မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကူအညီအတွက် အော်ဟစ်သူကို မည်သူချမ်းသာပေးနိုင်သနည်း

အကူအညီအတွက် အော်ဟစ်သူကို မည်သူချမ်းသာပေးနိုင်သနည်း

အကူအညီအတွက် အော်ဟစ်သူကို မည်သူချမ်းသာပေးနိုင်သနည်း

‘အိုဘုရားသခင် ဖြောင့်မတ်စွာစီရင်ခြင်းအခွင့်ကို မင်းသားဖြစ်သောရှင်ဘုရင်အား ပေးသနားတော်မူပါ။ အကြောင်းမူကား ငတ်မွတ်သောသူအော်ဟစ်သောအခါ ချမ်းသာပေးတော်မူလိမ့်မည်။’—ဆာ. ၇၂:၁၊ ၁၂

၁။ ဒါဝိဒ်၏အဖြစ်အပျက်မှ ဘုရားသခင့်ကရုဏာနှင့်ပတ်သက်၍ ကျွန်ုပ်တို့ အဘယ်အရာသိရှိရသနည်း။

ရှေးအစ္စရေးလူမျိုး၏ ဘုရင်ဖြစ်သော ဒါဝိဒ်ရေးသားခဲ့ဖွယ်ရှိသည့် ထိုစကားများသည် အလွန်စိတ်နှလုံးနွေးထွေးဖွယ်ဖြစ်သည်။ ထိုစကားများကို မရေးသားမီနှစ်များက သူသည် ဗာသရှေဘနှင့် မှားယွင်းခဲ့သည့်အပြစ်အတွက် နောင်တရခဲ့သည်။ ထိုအချိန်တွင် ဘုရားသခင်ထံ ဒါဝိဒ် ဤသို့တောင်းလျှောက်ခဲ့သည်– “ကရုဏာများပြားသည်နှင့်အညီ အကျွန်ုပ်လွန်ကျူးခြင်းအပြစ်ကိုဖြေတော်မူပါ။ . . . ကိုယ်အပြစ်ကို အစဉ်မပြတ်အောက်မေ့လျက်နေပါ၏။ . . . အကျွန်ုပ်သည် မွေးစကပင်အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲမှာပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏။” (ဆာ. ၅၁:၁-၅) ယေဟောဝါသည် ကျွန်ုပ်တို့၏ အမွေခံထားရသည့်အပြစ်ရှိအခြေအနေကို ကရုဏာရှိစွာ ထည့်သွင်းစဉ်းစားပေးတော်မူသည်။

၂။ ဆာလံ ၇၂ က ကျွန်ုပ်တို့ကို အဘယ်အရာသိရှိစေသနည်း။

ယေဟောဝါသည် ကျွန်ုပ်တို့၏သနားစဖွယ်အခြေအနေကို သိနားလည်တော်မူသည်။ သို့သော် ကြိုဟောထားသည့်အတိုင်း ဘုရားသခင်ခန့်အပ်ထားသောဘုရင်သည် “ငတ်မွတ်သောသူအော်ဟစ်သောအခါ ထိုသူကိုလည်းကောင်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကိုလည်းကောင်း ချမ်းသာပေးတော်မူလိမ့်မည်။ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကိုသနား၍ ငတ်မွတ်သောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။” (ဆာ. ၇၂:၁၂၊ ၁၃) အဘယ်နည်းဖြင့် ချမ်းသာပေးမည်နည်း။ ဆာလံ ၇၂ က အဖြေပေးသည်။ ဒါဝိဒ်၏သားတော် ရှောလမုန်၏အုပ်ချုပ်မှုအကြောင်း စပ်ဆိုထားသော ဤသီချင်းတွင် ဘုရားသခင့်သားတော် ယေရှုခရစ်အုပ်ချုပ်မှုက လူသားများအား ဆင်းရဲဒုက္ခမှ မည်သို့ချမ်းသာပေးမည်ကို အရိပ်အမြွက်ဖော်ပြသည်။

ခရစ်တော်အုပ်ချုပ်မှု၏ အကြိုမြင်ကွင်း

၃။ ရှောလမုန်သည် အဘယ်အရာကို တောင်းခံခဲ့သနည်း၊ ဘုရားသခင် သူ့ကို အဘယ်အရာပေးခဲ့သနည်း။

ရှောလမုန်ကို မင်းမြှောက်ရန် ညွှန်ကြားပြီးနောက် အသက်ကြီးနေပြီဖြစ်သောဒါဝိဒ်သည် ရှောလမုန် သစ္စာရှိစွာလိုက်လျှောက်ရမည့် သတ်သတ်မှတ်မှတ်လမ်းညွှန်ချက်များကို ပေးခဲ့သည်။ (၃ ရာ. ၁:၃၂-၃၅; ၂:၁-၃) နောက်ပိုင်းတွင် ယေဟောဝါသည် အိပ်မက်တွင်ပေါ်လာပြီး “ငါပေးရမည့်ဆုကိုတောင်းလော့” ဟုပြောခဲ့ရာ ရှောလမုန်သည် တစ်ခုတည်းသော ဤဆုကိုတောင်းခဲ့သည်– “ကိုယ်တော်ကျွန်သည် ကိုယ်တော်၏လူတို့ကို တရားစီရင်နိုင်မည့်အကြောင်း ကောင်းမကောင်းကိုပိုင်းခြား၍ သိတတ်သောဉာဏ်ကိုပေးသနားတော်မူပါ။” ရှောလမုန်၏နှိမ့်ချသော တောင်းဆိုမှုကြောင့် ဘုရားသခင်သည် သူတောင်းဆိုသည်ထက်ပို၍ပင် ပေးတော်မူခဲ့သည်။—၃ ရာ. ၃:၅၊ ၉-၁၃

၄။ ရှောလမုန်၏အုပ်စိုးမှုနှင့်ပတ်သက်၍ သူနှင့်ခေတ်ပြိုင်အုပ်စိုးရှင်တစ်ပါး မည်သို့ပြောခဲ့သနည်း။

ယေဟောဝါ၏ကောင်းချီးကြောင့် ရှောလမုန်စိုးစံချိန်တွင်ခံစားရသော ငြိမ်သက်ခြင်းနှင့် ကြွယ်၀ခြင်းသည် ကမ္ဘာပေါ်၌ရှိခဲ့သမျှ လူ့အုပ်ချုပ်ရေးများတွင် အထူးခြားဆုံးဖြစ်ခဲ့သည်။ (၃ ရာ. ၄:၂၅) ရှောလမုန်၏အုပ်ချုပ်ရေး မည်သို့ရှိသည်ကို လာရောက်ကြည့်ရှုသူများထဲတွင် အခြွေအရံများစွာဖြင့် လာခဲ့သည့် ရှေဘပြည်ကိုအုပ်စိုးသောမိဖုရားလည်း ပါဝင်သည်။ ရှောလမုန်အား သူမဤသို့ပြောခဲ့သည်– “ကိုယ်တော်၏အခြင်းအရာနှင့် ကိုယ်တော်၏ပညာကို အကျွန်ုပ်သည် ကိုယ်ပြည်၌ကြားရသောသတင်းစကား မှန်ပါ၏။ . . . အရင်ကြားသောစကားသည် တစ်ဝက်ကိုမျှမမီ။ ကိုယ်တော်၏ပညာနှင့် ကိုယ်တော်၏စည်းစိမ်သည် အကျွန်ုပ်ကြားရသောသတင်းကို လွန်ကဲပါ၏။” (၃ ရာ. ၁၀:၁၊ ၆၊ ၇) သို့သော် “ဤနေရာတွင်ကား ရှောလမုန်ထက် သာ၍ကြီးမြတ်သူရှိ၏” ဟုမှန်ကန်စွာပြောနိုင်ခဲ့သောယေရှုတွင် သာ၍ကြီးမြတ်သောဉာဏ်ပညာရှိသည်။—မ. ၁၂:၄၂

ရှောလမုန်ထက်သာ၍ကြီးမြတ်သောသူ အုပ်ချုပ်မှုအောက် ခံစားရသောကောင်းချီးများ

၅။ ဆာလံ ၇၂ တွင် အဘယ်အကြောင်း ဖော်ပြထားသနည်း၊ ယင်းသည် အဘယ်အရာ၏အကြိုမြင်ကွင်းဖြစ်သနည်း။

ရှောလမုန်ထက်သာ၍ကြီးမြတ်သော ယေရှုခရစ်၏အုပ်ချုပ်မှုအောက် ခံစားရမည့်ကောင်းချီးများကို သိရှိရန် ဆာလံ ၇၂ ကို ယခု သုံးသပ်ကြည့်ကြစို့။ (ဆာလံ ၇၂:၁-၄ ကိုဖတ်ပါ။) ယေဟောဝါ၏သားတော် “ငြိမ်သက်ခြင်းအရှင်” ယေရှုခရစ်၏ “အုပ်စိုးခြင်းအာဏာစက်” ကို ကိုယ်တော်မည်သို့ရှုမြင်ကြောင်း ဤဆာလံကျမ်းက ဖော်ပြသည်။ (ဟေရှာ. ၉:၆၊ ၇) ဘုရားသခင်၏ညွှန်ကြားမှုအောက်တွင် ရှောလမုန်ထက်သာ၍ကြီးမြတ်သောသူသည် ‘ဆင်းရဲသားတို့ကို တရားပေးပြီး ငတ်မွတ်သူတို့၏သားသမီးများကို ကယ်မ’ တော်မူလိမ့်မည်။ ကိုယ်တော်၏အုပ်ချုပ်မှုတွင် ငြိမ်သက်ခြင်းနှင့်ဖြောင့်မတ်ခြင်း လွှမ်းမိုးပါလိမ့်မည်။ ယေရှုကမ္ဘာပေါ်တွင်ရှိခဲ့စဉ်က လာမည့်အနှစ်တစ်ထောင်အုပ်ချုပ်မှုအောက်တွင် မိမိလုပ်ဆောင်ပေးမည့်အရာများ၏ အကြိုမြင်ကွင်းကို ပြသခဲ့သည်။—ဗျာ. ၂၀:၄

၆။ နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် ရရှိမည့်ကောင်းချီးများကို ယေရှုမည်သို့ အရိပ်အမြွက်ပြခဲ့သနည်း။

ယေရှုခရစ်လုပ်ဆောင်ခဲ့သည့်အရာအချို့ကို သုံးသပ်ခြင်းက ဆာလံ ၇၂ ပြည့်စုံချိန်တွင် လူသားများအတွက် ကိုယ်တော်ပြုလုပ်ပေးမည့်အရာများကို ကျွန်ုပ်တို့အား အရိပ်အမြွက်သိစေသည်။ ဆင်းရဲဒုက္ခခံစားရသူများအပေါ် ပြသခဲ့သော ထောက်ထားစာနာမှုကို ကျွန်ုပ်တို့ သိရသောအခါ အမှန်ပင် စိတ်လှုပ်ရှားသည်မဟုတ်လော။ (မ. ၉:၃၅၊ ၃၆; ၁၅:၂၉-၃၁) ဥပမာ၊ နူနာစွဲနေသူတစ်ဦး ယေရှုထံချဉ်းကပ်ပြီး “ကိုယ်တော် အလိုရှိလျှင် ကျွန်ုပ်ကို သန့်ရှင်းစေနိုင်သည်” ဟုတောင်းပန်ခဲ့သည်။ ထိုအခါ ယေရှုက “ငါအလိုရှိ၏၊ သန့်ရှင်းခြင်းသို့ရောက်စေ” ဟုပြန်ပြောခဲ့ရာ ထိုသူ ရောဂါပျောက်ကင်းသွားသည်။ (မာ. ၁:၄၀-၄၂) နောက်ပိုင်းတွင် တစ်ဦးတည်းသောသား သေဆုံးသွားသော မုဆိုးမတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ “သနားသောစိတ်ရှိသဖြင့်” လုလင်အား “ထလော့” ဟု ယေရှုမိန့်ဆိုလိုက်ရာ ထိုလုလင် ထလာသည်။ ထိုသူ တစ်ဖန် ပြန်အသက်ရှင်လေပြီ။—လု. ၇:၁၁-၁၅

၇၊ ၈။ ယေရှုတွင် ကုသနိုင်စွမ်းရှိကြောင်း အဘယ်အဖြစ်အပျက်များက ဖော်ပြသနည်း။

အံ့ဖွယ်အမှုများပြုလုပ်နိုင်ဖို့ ယေရှုကို ယေဟောဝါ တန်ခိုးပေးခဲ့သည်။ “တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်နာစွဲသောအမျိုးသမီးတစ်ဦး” ကိုကုသပေးရာတွင် ယင်းသို့ဖြစ်ကြောင်း ထင်ရှားသည်။ ထိုအမျိုးသမီးသည် “သမားတော်တို့လက်၌ ဝေဒနာပြင်းစွာခံရ၍ မိမိဥစ္စာရှိသမျှ ကုန်သွားသော်လည်း သက်သာခြင်းမရှိ၊ ရောဂါပိုဆိုးလာ၏။” သူမသည် လူအုပ်ထဲတိုးဝင်၍ ယေရှုကို တို့ထိခဲ့ရာ ယင်းသည် “ဥတုရောက်” နေသောအမျိုးသမီးတစ်ဦးနှင့်ပတ်သက်သည့် ပညတ်ကို ချိုးဖောက်ခြင်းဖြစ်သည်။ (ဝတ်. ၁၅:၁၉၊ ၂၅) မိမိကိုယ်ထဲမှ တန်ခိုးထွက်သွားကြောင်း ယေရှုသိသောကြောင့် မိမိကို မည်သူတို့သနည်းဟု မေးခဲ့သည်။ အမျိုးသမီးသည် “ကြောက်ရွံ့တုန်လှုပ်လျက် ကိုယ်တော်ရှေ့မှောက်လာပြီးလျှင် ပျပ်ဝပ်လျက် ဖြစ်ကြောင်းကုန်စင်ကို အမှန်အတိုင်း ကြားလျှောက်လေ၏။” အမျိုးသမီးကို ယေဟောဝါကုသပေးကြောင်း ယေရှုသိရှိခဲ့ပြီး “ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ စိတ်ချမ်းသာစွာ သွားလော့။ ရောဂါနှိပ်စက်ခြင်းကင်း၍ ကျန်းမာပါစေ” ဟု ကြင်နာစွာမိန့်တော်မူ၏။—မာ. ၅:၂၅-၂၇၊ ၃၀၊ ၃၃၊ ၃၄

ဘုရားသခင်ပေးသော ကုသနိုင်စွမ်းဖြင့် ဖျားနာသူများကို ကုသပေးခြင်းသည် မြင်တွေ့သူများအပေါ်တွင်လည်း အလွန်အကျိုးသက်ရောက်ခဲ့သည်။ ဥပမာ၊ ကျော်ကြားသော တောင်ပေါ်တရားတော်ကို မဟောမီတွင် ယေရှု လူနာများအား ကုသပေးသည်ကို မြင်တွေ့ရသောအခါ များစွာသောသူတို့ အလွန်အံ့သြခဲ့ကြမည်မှာ သေချာသည်။ (လု. ၆:၁၇-၁၉) ယေရှု မေရှိယဖြစ်ကြောင်း အသေအချာသိရှိနိုင်ရန် နှစ်ခြင်းဆရာယောဟန်သည် တပည့်နှစ်ဦးကို ယေရှုထံစေလွှတ်ခဲ့ချိန်တွင် “ယေရှုသည် ရောဂါဝေဒနာအမျိုးမျိုးစွဲကပ်သူ၊ နတ်ဆိုးပူးသူအများတို့ကို ကျန်းမာစေ၍ မျက်မမြင်သူအများတို့ကိုလည်း မျက်စိမြင်စေတော်မူ” ကြောင်း သူတို့တွေ့မြင်ခဲ့သည်။ ထိုအခါ ထိုသူနှစ်ဦးကို ကိုယ်တော်က “သင်တို့ကြားရ၊ မြင်ရသမျှတို့ကို ယောဟန်အား သွား၍ ပြောပြကြလော့။ မျက်မမြင်များ မျက်စိမြင်ကြပြီ။ ခြေဆွံ့သူများ လှမ်းသွားကြပြီ။ နူနာစွဲသူများ သန့်ရှင်းခြင်းသို့ ရောက်ကြပြီ။ နားပင်းသူများ ကြားကြပြီ။ သေလွန်သူများ ထမြောက်ကြပြီ။ ဆင်းရဲသားများလည်း သတင်းကောင်း ကြားကြရပြီ” ဟုပြန်ပြောခဲ့သည်။ (လု. ၇:၁၉-၂၂) ထိုသတင်းကြောင့် ယောဟန် အလွန်အားရှိခဲ့မည်ဖြစ်သည်။

၉။ ယေရှုပြခဲ့သောအံ့ဖွယ်အမှုများသည် အဘယ်အရာ၏အရိပ်အမြွက်ဖြစ်သနည်း။

မိမိ၏မြေကြီးဓမ္မအမှုဆောင်ချိန်အတွင်း ဆင်းရဲဒုက္ခခံရသူများကို ယေရှု ကယ်တင်ပေးခြင်းသည် ခေတ္တယာယီသာ အကျိုးဖြစ်ခဲ့သည်။ ကိုယ်တော် ကုသပေး၊ ထမြောက်ပေးခဲ့သူများသည် နောက်ပိုင်းတွင် သေဆုံးသွားကြသည်။ သို့သော် ယေရှုမြေကြီးပေါ်တွင်ရှိစဉ် ပြသခဲ့သော အံ့ဖွယ်အမှုများသည် ကိုယ်တော်၏မေရှိယအုပ်ချုပ်မှုအောက် လူသားများ ထာ၀စဉ်ခံစားရမည့်ကောင်းချီးများ၏ အရိပ်အမြွက်ဖြစ်သည်။

ကမ္ဘာတစ်ခွင် ပရဒိသုဖြစ်တော့မည်

၁၀၊ ၁၁။ (က) ဘုရားသခင့်နိုင်ငံတော်ကောင်းချီးများသည် မည်မျှကြာ တည်မြဲမည်နည်း၊ ယေရှု၏အုပ်ချုပ်မှုသည် အဘယ်အရာနှင့်တူမည်နည်း။ (ခ) မည်သူသည် ခရစ်တော်နှင့်အတူ ပရဒိသုတွင် ရှိမည်နည်း၊ သူသည် မည်သို့အားဖြင့် ထာ၀စဉ်အသက်ရှင်နိုင်မည်နည်း။

၁၀ မြေကြီးပရဒိသုအသက်တာသည် မည်သို့ဖြစ်မည်ကို မြင်ယောင်ကြည့်ပါ။ (ဆာလံ ၇၂:၅-၉ ကိုဖတ်ပါ။) ယေဟောဝါဘုရားသခင်ကို ဝတ်ပြုသူများသည် နေနှင့်လ တည်ရှိနေသမျှကာလပတ်လုံး၊ ဆိုလိုသည်မှာ ပရဒိသုအသက်တာကို ထာ၀စဉ်မွေ့လျော်နိုင်ကြမည်။ ဘုရင်ယေရှုခရစ်သည် ‘ရိတ်သောမြက်ပင်ပေါ်မှာ ရွာသောမိုး၊ မြေကိုစိုစေသောမိုးပေါက်’ ကဲ့သို့ လန်းဆန်းမှုပေးပါလိမ့်မည်။

၁၁ ဤဆာလံကျမ်းပြည့်စုံချက်ကို မြင်ယောင်ကြည့်သောအခါ မြေကြီးပရဒိသုပေါ်တွင် ထာ၀စဉ်အသက်ရှင်ရမည့် မျှော်လင့်ချက်ကြောင့် သင်စိတ်လှုပ်ရှားလာသည်မဟုတ်လော။ နှက်တိုင်ပေါ်မှလူဆိုးအား ယေရှုက “သင်သည် ငါနှင့်အတူ ပရဒိသု၌ရှိလိမ့်မည်” ဟုပြောသောအခါ ထိုသူ အလွန်စိတ်လှုပ်ရှားခဲ့မည်မှာ သေချာသည်။ (လု. ၂၃:၄၃) ယေရှု၏အနှစ်တစ်ထောင်အုပ်ချုပ်ချိန်တွင် ထိုသူ အသက်ပြန်ရှင်လာမည်ဖြစ်သည်။ သူသည် ခရစ်တော်၏အုပ်စိုးမှုကို လက်အောက်ခံမည်ဆိုလျှင် မြေကြီးပေါ်တွင် စုံလင်သောကျန်းမာရေးနှင့် ပျော်ရွှင်မှုတို့ဖြင့် ထာ၀စဉ်အသက်ရှင်ပါလိမ့်မည်။

၁၂။ ယေရှု၏အနှစ်တစ်ထောင်အုပ်ချုပ်မှုအောက်တွင် ရှင်ပြန်ထမြောက်လာမည့် မဖြောင့်မတ်သူတို့အတွက် အဘယ်အခွင့်အရေး စောင့်ကြိုနေသနည်း။

၁၂ ရှောလမုန်ထက်သာ၍ကြီးမြတ်သော ယေရှုခရစ်၏အုပ်ချုပ်မှုအောက်တွင် “တရားသောသူသည်ပွင့်လန်း၍ ချမ်းသာများပြားလိမ့်မည်။” (ဆာ. ၇၂:၇) ခရစ်တော်၏ မေတ္တာနှင့် သနားကြင်နာမှုသည် ကိုယ်တော်မြေကြီးပေါ်ရှိချိန်ကကဲ့သို့ပင် ထိုအချိန်တွင် ပြည့်လျှမ်းနေပါလိမ့်မည်။ ဘုရားသခင်ကတိပြုထားသော ကမ္ဘာသစ်တွင် ရှင်ပြန်ထမြောက်လာမည့် “မဖြောင့်မတ်သူတို့” ပင်လျှင် ယေဟောဝါ၏စံနှုန်းများကို သင်ယူပြီး အသက်ရှင်နေထိုင်ရမည့် မေတ္တာပါသော အခွင့်အရေးကို ရရှိကြပါလိမ့်မည်။ (တ. ၂၄:၁၅) ဘုရားသခင့်စံနှုန်းများနှင့်အညီ နေထိုင်ရန်ငြင်းပယ်သူများသည် ကမ္ဘာသစ်၏တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးမည့်သူများဖြစ်သောကြောင့် ဆက်၍အသက်ရှင်ခွင့်ရရှိမည်မဟုတ်ပေ။

၁၃။ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုသည် မည်သည့်အတိုင်းအတာအထိ ကျယ်ပြန့်မည်နည်း။ ယင်း၏ငြိမ်းချမ်းမှုသည် မည်သည့်နည်းဖြင့် အနှောင့်အယှက်မရှိ ထာဝစဉ်တည်ရှိမည်နည်း။

၁၃ ရှောလမုန်ထက် သာ၍ကြီးမြတ်သူ၏အုပ်ချုပ်မှုသည် ကမ္ဘာချီအတိုင်းအတာဖြင့် ကျယ်ပြန့်မည်ဖြစ်ကြောင်း ဤစကားများကဖော်ပြသည်– “ပင်လယ်တစ်ပါးမှ တစ်ပါးတိုင်အောင်လည်းကောင်း၊ မြစ်မှသည် မြေစွန်းတိုင်အောင်လည်းကောင်း အစိုးရတော်မူလိမ့်မည်။ တောတွင်းသားတို့သည် ရှေ့တော်၌ဦးချ၍ ရန်သူတို့သည်လည်း မြေမှုန့်ကိုလျက်ကြလိမ့်မည်။” (ဆာ. ၇၂:၈၊ ၉) ယေရှုခရစ်သည် အမှန်ပင် ကမ္ဘာတစ်ခွင်လုံးကို အုပ်ချုပ်မည်ဖြစ်သည်။ (ဇာ. ၉:၉၊ ၁၀) ကိုယ်တော်၏အုပ်ချုပ်မှုနှင့် ကောင်းချီးများကို တန်ဖိုးထားလေးမြတ်သူတို့သည် တလိုတလားလက်အောက်ခံမှုပြခြင်းဖြင့် “ဦးချ” ကြပါလိမ့်မည်။ သို့သော် နောင်တမယူသောအပြစ်သားများသည် ကျမ်းစာအဆိုအရ “အသက်တစ်ရာရှိလျက်” ဖျက်ဆီးခံရမည်ဖြစ်သည်။ (ဟေရှာ. ၆၅:၂၀) ထိုသို့အားဖြင့် သူတို့သည် “မြေမှုန့်ကိုလျက်ကြလိမ့်မည်။”

ကျွန်ုပ်တို့ကို ထောက်ထားကြင်နာစွာဂရုစိုက်

၁၄၊ ၁၅။ ယေရှုသည် လူသားတို့၏ခံစားချက်များကို စာနာနားလည်နိုင်ကြောင်းနှင့် ‘ဆင်းရဲသောသူကို ချမ်းသာပေးတော်မူလိမ့်မည်’ ဖြစ်ကြောင်း ကျွန်ုပ်တို့မည်သို့သိနိုင်သနည်း။

၁၄ အပြစ်ရှိသောလူသားထုသည် သနားစဖွယ် အခြေအနေတွင်ရှိပြီး အကူအညီအလွန်လိုအပ်နေသည်။ သို့သော် ကျွန်ုပ်တို့အတွက် မျှော်လင့်ချက်ရှိသည်။ (ဆာလံ ၇၂:၁၂-၁၄ ကိုဖတ်ပါ။) ရှောလမုန်ထက်သာ၍ ကြီးမြတ်သောယေရှုသည် ကျွန်ုပ်တို့၏မစုံလင်မှုကို ကောင်းစွာသိရှိသောကြောင့် ထောက်ထားစာနာတော်မူသည်။ ထို့ပြင် ယေရှုသည် ဖြောင့်မတ်ခြင်းတရားအတွက် ဆင်းရဲဒုက္ခခံစားခဲ့ရပြီး ကိုယ်တိုင်ကိုယ်ကျစမ်းသပ်ခံရရန် ဘုရားသခင်ခွင့်ပြုတော်မူခဲ့သည်။ ယေရှုသည် စိတ်ဖိစီးမှုများစွာခံစားရသောကြောင့် “ကိုယ်တော်၏ချွေးတို့သည် သွေးစက်များကဲ့သို့ မြေပေါ်သို့ကျ၏။” (လု. ၂၂:၄၄) နောက်ပိုင်း ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် “ကျွန်ုပ်၏ဘုရားသခင်၊ ကျွန်ုပ်၏ဘုရားသခင်၊ ကျွန်ုပ်ကို အဘယ်ကြောင့် စွန့်ပစ်တော်မူသနည်း” ဟုကြွေးကြော်တော်မူသည်။ (မ. ၂၇:၄၅၊ ၄၆) ယေရှုသည် ဒုက္ခအမျိုးမျိုးခံစားရပြီး ယေဟောဝါထံမှဝေးကွာသွားစေရန် စာတန်၏အစွမ်းကုန်ကြိုးပမ်းသည့်ကြားမှ ယေဟောဝါဘုရားသခင်အပေါ် သစ္စာရှိကြောင်း ပြသခဲ့သည်။

၁၅ ကျွန်ုပ်တို့ခံစားနေရသော နာကျင်မှုများကို ယေရှုသိရှိကြောင်းနှင့် “ငတ်မွတ်သောသူအော်ဟစ်သောအခါ ထိုသူကိုလည်းကောင်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကိုလည်းကောင်း ချမ်းသာပေးတော်မူလိမ့်မည်” ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။ မေတ္တာရှိသောခမည်းတော်ကဲ့သို့ပင် ယေရှုသည် “ဆင်းရဲသောသူတို့၏စကားကိုနားထောင်” ပေးပြီး “စိတ်ကြေမွသောသူတို့ကို နှစ်သိမ့်စေ၍ သူတို့၏အနာကို ကုတော်မူ၏။” (ဆာ. ၆၉:၃၃; ၁၄၇:၃) ယေရှုသည် “ငါတို့ကဲ့သို့ အဖက်ဖက်တွင် စမ်းသပ်ခံရသူ” ဖြစ်သောကြောင့် “ငါတို့၏အားနည်းချက်များကို” စာနာပေးနိုင်သည်။ (ဟေဗြဲ ၄:၁၅) ဘုရင်ယေရှုခရစ်သည် ယခုအချိန်တွင် ကောင်းကင်မှအုပ်ချုပ်လျက်ရှိပြီး ဆင်းရဲဒုက္ခခံစားနေရသောလူသားများကို ကယ်တင်ရန်စိတ်ထက်သန်ကြောင်း သိရသည့်အတွက် အလွန်ဝမ်းသာစရာပင်။

၁၆။ ရှောလမုန်သည် မိမိ၏တိုင်းသူပြည်သားများကို အဘယ်ကြောင့် ထောက်ထားစာနာနိုင်သနည်း။

၁၆ ရှောလမုန်သည် ဉာဏ်ပညာနှင့် ထိုးထွင်းသိမြင်မှုရှိသောကြောင့် “ဆင်းရဲသောသူကိုသနား” ခဲ့သည်မှာ သေချာသည်။ ထို့ပြင် သူ့ဘဝတွင် ဝမ်းနည်းကြေကွဲဖွယ်အဖြစ်အပျက်များ ကြုံတွေ့ခဲ့ရသည်။ သူ၏အစ်ကို အာမနုန်သည် နှမဖြစ်သူ တာမာကို မတရားပြုကျင့်ခဲ့ပြီး အစ်ကိုဖြစ်သူ အဗရှလုံသည် ယင်းအပြစ်အတွက် အာမနုန်ကို သတ်ပစ်လိုက်သည်။ (၂ ရာ. ၁၃:၁၊ ၁၄၊ ၂၈၊ ၂၉) အဗရှလုံသည် ဒါဝိဒ်၏ထီးနန်းကို သိမ်းပိုက်ရန်ကြံစည်ခဲ့ပြီး အကြံမအောင်ဘဲ ယွာဘ၏လက်ချက်ဖြင့် အသက်ဆုံးခဲ့ရသည်။ (၂ ရာ. ၁၅:၁၀၊ ၁၄; ၁၈:၉၊ ၁၄) နောက်ပိုင်းတွင် ရှောလမုန်၏အစ်ကို အဒေါနိယသည် မိမိကိုယ်ကို ဘုရင်အဖြစ်နန်းတင်မြှောက်ရန် ကြိုးစားခဲ့သည်။ အကယ်၍ အဒေါနိယသာ အောင်မြင်ခဲ့မည်ဆိုလျှင် ရှောလမုန် လုပ်ကြံခံရမည်မှာသေချာသည်။ (၃ ရာ. ၁:၅) ထို့ကြောင့် ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်အပ်နှံချိန်တွင် ရှောလမုန် တောင်းလျှောက်ခဲ့သော ဆုတောင်းချက်အရ လူသားများ၏ဆင်းရဲဒုက္ခများကို သူနားလည်ကြောင်း ထင်ရှားသည်။ သူ၏တိုင်းသူပြည်သားများနှင့်ပတ်သက်ပြီး သူ ဤသို့ဆုတောင်းခဲ့သည်– ‘အသီးအသီးမိမိခံရသော ဘေးဒဏ်နှင့် နာကျင်ခြင်းဝေဒနာကိုသိလျက် အသနားခံခြင်းအားဖြင့် ဆုတောင်းလျှင် [ယေဟောဝါ] နားညောင်း၍ အပြစ်လွှတ်တော်မူပါ။’—၆ ရာ. ၆:၂၉၊ ၃၀သမ္မာ။

၁၇၊ ၁၈။ ဘုရားသခင့်ကျေးကျွန်အချို့သည် အဘယ်နာကျင်မှုဝေဒနာများကို ရင်ဆိုင်ဖြေရှင်းနေရသနည်း။ သူတို့ကို အဘယ်အရာက ကူညီပေးသနည်း။

၁၇ ‘ကျွန်ုပ်တို့၏နာကျင်ခြင်းဝေဒနာ’ သည် ယခင်ကကြုံတွေ့ခဲ့ရသည့် ဘဝအတွေ့အကြုံတစ်ခုခုကြောင့် ဖြစ်နိုင်သည်။ ယေဟောဝါသက်သေတစ်ဦးဖြစ်သည့် အသက်သုံးဆယ်ကျော်အရွယ်ရှိသည့် မေရီ * ဤသို့ရေးခဲ့သည်– “ကျွန်မမှာ ပျော်ရွှင်စရာအကြောင်း အများကြီးရှိခဲ့တယ်။ ဒါပေမဲ့ အတိတ်ကလုပ်ရပ်တွေကြောင့် ရှက်ကြောက်ရွံမုန်းစရာကောင်းတဲ့ ခံစားချက်တွေ မကြာခဏပေါ်လာတယ်။ အဖြစ်အပျက်တွေက မနေ့တစ်နေ့ကလိုဖြစ်နေလို့ မကြာခဏဝမ်းနည်းပြီး ငိုခဲ့ရတယ်။ မေ့ပျောက်လို့မရတဲ့ အဖြစ်အပျက်တွေကြောင့် တန်ဖိုးမရှိဘူး၊ အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်တွေက ကျွန်မကို ဖိစီးနှိပ်စက်နေဆဲပဲ။”

၁၈ ဘုရားသခင့်ကျေးကျွန်များတွင် ထိုကဲ့သို့သောခံစားချက်မျိုး ရှိနိုင်သည်။ ထိုအရာများကို ခံရပ်နိုင်ရန် သူတို့ကို အဘယ်အရာက ခွန်အားပေးမည်နည်း။ “အခု မိတ်ဆွေစစ်တွေနဲ့ အသင်းတော်က ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေက ကျွန်မကို ပျော်ရွှင်စေတယ်။ ပြီးတော့ အနာဂတ်မှာ ယေဟောဝါလုပ်ဆောင်ပေးမယ့် ကတိတော်တွေကို အာရုံစိုက်ဖို့ကြိုးစားခဲ့တယ်။ အကူအညီအတွက် ကျွန်မရဲ့ အော်ဟစ်သံတွေဟာ ရွှင်လန်းတဲ့ဟစ်ကြွေးသံအဖြစ် ပြောင်းလဲသွားမယ်ဆိုတာ ယုံကြည်တယ်” ဟု မေရီပြောသည်။ (ဆာ. ၁၂၆:၅) ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် ဘုရားသခင်၏ခန့်အပ်ခံအုပ်စိုးရှင်ဖြစ်သော ကိုယ်တော့်သားတော် ယေရှုခရစ်အပေါ်တွင် တည်နေဖို့လိုသည်။ ကိုယ်တော်နှင့်ပတ်သက်ပြီး ဤသို့ကြိုဟောထားသည်– “[စိတ်] ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကိုသနား၍ ငတ်မွတ်သောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။ သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှဉ်းဆဲခြင်း၏လက်မှရွေးနုတ်၍ သူတို့အသွေးကို နှမြောတော်မူလိမ့်မည်။” (ဆာ. ၇၂:၁၃၊ ၁၄) အလွန်အားရှိစရာပါတကား။

ပေါများကြွယ်ဝမည့် ကမ္ဘာသစ်စောင့်ကြိုနေ

၁၉၊ ၂၀။ (က) ဆာလံ ၇၂ တွင်ဖော်ပြထားချက်အရ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုသည် အဘယ်ပြဿနာကို ဖြေရှင်းပေးမည်နည်း။ (ခ) ခရစ်တော်၏အုပ်ချုပ်မှုအတွက် မည်သူ့ကို အဓိကအားဖြင့် ဂုဏ်တင်သင့်သနည်း၊ ယင်းကလုပ်ဆောင်ပေးမည့်အရာများနှင့်ပတ်သက်၍ သင် မည်သို့ခံစားရသနည်း။

၁၉ ရှောလမုန်ထက်သာ၍ကြီးမြတ်သူ၏ အုပ်ချုပ်မှုအောက်ရှိ ဘုရားသခင့်ကမ္ဘာသစ်တွင် ဖြောင့်မတ်သောသူများရရှိမည့် အနာဂတ်ကို မြင်ယောင်ကြည့်ပါ။ ‘ပြည်တော်၌ များစွာသောစပါးရှိ၍ အသီးအနှံသည် တောင်ထိပ်ပေါ်မှာလှုပ်ရှားလိမ့်မည်’ ဟု ကတိပြုထားသည်။ (ဆာ. ၇၂:၁၆) စပါးသည် သာမန်အားဖြင့် တောင်ထိပ်ပေါ်တွင်ပေါက်လေ့မရှိသောကြောင့် ယင်းက မြေကြီးပေါ်တွင် မည်မျှပေါများကြွယ်ဝမည်ကို အလေးပေးဖော်ပြခြင်းဖြစ်သည်။ ယင်းသည် ရှောလမုန်အုပ်စိုးချိန်အတွင်း သီးပွင့်ဖြစ်ထွန်းခဲ့သော ဒေသတစ်ခုဖြစ်သည့် “လေဗနုန်တောကဲ့သို့” ပေါကြွယ်ဝမည်။ စဉ်းစားကြည့်ပါ။ အစားအစာခေါင်းပါးခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ငတ်မွတ်ခြင်းတို့ ရှိတော့မည်မဟုတ်။ ထိုအချိန်တွင် လူအားလုံးသည် “ဆူသောခဲဖွယ်စားဖွယ်များ” ကို စားသောက်ရလိမ့်မည်။—ဟေရှာ. ၂၅:၆-၈; ၃၅:၁၊ ၂

၂၀ ထိုကောင်းချီးများအတွက် မည်သူ့ကို ဂုဏ်တင်မည်နည်း။ အဓိကအားဖြင့် ထာဝရဘုရင်နှင့် စကြဝဠာအုပ်စိုးရှင်ဖြစ်သော ယေဟောဝါဘုရားသခင်ကို ဖြစ်သည်။ ထိုအချိန်တွင် ကျွန်ုပ်တို့အားလုံးသည် လှပ၍ နှလုံးနွေးထွေးဖွယ်ကောင်းသော ဤသီချင်း၏နိဂုံးချုပ်အပိုင်းကို ပျော်ရွှင်စွာ ပူးပေါင်းပါဝင်သီဆိုကြမည်ဖြစ်သည်– ‘[ဘုရင်ယေရှုခရစ်၏] နာမတော်သည် အစဉ်အမြဲတည်လိမ့်မည်။ နေသည် တည်သမျှသောကာလပတ်လုံး နာမတော်တိုးပွားလိမ့်မည်။ ကျေးဇူးတော်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြ၍ မင်္ဂလာရှိတော်မူသည်ဟု ချီးမွမ်းကြလိမ့်မည်။ အံ့ဖွယ်သောအမှုတို့ကို တစ်ပါးတည်းသာစီရင်တော်မူသော ထာဝရအရှင်ဘုရားသခင်၊ ဣသရေလအမျိုး၏ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ ဘုန်းကြီးသော နာမတော်သည်လည်း အစဉ်အမြဲ မင်္ဂလာရှိတော်မူစေသတည်း။ မြေကြီးတစ်ပြင်လုံးသည် ဘုန်းတန်ခိုးတော်နှင့်ပြည့်ပါစေသတည်း။ အာမင်နှင့်အာမင်။’—ဆာ. ၇၂:၁၇-၁၉

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 17 အမည်ကို ပြောင်းထားသည်။

သင်မည်သို့ဖြေဆိုမည်နည်း

ဆာလံ ၇၂ ပါ ပရောဖက်ပြုချက်သည် အဘယ်အရာ၏ အကြိုမြင်ကွင်းဖြစ်သနည်း။

• ရှောလမုန်ထက်သာ၍ကြီးမြတ်သူမှာ မည်သူနည်း၊ ကိုယ်တော်၏အုပ်ချုပ်မှုသည် အဘယ်အတိုင်းအတာအထိ ကျယ်ပြန့်မည်နည်း။

ဆာလံ ၇၂ တွင် ဖော်ပြထားသော အနာဂတ်ကောင်းချီးများထဲမှ အဘယ်အချက်ကို သင် နှစ်သက်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၉ ပါရုပ်ပုံ]

ရှောလမုန်အုပ်ချုပ်ချိန်အတွင်း ပေါကြွယ်ဝမှုက အဘယ်အရာကို အရိပ်အမြွက်ဖော်ပြသနည်း

[စာမျက်နှာ ၃၂ ပါရုပ်ပုံ]

ရှောလမုန်ထက်သာ၍ကြီးမြတ်သူ၏ အုပ်ချုပ်မှုအောက်ရှိ ပရဒိသုအသက်တာကိုရရှိဖို့ အတတ်နိုင်ဆုံးကြိုးစားသင့်