မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မကောင်းမှုတွေ အဆုံးတိုင်တော့မယ်

မကောင်းမှုတွေ အဆုံးတိုင်တော့မယ်

မကောင်းမှုတွေ အဆုံးတိုင်တော့မယ်

ဘုရားသခင် ကျွန်ုပ်တို့ကို  ပေးသနားထားတဲ့အရာတစ်ခုက သန့်ရှင်းသောစွမ်းအားတော်ရဲ့ လှုံ့ဆော်မှုနဲ့ ရေးထားတဲ့ သမ္မာကျမ်းစာဖြစ်ပါတယ်။ လူတွေ ဘာကြောင့် မကောင်းမှုတွေ ကျူးလွန်ရသလဲဆိုတာကို သမ္မာကျမ်းစာထဲမှာ ရှင်းပြထားတယ်။ ဘုရားသခင်က ကျွန်ုပ်တို့ကို လွတ်လပ်စွာ ရွေးချယ်ခွင့်နဲ့ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းနိုင်စွမ်းတွေ ပေးထားတယ်။ အဲဒါတွေကြောင့် မကောင်းမှုတွေ မကျူးလွန်ဖို့ ကျွန်ုပ်တို့ ရွေးချယ်နိုင်တာဖြစ်တယ်။ (တရားဟောရာ ၃၀:၁၅၊ ၁၆၊ ၁၉) အဲဒီစွမ်းရည်တွေကြောင့်လည်း ကျွန်ုပ်တို့မှာ ရှိနေနိုင်တဲ့ ဉာဉ်ဆိုးတွေကို ခွဲခြားသိမြင်ပြီး ပြုပြင်ပြောင်းလဲနိုင်တာဖြစ်တယ်။ မကောင်းမှုတွေကို ရှောင်ကြဉ်မယ်ဆိုရင် ကျွန်ုပ်တို့ကိုယ်တိုင်လည်း ပျော်ရွှင်မှာဖြစ်ပြီး တခြားသူတွေကိုလည်း ပျော်ရွှင်စေမှာဖြစ်ပါတယ်။—ဆာလံ  ၁:၁။

ကျွန်ုပ်တို့ တစ်ဦးချင်းစီက မကောင်းမှုတွေကို ကြိုးစားရှောင်ကြဉ်ပေမဲ့ လူသားချင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ မကောင်းမှုတွေက  ကမ္ဘာပေါ်မှာ  ဆက်ပြီးတိုးများလာနေတယ်။  သမ္မာကျမ်းစာမှာ ဒီလိုသတိပေးထားတယ်– “နောက်ဆုံးသောနေ့ရက်များသည် ခက်ခဲကျပ်တည်းသောကာလ ဖြစ်မည်ကို သိမှတ်လော့။”  ဘယ်အရာတွေကြောင့်  “ခက်ခဲကျပ်တည်းသောကာလ” ဖြစ်ရတယ်ဆိုတာကို ကျမ်းစာက ဒီလိုဆက်ရှင်းပြတယ်– ‘လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သူ၊ ငွေကိုတပ်မက်သူ၊ ဘဝင်မြင့်သူ၊ မောက်မာသူ၊ စော်ကားသူ၊ မိဘစကားနားမထောင်သူ၊ ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ မိသားစုချစ်ခင်စုံမက်ခြင်းမရှိသူ၊ ဖီလာဆန့်ကျင်တတ်သူ၊ အသရေဖျက်သူ၊ ချုပ်တည်းခြင်းမရှိသူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ခြင်းကို မနှစ်သက်သူ၊  သစ္စာဖောက်သူ၊ ခေါင်းမာသူ၊ မာနထောင်လွှားသူ၊ ဘုရားသခင်ကို ချစ်သည်ထက် အပျော်အပါးကို သာ၍နှစ်သက်သူ၊ ဘာသာတရားဆည်းကပ်ဟန်ရှိသော်လည်း  ထိုသို့ဆည်းကပ်ခြင်း၏အကျိုးကို ငြင်းပယ်သူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။’—၂ တိမောသေ ၃:၁-၅

အထက်မှာ ဖော်ပြထားတဲ့ “နောက်ဆုံးသောနေ့ရက်များ” ဆိုတဲ့အသုံးအနှုန်းကို  သင်သတိပြုမိမှာဖြစ်တယ်။  အဲဒါ  ဘာအဓိပ္ပာယ်လဲ။  အများအားဖြင့်  “နောက်ဆုံးသောနေ့ရက်များ” ဆိုတာ တစ်ခုခု အဆုံးတိုင်တော့မှာကို ပြောခြင်းဖြစ်တယ်လို့ လူအများစုက  သဘောပေါက်ကြတယ်။ ဘာအဆုံးတိုင်တော့မှာလဲ။ သမ္မာကျမ်းစာထဲမှာ  ဘုရားသခင်  ဘယ်လိုကတိပြုထားတယ်ဆိုတာ သတိပြုကြည့်ပါ။

လူဆိုးတွေကို လုံးဝ ဖယ်ရှားပစ်တော့မယ်။

“ခဏကြာပြီးမှ မတရားသောသူသည် မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍ မတွေ့ရ။ စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”ဆာလံ ၃၇:၁၀၊ ၁၁

‘ထာဝရဘုရားသခင်သည် ကိုယ်တော်ကိုချစ်သောသူအပေါင်းတို့အား ကြည့်ရှုစောင်မတော်မူ၏။ ဆိုးသောသူအပေါင်းတို့ကိုမူကား ဖျက်ဆီးတော်မူ၏။’ဆာလံ ၁၄၅:၂၀သမ္မာ။

ဖိနှိပ်ချုပ်ချယ်မှု ရှိတော့မှာမဟုတ်။

“နွမ်းပါးသူ အော်ဟစ်သောအခါ ထိုသူကိုလည်းကောင်း၊ ခိုကိုးရာမရသော ဆင်းရဲသူကိုလည်းကောင်း ကယ်လွှတ်တော်မူ၏။ သူတို့အသွေးကို နှမြောတော်မူသဖြင့် အသက်ကိုညှဉ်းဆဲခြင်းနှင့် ကြမ်းကြုတ်ခြင်း၏လက်မှ ရွေးနုတ်တော်မူ၏။” ဆာလံ ၇၂:၁၂၊ ၁၄သမ္မာ။

“ဖန်ဆင်းခံအရာများသည် ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှ လွတ်မြောက်၍ ဘုရားသခင့် သားသမီးတို့၏ လွတ်လပ်မှု ဘုန်းအသရေကို ခံစားရလိမ့်မည်။”ရောမ ၈:၂၁

လူတွေရဲ့ ကာယရေးလိုအပ်ချက်တွေ ဖြည့်ဆည်းခံရမယ်။

“လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သော သင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။”မိက္ခာ ၄:၄

“ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူ နေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူ စားရမည်မဟုတ်။ ငါ၏လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြလိမ့်မည်။”ဟေရှာယ ၆၅:၂၁၊ ၂၂

တရားမျှတမှုရှိမယ်။

‘ဘုရားသခင် ရွေးချယ်တော်မူသော သူတို့သည် နေ့ညမပြတ် အော်ဟစ်တောင်းလျှောက်လျှင် ဘုရားသခင်သည် တရားမစီရင်ဘဲ နေတော်မူမည်လော။ ငါဆိုသည်ကား သူတို့ဘက်၌ အလျင်အမြန် တရားသဖြင့် စီရင်တော်မူလိမ့်မည်။’လုကာ ၁၈:၇၊ ၈

‘ထာဝရဘုရားသခင်သည် တရားကိုနှစ်သက်တော်မူ၏။ မိမိအားသစ္စာစောင့်သည့် သူတို့ကိုလည်း စွန့်တော်မမူ။ သူတို့သည် စောင်မတော်မူခြင်းကို အစဉ်အမြဲ ခံရကြလိမ့်မည်။’ဆာလံ ၃၇:၂၈

ဖြောင့်မတ်ခြင်းရှိမယ်။

‘လောကသားတို့သည် ဖြောင့်မတ်ခြင်းတရားကို သင်ကြပါလိမ့်မည်။’ဟေရှာယ ၂၆:၉သမ္မာ။

“ငါတို့သည် ဖြောင့်မတ်ခြင်းတရားတည်နေရာ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ကတိတော်နှင့်အညီ စောင့်မျှော်လျက်ရှိကြ၏။”၂ ပေတရု ၃:၁၃

အခုချိန်မှာတောင် လူတွေ ပြောင်းလဲနေကြပြီ

အထက်မှာဖော်ပြထားတဲ့  ကတိတွေကို  ကျွန်ုပ်တို့အားလုံး နှစ်သက်ကြမှာ သေချာပါတယ်။ ဒါပေမဲ့ အဲဒီကတိတွေ ပြည့်စုံလာမယ်ဆိုတာ ဘာအာမခံချက် ရှိလို့လဲ။ ရှိတယ်လို့ ပြောပါရစေ။ ဘုရားသခင့်ကတိတော်တွေ ပြည့်စုံလာမယ်ဆိုတာကို ယုံကြည်နိုင်တဲ့ အထောက်အထားတွေ အခု ရှိပါတယ်။ ဘာအထောက်အထားတွေလဲ။ ကနေ့ ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့သူတွေဟာ တစ်ကိုယ်ကောင်းဆန်မှု၊ ကိုယ်ကျင့်တရားဖောက်ပြန်မှု၊ အကြမ်းဖက်မှု စတဲ့ဉာဉ်ဆိုးတွေကို အပြီးအပိုင် စွန့်လွှတ်ပြီး ရိုးသားသူ၊ အေးချမ်းစွာနေလိုသူ၊ ကြင်နာတတ်သူဖြစ်ဖို့ သင်ယူခဲ့ကြတယ်ဆိုတဲ့ အထောက်အထားတွေ ရှိပါတယ်။ ကနေ့ ခုနစ်သန်းကျော်ရှိတဲ့ ယေဟောဝါသက်သေတွေဟာ သမိုင်းတစ်လျှောက် မုန်းတီးမှု၊ အကြမ်းဖက်မှုနဲ့ သွေးသွန်းမှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ လူမျိုးရေး၊ မျိုးချစ်စိတ်၊ နိုင်ငံရေးနဲ့ စီးပွားရေး အတားအဆီးတွေကို ကျော်လွှားပြီး အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်းတစ်ခု ဖြစ်နေပါပြီ။ * အဲလိုပြောင်းလဲမှုတွေကို ကြည့်ခြင်းအားဖြင့် ဘုရားသခင့် ကတိတော်တွေဟာ မကြာခင်မှာ အကြီးအကျယ် ပြည့်စုံလာမယ်ဆိုတာကို အခိုင်အမာ ယုံကြည်စိတ်ချနိုင်ပါတယ်။

အဲလိုပြောင်းလဲမှုတွေကို ဘာက ဖြစ်စေသလဲ။ အဖြေကို ပရောဖက်ဟေရှာယ ရေးခဲ့တဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ သူ ဒီလိုရေးခဲ့တယ်–

‘တောခွေးသည် သိုးသငယ်နှင့်အတူ နေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူ အိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသော အကောင်တို့သည် အတူသွားလာကြ၍ လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်။ . . . ခြင်္သေ့သည်လည်း နွားကဲ့သို့ မြက်ကို စားလိမ့်မည်။ နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။ နို့ကွာသောသူငယ်သည်လည်း မြွေဟောက်တွင်းဝ၌ မိမိလက်ကို သွင်းလိမ့်မည်။ ငါ၏သန့်ရှင်းသော တောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်းမူကား ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရားသခင်အား သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။’—ဟေရှာယ ၁၁:၆-၉

အထက်ပါကျမ်းချက်က တိရစ္ဆာန်တွေနဲ့ လူသားတွေ သင့်သင့်မြတ်မြတ်  နေထိုင်ကြမယ့်အချိန်ကိုပဲ  ကြိုပြောနေတာလား။ မဟုတ်ပါဘူး။ အဲဒီထက်မက ကြိုပြောထားတာရှိပါတယ်။ အဲဒီကျမ်းချက်ရဲ့ နောက်ဆုံးအပိုင်းကို သတိပြုကြည့်ပါ။ ‘မြေကြီးသည် ထာဝရဘုရားသခင်အား သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်’ ဆိုတဲ့စကားအရ ဘာက ပြောင်းလဲမှုကို ဖြစ်ပေါ်စေမှာလဲဆိုတာ  သိနိုင်ပါတယ်။  ဘုရားသခင်အား  သိကျွမ်းခြင်းပညာက  တိရစ္ဆာန်တွေရဲ့  အမူအကျင့်ကို  ပြောင်းလဲပေးမှာလား။ မဟုတ်ပါဘူး။ လူတွေရဲ့ အမူအကျင့်တွေကိုပဲ ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ တကယ်လဲ ပြောင်းလဲပေးနိုင်ပါတယ်။ တစ်ချိန်တစ်ခါက သားရဲတိရစ္ဆာန်တွေလို ရုန့်ရင်းကြမ်းတမ်းတဲ့ စိတ်သဘောထားရှိခဲ့ဖူးသူတွေဟာ သမ္မာကျမ်းစာကိုလေ့လာပြီး သိရှိခဲ့ရာတွေကို ကျင့်သုံးတဲ့အတွက် စရိုက်ဆိုးတွေကို စွန့်ပယ်ပြီး နူးညံ့သိမ်မွေ့တဲ့စိတ်ထားတွေကို မွေးမြူကြမယ်လို့ အဲဒီကျမ်းချက်က ကြိုပြောနေတာဖြစ်တယ်။

ပေသရို * ရဲ့  ဥပမာကို  သုံးသပ်ကြည့်ပါ။  တရားမျှတမှုအတွက် တိုက်ပွဲဝင်ဖို့ အကြမ်းဖက်အုပ်စုနဲ့ ပူးပေါင်းရမယ်လို့ သူယူဆခဲ့တယ်။  သူ သင်တန်းတက်ပြီးတဲ့နောက်  ရဲတန်းလျားတစ်ခုကို  ဖောက်ခွဲဖျက်ဆီးဖို့  တာဝန်ပေးခံရတယ်။  ဖောက်ခွဲဖို့ ပြင်ဆင်နေတုန်းမှာပဲ  သူအဖမ်းခံလိုက်ရတယ်။  ဒါနဲ့  ၁၈ လ ထောင်နန်းစံလိုက်ရတယ်။ ထောင်ကျနေစဉ်မှာလည်း အဖျက်အမှောင့်လုပ်ငန်းတွေကို ဆက်လုပ်နေတုန်းပဲ။ အဲဒီအချိန်မှာ သူ့ဇနီးက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာနေတယ်။ ပေသရို ထောင်ကလွတ်လာတော့ သူလည်း ကျမ်းစာလေ့လာခဲ့တယ်။ ယေဟောဝါဘုရားသခင်နဲ့ပတ်သက်ပြီး သူသိရှိလာရာတွေကြောင့် သူ့ရဲ့ဘဝအမြင်နဲ့ သဘောထားတွေကို ပြုပြင်ပြောင်းလဲပစ်ဖို့ လှုံဆော်ခံရတယ်။  “ကျွန်တော်  အကြမ်းဖက်သမားဖြစ်ခဲ့တုန်းက  လူတစ်ယောက်ကိုမှ မသတ်ဖြစ်ခဲ့တဲ့အတွက် ယေဟောဝါဘုရားသခင်ကို ကျေးဇူးတင်မိတယ်။ အခု ဘုရားသခင့်စွမ်းအားတော်ဓားဖြစ်တဲ့ သမ္မာကျမ်းစာကို အသုံးပြုပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကိုပေးမယ့် ဘုရားသခင့်နိုင်ငံတော်အကြောင်း လူတွေကို  ပြောပြနေပါတယ်”  လို့ပေသရိုက  ပြောပြတယ်။ အရင်က သူ ဖောက်ခွဲဖျက်ဆီးဖို့ ကြံရွယ်ခဲ့တဲ့ စစ်တန်းလျားတွေဆီတောင် သွားပြီး ငြိမ်းချမ်းမှုနဲ့ အကြမ်းဖက်မှုမရှိတော့မယ့် ကမ္ဘာသစ်အကြောင်း ပြောပြလိုက်သေးတယ်။

သမ္မာကျမ်းစာက  လူတွေအပေါ်  အကြီးအကျယ်  လွှမ်းမိုးနိုင်တယ်ဆိုတဲ့အချက်က မကောင်းမှုမှန်သမျှ အဆုံးတိုင်တော့မယ်ဆိုတဲ့ ဘုရားသခင့်ကတိတော်ကို ပိုပြီးယုံကြည်စိတ်ချစေပါတယ်။ မကောင်းမှုကို လူတွေ ဘယ်တော့မှ မလုပ်တော့ဘူး။ အားလုံး လူကောင်းတွေပဲ ဖြစ်လာကြတော့မှာ။ မကောင်းမှုတွေကို အစပြုပေးခဲ့တဲ့၊ ကမ္ဘာ့အရေးကိစ္စတွေကို နောက်ကွယ်ကနေ ကြိုးကိုင်ခြယ်လှယ်နေတဲ့ စာတန်နတ်ဆိုးမင်းကို မကြာခင် ယေဟောဝါဘုရားသခင် လက်စတုံးပစ်တော့မှာဖြစ်တယ်။ “တစ်လောကလုံးသည် ဆိုးညစ်သူ၏ ဩဇာအောက်တွင် ရှိနေ” တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ယောဟန် ၅:၁၉) ဒါပေမဲ့ မကြာခင် သူ ဖယ်ရှားခံရတော့မှာပါ။ မကောင်းမှုတွေကို ခေါင်းမာမာနဲ့ ဆက်လုပ်နေသေးတဲ့ လူဆိုးတွေလည်း ဖယ်ရှားခံရတော့မှာပါ။ အဲလိုအချိန်မျိုးမှာ နေထိုင်ရမယ်ဆိုရင် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ။

အဲလိုအချိန်မျိုးမှာ  နေထိုင်ချင်တယ်ဆိုရင်  ဘာလုပ်ရမလဲ။ ကနေ့ လူတွေရဲ့စိတ်ဓာတ်တွေကို ပြုပြင်ပြောင်းလဲပေးနေတဲ့အပြင် မကြာခင်မှာ ကမ္ဘာတစ်ခွင်လုံးကို ပြုပြင်ပြောင်းလဲပေးမယ့် ‘ထာဝရဘုရားသခင်အား သိကျွမ်းခြင်းပညာ’ ကို သတိရပါ။ တိကျမှန်ကန်တဲ့ သမ္မာကျမ်းစာအသိပညာကို ဆည်းပူးပြီး လက်တွေ့ကျင့်သုံးခဲ့တဲ့ ပေသရိုလိုပဲ သင်လည်း ထပ်တူပြုလုပ်မယ်ဆိုရင် “ဖြောင့်မတ်ခြင်းတည်နေရာ” ဖြစ်တဲ့ ဒီကမ္ဘာပေါ်မှာ အသက်ရှင်နေထိုင်ဖို့ မျှော်လင့်နိုင်ပါတယ်။ (၂ ပေတရု ၃:၁၃) ဒါကြောင့် ထာဝရအသက်ရစေနိုင်တဲ့ ဘုရားသခင်၊ ယေရှုခရစ်တို့နဲ့ဆိုင်တဲ့ အသိပညာကို ဆည်းပူးဖို့ သင့်မှာ အခွင့်အရေးရှိပါသေးတယ်။—ယောဟန် ၁၇:၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 21 ထပ်ဆင့်သိလိုပါက ယေဟောဝါသက်သေများ ထုတ်ဝေသော ယေဟောဝါသက်သေများသူတို့ မည်သူများနည်း။ သူတို့ ဘာကို ယုံကြည်ကြသနည်းစာစောင်တွင် ဖတ်ကြည့်ပါ။

^ အပိုဒ်၊ 25 အမည်ကို ပြောင်းထားသည်။

[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]

“ဖြောင့်မတ်ခြင်းတည်နေရာ” ဖြစ်တဲ့ ဒီကမ္ဘာပေါ်မှာ အသက်ရှင်နေထိုင်ဖို့ သင်လည်း မျှော်လင့်နိုင်—၂ ပေတရု ၃:၁၃