“လက်သမား”
ပထမရာစုခရစ်ယာန်များ၏ နေထိုင်မှုဘဝပုံစံ
“လက်သမား”
“သူသည် လက်သမားသားမဟုတ်လော။”—မဿဲ ၁၃:၅၅။
ယေရှုကို “လက်သမားသား” အဖြစ်သာမက “လက်သမား” အဖြစ်ပါ လူသိများကြတယ်။ (မာကု ၆:၃) ဒီသက်မွေးပညာကို မွေးစားဖခင် ယောသပ်ဆီက သင်ယူခဲ့တာဖြစ်နိုင်ပါတယ်။
လက်သမားအဖြစ် အလုပ်လုပ်ခဲ့တုန်းက ယေရှုမှာ ဘယ်လိုအတတ်ပညာတွေရှိထားပြီး ဘယ်လိုကိရိယာတန်ဆာပလာတွေကို အသုံးပြုခဲ့ရသလဲ။ နာဇရက်မြို့သူမြို့သားတွေအတွက် ဘယ်လိုပရိဘောဂတွေ ပြုလုပ်ပေးခဲ့ရသလဲ။ သူ့ဘဝရဲ့ အစောပိုင်းမှာ ရရှိခဲ့တဲ့ လက်သမားအတတ်ပညာက နောက်ပိုင်းမှာ သူ့ကို ဘယ်လို အကျိုးပြုခဲ့သလဲ။
မိသားစုစီးပွားရေး အောက်တွင်ဖော်ပြထားတဲ့ပုံမှာ ဖခင်ဖြစ်သူက သားကြီးကို လေးပါတဲ့လွန်ပူ သုံးပုံသုံးနည်း သင်ကြားပြသနေပါတယ်။ သားငယ်ကတော့ စိတ်ဝင်တစားနဲ့ နားထောင်ပြီး ကြည့်ရှုနေတယ်။
သားယောက်ျားတွေက အသက် ၁၂ ကနေ ၁၅ နှစ်အရွယ်လောက်ကစပြီး အလုပ်သင်ယူကြရတယ်။ အများအားဖြင့် ဖခင်ဆီက သက်မွေးပညာကို သင်ယူကြရတယ်။ အဲသည်လိုသင်ယူတဲ့အခါ နှစ်များစွာ ကြာတတ်တယ်။ သားတွေက ကျွမ်းကျင်တဲ့ လက်သမားတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အပြင်းအထန် လုံ့လစိုက်ထုတ်ပြီး
ကြိုးစားဖို့လိုတယ်။ ယောသပ်အနေနဲ့ အချိန်များစွာ အကုန်ခံပြီး ယေရှုနဲ့အတူ အလုပ်လုပ်ခဲ့တာ၊ စကားတွေ ပြောဆိုခဲ့တာ၊ ကျွမ်းကျင်တတ်မြောက်တဲ့အထိ သင်ပေးခဲ့တာတွေကို မြင်ယောင်ကြည့်လိုက်ပါ။ ယေရှုက ကျွမ်းကျင်တဲ့ လက်သမားဖြစ်လာတဲ့အခါ ယောသပ် ဘယ်လောက်ဂုဏ်ယူလိုက်မလဲ။အသိပညာ၊ ခွန်အားနဲ့ ကျွမ်းကျင်မှုလိုအပ် လက်သမားတစ်ယောက်က သစ်အမျိုးအစားတွေကို ကောင်းကောင်းသိနားလည်ထားရမယ်။ ဝက်သစ်ချပင်၊ ထင်းရှူးပင်၊ သဖန်းပိုးစာပင်နဲ့ သံလွင်ပင်လိုမျိုးစတဲ့ ဒေသထွက်သစ်တွေကို ရွေးချယ်နိုင်ရမယ်။ ဒါပေမဲ့ ပထမရာစုခေတ်မှာ သစ်စက်၊ ဆိုဒ်မျိုးစုံရှိတဲ့ သစ်ခွဲသားတွေရောင်းတဲ့ သစ်ဆိုင်တို့ ဆိုတာမရှိဘူး။ ဒါကြောင့် လက်သမားဆရာအနေနဲ့ တောထဲသွားပြီး သင့်တော်တဲ့သစ်ပင်ကို ရွေးမယ်၊ ခုတ်လှဲမယ်၊ ပြီးရင် အလုပ်လုပ်တဲ့နေရာအထိ လှဲထားတဲ့သစ်တုံးကြီးတွေကို ဆွဲလာရတယ်။
စုဆောင်းထားတဲ့ သစ်သားတွေကို လက်သမားဆရာ ဘာတွေလုပ်တော့မလဲ။ အိမ်တွေဆောက်လုပ်တဲ့နေရာမှာ အသုံးပြုတော့မယ်လေ။ အိမ်ခေါင်မိုးအတွက် ဒိုင်းတွေလုပ်မယ်။ လှေကားတွေလုပ်မယ်၊ ပြီးတော့ တံခါးတွေ၊ ပြတင်းပေါက်တွေ၊ ကြွက်လျှောက်တွေ လုပ်တော့မယ်။
ဒါ့အပြင် ပရိဘောဂတွေလည်း လုပ်ရတယ်။ သရုပ်ဖော်ပုံတွေမှာ ပရိဘောဂတချို့ ဖော်ပြထားပါတယ်။ အံဆွဲ၊ စင်၊ တံခါးပါတဲ့ဗီရို (၁); ခွေးခြေခုံ (၂); ကုလားထိုင် (၃) နဲ့ ဆိုဒ်မျိုးစုံ၊ ပုံစံမျိုးစုံရှိတဲ့ စားပွဲတွေ (၄); ပုခက်တွေရဲ့ပုံတွေကို တွေ့နိုင်ပါတယ်။ ပရိဘောဂတချို့ကိုဆိုရင် အနုစိတ်ထွင်းထားတဲ့ ဒီဇိုင်းတွေနဲ့ အလှဆင်ထားတယ်။ အဲသည်ပရိဘောဂတွေ ကြာရှည်ခံပြီး လှပနေဖို့အတွက် ပျားဖယောင်း၊ အရောင်တင်ဆီတို့နဲ့ သုတ်ပေးထားရတယ်။
လက်သမားဆရာက လယ်ယာသုံးပစ္စည်းတွေကိုလည်း ပြုလုပ်ပေးသေးတယ်။ အဲဒါတွေကတော့ သစ်မာသားနဲ့ ပြုလုပ်ထားတဲ့ ထမ်းပိုးတွေ (၅) ခက်ရင်းခွ၊ ထွန်ခြစ်နဲ့ ဂေါ်ပြားတွေ (၆) ဖြစ်တယ်။ ထယ်တွေ (၇) လုပ်တဲ့အခါ ကျောက်ပေါတဲ့ မြေပေါ်မှာ ထယ်ထိုးရမှာဖြစ်တဲ့အတွက်ကြောင့် တောင့်တင်းခိုင်မာရမှာဖြစ်တယ်။ လှည်းတွေ၊ ပေါင်းမိုးတပ်လှည်းတွေ၊ လှည်းဘီးတွေ၊ ဘီးတွေထဲက စပုတ်တိုင်တွေကို သစ်သားနဲ့ ပြုလုပ်ထားတယ်။ ဒါတင်မကသေးဘူး၊ လုပ်ထားတဲ့ ပရိဘောဂတွေ၊ တန်ဆာပလာတွေ၊ လှည်းတွေကို ပြုပြင်ထိန်းသိမ်းပေးရတယ်။
လက်သမားဆရာအဖြစ် အလုပ်လုပ်နေတဲ့ ယေရှုရဲ့အသွင်အပြင်ကို မြင်ယောင်ကြည့်နိုင်ပါသလား။ အရှေ့အလယ်ပိုင်းက နေရောင်ကြောင့် ညိုစိမ့်စိမ့်ဖြစ်နေတဲ့ ယေရှုရဲ့ အသားအရေ၊ နှစ်များစွာ အလုပ်ကြမ်းတွေ လုပ်ခဲ့ရတဲ့ဒဏ်ကြောင့် ဖုထစ်နေတဲ့ ကြွက်သားတွေနဲ့ ပုဆိန်တွေ၊ တူတွေ၊ လွှတွေ ကိုင်ရဖန်များတဲ့အတွက် အသားမာတက်နေတဲ့ လက်တွေကို မြင်ယောင်ကြည့်လိုက်ပါ။
ပုံဥပမာတွေရဲ့ ရင်းမြစ် လေးနက်တဲ့ အမှန်တရားတွေကို သွန်သင်ပေးဖို့ ရိုးရှင်းပြီး လူတွေသိပြီးသားဖြစ်တဲ့ အရာတွေကို ယေရှု ကျွမ်းကျင်စွာ အသုံးပြုခဲ့တယ်။ ပုံဥပမာတချို့အတွက် လက်သမားဘဝနောက်ခံကို ကိုယ်တော် အသုံးပြုခဲ့ပါသလား။ တချို့ကို သုံးသပ်ကြည့်ရအောင်။ “သင်၏မျက်စိရှိ တံကျင်ကို မဆင်ခြင်ဘဲ သင့်ညီအစ်ကိုမျက်စိရှိ အမှိုက်စကို အဘယ်ကြောင့် ကြည့်ရှုနေရသနည်း” ဆိုပြီး လူအုပ်ကို တစ်ခါက ပြောခဲ့တယ်။ တံကျင်ဆိုတဲ့အရာက ဘယ်လောက်ကြီးမားလေးလံတယ်ဆိုတာ လက်သမားဆရာတိုင်းသိကြတယ်။ (မဿဲ ၇:၃) နောက်တစ်ကြိမ်မှာလည်း ယေရှု ဒီလိုပြောခဲ့တယ်– “ထွန်ကိုင်းကိုကိုင်လျက် နောက်သို့လှည့်ကြည့်သောသူသည် ဘုရားသခင်၏နိုင်ငံတော်နှင့် မထိုက်မတန်။” ဒီလိုပြောခဲ့တဲ့အတွက် ယေရှုက ထွန်ကိုင်းတွေ ပြုလုပ်ခဲ့တယ်ဆိုတာ သိသာပါတယ်။ (လုကာ ၉:၆၂) လက်သမားတစ်ယောက်ပြုလုပ်ခဲ့တဲ့ ထမ်းပိုးကိုအမှီပြုပြီး ယေရှု ဒီလို လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ခဲ့သေးတယ်– ‘ငါ့ထမ်းပိုးကို ထမ်း၍ ငါ့ထံမှ သင်ယူကြလော့။ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏။’ (မဿဲ ၁၁:၂၉၊ ၃၀) ပခုံးမပွန်းမပဲ့အောင် ထမ်းရလွယ်တဲ့ ထမ်းပိုးကို ဘယ်လိုပြုလုပ်ရမယ်ဆိုတာ ယေရှု သိထားတာဖြစ်ရမယ်။
အတိုက်အခံလုပ်တဲ့သူတွေက ယေရှုကို “လက်သမားသား” ဆိုပြီး ချိုးချိုးဖဲ့ဖဲ့ ခေါ်လိုက်တာက ကိုယ်တော့်ကို နှိမ်ချင်လို့ပဲ။ ပထမရာစုခေတ်က ခရစ်ယာန်တွေလိုပဲ ယနေ့ခေတ် ခရစ်ယာန်တွေကလည်း သာမန်လက်သမားဆရာဖြစ်ခဲ့တဲ့ ယေရှုရဲ့နောက် လိုက်ရတာကို ဂုဏ်ယူစရာအဖြစ် ယူမှတ်ကြပါတယ်။
[စာမျက်နှာ ၂၆ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]
လက်သမားသေတ္တာ
ပထမရာစုခေတ်တုန်းက ယေရှုလိုမျိုး လက်သမားဆရာတွေဟာ ပုံမှာဖော်ပြထားတဲ့ လက်သမားသုံးကိရိယာတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သိထားဖို့လိုတယ်။ လွှ (၁) ဆိုတာက သစ်သားကိုဆွဲဖြတ်ဖို့ သစ်သားလက်ကိုင်မှာ သံသွားတပ်ထားတဲ့ ကိရိယာဖြစ်တယ်။ ထောင့်မှန်ကျကျ အကွက်ချဖို့အတွက် ကျင်တွယ် (၂) မျက်နှာပြင်ညီမညီ သိဖို့အတွက် ချိန်သီး (၃) ကိုအသုံးပြုရမှာ ဖြစ်ပါတယ်။ ပြီးတော့ လက်သမားသေတ္တာထဲမှာ တုတ်ချောင်းတပ်ချိန်သီးကြိုး (၄)၊ မျဉ်းတံ (၅)၊ ပျဉ်ကြမ်းတွေကို ချောမွတ်အောင် ပွတ်တိုက်ပေးဖို့အတွက် ဖြုတ်လို့တပ်လို့ရပြီး ချွန်ထက်နေတဲ့ ဓားသွားတပ်ထားတဲ့ ရွေပေါ် (၆)၊ သစ်ပင်တွေ ခုတ်လှဲဖို့ ပုဆိန် (၇) တစ်လက်လည်း ရှိတယ်။
လက်သမားသုံး လေးပါတဲ့ တွင်ခုံ (၈) နဲ့ ဆောက်ခုံး (၉) ကို ၀င်ရိုးတံတွေ ဖြတ်ဖို့၊ ပုံဖော်ဖို့ အသုံးပြုပါတယ်။ သေတ္တာအဖုံးပေါ်မှာကတော့ သစ်သားအဆက်ထဲကို စရွေးတွေ ဒါမှမဟုတ် စို့တွေ ရိုက်သွင်းတဲ့အခါ အသုံးပြုရတဲ့ သစ်သားဆောက်ပုတ် (၁၀) ရှိပါတယ်။ ပြီးတော့ လက်ဆွဲလွှ (၁၁)၊ ပုံဖော်ဓား (၁၂) နဲ့ သံတချို့ (၁၃) ကိုတွေ့ရပါတယ်။ သေတ္တာရဲ့ရှေ့မှာဆိုရင် သံတူ (၁၄) နဲ့ သစ်တွေကို ပုံကြမ်းဖော်ရာမှာသုံးတဲ့ ပဲခွပ် (၁၅) ကို တွေ့ရမှာဖြစ်ပါတယ်။ သေတ္တာအဖုံးပေါ်မှာ ဓား (၁၆) နဲ့ ဗျက်အမျိုးမျိုးရှိတဲ့ ဆောက် (၁၇) တွေကို တွေ့ရမှာပါ။ လေးပါတဲ့ လွန်ပူ (၁၈) ကို သေတ္တာဘေးနားမှာ ထောင်ထားပါတယ်။