မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယင်းသည် အမှန်ပင် မရိုးသားမှုလော

ယင်းသည် အမှန်ပင် မရိုးသားမှုလော

ယင်းသည် အမှန်ပင် မရိုးသားမှုလော

“ကားတိုက်တဲ့အကြောင်း ကြည့်ကြပ်ပြီးပြောလိုက်၊ ဒါဆိုရင် အားလုံး အိုကေသွားလိမ့်မယ်”

“အကောက်ခွန်အရာရှိတွေကို အားလုံး ပြောပြစရာ မလိုပါဘူး”

“ခိုးသာခိုး၊ မမိစေနဲ့”

“အလကားရတာကို ဘာဖြစ်လို့ ပိုက်ဆံပေး ရမှာလဲ”

သင်သည်  ငွေရေးကြေးရေးကိစ္စများနှင့်ပတ်သက်၍  အကြံဉာဏ်တောင်းခံသောအခါ အထက်ပါအတိုင်း ပြောဆိုကြသည်ကို ကြားဖူးပေမည်။ အရာရာကို ကြံဖန်ဖြေရှင်း၍ရသည်ဟု အချို့က ယူဆကြပေမည်။ မေးစရာမှာ ကြံဖန်ဖြေရှင်းခြင်းသည် အမှန်တကယ် ရိုးသားပါသလောဟူ၍ ဖြစ်သည်။

ယနေ့ခေတ်တွင်  မရိုးသားမှုသည်  အလွန်ပျံ့နှံ့လျက်ရှိ၏။ ထို့ကြောင့် လူတို့သည် ပြစ်ဒဏ်မခံရရန်၊ ငွေရှာရန် သို့မဟုတ် တိုးတက်ကြီးပွားရန် လိမ်လည်ခြင်း၊ ကလိမ်ကကျစ်လုပ်ခြင်းနှင့် သူတစ်ပါးဥစ္စာခိုးယူခြင်းကို လက်ခံနိုင်ဖွယ်ရာအဖြစ် ရှုမြင်လေ့ရှိသည်။ ထင်ရှားကျော်ကြားသူတို့သည် ရိုးသားမှုနှင့်ပတ်သက်လာလျှင် စံနမူနာကောင်း မပြနိုင်ကြချေ။ ဥရောပနိုင်ငံတစ်နိုင်ငံတွင် လိမ်လည်မှုနှင့်  အလွဲသုံးစားလုပ်မှုတို့သည်  ၂၀၀၅  ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ၈၅ ရာခိုင်နှုန်းကျော်အထိ တိုးများလာခဲ့သည်။ ယင်းတွင် မရိုးမသားလုပ်သည့် အသေးအမွှားအမှုများ မပါဝင်ပေ။ လူတချို့က ယင်းကို အပြစ်ဟူ၍ပင် မသတ်မှတ်တော့ချေ။ ထိုနိုင်ငံရှိ စီးပွားရေးနှင့် နိုင်ငံရေးတို့တွင်  ဦးဆောင်ဦးရွက်ပြုနေသူများသည်  ၎င်းတို့ ကြီးပွားတိုးတက်ရန် ဒီပလိုမာအတု ပြုလုပ်ခဲ့ကြသည်ဟု သတင်းထွက်နေခြင်းမှာ အံ့ဩစရာမဟုတ်ပေ။

ဤလောကတွင် မရိုးသားမှု ပျံ့နှံ့လျက်ရှိသော်လည်း လူအများကမူ မှန်ရာကို ပြုလုပ်လိုကြ၏။ သင်လည်း ထိုသို့ပြုလုပ်လိုပေမည်။ သင်သည် ဘုရားသခင်ကို ချစ်မြတ်နိုးသဖြင့် ကိုယ်တော်နှစ်သက်ရာကို ပြုလုပ်လိုပေမည်။ (၁ ယောဟန် ၅:၃) တမန်တော်ပေါလု ခံစားခဲ့ရသကဲ့သို့ သင်လည်း ခံစားရပေမည်။ သူ ဤသို့ရေးသားခဲ့၏– ‘ငါတို့သည် အရာရာ၌ ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံလိုသဖြင့် အသိစိတ်ကြည်လင်ကြောင်း ယုံကြည်စိတ်ချကြ၏။’ (ဟေဗြဲ ၁၃:၁၈) ထို့ကြောင့် “အရာရာ၌ ရိုးသားဖြောင့်မတ်စွာ” ကျင့်ကြံလိုသော သင်၏စိတ်ဆန္ဒကို ပျက်ပြားစေနိုင်သည့် အခြေအနေတချို့ကို ဆန်းစစ်ကြည့်ကြစို့။ ယင်းအခြေအနေများနှင့် ရင်ဆိုင်ရပါက သင့်အတွက် အထောက်အကူပြုနိုင်သော ကျမ်းစာမူများကိုလည်း သုံးသပ်ကြည့်ကြစို့။

ယာဉ်တိုက်မှုအတွက် မည်သူပေးလျော်ရမည်နည်း

တစ်ရက်တွင် လီဆာ * အမည်ရှိ မိန်းကလေးတစ်ဦး ကားမောင်းလာစဉ် အခြားကားတစ်စီးကို ဝင်တိုက်မိသည်။ ကားနှစ်စီးစလုံး ပျက်စီးသွားသော်လည်း မည်သူမျှ ထိခိုက်ဒဏ်ရာမရရှိချေ။ သူ၏နိုင်ငံတွင် ကားမောင်းသည့် လူငယ်များသည် ကားအာမခံကြေးကို လူကြီးများထက် ပို၍ပေးသွင်းရ၏။ ထိုအာမခံကြေးနှုန်းထားသည် ယာဉ်တိုက်မှုဖြစ်ပြီးတိုင်း တိုးမြှင့်သွားသည်။ ယာဉ်တိုက်မှုဖြစ်စဉ်တွင် လီဆာ၏အစ်ကိုဝမ်းကွဲဖြစ်သူ ဂရက်ဂါလည်းရှိနေရာ ကားကို ဂရက်ဂါ မောင်းသည်ဟု ပြောရန် မိတ်ဆွေတစ်ဦးက အကြံပေးသည်။ ထိုသို့ဖြင့် လီဆာသည် ကားအာမခံကြေးကို တိုးမြှင့်၍ပေးစရာမလိုတော့ချေ။ ထိုဖြေရှင်းနည်းက အလွန်ကောင်းပုံရပေမည်။ လီဆာ အဘယ်သို့လုပ်ဆောင်မည်နည်း။

အာမခံကုမ္ပဏီများသည် အာမခံထားရှိသူများ ပေးသွင်းသောငွေဖြင့် လျော်ကြေးပေးကြသည်။ ထို့ကြောင့် လီဆာသည် မိတ်ဆွေပေးသော အကြံဉာဏ်အတိုင်း ပြုလုပ်မည်ဆိုလျှင် ၎င်း၏ယာဉ်တိုက်မှုအတွက် လျော်ကြေးပေးဖို့ အခြားအာမခံထားသူများထံမှ အာမခံကြေး တိုးကောက်ခိုင်းရာရောက်ပေမည်။ သူသည် လိမ်လည်ထွက်ဆိုသည့်အပြင် အခြားသူများ၏ငွေကို ခိုးယူရာလည်း ရောက်ပေမည်။ ထိုနည်းတူပင် လူအများစုသည် အာမခံကြေးများများရရန် လိမ်လည်ပြောဆိုကြ၏။

တရားဥပဒေများသည်  မရိုးသားသောလုပ်ရပ်အတွက်  အဟန့်အတားဖြစ်ပေမည်။  သို့သော်  မရိုးသားမှုကို  ရှောင်ကြဉ်ရသည့် အရေးကြီးသော  အကြောင်းရင်းတစ်ခုကို  သမ္မာကျမ်းစာတွင် တွေ့ရှိရ၏။ “သူ့ဥစ္စာကို မခိုးနှင့်” ဟုပညတ်တော်ဆယ်ပါးတွင် ဖော်ပြထားသည်။  (ထွက်မြောက်ရာ  ၂၀:၁၅)  ထိုပညတ်ကို ထပ်ဆင့်သည့်အနေနှင့် ‘ခိုးတတ်သောသူသည် နောက်တစ်ဖန် မခိုးတော့နှင့်’ ဟုခရစ်ယာန်များကို တမန်တော်ပေါလု မိန့်ဆိုခဲ့သည်။ (ဧဖက် ၄:၂၈) အာမခံကိစ္စတွင် သမ္မာကျမ်းစာမိန့်ဆိုရာကို နာခံခြင်းအားဖြင့် ဘုရားသခင် ရှုတ်ချထားသောအရာကို သင်ရှောင်ကြဉ်နိုင်ပါသည်။ ထို့ပြင် ဘုရားသခင့်ပညတ်နှင့် လူသားချင်းကို ချစ်မြတ်နိုးပြီး လေးစားကြောင်း ဖော်ပြရာရောက်သည်။—ဆာလံ ၁၁၉:၉၇

‘ဧကရာဇ်မင်း၏ဥစ္စာကို ဧကရာဇ်မင်းအား ပေးကြလော့’

ပီတာသည်  စီးပွားရေးသမားတစ်ဦးဖြစ်၏။  ၎င်းနိုင်ငံ၏အခွန်ဥပဒေအရ ကုမ္ပဏီတွင်အသုံးပြုရန် ဝယ်ယူသော ဈေးကြီးသည့် ကွန်ပျူတာအတွက်  အခွန်ကိုလျှော့ပေးလေ့ရှိသည်။  ထို့ကြောင့် အလွန်ဈေးကြီးသော ကွန်ပျူတာတစ်လုံးကို ကုမ္ပဏီအနေနှင့် ဝယ်ယူလေဟန်ပြ၍ အခွန်လျှော့ခွင့်တောင်းဖို့ ပီတာကို သူ၏စာရင်းကိုင်က အကြံပြုသည်။ ပီတာကဲ့သို့သော စီးပွားရေးသမားတစ်ယောက်အတွက် ယင်းသို့ပစ္စည်းဝယ်ယူခြင်းသည် သာမန်ကိစ္စဖြစ်၏။ ပီတာသည် တစ်ခါမျှ ထိုပုံစံဖြင့် ပစ္စည်းဝယ်ယူခဲ့ခြင်းမရှိချေ။ အာဏာပိုင်များကလည်း သူ့ကုမ္ပဏီ၏အသုံးစရိတ်ကို ဝင်ရောက်စစ်ဆေးမည်မဟုတ်ချေ။ အခွန်လျှော့ခံရပါက သူ အခွန်ဆောင်ဖို့ များစွာသက်သာသွားမည်ဖြစ်သည်။ သူအဘယ်သို့ လုပ်ဆောင်မည်နည်း။ သူဆုံးဖြတ်ချက်ချရန် အဘယ်အရာက လမ်းညွှန်ပေးနိုင်သနည်း။

တမန်တော်ပေါလုသည် သူ့ခေတ်က ခရစ်ယာန်များကို ဤသို့တိုက်တွန်းခဲ့၏– ‘အထက်မင်းအာဏာစက်ကို လူတိုင်း လက်အောက်ခံလျက်နေစေ။ လူအသီးသီးတို့အား ပေးဆောင်ထိုက်သည့်အတိုင်း ပေးဆောင်ကြလော့။ အခွန်ကိုခံထိုက်သူအား အခွန်ကိုပေးကြလော့။ အကောက်ကိုခံထိုက်သူအား အကောက်ကို ပေးကြလော့။’ (ရောမ ၁၃:၁၊) ဘုရားသခင့်နှစ်သက်လက်ခံမှုကို ရလိုသူတို့သည် အာဏာပိုင်များ တောင်းခံသော အခွန်မှန်သမျှကို ပေးဆောင်ကြသည်။ သို့သော် နိုင်ငံ့ဥပဒေက လူတချို့အတွက် သို့မဟုတ် လုပ်ငန်းတချို့အတွက် အခွန်နှုန်းကို လျှော့ပေးသည်ဆိုလျှင် ထိုအတိုင်း အခွန်ပေးဆောင်ခြင်းက မမှားချေ။

အခွန်ဆောင်ခြင်းနှင့်ပတ်သက်၍ နောက်ဥပမာတစ်ခု ရှိပါသေးသည်။ ဒေးဗစ်သည် ကုမ္ပဏီတစ်ခုတွင် လက်သမားအလုပ်,လုပ်သည်။ သူ၏နိုင်ငံတွင် ဝင်ငွေခွန်နှင့် ဝယ်ခွန်ပေးဆောင်ရသည့် ဥပဒေရှိ၏။ သူ၏မိတ်ဆွေများနှင့် အိမ်နီးချင်းများက သူတို့အတွက် ဗီရိုများနှင့် ပရိဘောဂများကို အလုပ်ချိန်ပြင်ပတွင် လုပ်ပေးရန် တောင်းဆိုကြသည်။ အာဏာပိုင်များကို အသိမပေးဘဲလုပ်ပေးလျှင် သူရသည့်လစာထက် ပိုပေးမည်ဟု သူတို့ကမ်းလှမ်းသည်။ ထိုသို့လုပ်လျှင် နှစ်ဖက်စလုံးက အခွန်ရှောင်နိုင်သည့်အပြင် အကျိုးပင်ရှိသည်ဟု လူအများက ယူဆကြသည်။ သို့သော် ဒေးဗစ်သည် ဘုရားသခင်၏နှစ်သက်လက်ခံမှုကို ရလိုသောကြောင့် သူ၏အလုပ်ကို မည်သို့ရှုမြင်ရမည်နည်း။

ထိုသို့လုပ်ဆောင်ခြင်းကို လူအများ သိမြင်မည်မဟုတ်သော်လည်း အာဏာပိုင်များ တောင်းပိုင်ခွင့်ရှိသော အခွန်ကို ပေးဆောင်ဖို့ သူပျက်ကွက်နေပြီဖြစ်သည်။ ယေရှု ဤသို့မိန့်မှာခဲ့သည်– ‘ဧကရာဇ်မင်း၏ဥစ္စာကို ဧကရာဇ်မင်းအား ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ပေးကြလော့။’ (မဿဲ ၂၂:၁၇-၂၁) ယေရှု ထိုသို့မိန့်ဆိုရခြင်းမှာ အခွန်ပေးဆောင်ခြင်းနှင့်ပတ်သက်ပြီး နားထောင်နေသူတို့၏ စဉ်းစားပုံကို တည့်မတ်ပေးလို၍ဖြစ်သည်။ ယေရှုခေါ်ဆိုခဲ့သော ဧကရာဇ်မင်းမှာ အာဏာပိုင်များဖြစ်ကြပြီး သူတို့သည် အခွန်ကောက်ခွင့်ရှိသည်။ ထို့ကြောင့် ခရစ်တော်၏နောက်လိုက်များသည် အခွန်ဆောင်ခြင်းကို ကျမ်းပေးတာဝန်အဖြစ် ရှုမြင်ကြသည်။

မရိုးသားသောနည်းဖြင့် ဖြေဆိုခြင်း

မာတာအမည်ရှိသော  အထက်တန်းကျောင်းသူတစ်ဦးသည် စာမေးပွဲဖြေဆိုဖို့ အဆင်သင့်ဖြစ်နေသည်။ ယင်းစာမေးပွဲကို အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ပါက အလုပ်ကောင်းကောင်းရနိုင်သောကြောင့် စာကို ဖိကြိုးစားခဲ့သည်။ သူ၏အတန်းဖော်တချို့လည်း ကြိုးစားနေကြ၏။ သို့သော် ကြိုးစားပုံချင်းက မတူပေ။ သူတို့သည် စာမေးပွဲကို အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ရန် ပရိုဂရမ်ထည့်ထားသော ဂဏန်းပေါင်းစက်များနှင့် ဆဲလ်ဖုန်းများကို အသုံးပြု၍ စာခိုးချဖို့လုပ်နေကြသည်။ လူတိုင်းလုပ်နေသည့်အတိုင်း မာတာကော လုပ်ရမည်လော။

စာခိုးချခြင်းသည်  အထူးအဆန်း  မဟုတ်သည့်အတွက်  လူအများက ယင်းကို မမှားဟု ယူဆကြ၏။ “ခိုးသာခိုး၊ မမိစေနဲ့” ဟုသူတို့ ပြောဆိုတတ်ကြသည်။ ထိုသို့ပြောဆိုခြင်းသည် စစ်မှန်သောခရစ်ယာန်များအတွက် လက်ခံနိုင်ဖွယ်ရာမဟုတ်ပေ။ စာခိုးချနေသူတို့ကို  ဆရာဆရာမများက  တွေ့မည်မဟုတ်သော်လည်း တစ်စုံတစ်ယောက်ကမူ  ယင်းကို  တွေ့ မြင်နေပါသည်။  ကျွန်ုပ်တို့၏လုပ်ဆောင်မှုကို ယေဟောဝါဘုရားသခင် သိမြင်ပြီး ယင်းအတွက် ကိုယ်တော် စာရင်းရှင်းမည်ဖြစ်သည်။ ပေါလု ဤသို့ရေးသားခဲ့၏– “ကိုယ်တော်ရှေ့တွင် မထင်ရှားသော ဖန်ဆင်းရာတစ်ခုမျှမရှိ။ ငါတို့စာရင်းရှင်းရမည့်အရှင်၏ ရှေ့မှောက်တော်တွင် အရာခပ်သိမ်းသည် ဖုံးကွယ်ထားခြင်းမရှိဘဲ လှစ်ဟလျက်ရှိ၏။” (ဟေဗြဲ ၄:၁၃) ကျွန်ုပ်တို့ မှန်ရာလုပ်ဆောင်နေသည်ကို ဘုရားသခင် စိတ်ဝင်စားတော်မူ၏။ ထို့ကြောင့် ကျွန်ုပ်တို့ကို ကိုယ်တော်စောင့်ကြည့်နေသည်ဟူသော အသိစိတ်က အခက်အခဲနှင့်ရင်ဆိုင်ရသည့်အခါ ရိုးသားမှုရှိရန် လှုံ့ဆော်ပေးသည်။

သင် မည်သို့လုပ်ဆောင်မည်နည်း

လီဆာ၊ ဂရက်ဂါ၊ ပီတာ၊ ဒေးဗစ်နှင့် မာတာတို့ ရင်ဆိုင်နေရသောကိစ္စမှာ ပေါ့သေးသေးမဟုတ်ကြောင်း သူတို့ သိမြင်ခဲ့ကြ၏။ ရိုးသားမှုရှိရန် သူတို့ဆုံးဖြတ်ခဲ့ကြရာ ကိုယ့်ကိုယ်ကိုယ်သိစိတ် ကြည်လင်ပြီး ကိုယ်ကျင့်တရားကို ထိန်းသိမ်းနိုင်ခဲ့ကြသည်။ သင်လည်း ထပ်တူအခြေအနေမျိုးကြုံရပါက မည်သို့လုပ်ဆောင်မည်နည်း။

သင်၏လုပ်ဖော်ဆောင်ဖက်များ၊ အတန်းဖော်များနှင့် အိမ်နီးချင်းများသည် လိမ်လည်ခြင်း၊ စာခိုးချခြင်း သို့မဟုတ် သူတစ်ပါးဥစ္စာခိုးခြင်းကို အလေးအနက်ထားမည်မဟုတ်ပေ။ သူတို့ကဲ့သို့ပင် ထပ်တူပြုလုပ်ရန် သင့်ကို သူတို့ ဖိအားပေးကြပေမည်။ မရိုးမသားပြုရန် ဖိအားပေးခံရသည့်အခါ မှန်ကန်စွာဆုံးဖြတ်ချက်ချရန် သင့်ကို အဘယ်အရာက ထောက်ကူပေးနိုင်သနည်း။

ဘုရားသခင့်အလိုတော်အတိုင်း  လုပ်ဆောင်ခြင်းက  ကိုယ့်ကိုယ်ကိုယ်သိစိတ်  ကြည်လင်စေသည့်အပြင်  ကိုယ်တော့်မျက်နှာသာတော်ကို ရရှိစေပါသည်။ ဘုရင်ဒါဝိဒ် ဤသို့ရေးသားခဲ့၏– ‘အိုထာ၀ရဘုရားသခင် အဘယ်သူသည် ကိုယ်တော်၏ဝတ်ပြုရာအိမ်တော်သို့ ဝင်နိုင်ပါမည်နည်း။ အဘယ်သူသည် ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သော ဇိအုန်တောင်တော်ပေါ်တွင် ကိုးကွယ်ဝတ်ပြုနိုင်ပါမည်နည်း။ ဖြောင့်မှန်ရာကို အစဉ်ပြုကျင့်တတ်သူ၊ ဟုတ်မှန်ရိုးသားစွာ ပြောဆိုတတ်သူသည် အစဉ်အမြဲ ဘေးကင်းလုံခြုံစွာ နေရလိမ့်မည်။’ (ဆာလံ ၁၅:၁-၅ခမ) ကိုယ့်ကိုယ်ကိုယ်သိစိတ် ကြည်လင်ပြီး ကောင်းကင်ဘုံရှင်ဘုရားသခင်နှင့် မိတ်ဆွေဖွဲ့ခြင်းသည် မရိုးသားမှုကြောင့်ရရှိသော မည်သည့်ရုပ်ပစ္စည်းပိုင်ဆိုင်မှုထက်မဆို များစွာအဖိုးထိုက်လှသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 အမည်တချို့ကို ပြောင်းထားသည်။

[စာမျက်နှာ ၁၂ ပါ အကျဉ်းဖော်ပြချက်]

‘ခိုးတတ်သောသူသည် နောက်တစ်ဖန် မခိုးတော့နှင့်။’

ဘုရားသခင့်ပညတ်ကို လေးစားပြီး လူသားချင်းကို ချစ်မြတ်နိုးခြင်းက အာမခံကိစ္စတွင် ရိုးသားရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေး

[စာမျက်နှာ ၁၂ ပါ အကျဉ်းဖော်ပြချက်]

“လူအသီးသီးတို့အား ပေးဆောင်ထိုက်သည့်အတိုင်း ပေးဆောင်ကြလော့။ အခွန်ကို ခံထိုက်သူအား အခွန်ကို ပေးကြလော့။”

ဘုရားသခင့်နှစ်သက်လက်ခံမှုကို ရရန် ဥပဒေအရ တောင်းဆိုသော အခွန်မှန်သမျှကို ကျွန်ုပ်တို့ပေးဆောင်ကြ

[စာမျက်နှာ ၁၃ ပါ အကျဉ်းဖော်ပြချက်]

“ငါတို့စာရင်းရှင်းရမည့်အရှင်၏ ရှေ့မှောက်တော်တွင် အရာခပ်သိမ်းသည် ဖုံးကွယ်ထားခြင်း မရှိဘဲ လှစ်ဟလျက်ရှိ၏။”

စာခိုးချနေသည်ကို ဆရာဆရာမများ တွေ့မြင်မည်မဟုတ်သော်လည်း ဘုရားသခင့်ရှေ့တွင် ကျွန်ုပ်တို့ ရိုးသားလိုကြ

[စာမျက်နှာ ၁၄ ပါလေးထောင့်ကွက်နှင့် ရုပ်ပုံ]

“မမြင်သာသော” ခိုးမှု

သင့်မိတ်ဆွေသည် နောက်ဆုံးပေါ် ကွန်ပျူတာပရိုဂရမ်တစ်ခုကို ဝယ်ယူလာခဲ့ရာ သင်လည်း ရလိုပေမည်။ ထိုကွန်ပျူတာဆော့ဖ်ဝဲကို ကူးယူခြင်းအားဖြင့် ငွေကုန်ကြေးကျသက်သာမည်ဟု သူကပြော၏။ ယင်းသည် မရိုးမသားပြုလုပ်နေခြင်းလော။

ကွန်ပျူတာဆော့ဖ်ဝဲ ဝယ်ယူသူများသည် ယင်းဆော့ဖ်ဝဲနှင့်ပတ်သက်၍ ဖော်ပြထားသည့် စည်းမျဉ်းဥပဒေများကို လိုက်နာကြရသည်။ ယင်းစည်းမျဉ်းအရ ဝယ်ယူသူတစ်ဦးတည်းကသာ ၎င်း၏ကွန်ပျူတာတွင် ကူးယူခွင့်ရှိသည်။ သို့ဖြစ်၍ အခြားသူတစ်ဦးကို ထပ်ဆင့်ကူးပေးခြင်းသည် စည်းမျဉ်းကို ချိုးဖောက်ရာကျပြီး တရားမဝင်ချေ။ (ရောမ ၁၃:၄) ထို့ပြင် ထိုသို့ကူးယူခြင်းသည် ခိုးမှုမြောက်သည်၊ အကြောင်းမှာ မူပိုင်ထုတ်လုပ်ခွင့်ရရှိထားသူ၏ အကျိုးခံစားခွင့်ကို လုယူရာရောက်သောကြောင့်ဖြစ်သည်။—ဧဖက် ၄:၂၈

‘ဘယ်သူမှ သိမှာမဟုတ်ပါဘူး’ ဟုတချို့က ဆင်ခြင်ကြပေမည်။ ထိုသို့ဆင်ခြင်ခြင်းက မှန်ကောင်းမှန်နိုင်သော်လည်း ယေရှုမိန့်ဆိုခဲ့သော ဤစကားများကို ကျွန်ုပ်တို့ သတိရသင့်သည်– “ထို့ကြောင့် သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။” (မဿဲ ၇:၁၂) ကျွန်ုပ်တို့အားလုံး မိမိတို့၏လုပ်ဆောင်မှုအတွက် ရထိုက်သောအခကြေးငွေကို တန်ဖိုးထားပြီး အခြားသူများကိုလည်း မိမိတို့၏ပိုင်ဆိုင်ရာကို အလေးထားစေလိုကြသည်။ ထို့ကြောင့် အခြားသူများကိုလည်း ထိုနည်းတူပြုသင့်၏။ မူပိုင်ပြုလုပ်ထားသော တေးသီချင်းများ၊ စာအုပ်များ၊ ဆော့ဖ်ဝဲများ၊ ကုန်အမှတ်တံဆိပ်များ၊ မူပိုင်ခွင့်များ၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ လျှို့ဝှက်ချက်များနှင့် ကြော်ငြာလုပ်ငန်းမူပိုင်ခွင့်များသည် ကျွန်ုပ်တို့၏ ပိုင်ဆိုင်ရာများ မဟုတ်ချေ။ ထို့ကြောင့် ခွင့်ပြုချက်မရဘဲ ၎င်းတို့ကို ကူးယူခြင်း၊ မိတ္တူပွားခြင်းနှင့် အတုအပပြုလုပ်ခြင်းတို့သည် ခိုးမှုမြောက်၏။ ယင်းသည် “မမြင်သာသော” ခိုးမှုဖြစ်၍ ကျွန်ုပ်တို့ ရှောင်ကြဉ်ရမည်။—ထွက်မြောက်ရာ ၂၂:၇-၉