မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမျိုးသားများ၊ ခရစ်တော်၏ဦးစီးမှုကို လက်အောက်ခံပါသလော

အမျိုးသားများ၊ ခရစ်တော်၏ဦးစီးမှုကို လက်အောက်ခံပါသလော

အမျိုးသားများ၊ ခရစ်တော်၏ဦးစီးမှုကို လက်အောက်ခံပါသလော

‘ယောက်ျားတိုင်း၏ ဦးခေါင်းကား ခရစ်တော်ဖြစ်၏။’—၁ ကော. ၁၁:၃

၁။ ယေဟောဝါသည် စည်းစနစ်ကျသောဘုရားသခင်ဖြစ်ကြောင်း အဘယ်အရာက ဖော်ပြသနည်း။

“ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ၍ ကိုယ်တော်၏ အလိုတော်ကြောင့် ဖန်ဆင်းခံရပြီး တည်ရှိသည့်အတွက် . . . ဂုဏ်တော်၊ တန်ခိုးတော်ကို ရထိုက်တော်မူသည်” ဟု ဗျာ. ၄:၁၁ တွင် ဖော်ပြထားသည်။ ယေဟောဝါဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းသောကြောင့် ကိုယ်တော်သည် စကြဝဠာပိုင်သအုပ်စိုးရှင်ဖြစ်ပြီး ဖန်ဆင်းခံအားလုံးအပေါ် အခွင့်အာဏာရှိသည်။ ယေဟောဝါသည် ‘စည်းစနစ်မရှိသော ဘုရားသခင်မဟုတ်။ သင့်တင့်ငြိမ်သက်ခြင်းရှိသော ဘုရားသခင်ဖြစ်တော်မူ’ ကြောင်း ကောင်းကင်တမန်မိသားစုကြီးကို စည်းစနစ်တကျ ဖွဲ့စည်းထားပုံတွင် တွေ့မြင်နိုင်သည်။—၁ ကော. ၁၄:၃၃; ဟေရှာ. ၆:၁-၃; ဟေဗြဲ ၁၂:၂၂၊ ၂၃

၂၊ ၃။ (က) ယေဟောဝါ ဦးဆုံးဖန်ဆင်းခဲ့သူမှာ မည်သူနည်း။ (ခ) ခမည်းတော်နှင့်နှိုင်းယှဉ်လျှင် သားဦးသည် အဘယ်အနေအထားတွင် ရှိသနည်း။

မည်သည့်အရာကိုမျှမဖန်ဆင်းမီကတည်းက ဘုရားသခင်သည် အတိုင်းမသိနှစ်ပေါင်းများစွာ မိမိဘာသာတည်ရှိနေတော်မူသည်။ ကိုယ်တော်၏ဦးဆုံးဖန်ဆင်းခံ ဝိညာဉ်သတ္တဝါကို ‘နှုတ်မြွက်တော်’ ဟူ၍ သိကြသည်။ အကြောင်းမှာ ယေဟောဝါ၏ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်ဖြစ်သောကြောင့် ဖြစ်သည်။ နှုတ်မြွက်တော်မှတစ်ဆင့် အခြားအရာအားလုံး တည်ရှိလာခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ကိုယ်တော်သည် စုံလင်သောလူသားတစ်ဦးအဖြစ် မြေကြီးပေါ်သို့ကြွလာပြီး ယေရှုခရစ်အဖြစ် လူသိများလာခဲ့သည်။—ယောဟန် ၁:၁-၃၊ ၁၄ ကိုဖတ်ပါ။

သမ္မာကျမ်းစာတွင် ဘုရားသခင်နှင့် ကိုယ်တော့်သားဦးတို့၏ နှိုင်းရအနေအထားနှင့်ပတ်သက်၍ မည်သို့ဆိုထားသနည်း။ စွမ်းအားတော်ဖြင့် ရေးထားသောစာစောင်တွင် တမန်တော်ပေါလုက ဤသို့ပြောခဲ့သည်– “ယောက်ျားတိုင်း၏ ဦးခေါင်းကား ခရစ်တော်ဖြစ်ကြောင်း၊ မိန်းမ၏ဦးခေါင်းကား ယောက်ျားဖြစ်ကြောင်း၊ ခရစ်တော်၏ဦးခေါင်းကား ဘုရားသခင်ဖြစ်တော်မူကြောင်းကို သင်တို့အား ငါသိစေလို၏။” (၁ ကော. ၁၁:၃) ခရစ်တော်သည် ခမည်းတော်၏ ဦးစီးမှုအောက်တွင်ရှိသည်။ အသိဉာဏ်ရှိသော သတ္တဝါများအကြားတွင် ငြိမ်သက်ခြင်းနှင့် စည်းစနစ်တကျရှိရန် ဦးစီးမှုနှင့် လက်အောက်ခံမှု မရှိမဖြစ်လိုအပ်သည်။ အရာခပ်သိမ်းကိုဖန်ဆင်းရာတွင် ပါဝင်ခဲ့သူပင်လျှင် ဘုရားသခင်၏ ဦးစီးမှုကိုလက်အောက်ခံဖို့လိုသည်။—ကော. ၁:၁၆

၄၊ ၅။ ယေဟောဝါနှင့်နှိုင်းယှဉ်လျှင် မိမိ၏အနေအထားကို ယေရှု မည်သို့ယူမှတ်သနည်း။

ယေဟောဝါ၏ ဦးစီးမှုကို လက်အောက်ခံကာ မြေကြီးသို့ကြွလာရခြင်းနှင့်ပတ်သက်၍ ယေရှု မည်သို့ယူမှတ်ခဲ့သနည်း။ ကျမ်းစာက ဤသို့ဖော်ပြသည်– ‘ခရစ်တော်ယေရှုသည် ဘုရားသခင်၏ပုံသဏ္ဌာန်ရှိသော်လည်း ဘုရားသခင်နှင့် တန်းတူဖြစ်မည့်အခွင့်အရာကို ရယူရန် စဉ်းစားတော်မမူခဲ့။ သို့အစား မိမိပိုင်ဆိုင်သမျှကို စွန့်၍ ကျွန်၏ပုံသဏ္ဌာန်ကိုဆောင်ယူလျက် လူ့အသွင်ကို ခံယူတော်မူ၏။ ထိုမျှမက လူသားတစ်ဦးအသွင်ဖြင့် ရှိစဉ်တွင် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ၍ အသေခံရသည့်တိုင်အောင်၊ ညှဉ်းဆဲရာသစ်တိုင်ပေါ် အသေခံရသည့်တိုင်အောင် နာခံတော်မူ၏။’—ဖိ. ၂:၅-၈

ယေရှုသည် ခမည်းတော်၏အလိုတော်ကို အချိန်တိုင်း နှိမ့်ချစွာ လက်အောက်ခံခဲ့သည်။ ကိုယ်တော် ဤသို့ပြောခဲ့သည်– “ငါသည် မိမိအလိုအလျောက် မည်သည့်အမှုကိုမျှ မပြုနိုင်။ . . . ငါ၏စီရင်ခြင်းသည်လည်း ဖြောင့်မတ်မှန်ကန်၏။ အကြောင်းမူကား ငါသည် ကိုယ့်အလိုသို့ မလိုက်၊ ငါ့ကိုစေလွှတ်တော်မူသော အရှင်၏အလိုသို့ လိုက်၏။” (ယော. ၅:၃၀) “[ခမည်းတော်] နှစ်သက်တော်မူရာများကို အစဉ်မပြတ် ငါပြု၏” ဟု ကိုယ်တော် ကြေညာခဲ့သည်။ (ယော. ၈:၂၉) ယေရှု၏ မြေကြီးအသက်တာ အဆုံးပိုင်းတွင် ခမည်းတော်ထံတောင်းလျှောက်သော ဆုတောင်းချက်၌ ဤသို့ပြောခဲ့သည်– ‘ကျွန်ုပ်အား ကိုယ်တော်ပေးအပ်သည့်အမှုကို ဆောင်ရွက်ပြီးပြီဖြစ်၍ မြေကြီးပေါ်မှာ ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါပြီ။’ (ယော. ၁၇:၄) ယေရှုသည် မိမိအပေါ် ဘုရားသခင်၏ ဦးစီးမှုကို အသိအမှတ်ပြု၍ လက်ခံရာ၌ အခက်အခဲမရှိကြောင်း ထင်ရှားသည်။

ခမည်းတော်ကိုလက်အောက်ခံခြင်းက သားတော်ကိုအကျိုးပြု

၆။ အဘယ်အရည်အသွေးကောင်းများကို ယေရှု တင်ပြခဲ့သနည်း။

မြေကြီးပေါ်ရှိစဉ် ယေရှုသည် အရည်အသွေးကောင်းများစွာကို တင်ပြခဲ့သည်။ ယင်းတို့ထဲတွင် ခမည်းတော်အပေါ် ကိုယ်တော်ထားရှိသော ကြီးမားလှသည့်မေတ္တာ ပါဝင်သည်။ ‘ငါသည် ခမည်းတော်ကိုချစ်သည်’ ဟု ကိုယ်တော် မိန့်တော်မူခဲ့သည်။ (ယော. ၁၄:၃၁) လူသားတို့အပေါ် ကြီးမားလှသောမေတ္တာကိုလည်း ကိုယ်တော်ပြသခဲ့သည်။ (မဿဲ ၂၂:၃၅-၄၀ ကိုဖတ်ပါ။) ယေရှုသည် သနားကြင်နာကာ ထောက်ထားစာနာတတ်သူဖြစ်ပြီး ကြမ်းတမ်းခက်ထန်စွာ သို့မဟုတ် နိုင်ထက်စီးနင်း မပြုမူခဲ့ပါ။ “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ သင်တို့ကို ငါလန်းဆန်းစေမည်။ ငါ့ထမ်းပိုးကို ထမ်း၍ ငါ့ထံမှ သင်ယူကြလော့။ အကြောင်းမူကား ငါသည် နူးညံ့သိမ်မွေ့၍ စိတ်နှိမ့်ချသောသဘောရှိ၏။ သင်တို့သည် လန်းဆန်းရလိမ့်မည်။ အကြောင်းမူကား ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏” ဟု မိန့်တော်မူခဲ့သည်။ (မ. ၁၁:၂၈-၃၀) သိုးကဲ့သို့သော စိတ်ထားရှိသည့် အသက်အရွယ်အမျိုးမျိုးရှိသူများ၊ အထူးသဖြင့် ဖိနှိပ်ခံနေရသူများသည် ယေရှု၏ နှစ်လို့ဖွယ်အရည်အသွေးများနှင့် စိတ်တက်ကြွစေသည့် သတင်းစကားတို့မှ ကြီးမားလှသည့် နှစ်သိမ့်မှုကို ခံစားခဲ့ကြရသည်။

၇၊ ၈။ ပညတ်တရားတွင် သွေးသွန်နာစွဲနေသော အမျိုးသမီးတစ်ဦးကို မည်သို့ကန့်သတ်ထားသနည်း၊ သို့သော် ယေရှုသည် သူ့ကို မည်သို့ဆက်ဆံခဲ့သနည်း။

အမျိုးသမီးများနှင့် ယေရှုဆက်ဆံပုံကို သုံးသပ်ကြည့်ပါ။ သမိုင်းတစ်လျှောက်တွင် အမျိုးသားများစွာသည် အမျိုးသမီးများကို အလွန်ဆိုးရွားစွာ ပြုမူဆက်ဆံခဲ့ကြသည်။ ရှေးခေတ် အစ္စရေးလူမျိုး ဘာသာရေးခေါင်းဆောင်များသည်လည်း ထိုအတိုင်းဖြစ်သည်။ သို့သော် ယေရှုသည် အမျိုးသမီးများကို လေးလေးစားစားဆက်ဆံခဲ့သည်။ ၁၂ နှစ်လုံးလုံး သွေးသွန်နာစွဲနေသည့် အမျိုးသမီးတစ်ဦးနှင့် ကိုယ်တော်ဆက်ဆံပုံတွင် ယင်းကိုအထင်အရှားတွေ့မြင်နိုင်သည်။ သူသည် သမားတော်တို့လက်၌ “ဝေဒနာပြင်းစွာခံရ၍” သက်သာစေရန် မိမိဥစ္စာရှိသမျှကို အသုံးပြုခဲ့သည်။ ထိုသို့ကုသသော်လည်း “ရောဂါပိုဆိုးလာ၏။” ပညတ်တရားအောက်တွင် သူမသည် မစင်ကြယ်သူအဖြစ် သတ်မှတ်ခံရသည်။ သူမကို တို့ထိသူ မည်သူမဆိုသည်လည်း မစင်ကြယ်သူဖြစ်သွားပေမည်။—ဝတ်. ၁၅:၁၉၊ ၂၅

ယေရှုသည် မကျန်းမာသူများကို ကုသပေးကြောင်း ထိုအမျိုးသမီးကြားသိသောအခါ လူအုပ်ထဲသို့ တိုးဝှေ့လာပြီး “ငါသည် ဝတ်လုံကိုထိရုံမျှနှင့် ကျန်းမာလိမ့်မည်” ဟုဆိုကာ ယေရှုကို တို့ထိလိုက်သည်နှင့် ချက်ချင်းသက်သာပျောက်ကင်းသွားလေသည်။ သူမသည် ကိုယ်တော်၏ဝတ်လုံတော်ကို မတို့ထိသင့်ကြောင်း ယေရှုသိသည်။ သို့သော် ကိုယ်တော်သည် သူမအား ဆူပူကြိမ်းမောင်းခြင်း မပြုခဲ့ပါ။ ယင်းအစား ကိုယ်တော်သည် သူ့ကို ကြင်နာမှုပြခဲ့သည်။ နှစ်ပေါင်းများစွာ ခံစားခဲ့ရသော သူမ၏ရောဂါဖိစီးမှုကို ကိုယ်တော်နားလည်ပေးခဲ့ပြီး သူမ၏ အကူအညီလိုအပ်မှုကို ပိုင်းခြားသိမြင်ခဲ့သည်။ ‘ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ စိတ်ချမ်းသာစွာသွားလော့။ ကျန်းမာပါစေ’ ဟု သနားကြင်နာစွာ ယေရှုပြောခဲ့သည်။—မာ. ၅:၂၅-၃၄

၉။ ကလေးသူငယ်များ ယေရှုထံလာသည်ကို တပည့်များတားမြစ်သောအခါ ကိုယ်တော် မည်သို့တုံ့ပြန်ခဲ့သနည်း။

ကလေးသူငယ်များပင် ယေရှုရှေ့တွင် သက်သောင့်သက်သာရှိကြသည်။ တစ်ကြိမ်တွင် လူတို့သည် ကလေးသူငယ်များကို ကိုယ်တော့်ထံခေါ်ဆောင်လာရာ ကိုယ်တော်သည် ကလေးများနှင့် စိတ်ရှုပ်ခံလိုမည်မဟုတ်ဟု တပည့်များ ယူဆသောကြောင့် သူတို့ကို ပြစ်တင်ပြောဆိုခဲ့သည်။ သို့သော် ယေရှု ယင်းသို့မယူဆခဲ့ချေ။ ကျမ်းစာမှတ်တမ်းက ဤသို့ဖော်ပြ၏– “ယေရှုသည်မြင်လျှင် အမျက်ထွက်၍ ‘ငါ့ထံသို့ ကလေးငယ်များ လာပါလေစေ။ မတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏”’ ဟုမိန့်တော်မူသည်။ ထို့ပြင် “သူငယ်တို့ကို ချီပိုက်လျက်၊ သူတို့အပေါ်မှာ လက်တော်ကိုတင်လျက် ကောင်းချီးပေးတော်မူ၏။” ယေရှုသည် ကလေးသူငယ်များကို သည်းခံခွင့်ပြုခဲ့ရုံသာမဟုတ်ပါ၊ ကိုယ်တော်သည် သူတို့ကို လှိုက်လှဲစွာကြိုဆိုခဲ့သည်။—မာ. ၁၀:၁၃-၁၆

၁၀။ ယေရှုသည် မိမိပြသခဲ့သော အရည်အသွေးများကို မည်သို့ရရှိခဲ့သနည်း။

၁၀ ယေရှုမြေကြီးပေါ်ရှိစဉ် တင်ပြခဲ့သောအရည်အသွေးများကို ကိုယ်တော်မည်သို့ရရှိခဲ့သနည်း။ ကိုယ်တော်လူသားဘဝမတိုင်မီက ကောင်းကင်ခမည်းတော်ကို အတိုင်းမသိကာလကြာရှည်စွာ လေ့လာကြည့်ရှုကာ ကိုယ်တော်၏ နည်းလမ်းတော်များကို သင်ယူခဲ့သည်။ (သု. ၈:၂၂၊ ၂၃၊ ၃၀ ကိုဖတ်ပါ။) ကောင်းကင်တွင် မိမိ၏ဖန်ဆင်းရာအားလုံးအပေါ် ယေဟောဝါ၏မေတ္တာပါပါဦးစီးခဲ့ပုံကို ယေရှုတွေ့မြင်ခဲ့ကာ ယင်းလမ်းစဉ်ကို မိမိ၏ကိုယ်ပိုင်လမ်းစဉ် ဖြစ်စေခဲ့သည်။ ယေရှုသာ ယေဟောဝါကို လက်အောက်မခံပါက ယင်းသို့ ပြုလုပ်နိုင်မည်မဟုတ်ပေ။ မိမိ၏ခမည်းတော်ကို လက်အောက်ခံရခြင်းသည် ကိုယ်တော့်အတွက် ရွှင်လန်းစရာဖြစ်ခဲ့ပြီး ထိုကဲ့သို့သော လက်အောက်ခံတတ်သည့် သားတစ်ဦးရှိထားခြင်းက ယေဟောဝါအား ပျော်ရွှင်စေသည်။ ယေရှုမြေကြီးပေါ်ရှိစဉ် မိမိကောင်းကင်ခမည်းတော်၏ အံ့ချီးဖွယ်အရည်အသွေးများကို စုံလင်ပြည့်ဝစွာ ရောင်ပြန်ဟပ်နိုင်ခဲ့သည်။ ကောင်းကင်နိုင်ငံတော်တွင် ဘုရားသခင့်ခန့်အပ်ခံအုပ်စိုးရှင်ဖြစ်သည့် ခရစ်တော်ကို ကျွန်ုပ်တို့ လက်အောက်ခံခွင့်ရရှိခြင်းသည် အခွင့်ထူးတစ်ခုပင်။

ခရစ်တော်၏ အရည်အသွေးများကိုတုပပါ

၁၁။ (က) မည်သူ့ကိုတုပဖို့ ကျွန်ုပ်တို့ ကြိုးစားသင့်သနည်း။ (ခ) အထူးသဖြင့် အသင်းတော်ရှိ အမျိုးသားများသည် ယေရှုကို အဘယ်ကြောင့်တုပသင့်သနည်း။

၁၁ ခရစ်ယာန်အသင်းတော်တွင်ရှိသူအားလုံး၊ အထူးသဖြင့် အမျိုးသားများသည် ခရစ်တော်၏ အရည်အသွေးများကိုတုပရန် အဆက်မပြတ် ကြိုးစားအားထုတ်သင့်သည်။ သိခဲ့ပြီးဖြစ်သည့်အတိုင်း “ယောက်ျားတိုင်း၏ ဦးခေါင်းကား ခရစ်တော်ဖြစ်သည်” ဟုသမ္မာကျမ်းစာက ဆိုသည်။ ခရစ်တော်သည် မိမိ၏ဦးခေါင်းဖြစ်သည့် စစ်မှန်သောဘုရားသခင်ကို တုပသကဲ့သို့ ခရစ်ယာန်အမျိုးသားများသည် မိမိတို့၏ဦးခေါင်းဖြစ်သည့် ခရစ်တော်ကိုတုပရန် ကြိုးစားအားထုတ်သင့်သည်။ တမန်တော်ပေါလုသည် ခရစ်ယာန်တစ်ဦးဖြစ်လာပြီးသည့်နောက် ထိုအတိုင်းပြုလုပ်ခဲ့သည်။ “ငါသည် ခရစ်တော်ကို အတုယူသကဲ့သို့ သင်တို့လည်း ငါ့ကို အတုယူကြလော့” ဟု ခရစ်ယာန်ချင်းများအား တိုက်တွန်းပြောဆိုခဲ့သည်။ (၁ ကော. ၁၁:၁) ထို့ပြင် တမန်တော်ပေတရုက ဤသို့ပြောခဲ့သည်– “ထိုသို့ခံရရန် သင်တို့ကို ခေါ်တော်မူပြီ။ အကြောင်းမူကား ခရစ်တော်ကိုယ်တိုင် သင်တို့အတွက် ဆင်းရဲဒုက္ခခံ၍ ခြေရာတော်ကို ထက်ကြပ်မကွာ လိုက်လျှောက်စေရန် စံနမူနာထားတော်မူ၏။” (၁ ပေ. ၂:၂၁) ခရစ်တော်ကိုတုပရန် တိုက်တွန်းအားပေးချက်ကို အမျိုးသားများ အထူးစိတ်ဝင်စားရသည့် နောက်အကြောင်းရင်းတစ်ခုရှိသေးသည်။ သူတို့သည် အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများ ဖြစ်လာကြမည့်သူများဖြစ်သည်။ ယေဟောဝါကို တုပခြင်းမှ ယေရှု ရွှင်လန်းမှုခံစားခဲ့ရသကဲ့သို့ ခရစ်ယာန်အမျိုးသားများသည် ခရစ်တော်နှင့် ကိုယ်တော်၏အရည်အသွေးများကို တုပခြင်းမှ ရွှင်လန်းမှုခံစားသင့်သည်။

၁၂၊ ၁၃။ အကြီးအကဲများသည် မိမိတို့စောင့်ရှောက်ရမည့်သိုးများကို မည်သို့ဆက်ဆံသင့်သနည်း။

၁၂ ခရစ်ယာန်အသင်းတော်ရှိ အကြီးအကဲများသည် ခရစ်တော်ကဲ့သို့ဖြစ်ရန် သင်ယူရမည့်တာဝန်ရှိသည်။ ပေတရုသည် အသက်ကြီးသူများ သို့မဟုတ် အကြီးအကဲများကို ဤသို့တိုက်တွန်းခဲ့သည်– “သင်တို့စောင့်ရှောက်နေသော ဘုရားသခင့်သိုးတော်စုကို အတင်းအကျပ် စေခိုင်းခံရ၍မဟုတ်ဘဲ စိတ်လိုကိုယ်လျောက် ထိန်းကျောင်းကြလော့။ မသမာသောနည်းဖြင့် အမြတ်ထုတ်လို၍မဟုတ်ဘဲ စေတနာစိတ်နှင့်ပြုကြလော့။ ဘုရားသခင်၏ပိုင်ဆိုင်ရာကို အစိုးတရမပြုဘဲ သိုးတော်စုအတွက် ပုံနမူနာဖြစ်ကြလော့။” (၁ ပေ. ၅:၁-၃) ခရစ်ယာန်အကြီးအကဲများသည် အာဏာရှင်ဆန်ဆန်၊ ပိုင်စိုးပိုင်နင်း၊ နိုင်လိုမင်းထက် သို့မဟုတ် ကြမ်းတမ်းခက်ထန်စွာ ပြုလုပ်ကြမည်မဟုတ်ချေ။ သူတို့သည် ခရစ်တော်၏ပုံသက်သေကို တုပခြင်းဖြင့် ကြည့်ရှုစောင့်ရှောက်ရန် သူတို့ထံအပ်နှင်းထားသည့် သိုးများနှင့် ဆက်ဆံရာတွင် မေတ္တာ၊ စာနာထောက်ထားမှု၊ နှိမ့်ချမှုတို့ကို ကြိုးစားတင်ပြကြသည်။

၁၃ အသင်းတော်တွင် ဦးဆောင်နေသူများသည် မစုံလင်ကြသူများဖြစ်ရာ သူတို့သည် ယင်းကန့်သတ်ချက်ကို မပြတ်သတိပြုသင့်သည်။ (ရော. ၃:၂၃) ထို့ကြောင့် သူတို့သည် ယေရှုအကြောင်းသင်ယူပြီး ကိုယ်တော်၏ မေတ္တာတော်ကို တုပရန် စိတ်အားထက်သန်နေရမည်ဖြစ်သည်။ သူတို့သည် ဘုရားသခင်နှင့်ခရစ်တော် လူသားများနှင့် ဆက်ဆံသည့်နည်းလမ်းကို စဉ်းစားသုံးသပ်ပြီး ယင်းကိုတုပရန် ကြိုးစားဖို့လိုသည်။ ပေတရုက ကျွန်ုပ်တို့အား ဤသို့တိုက်တွန်း၏– “သင်တို့ရှိသမျှသည် အချင်းချင်းဆက်ဆံရာတွင် စိတ်နှိမ့်ချခြင်းကို ဝတ်ဆင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် မောက်မာသောသူတို့ကို ဆန့်ကျင်၍ စိတ်နှိမ့်ချသောသူတို့ကို မဟာကရုဏာတော် ပေးသနားတော်မူ၏။”—၁ ပေ. ၅:၅

၁၄။ အကြီးအကဲများသည် အခြားသူများကို မည်သို့ဂုဏ်တင်သင့်သနည်း။

၁၄ ဘုရားသခင့်သိုးတော်စုနှင့် ဆက်ဆံရာတွင် အသင်းတော်ရှိ ခန့်အပ်ခံအမျိုးသားများသည် အရည်အသွေးကောင်းများကို တင်ပြကြရန်ဖြစ်သည်။ ရောမ ၁၂:၁၀ က ဤသို့ဖော်ပြသည်– “ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်းဖြင့် အချင်းချင်းချစ်ခင်စုံမက်ကြလော့။ အချင်းချင်းဂုဏ်တင်ရာတွင် ဦးဆောင်ကြလော့။” အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် အခြားသူများကို ဂုဏ်တင်ကြသည်။ အခြားခရစ်ယာန်များကဲ့သို့ ထိုအမျိုးသားများသည် ‘ဂုဏ်ပြိုင်လိုသောစိတ်ဖြင့်လည်းကောင်း၊ အတ္တစိတ်ဖြင့်လည်းကောင်း မည်သည့်အမှုကိုမျှ မပြုကြဘဲ သူတစ်ပါးသည် မိမိထက်သာလွန်သည်ဟု နှိမ့်ချသောစိတ်နှင့် ယူမှတ်ကြ’ ရန်ဖြစ်သည်။ (ဖိ. ၂:၃) အခြားသူများက မိမိတို့ထက်သာလွန်သည်ဟု ဦးဆောင်နေသူများ ယူမှတ်သင့်သည်။ ထိုသို့ယူမှတ်မည်ဆိုလျှင် ခန့်အပ်ခံအမျိုးသားများသည် ပေါလု၏ ဤအကြံပေးချက်ကို လိုက်လျှောက်ကြပါလိမ့်မည်– “သို့ဖြစ်၍ ယုံကြည်ခြင်းတွင် အားကြီးသောငါတို့သည် ကိုယ့်အလိုအတိုင်း မပြုဘဲ အားနည်းသောသူတို့၏ အားနည်းခြင်းများကို သည်းခံသင့်၏။ ငါတို့ရှိသမျှသည် လူသားချင်း၌ တည်ဆောက်ခြင်း ကောင်းကျိုးရှိစေရန် သူ၏အလိုအတိုင်း ပြုကြစို့။ အကြောင်းမူကား ခရစ်တော်ပင်လျှင် ကိုယ့်အလိုအတိုင်း ပြုတော်မမူ။”—ရော. ၁၅:၁-၃

‘ဇနီးသည်များကို ဂုဏ်တင်ပါ’

၁၅။ ခင်ပွန်းသည်များသည် မိမိတို့၏ဇနီးသည်များကို မည်သို့ဆက်ဆံသင့်သနည်း။

၁၅ အိမ်ထောင်သည်အမျိုးသားများအတွက် ပေတရု၏အကြံပြုချက်ကို သုံးသပ်ကြည့်ပါ။ သူဤသို့ရေးခဲ့သည်– ‘ထိုနည်းတူ၊ ခင်ပွန်းတို့၊ သင်တို့သည် [သင်တို့၏ ဇနီးများကို] သာ၍အားနွဲ့သောတန်ဆာအဖြစ် ဂုဏ်တင်ကာ အသိပညာနှင့်အညီ အတူနေထိုင်ကြလော့။’ (၁ ပေ. ၃:၇) တစ်စုံတစ်ဦးအား ဂုဏ်တင်ခြင်းဟူသည် ထိုသူကို လေးမြတ်တန်ဖိုးထားခြင်းဖြစ်သည်။ ထို့ကြောင့် သင်သည် ထိုပုဂ္ဂိုလ်၏ သဘောထားများ၊ လိုအပ်ရာများနှင့် လိုချင်ရာများကို စဉ်းစားသုံးသပ်မည်ဖြစ်ပြီး ကျမ်းစာနှင့်မဆန့်ကျင်လျှင် ထိုသူ၏သဘောထားကို လိုက်လျောပေမည်။ ယင်းသည် ခင်ပွန်းသည်တစ်ဦး မိမိဇနီးသည်အား ဆက်ဆံသင့်ပုံဖြစ်သည်။

၁၆။ သမ္မာကျမ်းစာက ဇနီးသည်များအား ဂုဏ်တင်ခြင်းနှင့်ပတ်သက်၍ ခင်ပွန်းသည်များကို မည်သို့ သတိပေးထားသနည်း။

၁၆ ခင်ပွန်းသည်များကို မိမိတို့၏ဇနီးသည်များအား ဂုဏ်တင်ရန်ပြောချိန်တွင် ပေတရုက ဤသတိပေးချက်ကို ထပ်၍ပြောခဲ့သည်– “သို့မှသာ သင်တို့၏ဆုတောင်းချက်များသည် အတားအဆီးရှိမည်မဟုတ်။” (၁ ပေ. ၃:၇) ဤအချက်က အမျိုးသားတစ်ဦး မိမိ၏ဇနီးသည်အပေါ် ဆက်ဆံပုံနှင့်ပတ်သက်၍ ယေဟောဝါ၏ အလေးအနက်ရှုမြင်ပုံကို အထင်အရှားဖော်ပြသည်။ ဇနီးသည်ကို ဂုဏ်တင်ဖို့ပျက်ကွက်ခြင်းက သူ၏ဆုတောင်းချက်များကို အတားအဆီးဖြစ်သွားစေနိုင်သည်။ ထို့ပြင် ခင်ပွန်းသည်တို့၏ ဂုဏ်တင်ခြင်းကိုခံရသောအခါ ဇနီးသည်တို့သည် ကောင်းစွာတုံ့ပြန်မည် မဟုတ်ပေလော။

၁၇။ ခင်ပွန်းသည်တစ်ဦးသည် မိမိ၏ဇနီးသည်ကို မည်မျှအထိ ချစ်သင့်သနည်း။

၁၇ ဇနီးသည်ကို ချစ်ခင်စုံမက်ခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့အကြံပြုထားသည်– “ခင်ပွန်းသည်လည်း ကိုယ့်ကိုယ်ကိုယ် ချစ်သကဲ့သို့ ဇနီးကိုချစ်သင့်၏။ . . . အကြောင်းမူကား မည်သူမျှ မိမိခန္ဓာကိုယ်ကို မုန်းသည်မရှိ။ လူတိုင်း မိမိခန္ဓာကိုယ်ကို ကျွေးမွေး၍ မြတ်နိုးတတ်၏။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေး၍ မြတ်နိုးတော်မူသကဲ့သို့ဖြစ်၏။ . . . သင်တို့အသီးသီးသည် ကိုယ့်ကိုယ်ကိုယ်ချစ်သကဲ့သို့ ကိုယ့်ဇနီးကို ချစ်ကြလော့။” (ဧ. ၅:၂၈၊ ၂၉၊ ၃၃) ခင်ပွန်းတို့သည် မိမိတို့၏ဇနီးများကို မည်မျှအထိချစ်သင့်သနည်း။ ပေါလု ဤသို့ရေးခဲ့သည်– “ခင်ပွန်းဖြစ်သူတို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်သဖြင့် အသင်းတော်အတွက် အသက်စွန့်တော်မူသကဲ့သို့ သင်တို့၏ဇနီးကို ဆက်၍ချစ်နေကြလော့။” (ဧ. ၅:၂၅) မှန်ပါသည်၊ အခြားသူများအတွက် ခရစ်တော် ပြုလုပ်ခဲ့သကဲ့သို့ ခင်ပွန်းတစ်ဦးသည် မိမိ၏ဇနီးအတွက် မိမိ၏အသက်ကိုပင်ပေးရန် တလိုတလားရှိသင့်သည်။ ခရစ်ယာန်ခင်ပွန်းတစ်ဦးသည် မိမိ၏ဇနီးအား နူးညံ့သိမ်မွေ့စွာ၊ ထောက်ထားညှာတာစွာ၊ ဂရုစိုက်ကာ ကိုယ်ကျိုးမငဲ့ဘဲ ဆက်ဆံသည့်အခါ ဇနီးသည်သည် ခင်ပွန်းသည်၏ဦးစီးမှုကို လက်အောက်ခံရန် ပို၍လွယ်ကူသည်။

၁၈။ ခင်ပွန်းသည်များသည် မိမိတို့၏အိမ်ထောင်တာဝန်များကို ထမ်းဆောင်ရာတွင် အဘယ်အကူအညီ ရရှိထားသနည်း။

၁၈ ဤနည်းဖြင့် ဇနီးသည်တို့ကို ဂုဏ်တင်ပါဟုဆိုခြင်းသည် ခင်ပွန်းသည်တို့ထံမှ အလွန်အမင်းမျှော်လင့်နေခြင်းလော။ မဟုတ်ပါ၊ ယေဟောဝါသည် လူသားတို့တတ်နိုင်သည်ထက် ပို၍လုပ်ဆောင်ရန် ဘယ်သောအခါမျှ တောင်းဆိုလိမ့်မည်မဟုတ်ချေ။ ထို့အပြင် ယေဟောဝါအားဝတ်ပြုကိုးကွယ်သူများသည် စကြဝဠာတွင် အကြီးမားဆုံးစွမ်းအားဖြစ်သည့် ဘုရားသခင်၏ သန့်ရှင်းသောစွမ်းအားတော်ကို ရရှိနိုင်ကြသည်။ ယေရှု ဤသို့မိန့်တော်မူခဲ့၏– “သင်တို့သည် လူဆိုးဖြစ်လျက်ပင် ကိုယ့်သားသမီးတို့အား ကောင်းသောဆုလက်ဆောင်ကို ပေးတတ်လျှင် ထိုမျှမက ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် တောင်းသောသူတို့အား သန့်ရှင်းသောစွမ်းအားတော်ကို သာ၍ပေးတော်မူမည်။” (လု. ၁၁:၁၃) ခင်ပွန်းသည်တို့သည် မိမိတို့၏ဆုတောင်းချက်များတွင် မိမိတို့၏ဇနီးသည်အပါအဝင် အခြားသူများနှင့် ဆက်ဆံရာ၌ ကိုယ်တော်၏စွမ်းအားတော် ထောက်မပေးပါရန် တောင်းလျှောက်နိုင်သည်။—တမန်တော် ၅:၃၂ ကိုဖတ်ပါ။

၁၉။ နောက်ဆောင်းပါးတွင် အဘယ်အကြောင်းအရာကို ဆွေးနွေးကြမည်နည်း။

၁၉ အမှန်ပင် အမျိုးသားများသည် ခရစ်တော်အား လက်အောက်ခံနိုင်ပုံကို သင်ယူကာ ကိုယ်တော်၏ဦးစီးမှုကို တုပရန် ကြီးလေးသောတာဝန်တစ်ခု ရရှိထားကြသည်။ သို့ဆိုလျှင် ဇနီးသည်များကော အသို့နည်း။ ယေဟောဝါ၏အစီအစဉ်တွင် မိမိတို့၏အခန်းကဏ္ဍကို မည်သို့ရှုမြင်သင့်ပုံကို နောက်ဆောင်းပါးတွင် ဆွေးနွေးပါလိမ့်မည်။

သင်မှတ်မိသလော

• ယေရှု၏ အဘယ်အရည်အသွေးများကို ကျွန်ုပ်တို့ တုပသင့်သနည်း။

• အကြီးအကဲများသည် သိုးများကို မည်သို့ဆက်ဆံသင့်သနည်း။

• ခင်ပွန်းသည်တစ်ဦးသည် မိမိ၏ဇနီးသည်ကို မည်သို့ဆက်ဆံသင့်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါပုံစာ]

အခြားသူများအား ဂုဏ်တင်ခြင်းဖြင့် ယေရှုကိုတုပပါ