မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နာမတော်ကို သိကျွမ်းခြင်းတွင် အဘယ်အရာ ပါဝင်

ဘုရားသခင့်နာမတော်ကို သိကျွမ်းခြင်းတွင် အဘယ်အရာ ပါဝင်

သင်၏အမည်တွင် ထူးခြားသည့် အဓိပ္ပာယ် ရှိပါသလော။ ကမ္ဘာ့ဒေသတချို့တွင် ကလေးတစ်ဦးကို အဓိပ္ပာယ်ပြည့်၀သော အမည်ပေးတတ်သည့် ဓလေ့ရှိသည်။ ကလေးကို ပေးထားသော အမည်သည် မိဘများ၏ ယုံကြည်ချက်နှင့် စံနှုန်း သို့မဟုတ် ကလေး၏ အနာဂတ်နှင့်ပတ်သက်၍ သူတို့မျှော်လင့်ထားရာများနှင့် စိတ်ကူးများကို ဖော်ပြပေမည်။

အဓိပ္ပာယ်ပြည့်၀သော အမည်များပေးသည့် ဓလေ့သည် အသစ်အဆန်း မဟုတ်ပေ။ သမ္မာကျမ်းစာခေတ်တွင် လူတို့သည် အထူးအဓိပ္ပာယ်ရှိသော အမည်များ မှည့်လေ့ရှိကြသည်။ အမည်များသည် လူတစ်ဦး၏ ဘ၀တွင် ၎င်းလုပ်ဆောင်ရမည့် အခန်းကဏ္ဍကို ရည်ညွှန်းတတ်သည်။ ဥပမာ၊ ယေဟောဝါဘုရားသခင်သည် ဒါဝိဒ်အား ၎င်း၏သား ရှောလမုန် လုပ်ဆောင်ရမည့် အခန်းကဏ္ဍနှင့်ပတ်သက်၍ ဤသို့မိန့်ဆိုခဲ့သည်– ‘သူ၏အမည်ကား ရှောလမုန် [“ငြိမ်သက်ခြင်း”] ဖြစ်၍ သူ၏လက်ထက်၌ အစ္စရေးလူမျိုးသည် စစ်တိုက်ခြင်းမရှိ၊ ငြိမ်ဝပ်စွာနေရသောအခွင့်ကို ငါပေးမည်။’—၁ ရာဇဝင်ချုပ် ၂၂:၉

တစ်ခါတစ်ရံ ယေဟောဝါဘုရားသခင်သည် လူတစ်ဦးအား အမည်သစ်ပေးလိုက်ရာ ထိုသူသည် အခန်းကဏ္ဍသစ်တစ်ခုကို လုပ်ဆောင်ရတော့မည်ဖြစ်၏။ အာဗြဟံ၏ အမြုံမဖြစ်သော ဇနီးသည် “မင်းသမီး” ဟု အဓိပ္ပာယ်ရှိသည့် စာရာဟူသော အမည်ကို ရရှိခဲ့သည်။ အဘယ်ကြောင့်နည်း။ ယေဟောဝါဘုရားသခင် ဤသို့ရှင်းပြတော်မူသည်– “သူ့ကို ငါကောင်းချီးပေး၍ သူ့အားဖြင့်လည်း သင့်အား သားကို ပေးမည်။ အကယ်စင်စစ် သူ့ကို ကောင်းချီးပေး၍ သူသည် လူအမျိုးမျိုး ဖြစ်လိမ့်မည်။ သူ၏အမျိုးအနွယ်၌လည်း အပြည်ပြည်သော ရှင်ဘုရင် ဖြစ်ရလိမ့်မည်။” (ကမ္ဘာဦး ၁၇:၁၆) စာရာ အမည်သစ်ရရှိခဲ့သည့် အကြောင်းရင်းကို သင် နားလည်မည်ဆိုလျှင် သူ၏အခန်းကဏ္ဍသစ်ကိုလည်း နားလည်ပါလိမ့်မည်။

အမည်တကာတို့တွင် အရေးအပါဆုံး အမည်ဖြစ်သော ယေဟောဝါနှင့်ပတ်သက်၍ကော အသို့နည်း။ ယင်းသည် အဘယ် အဓိပ္ပာယ်ရှိသနည်း။ မောရှေသည် ယေဟောဝါဘုရားသခင်အား ကိုယ်တော့်နာမနှင့်ပတ်သက်၍ မေးလျှောက်သောအခါ ကိုယ်တော် ဤသို့မိန့်ဆိုခဲ့သည်– “ငါဖြစ်စေလိုရာကို ငါဖြစ်စေမည်။” (ထွက်မြောက်ရာ ၃:၁၄ကဘ) ယင်းကို ရော့သဟမ်ဘာသာပြန်ကျမ်းတွင် ဤသို့ပြန်ဆိုထားသည်– “ငါဖြစ်လိုသမျှအတိုင်း ငါဖြစ်မည်။” သို့ဖြစ်၍ ယေဟောဝါဟူသော အမည်သည် ကဏ္ဍများစွာကို ကိုယ်တော် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖော်ပြသည်။ ရိုးရှင်းသော ဤဥပမာကို သုံးသပ်ကြည့်ပါ။ မိခင်တစ်ဦးသည် နေ့စဉ်နှင့်အမျှ သားသမီးများကို ကြည့်ရှုစောင့်ရှောက်ရာတွင် လိုအပ်လျှင်လိုအပ်သလို သူနာပြုအဖြစ်၊ စားဖိုမှူးအဖြစ်၊ ဆရာမအဖြစ် လုပ်ဆောင်သွားပေမည်။ ယေဟောဝါဘုရားသခင်လည်း ထိုနည်းတူပင်။ သို့သော် ကိုယ်တော်၏ လုပ်ဆောင်မှုမှာ ပို၍ သာလွန်သည်။ လူသားများနှင့်ပတ်သက်၍ ကိုယ်တော်၏ မေတ္တာပါသော ရည်ရွယ်ချက်ကို ပြီးမြောက်စေရန် ကိုယ်တော်ဖြစ်လိုသမျှအတိုင်း ဖြစ်စေနိုင်သည့်အပြင် လိုအပ်သမျှကိုလည်း ကိုယ်တော် ဖြည့်ဆည်းပေးနိုင်သည်။ သို့ဖြစ်၍ ယေဟောဝါဘုရားသခင်အား အမည်နှင့်တကွ သိကျွမ်းခြင်းတွင် ကိုယ်တော်၏ အခန်းကဏ္ဍများကို နားလည်၍ ကျေးဇူးတင်လေးမြတ်ခြင်း ပါဝင်သည်။

ဘုရားသခင်အား အမည်နှင့်တကွ မသိကျွမ်းသောသူတို့သည် ကိုယ်တော်၏ နှစ်လို့ဖွယ် ဂုဏ်ရည်တော်ကိုလည်း မသိကြချေ။ သို့သော် သမ္မာကျမ်းစာကို လေ့လာခြင်းအားဖြင့် ဉာဏ်ပညာရှိသော အကြံပေးပုဂ္ဂိုလ်၊ တန်ခိုးကြီးသော ကယ်တင်ရှင်နှင့် ရက်ရောသော ထောက်ပံ့ပေးရှင် အစရှိသည့် ယေဟောဝါဘုရားသခင်၏ အခန်းကဏ္ဍများကို သင် တန်ဖိုးထားလေးမြတ်လာနိုင်မည်။ အဓိပ္ပာယ်ပြည့်၀သော ကိုယ်တော်၏နာမတော်သည် အမှန်ပင် အံ့သြမိန်းမောဖွယ် ကောင်းလှသည်။

သို့သော် ဘုရားသခင်အား အမည်နှင့်တကွ သိကျွမ်းလာအောင် ကြိုးစားရာတွင် အမြဲလွယ်ကူသည် မဟုတ်။ အကြောင်းရင်းကို နောက်ဆောင်းပါးတွင် ဖော်ပြထားပါသည်။