မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဆုံးကို သူတို့ မကြောက်တော့

အဆုံးကို သူတို့ မကြောက်တော့

အဆုံးကို သူတို့ မကြောက်တော့

မကြာခင် ကမ္ဘာ့အဆုံးရောက်တော့မယ်ဆိုတာကို ဂယ်ရီနဲ့ ကာရင်တို့ ၁၉၇၀ ပြည့်လွန်နှစ် နှောင်းပိုင်းကတည်းက ယုံကြည်ခဲ့ကြတယ်။ ဒါနဲ့ သူတို့နေထိုင်ရာ မြို့ကိုစွန့်ပြီး ကျေးလက်ဒေသကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကမ္ဘာဆုံးခန်းတိုင်ချိန်မှာ သူတို့ ကပ်ကျော်လွတ်မြောက်ချင်ကြတယ်။

ကျေးလက်ဒေသမှာ နေတတ်ထိုင်တတ်ဖို့ လိုအပ်တဲ့ အစွမ်းအစတွေရှိလာအောင် စာအုပ်တွေ ၀ယ်ဖတ်ကြတယ်။ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ တက်ကြတယ်။ လူများနိုင်သမျှ များများနဲ့ စကားပြောဆိုပြီး သူတို့ဆီကနေ အသိပညာတွေ ရယူခဲ့ကြတယ်။ စိုက်ပျိုးရေးခြံတစ်ခု ပျိုးထောင်ပြီး သစ်သီးပင်ပေါင်း ၅၀ စိုက်ပျိုးခဲ့ကြတယ်။ မျိုးစေ့တွေ၊ စိုက်ပျိုးရေးကိရိယာတွေကို စုဆောင်းထားကြတယ်။ သစ်ပင်စိုက်ပျိုးနည်း၊ အစားအစာကို တာရှည်ခံအောင် ထိန်းသိမ်းနည်းတွေကို သင်ယူထားကြတယ်။ မိတ်ဆွေတစ်ယောက်က သူတို့ကို သားသတ်နည်းနဲ့ အသားတွေ မပုပ်မသိုးအောင် ပြုလုပ်နည်းတွေ သင်ပေးတယ်။ ကာရင်က သစ်တောထဲမှာ စားလို့ရတဲ့ အပင်တွေ၊ သစ်ဥသစ်ဖုတွေကို ခွဲခြားတတ်အောင် သင်ယူထားတယ်။ ဒါမှ စားနပ်ရိက္ခာ ပြတ်လပ်သွားရင် အဲဒီသစ်ဥသစ်ဖုတွေကို ရှာစားနိုင်မှာ။ ဂယ်ရီက ပြောင်းဖူးကနေ လောင်စာပြုလုပ်နည်း၊ သတ္တုထင်းမီးဖိုပြုလုပ်နည်းနဲ့ ပြင်ပဝန်ဆောင်မှုမလိုတဲ့ အိမ်ဆောက်လုပ်နည်းတွေကို သင်ယူခဲ့တယ်။

“အဲဒီအချိန်တုန်းက ဆိုးရွားတဲ့ ကမ္ဘာ့အခြေအနေတွေကြောင့် မကြာခင် လူသားမျိုးနွယ်တစ်ခုလုံး အဆုံးတိုင်တော့မယ်ဆိုပြီး ကျွန်မ ယူဆခဲ့တယ်” လို့ကာရင်က ပြောပြတယ်။ “တခြားလူငယ်တွေလိုပဲ ကျွန်တော်လည်း လူမျိုးရေးဝါဒ၊ ဗီယက်နမ်စစ်ပွဲနဲ့ အကျင့်ပျက်မှုတွေကို ဆန့်ကျင်တိုက်ဖျက်ရေးတွေမှာ ပါဝင်ခဲ့တယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလို ကျွန်တော် အသိတရားဝင်လာတယ်။ ဒီပုံစံအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် လူတွေဟာ ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်နေတော့မှာပဲ” ဆိုပြီး ဂယ်ရီက ပြောပြတယ်။

“တစ်ညမှာ ကျွန်တော် အားနေတဲ့အတွက် ဓမ္မသစ်ကျမ်းစာအုပ်ကို ကောက် ကိုင်လိုက်ပြီး အစအဆုံးဖတ်လိုက်တယ်။ နောက်လေးရက်အကြာ ငါးရက်မြောက်နေ့ညမှာ တစ်ခါထပ်ပြီး ကျမ်းစာကို နည်းနည်းစီ ပြန်ဖတ်တယ်။ မနက် မိုးလင်းတော့ ကာရင်ကို ‘နောက်ဆုံးကာလမှာ ငါတို့ အသက်ရှင်နေကြတာကိုးကွ။ မကြာခင် ကမ္ဘာကြီးကို ဘုရားသခင် ရှင်းလင်းရေးလုပ်တော့မယ်။ ဆုံးခန်းကာလကို ကပ်ကျော်လွတ်မြောက်မယ့်လူတွေကို ငါတို့ လိုက်ရှာရတော့မယ်’ လို့ ပြောလိုက်တယ်” ဆိုပြီး ဂယ်ရီက ပြောပြတယ်။ သည်လိုနဲ့ ဂယ်ရီနဲ့ ကာရင်တို့ဟာ ဘာသာရေးအဖွဲ့အစည်း တစ်ခုပြီးတစ်ခုကိုသွားပြီး အဆုံး အတွက် ကြိုတင်ပြင်ဆင်ထားတဲ့သူတွေကို ရှာပုံတော်ဖွင့်ခဲ့ကြတယ်။

သိပ်မကြာခင်မှာပဲ ယေဟောဝါသက်သေတစ်ယောက် သူတို့အိမ်ရှေ့ရောက်လာတယ်။ ပြီးတော့ သူတို့ကို ကျမ်းစာသင်ပေးခဲ့တယ်။ “ကျမ်းစာရှင်းပြချက်တွေက တကယ်မှန်ကန်နေတဲ့အတွက် ကျွန်မ အရမ်းအံ့သြသွားတယ်။ ကျွန်မရှာဖွေနေတဲ့ ဆုံးခန်းကာလနဲ့ပတ်သက်တဲ့ အမှန်တရားကို နောက်ဆုံးတော့ တွေ့ရှိသွားပါပြီ။ ကျွန်မရဲ့ အနာဂတ်မျှော်လင့်ချက်က တောက်ပလာတယ်။ အဲဒါထက် စကြဝဠာဖန်ဆင်းရှင် ဘုရားသခင်နဲ့ ကျွန်မဆက်ဆံရေးကောင်း ရှိလာတယ်” လို့ကာရင်က သတိတရနဲ့ ပြောပြတယ်။

ဂယ်ရီကလည်း ဒီလိုပြောပြတယ်– “ကျွန်တော့်ဘဝက အခုမှ အဓိပ္ပာယ်ရှိ လာတာ။ ကျမ်းစာစလေ့လာတာနဲ့ ဆက်တိုက်ပဲ လေ့လာချင်နေမိတယ်။ ကျမ်းစာပရောဖက်ပြုချက်တွေကို ဖတ်တယ်။ အဲဒီပရောဖက်ပြုချက်တွေ တကယ်ပြည့်စုံလာတဲ့ သက်သေအထောက်အထားတွေကို ဆန်းစစ်လေ့လာတယ်။ မကြာခင်မှာ ဘုရားသခင် ကြား၀င်လုပ်ဆောင်တော့မယ်ဆိုတာကို ကျွန်တော် အခိုင်အမာ ယုံကြည်လက်ခံလာခဲ့တယ်။ ‘လူတွေက သဘာဝဘေးအန္တရာယ်အတွက်မဟုတ်ဘဲ ဘုရားသခင် အလိုရှိတဲ့အတိုင်း အသက်ရှင်နေထိုင်ဖို့ အသင့်ပြင်ထားသင့်တယ်’ လို့ကျွန်တော် ယူဆတယ်။” အနာဂတ်နဲ့ပတ်သက်ပြီး ဂယ်ရီနဲ့ ကာရင်တို့ အမြင်မှန်ရရှိသွားပါပြီ။ ကမ္ဘာ့အဆုံးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေမယ့်အစား လူသားထု ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဘုရားသခင် ဖယ်ရှားပေးပြီး ကမ္ဘာကို အေးချမ်းသာယာတဲ့ နေရာလေးတစ်ခုဖြစ်အောင် ပြန်လည်ပြုလုပ်ပေးတော့မယ်ဆိုတာကို သူတို့ အခိုင်အမာ ယုံကြည်သွားခဲ့ကြတယ်။

၂၅ နှစ်ကျော်ကြာပြီးတဲ့နောက် အခု ဂယ်ရီနဲ့ ကာရင်တို့ ဘာတွေလုပ်နေကြသလဲ။ ကာရင်က ဒီလိုပြောပြတယ်– “ယေဟောဝါဘုရားသခင်ကို အမြဲ ချစ်မြတ်နိုးပြီး ယုံကြည်အားကိုးဖို့ ကျွန်မကြိုးစားနေတယ်။ တခြားသူတွေလည်း ကျွန်မလိုမျိုးဖြစ်အောင် ကူညီပေးနေပါတယ်။ ကျွန်မတို့ရဲ့ မိသားစုဘဝ ခိုင်မြဲအောင်၊ ဘုရားသခင်ကို စည်းစည်းလုံးလုံး ဝတ်ပြုနိုင်အောင် ဂယ်ရီနဲ့ကျွန်မတို့ အပြန်အလှန် ကူညီထောက်မကြတယ်။ စနစ်တကျနေတတ်အောင် ကျွန်မတို့ ကြိုးစားကြတယ်။ တခြားသူတွေရဲ့ လိုအပ်ရာတွေကို အာရုံစိုက်နိုင်အောင် ကျွန်မတို့ရဲ့ဘဝကို ရိုးရိုးရှင်းရှင်းပဲ ထားကြတယ်။”

ဂယ်ရီကလည်း ဒီလိုပြောပြတယ်– “ဘုရားသခင့်နိုင်ငံတော် လာဖို့၊ သန်းနဲ့ချီတဲ့လူတွေ ဆင်းရဲတွင်းကနေ လွတ်မြောက်ဖို့ ကျွန်တော် မှန်မှန်ဆုတောင်းတယ်။ တခြားသူတွေကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ပြောပြတိုင်း လူတစ်ယောက်ကို အနည်းဆုံး ကျမ်းချက်တစ်ချက် ဖွင့်ဖတ်ပြနိုင်အောင် ဆုတောင်းတယ်။ ဒီဆုတောင်းချက်ကို ယေဟောဝါဘုရားသခင် ကြင်နာစွာ ဖြေကြားပေးတာ ၂၅ နှစ်ကျော်ကြာပါပြီ။ မကြာခင် ကမ္ဘာမြေကြီးကို ဘုရားသခင် အကြီးအကျယ် ပြောင်းလဲပေးတော့မယ်ဆိုတာ ယုံကြည်တဲ့အတွက် ကမ္ဘာ့အဆုံးကို ကျွန်တော်နဲ့ ကာရင် မကြောက်တော့ပါဘူး။”—မဿဲ ၆:၉၊ ၁၀; ၂ ပေတရု ၃:၁၁၊ ၁၂

[စာမျက်နှာ ၉ ပါရုပ်ပုံ]

ယခု ဂယ်ရီနဲ့ကာရင်တို့ တခြားသူတွေကို ကျမ်းစာ မျှော်လင့်ချက်အကြောင်း ပြောပြရလို့ ပျော်ရွှင်နေကြ