခရစ်တော်ပေးခဲ့သောတာဝန်ကို ကျွန်ုပ်တို့ကျေပွန်လိုလျှင် အဘယ်အရာ ပြုလုပ်ရမည်နည်း။

၄။ (က) ၂ ပေတရု ၃:၁၁၊ ၁၂ မှာပါတဲ့ ပေတရုရဲ့စကားက ဘာလုပ်ဖို့ အလေးပေးဖော်ပြသလဲ။ (ခ) ဘယ်အချက်ကို သတိရှိဖို့လိုသလဲ။

တမန်တော်ပေတရု ပြောခဲ့သောဤစကားများကို သတိပြုပါ– ‘မည်သို့သောလူစားမျိုးဖြစ်သင့်သည်ကို ဆင်ခြင်ကြလော့။ သင်တို့သည် သန့်ရှင်းသောအမူအကျင့်များကျင့်၍ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူများ ဖြစ်သင့်၏။ ယေဟောဝါ၏နေ့ရောက်လာမည်ကိုစောင့်မျှော်၍ စိတ်စွဲလမ်းကြလော့။’ (၂ ပေ. ၃:၁၁၊ ၁၂) ဤနောက်ဆုံးသောနေ့ရက်များ၌ ကျွန်ုပ်တို့၏အသက်တာသည် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သည့် လုပ်ဆောင်မှုများတွင် အာရုံစိုက်နေရန် မပြတ်ဂရုပြုဖို့လိုကြောင်း ပေတရု၏စကားများက အလေးပေးဖော်ပြသည်။ ယင်းသို့သောလုပ်ဆောင်မှုများတွင် သတင်းကောင်းဟောပြောခြင်း ပါဝင်သည်။ ထို့ကြောင့် ခရစ်တော်ပေးအပ်ခဲ့သောတာဝန်ကို ထမ်းဆောင်ရာတွင် ကမ္ဘာချီညီအစ်ကိုများ၏ ဇွဲထက်သန်မှုကို မြင်တွေ့ရခြင်းမှာ အားရရွှင်လန်းစရာ ကောင်းလှပေသည်။ တစ်ချိန်တည်းတွင် စာတန့်လောက၏ဖိအားများနှင့် အမွေခံထားရသော ကျွန်ုပ်တို့ကိုယ်တိုင်၏ ဇာတိသဘောထားများကြောင့် ဘုရားသခင့်လုပ်ငန်းတော်တွင် ပါဝင်သော ကျွန်ုပ်တို့၏ဇွဲကို လျော့နည်းမသွားစေရန် သတိပြုဖို့လိုကြောင်း ကျွန်ုပ်တို့ သိထားသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ခရစ်တော်နောက် ဆက်လိုက်နေကြောင်း သေချာစေရန် မည်သို့ပြုလုပ်နိုင်ပုံကို သုံးသပ်ကြည့်ကြစို့။

ဘုရားသခင်ပေးသောတာဝန်များကို တလိုတလား လက်ခံပါ

၅၊ ၆။ (က) ဂျေရုဆလင်မှာရှိတဲ့ ယုံကြည်သူချင်းတွေကို ပေါလု ဘာအတွက် ချီးမွမ်းခဲ့သလဲ၊ အဲဒီအပြင် ဘာကို သတိပေးခဲ့သလဲ။ (ခ) ဘုရားသခင်ပေးအပ်ထားတဲ့တာဝန်တွေကို ကျွန်ုပ်တို့ ဘာကြောင့် ပေါ့ပေါ့တန်တန် သဘောမထားသင့်သလဲ။

ဂျေရုဆလင်မြို့ရှိ ခရစ်ယာန်များထံရေးသော တမန်တော်ပေါလု၏စာတွင် နှိပ်စက်ညှဉ်းပန်းမှုများကို သစ္စာရှိစွာ ခံရပ်ခဲ့သော ထိုသူတို့၏အတိတ်မှ မှတ်တမ်းကို ချီးမွမ်းပြောဆိုထားသည်။ သူဤသို့ ရေးခဲ့သည်– “သင်တို့သည် အလင်းရပြီးနောက် ဆင်းရဲဝေဒနာများကိုခံရ၍ အကြီးအကျယ်တိုက်လှန်ခဲ့ရသော ယခင်အချိန်ကို သတိရနေကြလော့။” မှန်ပါသည်၊ ယေဟောဝါသည် သူတို့၏သစ္စာရှိလမ်းစဉ်ကို သတိရတော်မူသည်။ (ဟေဗြဲ ၆:၁၀; ၁၀:၃၂-၃၄) ပေါလု၏လှိုက်လှဲသော ချီးမွမ်းစကားများက ဟေဗြဲခရစ်ယာန်များအတွက် အလွန်အားရှိစရာဖြစ်မည်မှာ သေချာပါသည်။ သို့သော် အခြားကျမ်းချက်တွင် လူ့သဘောထားအကြောင်း သတိပေးထားပြီး ယင်းကို မထိန်းချုပ်ပါက ဘုရားသခင့်လုပ်ငန်းတော်အတွက် ကျွန်ုပ်တို့၏ဇွဲ လျော့နည်းသွားစေနိုင်ကြောင်း ကျွန်ုပ်တို့ကို သတိပေးထားသည်။ လုကာ ၁၄:၁၈ တွင် ခရစ်ယာန်များသည် ဘုရားသခင့်ပညတ်များကိုမနာခံလို၍ အကြောင်းပြခြင်း သို့မဟုတ် “တောင်းပန်” ကာပြန်ဆုတ်ခြင်းကို ဂရုပြုသင့်ကြောင်း ဖော်ပြထား၏။

ယနေ့ ခရစ်ယာန်များနှင့်လည်းသက်ဆိုင်သော ဘုရားသခင်ပေးအပ်ထားသည့်တာဝန်များကို မလုပ်ဆောင်လို၍ “တောင်းပန်” ကာပြန်ဆုတ်သူများ မဖြစ်ရန် ယင်းကသတိပေးသည်။ ကျွန်ုပ်တို့၏ခရစ်ယာန်တာဝန်များကို ပေါ့ပေါ့တန်တန်သဘောမထားဘဲ ဘုရားသခင့်လုပ်ငန်းတော်တွင် ဇွဲဖြင့်ပါဝင်ရန် စိတ်ပိုင်းဖြတ်ထားဖို့လိုကြောင်း ကျွန်ုပ်တို့သိထားသည်။ (ဟေဗြဲ ၁၀:၃၉) အမှန်မှာ မြင့်မြတ်သောလုပ်ငန်းတော်တွင် ပါဝင်ခြင်းသည် သေရေးရှင်ရေးကိစ္စဖြစ်၏။—၁ တိ. ၄:၁၆

၇၊ ၈။ (က) ဘုရားသခင့်လုပ်ငန်းတော်အတွက် ကျွန်ုပ်တို့ရဲ့ ဇွဲကို ထိန်းသိမ်းဖို့ ဘယ်အရာက ကူညီပေးမလဲ။ (ခ) ကျွန်ုပ်တို့ ယခင်ကရှိခဲ့ဖူးတဲ့ဇွဲ လျော့နည်းနေတယ်ဆိုရင် ယေဟောဝါ၊ ယေရှုတို့နဲ့ ပတ်သက်ပြီး ဘာကို သတိရသင့်သလဲ။

ဘုရားသခင်ပေးအပ်ထားသောတာဝန်များကို လျစ်လျူမရှုမိစေရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးမည်နည်း။ ထိုသဘောထားကို တိုက်လှန်နိုင်သည့် အရေးပါသောနည်းတစ်နည်းမှာ ကျွန်ုပ်တို့၏ အပ်နှံခြင်းကတိသစ္စာကို မှန်မှန် ပြန်လည်တွေးတောဆင်ခြင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏အသက်တာကို ယေဟောဝါထံအပ်နှံခဲ့ချိန်တွင် ကိုယ်တော်၏အလိုတော်ကို ပထမနေရာတွင်ထား၍ လုပ်ဆောင်ပါမည်ဟု ယေဟောဝါထံ ကတိပြုခဲ့ခြင်းဖြစ်ပြီး ယင်းကတိကို ကျွန်ုပ်တို့တည်လိုကြသည်။ (မဿဲ ၁၆:၂၄ ကိုဖတ်ပါ။) ထိုကြောင့် ကျွန်ုပ်တို့သည် ခေတ္တရပ်တန့်၍ မိမိကိုယ်ကို မကြာခဏ ဤသို့မေးသင့်သည်– ‘ငါနှစ်ခြင်းခံခဲ့တဲ့အချိန်က ကတိပြုခဲ့တဲ့အတိုင်း ဘုရားသခင်ထံ အပ်နှံထားမှုနဲ့အညီ အသက်ရှင်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ရှိနေဆဲလား။ ဒါမှမဟုတ် အဲဒီအချိန်တုန်းကရှိခဲ့တဲ့ ငါရဲ့ဇွဲ လျော့နည်းနေပြီလား။’

ရိုးရိုးသားသားဆန်းစစ်ခြင်းမှ ကျွန်ုပ်တို့သည် ယေဟောဝါ၏အမှုတော်တွင် ဇွဲထက်သန်မှုလျော့နည်းနေကြောင်း သိရှိရပါက ပရောဖက်ဇေဖနိ၏ အားရှိစရာစကားများကို ပြန်လည်သတိရခြင်းက ကောင်းပါသည်။ သူဤသို့ပြောခဲ့သည်– ‘လက်အားမလျော့စေနှင့်၊ သင်၏ဘုရားသခင်ယေဟောဝါသည် သင့်အလယ်၌ရှိ၍ တန်ခိုးကြီးသောဘုရားသခင်သည် သင့်ကို ကယ်တင်တော်မူလိမ့်မည်။ သင်၌ အားရ၍ ဝမ်းမြောက်တော်မူလိမ့်မည်။’ (ဇေ. ၃:၁၆၊ ၁၇) ဤအာမခံချက်သည် ဗာဗုလုန်သုံ့ပန်းဘ၀မှ ဂျေရုဆလင်သို့ ပြန်လာသော ရှေးအစ္စရေးလူမျိုးနှင့် ဦးဆုံးသက်ဆိုင်သည်။ သို့သော် ဤအာမခံချက်သည် ယနေ့ဘုရားသခင့်လူများနှင့်လည်း သက်ဆိုင်နေဆဲဖြစ်သည်။ ကျွန်ုပ်တို့လုပ်ဆောင်နေသောလုပ်ငန်းသည် ယေဟောဝါ၏လုပ်ငန်းဖြစ်သောကြောင့် ဘုရားသခင်ပေးအပ်ထားသောတာဝန်ကို ထမ်းဆောင်ရာတွင် ယေဟောဝါနှင့် ကိုယ်တော့်သားတော်သည် ကျွန်ုပ်တို့ကို ထောက်မပေးနေပြီး ခွန်အားပေးနေကြောင်း စိတ်စွဲမှတ်ထားသင့်သည်။ (မ. ၂၈:၂၀; ဖိ. ၄:၁၃) ဘုရားသခင့်လုပ်ငန်းတော်ကို ကျွန်ုပ်တို့ ဇွဲဖြင့်ဆက်လုပ်ဆောင်ရန် ကြိုးစားပါက ကိုယ်တော် ကျွန်ုပ်တို့ကို ကောင်းချီးပေးမည်ဖြစ်ပြီး ကျွန်ုပ်တို့ဆက်တိုးတက်နေရန် ကူညီပေးပါလိမ့်မည်။

ဇွဲဖြင့် “ဘုရားသခင့်နိုင်ငံတော်ကို ဦးစွာရှာလျက်နေ” ပါ

၉၊ ၁၀။ ကြီးကျယ်ခမ်းနားတဲ့ စားသောက်ပွဲကြီးပုံဥပမာရဲ့ အဓိကဆိုလိုရင်းက ဘာလဲ၊ အဲဒီကနေ ဘာသင်ခန်းစာတွေ ထုတ်နုတ်နိုင်သလဲ။

ဖာရိရှဲအရာရှိတစ်ဦး၏အိမ်တွင် စားသောက်နေစဉ် ယေရှုသည် ခမ်းနားကြီးကျယ်သော စားသောက်ပွဲကြီးတစ်ခုအကြောင်း ပုံဥပမာပေးခဲ့သည်။ ပုံဥပမာတွင် ကိုယ်တော်သည် လူအသီးသီးအား ကောင်းကင်နိုင်ငံတော်သို့ ဝင်နိုင်သည့်အခွင့်အရေး ကမ်းလှမ်းခြင်းအကြောင်း ဖော်ပြခဲ့သည်။ ကိုယ်တော်သည် “တောင်းပန်” ကာပြန်ဆုတ်ခြင်း၏အဓိပ္ပာယ်ကိုလည်း ပုံဥပမာပေးခဲ့သည်။ (လုကာ ၁၄:၁၆-၂၁ ကိုဖတ်ပါ။) ယေရှု၏ပုံဥပမာမှ ဖိတ်ခေါ်ခံရသူများသည် စားသောက်ပွဲ မတက်နိုင်ကြောင်း အကြောင်းပြချက်အမျိုးမျိုးပေးကြသည်။ တစ်ဦးက လယ်တစ်ကွက်ဝယ်ထား၍ သွားကြည့်ရမည်ဟု ပြောသည်။ နောက်တစ်ဦးက နွားတချို့ဝယ်ထား၍ သွား၍အစမ်းခိုင်းကြည့်ရမည်ဟု ပြောသည်။ နောက်တစ်ဦးက ‘ကျွန်ုပ်လက်ထပ်ပြီးကာစဖြစ်၍ မလာနိုင်ပါ’ ဟုပြောသည်။ ယင်းတို့သည် မခိုင်လုံသောအကြောင်းပြချက်များဖြစ်သည်။ လယ်ကွက် သို့မဟုတ် တိရစ္ဆာန်ဝယ်သူသည် ပုံမှန်အားဖြင့် မဝယ်ယူခင် ကြိုတင်ကြည့်ရှုပြီးဖြစ်သည်၊ ထို့ကြောင့် ဝယ်ပြီးမှ စစ်ဆေးခြင်းသည် အရေးကြီးသောအကြောင်း မဟုတ်ပါ။ မကြာသေးမီကမှ လက်ထပ်ခြင်းက ဤသို့သောအရေးကြီးသည့် ဖိတ်ခေါ်ချက်ကို လက်မခံဖို့ အတားအဆီး ဖြစ်သင့်သလော။ ပုံဥပမာပါအိမ်ရှင် အလွန်စိတ်ဆိုးခြင်းမှာ အံ့ဩစရာမဟုတ်ပါ။

၁၀ ဘုရားသခင်၏လူမျိုးအားလုံးသည် ယေရှု၏ပုံဥပမာမှ သင်ခန်းစာယူနိုင်ကြသည်။ အဘယ်သင်ခန်းစာနည်း။ ယေရှု၏ပုံဥပမာတွင်ပါသောသူများကဲ့သို့ မိမိတို့၏ ကိုယ်ရေးကိုယ်တာကိစ္စများကြောင့် အလွန်အရေးကြီးသော ဘုရားသခင့်အမှုဆောင်ခြင်းကို ဘေးချိတ်ထားခြင်းမျိုး ဘယ်သောအခါမျှ ခွင့်မပြုသင့်ချေ။ ခရစ်ယာန်တစ်ဦးသည် ကိုယ်ရေးကိုယ်တာကိစ္စများကို သင့်တော်သောနေရာတွင်မထားပါက ခရစ်ယာန်ဓမ္မအမှုတွင်ထားရှိသော သူ၏ဇွဲသည် တဖြည်းဖြည်းလျော့နည်းသွားပေမည်။ (လုကာ ၈:၁၄ ကိုဖတ်ပါ။) ထိုသို့မဖြစ်စေရန် ကျွန်ုပ်တို့သည် ယေရှု၏သတိပေးချက်နှင့်အညီ အသက်ရှင်ကြသည်– “သို့ဖြစ်၍ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစွာ ရှာလျက်နေကြလော့။ နောက်မှ ထိုအရာအားလုံးကို ထပ်၍ပေးတော်မူမည်။” (မ. ၆:၃၃) ဘုရားသခင့်ကျေးကျွန် လူကြီးလူငယ်အားလုံးသည် ဤအရေးကြီးသောသွန်သင်ချက်ကို လိုက်လျှောက်နေကြောင်း မြင်တွေ့ရခြင်းက အားရှိစရာကောင်းလှပေသည်။ အမှန်မှာ များစွာသောသူတို့သည် မိမိတို့၏ဘဝပုံစံကို ရိုးရှင်းစေခြင်းဖြင့် ခရစ်ယာန်ဓမ္မအမှုတွင် အချိန်ပို၍ပါဝင်နိုင်ကြသည်။ သူတို့သည် ဇွဲထက်သန်စွာ ဘုရားသခင်၏နိုင်ငံတော်ကို ဦးစွာရှာခြင်းဖြင့် စစ်မှန်သောပျော်ရွှင်မှုနှင့် ကျေနပ်မှုခံစားရကြောင်း ကိုယ်တွေ့ခံစားကြရသည်။

၁၁။ ဘုရားသခင့်အမှုဆောင်ရာမှာ ဇွဲထက်သန်ပြီး စိတ်နှလုံးအကြွင်းမဲ့ပါဝင်ဖို့ အရေးကြီးတယ်ဆိုတာ ဘယ်ကျမ်းစာမှတ်တမ်းက ဖော်ပြသလဲ။

၁၁ ဘုရားသခင့်လုပ်ငန်းတော်တွင် ဇွဲထက်သန်မှုရှိခြင်း၏ အရေးကြီးပုံကို ဖော်ပြရန် အစ္စရေးဘုရင် ယဟောရှ၏အသက်တာတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို သတိပြုမှတ်သားပါ။ ရှုရိလက်အောက်သို့ အစ္စရေးလူမျိုး ကျရောက်တော့မည့်ဆဲဆဲတွင် ယဟောရှသည် ဧလိရှဲထံလာ၍ ငိုကြွေးခဲ့သည်။ ပရောဖက်က ဘုရင်အား ပြတင်းပေါက်မှနေ၍ ရှုရိလူတို့ရှိရာဘက်သို့ မြားတစ်စင်းပစ်ရန် ညွှန်ကြားခဲ့ခြင်းဖြင့် ယေဟောဝါ၏လက်တော်ဖြင့် ထိုလူမျိုးကို အောင်မြင်မည်ဟု အရိပ်အမြွက်ဖော်ပြခဲ့သည်။ ယင်းသည် ဘုရင်အတွက် အမှန်ပင် အားရှိစရာဖြစ်သင့်သည်။ ဧလိရှဲသည် ယဟောရှအား မြားများကိုယူကာ မြေကြီးကိုရိုက်ရန် ပြောခဲ့သည်။ ယဟောရှသည် မြေကြီးကို သုံးကြိမ်သာ ရိုက်ခဲ့သည်။ ယင်းကြောင့် ဧလိရှဲ အမျက်ထွက်ခဲ့၏၊ အကြောင်းမှာ မြေကြီးကို ငါးကြိမ်၊ ခြောက်ကြိမ်ရိုက်မည်ဆိုလျှင် “ရှုရိလူတို့ကို အကုန်အစင် လုပ်ကြံရလိမ့်မည်” ဖြစ်သည်။ ယခုတွင်မူ ယဟောရှသည် သုံးကြိမ်သာလုပ်ကြံနိုင်မည်ဖြစ်သည်။ ယဟောရှသည် ဇွဲထက်သန်မှုမရှိဘဲ လုပ်ဆောင်ခဲ့သောကြောင့် အကန့်အသတ်ဖြင့်သာ အောင်မြင်မှုရခဲ့သည်။ (၄ ရာ. ၁၃:၁၄-၁၉) ထိုမှတ်တမ်းမှ အဘယ်အရာ သင်ယူနိုင်သနည်း။ ကျွန်ုပ်တို့ စိတ်နှလုံးအကြွင်းမဲ့ ဇွဲထက်သန်စွာ လုပ်ဆောင်မှသာ ယေဟောဝါ ကြွယ်၀စွာ ကောင်းချီးပေးပါလိမ့်မည်။

၁၂။ (က) ဘ၀ပြဿနာတွေကို ဖြေရှင်းရင်း ဘုရားသခင့်လုပ်ငန်းတော်မှာ ဇွဲနဲ့ဆက်ပါဝင်ဖို့ ဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးမလဲ။ (ခ) လုပ်ငန်းတော်မှာ ဆက်အလုပ်များနေခြင်းက သင့်ကို ဘယ်လိုအကျိုးပြုတယ်ဆိုတာ ပြောပြပါ။

၁၂ ဘ၀ပြဿနာများက ကျွန်ုပ်တို့၏ဇွဲနှင့် ဘုရားသခင့်လုပ်ငန်းတော်တွင် ကျွန်ုပ်တို့စိတ်နှလုံးအကြွင်းမဲ့ပါဝင်မှုကို စမ်းသပ်သည်။ ညီအစ်ကိုညီအစ်မများစွာသည် ဖိစီးမှုဖြစ်စေသော စီးပွားရေးအခြေအနေများကို ဖြေရှင်းနေကြရသည်။ အခြားသူတို့မှာ အသည်းအသန်ဖျားနာမှုကြောင့် ယေဟောဝါ၏လုပ်ငန်းတော်တွင် အကန့်အသတ်ဖြင့်သာ ပါဝင်နိုင်၍ အားမလိုအားမရဖြစ်ကြသည်။ သို့တိုင် ကျွန်ုပ်တို့တစ်ဦးစီသည် ကျွန်ုပ်တို့၏ဇွဲကို ထိန်းသိမ်းထားနိုင်ရန်နှင့် ခရစ်တော်နောက်သို့ လုံးလုံးဆက်လိုက်နေကြောင်း သေချာစေရန် လုပ်ဆောင်နိုင်ကြသည်။ “ခရစ်တော်နောက်သို့ဆက်လိုက်နိုင်ရန် အဘယ်အရာက သင့်ကို ကူညီပေးမည်နည်း” လေးထောင့်ကွက်ပါ အကြံပြုချက်အချို့နှင့် ကျမ်းချက်များကို ကျေးဇူးပြု၍ မှတ်သားပါ။ ၎င်းတို့ကို သင်အတတ်နိုင်ဆုံး မည်သို့ကျင့်သုံးနိုင်ပုံကို စဉ်းစားသုံးသပ်ပါ။ သင်ထိုသို့ပြုလုပ်မည်ဆိုလျှင် တကယ့်အကျိုးကျေးဇူးများကို ခံစားရမည်ဖြစ်သည်။ လုပ်ငန်းတော်တွင် ဆက်အလုပ်များနေခြင်းက ကျွန်ုပ်တို့ကို တည်ငြိမ်စေပြီး ကျွန်ုပ်တို့အသက်တာကို ကြွယ်ဝစေကာ ကြီးစွာသော ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုကို ခံစားရစေသည်။ (၁ ကော. ၁၅:၅၈) ထို့ပြင် ဘုရားသခင့်လုပ်ငန်းတော်တွင် စိတ်နှလုံးအကြွင်းမဲ့ပါဝင်ခြင်းက ‘ယေဟောဝါ၏နေ့ ရောက်လာမည်ကို စောင့်မျှော်၍ စိတ်စွဲလမ်း’ ရန် ကျွန်ုပ်တို့ကို ကူညီပေးသည်။—၂ ပေ. ၃:၁၂

ရိုးရိုးသားသား ဆန်းစစ်ပါ

၁၃။ ကျွန်ုပ်တို့တစ်ဦးစီအတွက် စိတ်နှလုံးအကြွင်းမဲ့အမှုဆောင်ခြင်းရဲ့ အဓိပ္ပာယ်ကို ဘယ်လိုသတ်မှတ်နိုင်သလဲ။

၁၃ သို့သော် စိတ်နှလုံးအကြွင်းမဲ့ ပါဝင်ခြင်းသည် အမှုဆောင်လုပ်ငန်းတွင် အချိန်ပမာဏမည်မျှပါဝင်သည်ဟူသောအချက် မဟုတ်ကြောင်း သတိရသင့်သည်။ လူတို့၏အခြေအနေမှာ အမျိုးမျိုးရှိသည်။ လူတစ်ဦးသည် လယ်ကွင်းလုပ်ငန်းတွင် တစ်နာရီ၊ နှစ်နာရီသာ ပါဝင်နိုင်ရာ ယင်းသည် ကျန်းမာရေးအခြေအနေအရ သူ၏အတတ်နိုင်ဆုံးဖြစ်သည်ဆိုလျှင် ယင်းကို ယေဟောဝါ အလွန်နှစ်သက်ပါသည်။ (မာကု ၁၂:၄၁-၄၄ နှင့်နှိုင်းယှဉ်ပါ။) ထို့ကြောင့် ကျွန်ုပ်တို့တစ်ဦးစီအတွက် စိတ်နှလုံးအကြွင်းမဲ့ ဘုရားသခင့်အမှုဆောင်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုကြောင်း ဆုံးဖြတ်နိုင်ရန် ကျွန်ုပ်တို့၏တစ်ဦးစီ၏ စွမ်းရည်နှင့် အခြေအနေကို ရိုးရိုးသားသား ဆန်းစစ်ဖို့လိုသည်။ ခရစ်တော်၏နောက်လိုက်များအနေနှင့် ကျွန်ုပ်တို့၏ ရှုမြင်ပုံကို ကိုယ်တော်၏ရှုမြင်ပုံနှင့် တူစေလိုကြသည်။ (ရောမ ၁၅:၅ ကိုဖတ်ပါ; ၁ ကော. ၂:၁၆) ယေရှု၏အသက်တာတွင် အဘယ်အရာကို ဦးစားထားခဲ့သနည်း။ ကိုယ်တော်သည် ကပေရနောင်ရှိ လူအုပ်ကို ဤသို့ မိန့်တော်မူခဲ့သည်– “ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို . . . ငါ ဟောပြောရမည်။ ထိုအကြောင်းကြောင့် ငါ့ကို စေလွှတ်တော်မူ၏။” (လု. ၄:၄၃; ယော. ၁၈:၃၇) ဓမ္မအမှုအပေါ်ထားသော ယေရှု၏ဇွဲကို စိတ်စွဲမှတ်လျက် သင်၏ခရစ်ယာန်ဓမ္မအမှုကို သာ၍တိုးချဲ့နိုင်၊ မနိုင်နှင့်ပတ်သက်၍ သင့်အခြေအနေကို ဆန်းစစ်ပါ။—၁ ကော. ၁၁:၁

၁၄။ ကျွန်ုပ်တို့ရဲ့ခရစ်ယာန်ဓမ္မအမှုကို နောက်ထပ် ဘယ်လိုနည်းတွေနဲ့ တိုးချဲ့နိုင်သေးသလဲ။

၁၄ ကျွန်ုပ်တို့၏အခြေအနေကို အသေအချာသုံးသပ်ပြီးနောက် ကျွန်ုပ်တို့ခရစ်ယာန်ဓမ္မအမှုတွင် ပါဝင်သောအချိန်ပမာဏကို တိုးချဲ့နိုင်ကြောင်း သိရှိရပေမည်။ (မ. ၉:၃၇၊ ၃၈) ဥပမာ၊ မကြာသေးမီကမှ ကျောင်းပြီးသွားသော ထောင်နှင့်ချီသည့် ကျွန်ုပ်တို့၏လူငယ်များသည် သူတို့၏ခရစ်ယာန်ဓမ္မအမှုကို တိုးချဲ့ခဲ့ကြရာ ရှေ့ဆောင်များအဖြစ် ဇွဲထက်သန်စွာ အမှုဆောင်နေကြခြင်းမှ ယခု ပျော်ရွှင်မှု ခံစားနေကြရသည်။ သင်လည်း ဤပျော်ရွှင်မှုမျိုးကို မြည်းစမ်းလိုသလော။ ညီအစ်ကိုညီအစ်မအချို့သည် မိမိတို့၏အခြေအနေကို သုံးသပ်ပြီးနောက် ဘုရားသခင့်နိုင်ငံတော်ကြေညာသူများ သာ၍လိုအပ်သောဒေသများဖြစ်သည့် မိမိတို့နိုင်ငံတွင်းရှိဒေသတစ်ခု၊ သို့မဟုတ် အခြားနိုင်ငံတစ်ခုသို့ပင် ပြောင်းရွှေ့နိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ အခြားသူတို့မှာ ဘာသာခြားစကားပြောသူများကို ကူညီရန် အခြားဘာသာစကားတစ်မျိုးကို သင်ယူကြသည်။ ကျွန်ုပ်တို့၏လုပ်ငန်းတော်ကို တိုးချဲ့ခြင်းသည် စိန်ခေါ်ချက်ဖြစ်နိုင်သော်လည်း ယင်းက ကြွယ်၀သောကောင်းချီးများကို ခံစားရစေပြီး လူများစွာကို “အမှန်တရားဆိုင်ရာ တိကျမှန်ကန်သည့်အသိပညာ” ရရှိအောင် ကျွန်ုပ်တို့ ကူညီပေးနိုင်ပေမည်။—၁ တိ. ၂:၃၊ ၄; ၂ ကော. ၉:၆

တုပရမည့် သမ္မာကျမ်းစာပါ ပုံဥပမာများ

၁၅၊ ၁၆။ ခရစ်တော်နောက်ကို ဇွဲထက်သန်စွာ လိုက်ခဲ့ကြတဲ့ ဘယ်သူတွေရဲ့ ပုံသက်သေကို ကျွန်ုပ်တို့ တုပနိုင်ကြသလဲ။

၁၅ တမန်တော်ဖြစ်လာသူအချို့ကို မိမိ၏နောက်လိုက်များအဖြစ် ခရစ်တော်ဖိတ်ခေါ်သောအခါ သူတို့ မည်သို့ တုံ့ပြန်ခဲ့ကြသနည်း။ မဿဲနှင့်ပတ်သက်၍ မှတ်တမ်းက ဤသို့ဆိုသည်– “ရှိသမျှကိုစွန့်လျက် ထ၍ နောက်တော်သို့လိုက်လေ၏။” (လု. ၅:၂၇၊ ၂၈) တံငါသည်ဖြစ်သော ပေတရုနှင့် အန္ဒြေတို့အကြောင်း ဤသို့ဖတ်ရသည်– “သူတို့သည် ပိုက်ကွန်များကို ချက်ချင်းစွန့်၍ နောက်တော်သို့ လိုက်ကြ၏။” ဖခင်နှင့်အတူ ပိုက်ကွန်ဖာနေကြသည့် ယာကုပ်နှင့် ယောဟန်ကို ယေရှု ထပ်မံတွေ့ခဲ့သည်။ ယေရှု၏ဖိတ်ခေါ်ချက်ကို သူတို့ မည်သို့ တုံ့ပြန်ခဲ့ကြသနည်း။ “သူတို့သည် အဖဖြစ်သူနှင့် လှေကို ချက်ချင်းစွန့်၍ နောက်တော်သို့ လိုက်ကြ၏။”—မ. ၄:၁၈-၂၂

၁၆ နောက်ထပ် ပုံသက်သေကောင်းသူတစ်ဦးမှာ တမန်တော်ပေါလုဖြစ်လာသူ ရှောလုဖြစ်သည်။ သူသည် ခရစ်တော်၏နောက်လိုက်များကို ညှဉ်းဆဲသည့် ခက်ထန်သူတစ်ဦးဖြစ်သော်လည်း သူ၏လမ်းစဉ်ကိုပြောင်းလဲကာ ခရစ်တော်၏နာမကို ကြေညာသည့် “ရွေးကောက်သောတန်ဆာ” ဖြစ်လာသည်။ ‘ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို [ပေါလု] စတင်ဟောပြောလေ၏။’ (တ. ၉:၃-၂၂) ပေါလုသည် အခက်အခဲများစွာနှင့် ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံ ခံရပ်ခဲ့ရသော်လည်း မည်သည့်အခါမျှ သူ၏ဇွဲထက်သန်မှုကို မပျောက်ဆုံးစေခဲ့ချေ။—၂ ကော. ၁၁:၂၃-၂၉; ၁၂:၁၅

၁၇။ (က) ခရစ်တော်နောက်လိုက်ခြင်းနဲ့ ပတ်သက်တဲ့ သင့်ဆန္ဒကဘာလဲ။ (ခ) စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းခွန်အားရှိသမျှနဲ့ ယေဟောဝါရဲ့အလိုတော်ကို ကျွန်ုပ်တို့ လုပ်ဆောင်မယ်ဆိုရင် ဘယ်ကောင်းချီးတွေ ခံစားရမလဲ။

၁၇ ခရစ်တော်နောက်သို့လိုက်ရန် ဖိတ်ခေါ်ချက်ကို တွန့်ဆုတ်ခြင်းမရှိဘဲ စိတ်ထက်သန်စွာ ချက်ချင်းလက်ခံခဲ့ကြသော တပည့်များ၏ပုံသက်သေကို ကျွန်ုပ်တို့ တုပလိုကြမည်မှာ သေချာပါသည်။ (ဟေဗြဲ ၆:၁၁၊ ၁၂) ခရစ်တော်နောက်သို့ ဇွဲထက်သန်စွာနှင့် လုံးလုံးလိုက်ရန် ကျွန်ုပ်တို့ ဆက်ကြိုးစားကြသည်နှင့်အမျှ အဘယ်ကောင်းချီးများ ခံစားရသနည်း။ ဘုရားသခင့်အလိုတော်ဆောင်ခြင်းမှ စစ်မှန်သောပျော်ရွှင်မှု ခံစားရပြီး အသင်းတော်တွင် ထပ်ဆင့်အခွင့်အရေးများနှင့် တာဝန်များကို လက်ခံခြင်းမှရရှိသော ကျေနပ်မှုကို ခံစားရမည်ဖြစ်သည်။ (ဆာ. ၄၀:၈; ၁ သက်သာလောနိတ် ၄:၁ ကိုဖတ်ပါ။) မှန်ပါသည်၊ ကျွန်ုပ်တို့သည် ခရစ်တော်နောက်လိုက်ရန် ထက်ထက်သန်သန်ကြိုးစားသည်နှင့်အမျှ စိတ်ငြိမ်သက်မှု၊ စိတ်ကျေနပ်မှု၊ ရောင့်ရဲမှု၊ ဘုရားသခင့်မျက်နှာသာနှင့် ထာ၀စဉ်အသက်ရှင်နိုင်ခွင့် အလားအလာ စသော ကြွယ်၀၍တည်မြဲသည့် ကောင်းချီးများကို ခံစားရသည်။—၁ တိ. ၄:၁၀

သင်မှတ်မိသလော

• ဘယ်အရေးကြီးတဲ့လုပ်ငန်းကို ကျွန်ုပ်တို့ ပေးအပ်ခံရသလဲ၊ အဲဒါကို ကျွန်ုပ်တို့ ဘယ်လို ရှုမြင်သင့်သလဲ။

• ဘယ်လူ့သဘောထားကို ကျွန်ုပ်တို့ တိုက်လှန်ဖို့လိုသလဲ၊ ဘာကြောင့်လဲ။

• ကျွန်ုပ်တို့ ဘယ်လို ရိုးရိုးသားသား ဆန်းစစ်သင့်သလဲ။

• ခရစ်တော်နောက်ဆက်လိုက်ဖို့ ဘာက ကျွန်ုပ်တို့ကို ကူညီပေးမလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၇ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

ခရစ်တော်နောက်သို့ဆက်လိုက်နိုင်ရန် အဘယ်အရာက သင့်ကို ကူညီပေးမည်နည်း

▪ သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ပါ၊ သင်ဖတ်ရှုခဲ့ရာကို တွေးတောဆင်ခြင်ပါ။—ဆာ. ၁:၁-၃; ၁ တိ. ၄:၁၅

▪ ဘုရားသခင့်စွမ်းအားတော်၏ ထောက်မမှုနှင့် လမ်းညွှန်မှုရရန် မကြာခဏ ဆုတောင်းပါ။—ဇာ. ၄:၆; လု. ၁၁:၉၊ ၁၃

▪ ခရစ်ယာန်ဓမ္မအမှုတွင် စိတ်ရင်းမှန်နှင့် ဇွဲထက်သန်မှု တင်ပြသူများနှင့် ပေါင်းသင်းပါ။—သု. ၁၃:၂၀; ဟေဗြဲ ၁၀:၂၄၊ ၂၅

▪ ကျွန်ုပ်တို့အသက်ရှင်နေသော အချိန်ကာလ၏ အရေးကြီးမှုကို သိမြင်နားလည်ပါ။—ဧ. ၅:၁၅၊ ၁၆

▪ “တောင်းပန်” ကာပြန်ဆုတ်ခြင်း၏ ကြီးလေးသောအကျိုးဆက်ကို သိမြင်ပါ။—လု. ၉:၅၉-၆၂

▪ သင့်အပ်နှံမှုကတိသစ္စာနှင့် ယေဟောဝါ၏အမှုတော်ကိုဆောင်ခြင်း၊ ခရစ်တော်နောက် စိတ်နှလုံးအကြွင်းမဲ့လိုက်ခြင်းတို့မှ ခံစားရသော ကြွယ်၀သည့်ကောင်းချီးများကို မှန်မှန် ပြန်လည်သုံးသပ်ပါ။—ဆာ. ၁၁၆:၁၂-၁၄; ၁၃၃:၃; သု. ၁၀:၂၂