မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ထံ သူ ရင်ဖွင့်ဆုတောင်းခဲ့

ဘုရားသခင်ထံ သူ ရင်ဖွင့်ဆုတောင်းခဲ့

သူတို့၏ယုံကြည်ခြင်းကို တုပကြလော့

ဘုရားသခင်ထံ သူ ရင်ဖွင့်ဆုတောင်းခဲ့

ဟန္နသည် မိမိပြဿနာကို မေ့ပျောက်ထားပြီး ခရီးထွက်ဖို့ အထုပ်အပိုးပြင်နေသည်။ ဤအချိန်သည် ပျော်စရာအချိန်ဖြစ်သည်။ သူ၏ခင်ပွန်း ဧလကာနသည် မိသားစုကိုခေါ်၍ ရှိလောမြို့ရှိ ဝတ်ပြုရာတဲတော်သို့ နှစ်စဉ် ခရီးထွက်လေ့ရှိသည်။ ယေဟောဝါဘုရားသခင်သည် ထိုအခါသမယများတွင် လူတို့ကို ရွှင်လန်းစေလိုတော်မူ၏။ (တရားဟောရာ ၁၆:၁၅) ဟန္နသည် ငယ်စဉ်ကတည်းက ထိုပွဲတော်များတွင် ပျော်မွေ့ခဲ့မည်မှာ သေချာပါသည်။ သို့သော် မကြာသေးမီနှစ်များမှစ၍ သူ့ဘ၀ ပြောင်းလဲသွားလေပြီ။

သူသည် ခင်ပွန်းဖြစ်သူ၏ ချစ်မြတ်နိုးမှုကို ခံခဲ့ရသည်။ သို့သော် ဧလကာနတွင် ဇနီးနောက်တစ်ဦးရှိသေးသည်။ သူ၏အမည်မှာ ပေနိန္နဖြစ်ပြီး ဟန္နကို စိတ်ဆင်းရဲအောင်ပြုလုပ်ရန် ရည်မှန်းထားပုံရသည်။ ပေနိန္နသည် ဟန္န စိတ်ထိခိုက်အောင် နှစ်စဉ်ကျင်းပသော ထိုပွဲတော်များကို အသုံးချဖို့ပင် ကြံစည်ခဲ့သည်။ မည်သို့အားဖြင့်နည်း။ ယေဟောဝါဘုရားသခင်အား ဟန္န ယုံကြည်အားကိုးခြင်းက ဖြေရှင်းနိုင်ပုံမရသော အခြေအနေကို မည်သို့ရင်ဆိုင်စေခဲ့သနည်း။ သင့်ဘ၀တွင် ရွှင်လန်းမှုပျောက်ဆုံးစေသည့် အခက်အခဲများနှင့်ရင်ဆိုင်ရသောအခါ ဟန္န၏ စိတ်ထိခိုက်ဖွယ်မှတ်တမ်းမှ သင်ယူနိုင်ပါသည်။

“အဘယ်ကြောင့် စိတ်ညှိုးငယ်သနည်း”

ဟန္န၏ဘ၀တွင် ကြီးမားသောပြဿနာနှစ်ခုရှိကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ ဟန္နသည် ပထမအခြေအနေတွင်ရှိသော ပြဿနာကို ပြေလည်အောင် လုပ်နိုင်သော်လည်း ဒုတိယအခြေအနေတွင်ရှိသော ပြဿနာကိုမူ လုံး၀မဖြေရှင်းနိုင်ပေ။ ပထမအခြေအနေရှိ ပြဿနာမှာ သူသည် မယားပြိုင်ထားသော အိမ်ထောင်တွင် နေထိုင်ပြီး ပြိုင်ဘက်ဇနီးဖြစ်သူ၏ မုန်းတီးမှုကို ခံခဲ့ရ၏။ ဒုတိယအခြေအနေရှိ ပြဿနာမှာ သူသည် အမြုံမဖြစ်နေ၏။ ထိုခေတ်ကာလ၏ ယဉ်ကျေးမှုအရ သားသမီးရလိုသည့် ဇနီးမယားတစ်ယောက်အတွက် ထိုအခြေအနေသည် အလွန်ပင် ခံရခက်လှ၏။ မိသားစုတိုင်းသည် မိသားစုအမည်ကိုဆက်ခံရန် မျိုးဆက်များရှိဖို့လိုသည်။ သားသမီးမမွေးနိုင်လျှင် ပြစ်တင်ဝေဖန်ခံရပြီး အရှက်ခွဲခံရသည်။

ပေနိန္နသာ စိတ်ထိခိုက်အောင် မလုပ်ခဲ့ပါက သားသမီးမမွေးနိုင်သော အခြေအနေကို ဟန္န ခံရပ်သွားနိုင်ပေမည်။ မယားအများယူသော ဓလေ့သည် အိမ်ထောင်တွင် ပြိုင်ဆိုင်မှု၊ ပဋိပက္ခ၊ စိတ်ဆင်းရဲမှုစသည့် ပြဿနာများစွာကို ဖြစ်ပေါ်စေသည်။ ထိုဓလေ့သည် ဧဒင်ဥယျာဉ်တွင် ဘုရားသခင် ချမှတ်ပေးခဲ့သော တစ်လင်တစ်မယားစနစ်နှင့် လုံး၀ကွာခြား၏။ * (ကမ္ဘာဦး ၂:၂၄) သို့ဖြစ်၍ မယားအများယူသော အိမ်ထောင်တွင် ပျော်ရွှင်သာယာမှုမရှိကြောင်း ကျမ်းစာမှတ်တမ်းများစွာက ဖော်ပြ၏။ ဧလကာန၏ အိမ်ထောင်ရေးအခြေအနေကိုကြည့်လျှင် မယားအများယူသောဓလေ့သည် မကောင်းကြောင်း တွေ့ရသည်။

ဧလကာနသည် ဟန္နကို အလွန်ချစ်မြတ်နိုး၏။ ဂျူးဓလေ့အရ သူသည် ဟန္နကို အရင်ဆုံးလက်ထပ်ပြီး နှစ်အနည်းငယ်ကြာပြီးနောက်မှ ပေနိန္နကို လက်ထပ်ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ပေနိန္နသည် ဟန္နကို မလိုမုန်းထားပြီး နည်းအမျိုးမျိုးဖြင့် စိတ်ဆင်းရဲအောင် ပြုလုပ်ခဲ့သည်။ ပေနိန္နတွင် သားသမီးများရှိရာ ဟန္နအပေါ် အသာစီးရနေ၏။ သားသမီး တစ်ယောက်ပြီးတစ်ယောက် မွေးဖွားသည့်အတွက် သူ ဘဝင်မြင့်လာ၏။ သားသမီးမရ၍ စိတ်ထိခိုက်နေသော ဟန္နကို အားပေးနှစ်သိမ့်မည့်အစား ယင်းကို အခွင့်ကောင်းယူ၍ ထိုးနှက်ခဲ့သည်။ ပေနိန္နသည် ဟန္နကို “စိတ်ညစ်အောင်” ဆွပေးသည်ဟု ကျမ်းစာကဆို၏။ (၁ ဓမ္မရာဇဝင် ၁:၆) ပေနိန္နသည် တမင်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်၏။ သူသည် ဟန္နကို စိတ်ဆင်းရဲစေလိုပြီး ထိုအတိုင်း အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။

ပေနိန္နအတွက် ဟန္နကို ဝမ်းနည်းအောင်ပြုလုပ်ဖို့ အခွင့်အသာဆုံးအချိန်မှာ နှစ်စဉ် ရှိလောမြို့သို့ ဝတ်ပြုရန်သွားသည့်အချိန် ဖြစ်သည်။ ထိုအချိန်တွင် ဧလကာနသည် ယေဟောဝါဘုရားသခင်ထံ ယဇ်ပူဇော်ရန်အတွက် ပေနိန္န၏သားသမီးတစ်ဦးစီကို ဝေစုခွဲပေးသည်။ သို့သော် ကလေးမရှိသည့် ဟန္နကမူ ဝေစုတစ်စုသာ ရရှိသည်။ ထိုအခါ ပေနိန္နသည် ဟန္နကို အထက်စီးဖြင့် ဆက်ဆံလေတော့သည်။ ကလေးမမွေးနိုင်သည့်အတွက် သနားစရာကောင်းလှသည်ဟုဆိုကာ ဟန္န ငိုအောင်၊ အစာမစားနိုင်အောင် ဆွပေး၏။ ဧလကာနသည် ချစ်ဇနီး စိတ်သောကရောက်ပြီး အစာမစားနိုင်သည်ကို သတိပြုမိကာ အားပေးနှစ်သိမ့်ခဲ့သည်။ ဧလကာနက “ဟန္န အဘယ်ကြောင့် ငိုသနည်း။ အဘယ်ကြောင့် မစားဘဲနေသနည်း။ အဘယ်ကြောင့် စိတ်ညှိုးငယ်သနည်း။ သားတစ်ကျိပ်ထက် သင်၌ ငါသာ၍ ကောင်းသည်မဟုတ်လော” ဟုဆိုသည်။—၁ ဓမ္မရာဇဝင် ၁:၄-၈

သားသမီးမမွေးနိုင်သည့်အတွက် ဟန္န စိတ်ဆင်းရဲနေကြောင်း ဧလကာန သိမြင်နားလည်ခဲ့ခြင်းက ဝမ်းသာစရာပင်။ ဟန္နသည်လည်း ဧလကာန၏ချစ်မြတ်နိုးမှုကို တန်ဖိုးထားမည်မှာ သေချာပါသည်။ * သို့သော် ပေနိန္နတွင် မလိုတမာစိတ်ရှိကြောင်း ဧလကာန ပြောဆိုခဲ့ခြင်းမရှိသကဲ့သို့ ဟန္နလည်း တိုင်တန်းပြောဆိုခဲ့ခြင်းမရှိကြောင်း မှတ်တမ်းက ဖော်ပြ၏။ ပေနိန္နအကြောင်းကို ထုတ်ဖော်လိုက်ပါက မိမိ၏အခြေအနေ ပိုဆိုးသွားနိုင်စရာအကြောင်းရှိမည်ဟု ဟန္န ဆင်ခြင်ခဲ့သည်။ ဧလကာနကလည်း အခြေအနေများကို ပြုပြင်ပြောင်းလဲပေးနိုင်မည်လော။ ပေနိန္နကလည်း ဟန္နကို ပို၍မုန်းလာနိုင်သည့်အပြင် ပေနိန္န၏သားသမီးများနှင့် အစေခံကျွန်များကလည်း မုန်းလာနိုင်သည်မဟုတ်လော။ ဟန္နသည် မိသားစု၏ အပယ်ခံအဖြစ် ပို၍သာ ခံစားလာနိုင်စရာအကြောင်းရှိပေမည်။

ပေနိန္န သဘောထားဆိုးသည်ကို ဧလကာန အသေးစိတ်သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ယေဟောဝါဘုရားသခင်ကမူ ဖြစ်ပျက်သမျှအရာအားလုံးကို သိရှိတော်မူ၏။ ထိုဖြစ်ရပ်အလုံးစုံကို သမ္မာကျမ်းစာတွင် ဖော်ပြထားရာ မလိုမုန်းထားသည့် လုပ်ရပ်များက အသေးအမွှားပင်ဖြစ်ပါစေ ထိုသို့ပြုကျင့်သူ မည်သူမဆိုအတွက် သတိပေးပုံနမူနာဖြစ်သည်။ သို့သော် တရားမျှတသော ဘုရားသခင်သည် ကိစ္စရပ်များကို အချိန်တန်လျှင် ကိုယ်တော့်နည်း၊ ကိုယ်တော့်ဟန်ဖြင့် ဖြေရှင်းပေးမည်ဖြစ်ကြာင်း ဟန္နကဲ့သို့ ရိုးသားဖြောင့်မတ်၍ အေးဆေးစွာနေလိုသူတို့ သိရှိရသည့်အတွက် နှစ်သိမ့်မှုရနိုင်ပါသည်။ (တရားဟောရာ ၃၂:၄) ဟန္နသည်လည်း ယင်းအချက်ကို သိကောင်းသိပေမည်။ ထို့ကြောင့် အကူအညီရရန် ယေဟောဝါဘုရားသခင်ထံ ဆုတောင်းခဲ့၏။

“စိတ်သက်သာမှုရ”

မကြာသေးမီအချိန်က တစ်မိသားစုလုံး အလုပ်ရှုပ်နေခဲ့ကြသည်။ ကလေးများအပါအဝင် အိမ်သားအားလုံး ခရီးထွက်ဖို့ အသင့်ရှိနေကြပြီ။ ရှိလောမြို့သို့သွားရန် အိမ်ထောင်စုကြီးသည် မိုင် ၂၀ ကျော် ခရီးရှိသော ဧဖရိမ်တောင်တန်းဒေသကို ဖြတ်သန်းသွားလာရပေမည်။ * ထိုခရီးကို ခြေလျင်လျှောက်လျှင် တစ်ရက်နှစ်ရက်ကြာပေမည်။ ပြိုင်ဘက်ဇနီးဖြစ်သူ မိမိကို မည်သို့ပြုမူတော့မည်ကို ဟန္န ကောင်းစွာသိရှိထား၏။ သို့သော် ဟန္နသည် အိမ်တွင် မနေရစ်ခဲ့ပေ။ ဟန္န၏စံနမူနာသည် ယနေ့ခေတ် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူတို့အတွက် အတုယူစရာပင်။ အခြားသူတို့၏ လုပ်ရပ်အမှားများကြောင့် ဘုရားသခင်အား ဝတ်မပြုတော့ခြင်းက ပညာရှိရာမကျပေ။ ထိုသို့ဖြစ်စေမည်ဆိုလျှင် ကျွန်ုပ်တို့အား ခံနိုင်ရည်ရှိစေမည့် ကောင်းချီးများကိုလည်း ရရှိတော့မည်မဟုတ်။

မိသားစုသည် ကွေ့ကောက်နေသော တောင်ပေါ်လမ်းများတွင် တစ်နေ့လုံး လျှောက်သွားပြီးနောက် ရှိလောမြို့အနီးသို့ ရောက်လာကြသည်။ ထိုမြို့သည် မြင့်မားသောတောင်ကုန်းများ ပတ်လည်ဝိုင်းရံနေသည့် တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိ၏။ ထိုမြို့သို့ရောက်ခါနီးတွင် ယေဟောဝါဘုရားသခင်ထံ အဘယ်အရာများ တောင်းလျှောက်ရမည်ကို ဟန္နအနေနှင့် များစွာစဉ်းစားထားပေမည်။ မိသားစုသည် မြို့သို့ရောက်သည်နှင့်တစ်ပြိုင်နက် အစာစားကြ၏။ ဟန္နသည် အခွင့်အရေးရသည်နှင့် တဲတော်သို့ ထွက်သွားလေ၏။ ထိုတွင် ယဇ်ပုရောဟိတ်မင်း ဧလိ ရှိနေပြီး တဲတော်၏ တံခါးတိုင်နားတွင် ထိုင်နေ၏။ သို့သော် ဟန္နသည် ဘုရားသခင်ကိုသာ အာရုံပြုထားရာ ဧလိရှိနေမှန်း သတိမထားမိချေ။ တဲတော်တွင် မိမိဆုတောင်းပါက နားညောင်းခံရမည်ဟု ဟန္န ယုံကြည်လေသည်။ သူ၏ပြဿနာကို မည်သူမျှ အပြည့်အ၀ နားမလည်ပေးနိုင်သည့်တိုင် ယေဟောဝါဘုရားသခင်ကမူ နားလည်ပေးနိုင်သည်။ ဟန္နသည် စိတ်သောကကို ကြိတ်မှိတ်မခံစားနိုင်တော့ဘဲ ငိုချလိုက်၏။

သူသည် တသိမ့်သိမ့်တုန်ခါအောင် ငိုရှိုက်ရင်း ယေဟောဝါဘုရားသခင်ထံ ဆုတောင်းလျက်နေ၏။ အလွန်အမင်းခံစားနေကြောင်းကို အသံမထွက်ဘဲ ရေရွတ်နေသည့်အတွက် သူ၏နှုတ်ခမ်းများမှာ တဆတ်ဆတ်တုန်ယင်နေ၏။ သူသည် ဘုရားသခင်ထံ အချိန်ကြာမြင့်စွာ ရင်ဖွင့်ဆုတောင်းနေသည်။ သို့သော် သူသည် သားသမီးရရန် ဘုရားသခင်ထံ မရမက ပူဆာရုံထက်မကချေ။ ဟန္နသည် ဘုရားသခင်ထံမှ ကောင်းချီးရလိုစိတ်ရှိရုံသာမက ကိုယ်တော်အား တတ်နိုင်သလောက် ပြန်ပေးဆပ်လိုစိတ်လည်းရှိသည်။ ထို့ကြောင့် သူသည် သားတစ်ယောက်ရရှိပါက ထိုသားကို ယေဟောဝါဘုရားသခင်၏ အမှုတော်ကို တစ်သက်လုံး ထမ်းဆောင်စေပါမည်ဟု ကတိသစ္စာပြုခဲ့၏။—၁ ဓမ္မရာဇဝင် ၁:၉-၁၁

ဟန္န၏ဆုတောင်းချက်သည် ဘုရားသခင့်ကျေးကျွန်အားလုံးအတွက် စံနမူနာဖြစ်၏။ မေတ္တာရှင် မိဘတစ်ဦးကို ယုံကြည်ကိုးစားသည့် ကလေးငယ်တစ်ဦးကဲ့သို့ မိမိတို့၏ စိုးရိမ်စရာရှိသမျှကို မတွန့်မဆုတ် ရင်ဖွင့်ပြောဆိုရန် ကျေးကျွန်များကို ယေဟောဝါဘုရားသခင် အားပေးတိုက်တွန်းတော်မူ၏။ (ဆာလံ ၆၂:၈; ၁ သက်သာလောနိတ် ၅:၁၇) ယေဟောဝါဘုရားသခင်ထံ ဆုတောင်းခြင်းနှင့်စပ်လျဉ်း၍ နှစ်သိမ့်မှုဖြစ်စေသော ဤစကားများကို ရေးသားရန် တမန်တော်ပေါလုကို စွမ်းအားတော်က လှုံ့ဆော်ပေးခဲ့သည်– “ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် စိုးရိမ်စရာရှိသမျှကို ကိုယ်တော့်ထံ ပုံအပ်ထားလော့။”—၁ ပေတရု ၅:၇

သို့သော် လူသားတို့သည် ယေဟောဝါဘုရားသခင်ကဲ့သို့ နားလည်မှုမပေးနိုင်သည့်အပြင် စာနာမှုလည်း မပြနိုင်ကြပေ။ ဟန္နသည် ငိုကြွေးရင်း ဆုတောင်းစဉ် အသံတစ်သံကြောင့် လန့်ဖျပ်သွား၏။ ထိုအသံရှင်မှာ ယဇ်ပုရောဟိတ်မင်း ဧလိဖြစ်ပြီး ဟန္နကို စောင့်ကြည့်လျက်နေ၏။ ဧလိက “သင်သည် အဘယ်မျှကာလပတ်လုံး ယစ်မူးလိမ့်မည်နည်း။ သင်၏စပျစ်ရည်ကို ပယ်ရှောင်လော့” ဟုဆို၏။ နှုတ်ခမ်းတလှုပ်လှုပ်ဖြင့် ငိုကြွေးနေသော ဟန္န၏ ဝမ်းနည်းကြေကွဲနေသည့် မျက်နှာအသွင်အပြင်ကို ဧလိ သတိပြုမိခဲ့သည်။ ဘာဖြစ်နေသည်ကို မေးမြန်းမည့်အစား ဟန္န မူးယစ်နေသည်ဟု ချက်ချင်း ကောက်ချက်ချလိုက်၏။—၁ ဓမ္မရာဇဝင် ၁:၁၂-၁၄

စိတ်သောကရောက်နေချိန်တွင် လေးစားထိုက်သော ပုဂ္ဂိုလ်တစ်ဦးထံမှ မဟုတ်မမှန် စွပ်စွဲပြောဆိုခံရ၍ ဟန္န မည်မျှစိတ်ထိခိုက်သွားမည်ကို မြင်ယောင်ကြည့်လိုက်ပါ။ ဤတွင်လည်း ဟန္နသည် ယုံကြည်ခြင်းနှင့်ဆိုင်သော စံနမူနာကောင်းကို ထပ်မံပြသခဲ့သည်။ ယေဟောဝါဘုရားသခင်အား သူ ဝတ်ပြုရာတွင် လူ့မစုံလင်မှုကို အတားအဆီးဖြစ်ခွင့်မပြုခဲ့ပေ။ သူသည် ဧလိကို တလေးတစားဖြင့် ဖြစ်ကြောင်းကုန်စင် ရှင်းပြလေသည်။ မိမိမှားကြောင်း ဧလိ သိမြင်သွားကာ “ငြိမ်ဝပ်စွာသွားလော့။ ယခု ဆုတောင်းသည်အတိုင်း ဣသရေလအမျိုး၏ ဘုရားသခင် ပေးသနားတော်မူပါစေသော” ဟုချိုသာစွာ ပြန်ပြောဆို၏။—၁ ဓမ္မရာဇဝင် ၁:၁၅-၁၇

တဲတော်၌ ယေဟောဝါဘုရားသခင်ထံ ရင်ဖွင့်ဆုတောင်း၍ ဝတ်ပြုကိုးကွယ်ခဲ့သည့်အတွက် ဟန္န အဘယ်အကျိုးရရှိခဲ့သနည်း။ ကျမ်းစာတွင် ဤသို့ဖတ်ရ၏– “သူသည် စိတ်သက်သာမှုရလျက် ထွက်ခွာသွားပြီးလျှင် အစားအစာအနည်းငယ်ကို စားလေ၏။” (၁ ဓမ္မရာဇဝင် ၁:၁၈ခမ) ယင်းကျမ်းချက်ကိုပင် ဘာသာပြန်ကျမ်းတစ်ကျမ်း (The Jerusalem Bible) တွင်ဤသို့ဖတ်ရ၏– “သူသည် ဝမ်းမနည်းတော့ချေ။” ဟန္နသည် စိတ်သက်သာမှုရရှိသွား၏။ သူသည် ဖိစီးနေသောဝန်ထုပ်ကို မိမိထက်ပို၍ စွမ်းအားရှိသော ယေဟောဝါဘုရားသခင်ထံ လွှဲပြောင်းပေးလိုက်၏။ (ဆာလံ ၅၅:၂၂) ထိုဝန်ထုပ်သည် ဘုရားသခင်အတွက် လေးလွန်းသလော။ မလေးလွန်းပေ။ ယခင်တုန်းကရော၊ ယခုရော၊ နောင်ရော ဘယ်တော့မျှ လေးမည်မဟုတ်ပါ။

ကျွန်ုပ်တို့သည် စိတ်ပျက်အားငယ်ပြီး စိတ်ဖိစီးနေပါက ဟန္န၏စံနမူနာအတိုင်း ‘ဆုတောင်းစကားကို နားထောင်တော်မူသောအရှင်’ ထံရင်ဖွင့် ဆုတောင်းသင့်ပါသည်။ (ဆာလံ ၆၅:၂) ယုံကြည်ခြင်းဖြင့် ဆုတောင်းလျှင် “စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်း” ကို ကျွန်ုပ်တို့လည်း ခံစားရနိုင်ပါသည်။—ဖိလိပ္ပိ ၄:၆၊ ၇

“ငါတို့ဘုရားသခင်နှင့်တူသော ကျောက်တစ်စုံတစ်ရာမရှိ”

နောက်တစ်နေ့မနက်တွင် ဟန္နသည် ဧလကာနနှင့်အတူ တဲတော်သို့ပြန်သွား၏။ သူဆုတောင်းခဲ့ပြီး ကတိသစ္စာပြုခဲ့ကြောင်းကို ခင်ပွန်းဖြစ်သူအား ပြောပြထားပုံရသည်။ အကြောင်းမှာ မောရှေပညတ်အရ ခင်ပွန်းဖြစ်သူသည် မိမိ၏သဘောတူညီချက်မရဘဲ ဇနီးသည်ပြုခဲ့သော ကတိသစ္စာကို ပယ်ဖျက်ပိုင်ခွင့်ရှိ၏။ (တောလည်ရာ ၃၀:၁၀-၁၅) သို့သော် ထိုသစ္စာတည်ကြည်သော ခင်ပွန်းသည် ဇနီး၏ကတိသစ္စာကို မပယ်ဖျက်ခဲ့ချေ။ သို့အစား သူတို့ဇနီးမောင်နှံသည် အိမ်မပြန်မီ တဲတော်သို့သွား၍ ယေဟောဝါဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခဲ့သည်။

ပေနိန္နသည် ဟန္နစိတ်ပျက်၀မ်းနည်းအောင် မလုပ်နိုင်တော့ကြောင်း မည်သည့်အချိန်လောက်တွင် သိသွားသနည်း။ မှတ်တမ်းတွင် မဖော်ပြထားသော်လည်း “စိတ်သက်သာမှုရ” သည်ဟူသောစကားကြောင့် ဟန္နသည် ထိုအချိန်မှစ၍ ပျော်ရွှင်နေပြီး စိတ်ညှိုးငယ်ခြင်းမရှိတော့ချေ။ မည်သို့ပင်ဖြစ်ပါစေ ဟန္နစိတ်ထိခိုက်စေရန် မလိုတမာစိတ်ဖြင့် ပြုမူသော လုပ်ရပ်များသည် အကျိုးမရှိတော့ကြောင်း မကြာမီအတွင်း ပေနိန္န သိလိုက်ရတော့သည်။ သမ္မာကျမ်းစာတွင် ပေနိန္နအကြောင်း ထပ်မံမဖော်ပြတော့ပေ။

အချိန်ကုန်လွန်လာသည်နှင့်အမျှ ဟန္န၏စိတ်ငြိမ်သက်မှုသည် အလွန်ဝမ်းမြောက်ခြင်းအဖြစ်သို့ ကူးပြောင်းသွားသည်။ သူ ကိုယ်ဝန်ဆောင်နေရပြီ။ ဟန္နသည် ဝမ်းမြောက်ဝမ်းသာဖြစ်လျက် အဆိုပါကောင်းချီးကို မည်သူ့ထံမှရရှိကြောင်း ဘယ်တော့မျှ မေ့မည်မဟုတ်ပေ။ သားယောက်ျားလေးကို မွေးဖွားသောအခါ ရှမွေလဟူ၍ အမည်ပေးလေသည်။ ယင်း၏ အဓိပ္ပာယ်မှာ “ဘုရားသခင့်နာမတော်” ဟူ၍ဖြစ်သည်။ ယင်းက အကူအညီအတွက် ဘုရားသခင့်နာမတော်ကို ဟန္န အမြဲခေါ်ဆိုခဲ့ကြောင်း ထင်ရှား၏။ ထိုနှစ်တွင် ဟန္နသည် ရှိလောမြို့သို့သွားသည့် ခရီးစဉ်တွင် မိသားစုနှင့်အတူ မလိုက်ပါသွားချေ။ ကလေးနို့ဖြတ်သည့်အရွယ် ရောက်သည်အထိ အိမ်တွင် ကလေးနှင့်အတူ သုံးနှစ်နေရစ်ခဲ့၏။ ထို့နောက် မိမိချစ်မြတ်နိုးရသောသားနှင့် ခွဲခွာရမည့်နေ့အတွက် သူအားမွေးခဲ့သည်။

ခွဲခွာရခြင်းသည် လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။ ရှိလောမြို့သို့ ရှမွေလရောက်လျှင် တဲတော်တွင် အမှုထမ်းနေသော အမျိုးသမီးတချို့က သူ့ကို ကောင်းစွာ ကြည့်ရှုစောင့်ရှောက်မည်ဖြစ်ကြောင်း ဟန္န သိထားသည်။ သို့တိုင် ရှမွေလသည် အလွန်ငယ်သေးသည့်အတွက် ဟန္နသည် သားနှင့်ခွဲချင်မည်မဟုတ်ပေ။ မည်သို့ဆိုစေကာမူ ဟန္နနှင့် ဧလကာနသည် သားလေးကို မပေးချင်ပေးချင်နှင့်မဟုတ်ဘဲ ကျေးဇူးသိတတ်စွာဖြင့် တဲတော်သို့ ခေါ်ဆောင်လာခဲ့သည်။ ထိုတွင် သူတို့ ယဇ်ပူဇော်ကြပြီး လွန်ခဲ့သောနှစ်များက မိမိပြုခဲ့သောကတိသစ္စာအကြောင်း ဧလိအား ဟန္နပြောပြကာ ရှမွေလကို ဧလိလက်ထဲ အပ်လိုက်သည်။

ထို့နောက် ဟန္နသည် ဆုတောင်းလေ၏။ ထိုဆုတောင်းချက်ကို ကျမ်းစာတွင် မှတ်တမ်းတင်ထိုက်သည်ဟု ဘုရားသခင် ယူမှတ်တော်မူ၏။ ၁ ဓမ္မရာဇဝင် ၂:၁-၁၀ တွင်မှတ်တမ်းတင်ထားသော သူ၏ဆုတောင်းချက်ကို ဖတ်ရှုသောအခါ သူ၏ယုံကြည်ခြင်း အတိမ်အနက်ကို တွေ့ရပေမည်။ ယေဟောဝါဘုရားသခင်သည် မိမိ၏တန်ခိုးတော်ကို အံ့ဩစရာကောင်းလောက်အောင် အသုံးပြုနိုင်စွမ်းရှိကြောင်းနှင့် မာနထောင်လွှားသောသူတို့ကို နှိမ့်ချရန်၊ ဖိနှိပ်ခံရသူတို့ကို ကောင်းချီးပေးရန်၊ အသက်ကို ချွေယူရန်၊ အသက်ကိုကယ်တင်ရန် ကိုယ်တော်၌ တုနှိုင်းမမီသော အစွမ်းတန်ခိုးရှိကြောင်း ဟန္နချီးမွမ်းခဲ့သည်။ ဘုရားသခင်၏ ပြိုင်ဘက်ကင်းသော သန့်ရှင်းမှု၊ တရားမျှတမှုနှင့် ဖြောင့်မတ်တည်ကြည်မှုတို့အတွက်လည်း ဟန္နချီးမွမ်းခဲ့သည်။ “ငါတို့ဘုရားသခင်နှင့်တူသော ကျောက်တစ်စုံတစ်ရာမရှိ” ဟုဟန္နပြောဆိုနိုင်ရခြင်းမှာ အကြောင်းကောင်းရှိ၍ဖြစ်၏။ ယေဟောဝါဘုရားသခင်အား အပြည့်အ၀ ယုံကြည်စိတ်ချနိုင်၏။ ကိုယ်တော်သည် ပြောင်းလဲခြင်းမရှိပေ။ ထို့ပြင် ကိုယ်တော်ထံ အကူအညီတောင်းခံသော ဖိနှိပ်ခံရသူတို့အတွက် ခိုလှုံရာဖြစ်တော်မူ၏။

ယေဟောဝါဘုရားသခင်ကို အလွန်ယုံကြည်သော မိခင်တစ်ဦးရရှိထားခြင်းသည် ရှမွေလလေးအတွက် အမှန်ပင် အခွင့်ထူးဖြစ်၏။ ရှမွေလသည် ကြီးပြင်းလာသည်နှင့်အမျှ မိခင်ကို လွမ်းဆွတ်ကာ သတိရနေသော်လည်း စွန့်ပစ်ထားခံရသည်ဟု တစ်ခါမျှ မခံစားရပေ။ ဟန္နသည် နှစ်စဉ်နှစ်တိုင်း ရှိလောမြို့သို့ရောက်လာပြီး တဲတော်တွင် အမှုဆောင်နေသော သားလေးအတွက် အင်္ကျီတစ်ထည် အမြဲယူလာခဲ့ပေးသည်။ ထိုအင်္ကျီကို ဟန္နကိုယ်တိုင် ချုပ်ပေးခြင်းဖြစ်ရာ သားလေးကို မည်မျှချစ်မြတ်နိုးကြောင်း၊ မည်မျှဂရုစိုက်ကြောင်း သိသာပါသည်။ (၁ ဓမ္မရာဇဝင် ၂:၁၉) သားလေးကို အင်္ကျီဝတ်ပေးပြီး သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် သပ်ခါပေးနေပုံ၊ ထို့နောက် သားလေးကို ချစ်ခင်မြတ်နိုးစွာ ကြည့်ပြီး ကြင်နာစွာ အားပေးစကားပြောဆိုနေပုံကို ကျွန်ုပ်တို့ မြင်ယောင်ကြည့်နိုင်သည်။ ထိုသို့သောမိခင်ကို ရှမွေလ ရရှိထားသည့်အတွက် ကောင်းချီးတစ်ရပ်ပင်။ သူကြီးပြင်းလာသောအခါ ၎င်း၏မိဘများအတွက်သာမက အစ္စရေးလူမျိုးတစ်မျိုးလုံးအတွက်ပါ ကောင်းချီးဖြစ်ခဲ့သည်။

ဟန္နသည်လည်း အောက်မေ့ခံရ၏။ ယေဟောဝါဘုရားသခင်သည် ဟန္နကို သားဖွားနိုင်စွမ်း ဆက်ပေးသနားတော်မူခဲ့၏။ သို့နှင့် ဟန္နသည် ဧလကာနအတွက် နောက်ထပ် သားသမီးငါးယောက် မွေးဖွားပေးခဲ့သည်။ (၁ ဓမ္မရာဇဝင် ၂:၂၁) သို့သော် ဟန္န၏ အကြီးမားဆုံးကောင်းချီးမှာ သူနှင့် ယေဟောဝါဘုရားသခင်စပ်ကြားရှိ ရင်းနှီးမှုနှောင်ကြိုးဖြစ်ပြီး နှစ်များကုန်လွန်လာသည်နှင့်အမျှ ယင်းနှောင်ကြိုးက ခိုင်မြဲသည်ထက်ခိုင်မြဲလာခဲ့သည်။ ဟန္န၏ယုံကြည်ခြင်းကို သင် တုပမည်ဆိုလျှင် သင်သည်လည်း ထို့အတူ ဖြစ်လာပါမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 မယားအများယူသောဓလေ့ကို အတိုင်းအတာတစ်ခုအထိ ဘုရားသခင် ခွင့်ပြုရသည့်အကြောင်းရင်းနှင့်ပတ်သက်၍ ၂၀၀၉၊ ဇူလိုင် ၁ ကင်းမျှော်စင်၊ စာမျက်နှာ ၃၀ မှ “ဘုရားသခင်သည် မယားအများယူခြင်းဓလေ့ကို နှစ်သက်သလော” ဆောင်းပါးကို ကြည့်ပါ။

^ အပိုဒ်၊ 10 ယေဟောဝါဘုရားသခင်သည် “ဟန္နအား သားဖွားသောအခွင့်ကို ပေးတော်မမူ” ဟု မှတ်တမ်းတွင် ဖော်ပြထားသော်လည်း နှိမ့်ချ၍ သစ္စာတည်ကြည်သော ဤအမျိုးသမီးကို ဘုရားသခင် မနှစ်သက်ကြောင်း ဖော်ပြထားခြင်းမရှိချေ။ (၁ ဓမ္မရာဇဝင် ၁:၅) တစ်ခါတစ်ရံ ဘုရားသခင်သည် ကိစ္စရပ်အချို့ကို အချိန်အတိုင်းအတာတစ်ခုအထိ ဖြစ်ခွင့်ပြုကြောင်း ကျမ်းစာတွင် ဖော်ပြထား၏။

^ အပိုဒ်၊ 13 ခရီးအကွာအဝေးသည် ဧလကာန၏ဇာတိမြို့ဖြစ်သော ရာမမြို့မှ စတင်နိုင်ဖွယ်ရှိ၏။ ယေရှုခေတ်တွင် ထိုမြို့ကို အရိမသဲမြို့ဟူ၍ ခေါ်ဆိုကြ၏။

[စာမျက်နှာ ၁၇ ပါလေးထောင့်ကွက်]

မှတ်သားဖွယ်ကောင်းသော ဆုတောင်းချက်နှစ်ခု

၁ ဓမ္မရာဇဝင် ၁:၁၁ နှင့် ၂:၁-၁၀ ၌ဖော်ပြထားသော ဟန္န၏ ဆုတောင်းချက်နှစ်ခုတွင် ထူးခြားချက်များစွာ ပါရှိသည်။ ထူးခြားချက်တချို့ကို သုံးသပ်ကြည့်ပါ–

▪ ဟန္နသည် ဆုတောင်းချက်နှစ်ခုအနက် ပထမဆုတောင်းချက်တွင် ‘ကောင်းကင်ဗိုလ်ခြေအရှင် ယေဟောဝါ’ ဟူ၍ အစချီကာ ဆုတောင်းခဲ့သည်။ သူသည် ထိုဘွဲ့အမည်ကို ဦးဆုံးအသုံးပြုခဲ့သူအဖြစ် ကျမ်းစာတွင် ဖော်ပြခံခဲ့ရ၏။ ထိုဘွဲ့အမည်သည် သမ္မာကျမ်းစာတွင် အကြိမ်ပေါင်း ၂၈၃ ကြိမ်ပါရှိပြီး ယင်းက အတိုင်းမသိများပြားလှသော ကောင်းကင်တမန်များကို ဘုရားသခင် အုပ်ချုပ်နေကြောင်း ဖော်ပြ၏။

▪ ဟန္န အလွန်ဝမ်းမြောက်ရခြင်းမှာ ပြိုင်ဘက်ဇနီးဖြစ်သူ ပေနိန္နကို နှုတ်ဆိတ်သွားစေ၍မဟုတ်ဘဲ ယေဟောဝါဘုရားသခင်ထံမှ ကောင်းချီးခံစားရ၍ဖြစ်ကြောင်း ဒုတိယဆုတောင်းချက်က ဖော်ပြသည်။

▪ ဟန္နသည် ‘ယေဟောဝါဘုရားသခင်ကြောင့် ငါ့ဦးချိုမြင့်လျက်ရှိ၏’ ဟုပြောဆိုချိန်၌ ခွန်အားကြီးသောနွားထီးကို စိတ်ကူးမိပေမည်။ အမှန်တကယ်တွင် ‘ယေဟောဝါသည် ငါ့ကို ခွန်အားရှိစေတော်မူသည်’ ဟုဟန္န ဆိုနေခြင်းဖြစ်၏။—၁ ဓမ္မရာဇဝင် ၂:၁

▪ ‘ဘုရားသခင် ခန့်အပ်ထားသူ’ နှင့်ပတ်သက်သည့် ဟန္န၏စကားများကို ကြိုတင်ဟောချက်အဖြစ် ယူမှတ်နိုင်သည်။ ‘ဘုရားသခင် ခန့်အပ်ထားသူ’ ဟူသော စကားလုံးသည် “မေရှိယ” ဟူသောစကားလုံးနှင့်တူ၏။ ကျမ်းစာမှတ်တမ်းတွင် ခန့်အပ်ထားသော မင်းလောင်းကို ရည်ညွှန်းရန် ယင်းစကားလုံးကို ဦးဆုံးအသုံးပြုသူမှာ ဟန္နဖြစ်သည်။—၁ ဓမ္မရာဇဝင် ၂:၁၀

▪ နောက်အနှစ် ၁,၀၀၀ ခန့်တွင် ယေရှု၏မိခင် မာရိသည်လည်း ယေဟောဝါဘုရားသခင်ကို ချီးမွမ်းခဲ့၏။ သူ၏ချီးမွမ်းစကားများသည် ဟန္န၏ချီးမွမ်းစကားတချို့နှင့် ဆင်တူသည်။—လုကာ ၁:၄၆-၅၅

[စာမျက်နှာ ၁၆ ပါရုပ်ပုံ]

ဟန္နသည် အမြုံမဖြစ်နေသည့်အတွက် အလွန်စိတ်သောကရောက်နေပြီး ပေနိန္နသည် ဟန္န ပို၍ခံစားရစေရန် အစွမ်းကုန်လုပ်ဆောင်ခဲ့

[စာမျက်နှာ ၁၆၊ ၁၇ ပါရုပ်ပုံ]

ဧလိသည် ဟန္နကို မဟုတ်မမှန် စွပ်စွဲခဲ့သော်လည်း ဟန္န စိတ်မဆိုးခဲ့

[စာမျက်နှာ ၁၇ ပါရုပ်ပုံ]

စိတ်နှလုံးအပြည့်ဖြင့် ဆုတောင်းရန် ဟန္န၏စံနမူနာကို သင် တုပနိုင်သလော