မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပင်လယ်ကမ်းခြေကိုရောက်ခဲ့တဲ့ နေ့တစ်နေ့

ပင်လယ်ကမ်းခြေကိုရောက်ခဲ့တဲ့ နေ့တစ်နေ့

ဂရီနေးဒါကျွန်းမှ စာတစ်စောင်

ပင်လယ်ကမ်းခြေကိုရောက်ခဲ့တဲ့ နေ့တစ်နေ့

တိုင်းတစ်ပါးမှာ ခရစ်ယာန်သာသနာပြုဖို့ တာဝန်ရခဲ့မယ်ဆိုရင် အရမ်းကို စိတ်လှုပ်ရှားမိမှာပဲ။ အဲဒီအခါ သင့်ရဲ့ပုံစံက သိချင်ဇောနဲ့ မျက်လုံးအဝိုင်းသားဖြစ်နေတဲ့ ကလေးတစ်ယောက်လို ဖြစ်နေမှာ။ အဲဒီမှာရှိတဲ့လူတွေက ဘယ်လိုလူတွေလဲ၊ ဘယ်လိုဝန်းကျင်မျိုးရှိမလဲ၊ အမှုဆောင်ထွက်တဲ့အခါ ဘာတွေ တွေ့ကြုံရမလဲဆိုပြီး သင် အရမ်းသိချင်နေမှာသေချာတယ်။

ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက ဂရီနေးဒါကျွန်းမှာ အမှုဆောင်ဖို့ တာဝန်ရခဲ့ကြတယ်။ အဲဒီကျွန်းမှာ ကမ်းခြေ ၄၅ ခုလောက်ရှိပြီး အရမ်းလှပတဲ့ ကမ်းရိုးတန်းတစ်ခုရှိတယ်။ အဲဒီကမ်းခြေတွေက ဘယ်လိုမျိုးဖြစ်နေမယ်ဆိုတာ ကျွန်တော်တို့ မတွေးဘဲမနေနိုင်ဘူး။ မကြာခင် ကမ်းခြေတစ်ခုကိုရောက်ပြီး ပျော်စရာနေ့တစ်နေ့ကို ဖြတ်သန်းရတော့မယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အပျော်က နေရောင်ခံလို့၊ ရေလှိုင်းစီးလို့မဟုတ်ဘဲ လူတွေကြောင့်ဖြစ်တယ်။

ကျွန်တော်တို့နေတဲ့  ဂရီနေးဒါကျွန်းကနေ  ဂရန်းအန်းစ်ကမ်းခြေကို  တစ်ခဏပဲ  မောင်းသွားရပေမဲ့ လမ်းခရီးက တော်တော့်ကို သာယာတယ်။ လမ်းတွေက အကွေ့အကောက်များပေမဲ့ စိတ်ကူးကြည့်သမျှမှာ မျက်စိပသာဒအဖြစ်ဆုံး ရှုခင်းတွေကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ တောင်စောင်းတွေမှာ အပင်တွေ  ထူထပ်စွာ ပေါက်ရောက်နေတဲ့အတွက် စိမ်းစိုနေတာပဲ။  တောင်တန်းတွေ၊  မိုးသစ်တောတွေ၊  ရေတံခွန်တွေ၊  ပင်လယ်သမုဒ္ဒရာရှုခင်းတွေကြောင့် ဘယ်နေရာကိုပဲကြည့်ကြည့် လှပလို့နေတယ်။ ဒီနေရာကို ကမ္ဘာလှည့်ခရီးသည်တွေ လာလည်ပတ်ကြတာ အံ့ဩစရာမဟုတ်ပါဘူး။ သဘာဝရှုခင်းတွေက အရမ်းကိုလှပလွန်းလို့ ကားမောင်းတဲ့သူက  အာရုံမပျံ့အောင်  ဂရုစိုက်မောင်းနေရတယ်။ အကွေ့အကောက်များတဲ့ လမ်းတွေက ကျဉ်းမြောင်းလွန်းလို့ တစ်ခါတလေ ရှေ့ကလာတဲ့ကားနဲ့ ပက်ပင်းတိုးတဲ့အခါ တစ်စီးနဲ့တစ်စီး မတိုက်မိအောင် ရှောင်သွားလို့ရပါ့မလားဆိုပြီး သင်တွေးပူမိမှာပဲ။

ဂရန်းအန်းစ်ကမ်းခြေကိုသွားတဲ့ လမ်းပေါ်မှာရှိတဲ့ ကွန်ဗင်းရှင်းထရိတ်စင်တာ  အဆောက်အအုံကို  ကျွန်တော်တို့  ရောက်သွားတယ်။  မကြာခင်  အယောက် ၆၀၀ နီးပါးရှိတဲ့ ယေဟောဝါသက်သေတွေဟာ ပေါင်းသင်းမှုလုပ်ဖို့နဲ့ ကျမ်းစာသွန်သင်ချက်တွေ ခံယူဖို့ စုရုံးရောက်ရှိလာကြတယ်။  အဲဒီနေ့က  အသက်  ၇၀  ကျော်ရှိတဲ့ လက်စ်လီနဲ့ဒက်ဖနီ ဇနီးမောင်နှံအတွက် အထူးအဓိပ္ပာယ်ရှိတဲ့ နေ့တစ်နေ့ဖြစ်တယ်။ လက်စ်လီက နှစ်ခြင်းခံတော့မှာလေ။ ဒီနေ့ကို ဒက်ဖနီ စိတ်ထက်သန်စွာ စောင့်မျှော်လာခဲ့တာ အတော်ကြာပြီ။ သူကတော့ ၁၉၅၈ ခုနှစ်မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံပြီးသွားပြီ။

သက်သေခံတွေအတွက် နှစ်ခြင်းဆိုတာ ရေထဲမှာ စုန်းစုန်းနစ်မြှုပ်လိုက်ခြင်းဖြစ်ပြီး အရမ်းအဓိပ္ပာယ်ရှိတယ်။ လူတစ်ယောက်က တိကျမှန်ကန်တဲ့ ကျမ်းစာအမှန်တရားကို သင်ယူပြီး သူ့ရဲ့အသက်တာမှာ ကျင့်သုံးပြီးရင် နှစ်ခြင်းခံရမှာဖြစ်တယ်။ ဒီနှစ်ခြင်းက ယေဟောဝါဘုရားသခင်ထံ သူ့ကိုယ်သူ အပ်နှံလိုက်ပြီဆိုတာကို လူအများရှေ့မှာ ပြသခြင်းလည်းဖြစ်တယ်။

နှစ်ခြင်းဟောပြောချက်ပေးဖို့ ကျွန်တော်  တာဝန်ရထားတယ်။ ဟောပြောလို့ပြီးသွားတဲ့အခါ လက်စ်လီနဲ့  နှစ်ခြင်းခံမယ့်  စုံတွဲတစ်တွဲက  မတ်တတ်ရပ်လိုက်ကြတယ်။ လက်စ်လီက ရှပ်အင်္ကျီအဖြူနဲ့ လည်စည်းဝတ်ထားပြီး ပြုံးလို့နေတယ်။  ကျွန်တော်က  “သင့်အပြစ်ကို နောင်တယူပြီး ယေဟောဝါဘုရားသခင့်အလိုတော်ဆောင်ဖို့ သင့်ကိုယ်သင် အပ်နှံပြီးပြီလား” လို့မေးလိုက်တယ်။ “အပ်နှံပြီးပါပြီ” လို့သူတို့ အားရပါးရ ပြန်ဖြေတဲ့အခါ သူတို့ရဲ့ စိတ်ရင်းမှန်ကန်မှုနဲ့ ဆည်းကပ်ဝတ်ပြုမှုကို သင် တွေ့မြင်နိုင်ပါတယ်။

လက်စ်လီရဲ့နောက်ခံကို သိထားတဲ့ ကျွန်တော်က ပိုလို့တောင် စိတ်လှုပ်ရှားမိတယ်။ လက်စ်လီ ကျမ်းစာဆက်မသင်တော့တာ နှစ်နဲ့ချီရှိနေပြီ။ အဲဒီနောက် တခြားကျွန်းတစ်ကျွန်းကို သူတို့ဇနီးမောင်နှံ သွားလည်ပတ်တယ်။ အဲဒီကျွန်းမှာနေတုန်း ကိုယ့်ဘာသာနဲ့ကိုယ် ဝတ်ပြုဖို့ သူတို့ ဆုံးဖြတ်ခဲ့ကြတယ်။ “မင်းက မင်းချာ့ခ်ျကိုသွား။ ငါက ငါ့ချာ့ခ်ျကိုသွားမယ်” လို့လက်စ်လီက ဒက်ဖနီကိုပြောတယ်။

လက်စ်လီက ဒက်ဖနီကို သူဝတ်ပြုတဲ့ ခန်းမရှေ့မှာ ချပေးပြီး တစ်ရပ်ကွက်ထဲမှာပဲရှိတဲ့ အင်္ဂလီကန်ချာ့ခ်ျကို သူဆက်မောင်းသွားတယ်။ ဝတ်ပြုစည်းဝေးပြီးသွားတဲ့အခါ လက်စ်လီက သူ့ဇနီးကို ပြန်ဝင်ခေါ်တယ်။ အဲဒီဝတ်ပြုရာခန်းမမှာ ကြင်နာပြီး ဖော်ရွေတဲ့ လူတွေက လက်စ်လီကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ တကယ်တော့ သူတို့ကို သူတစ်ခါမှ တွေ့ဖူးတာမဟုတ်ဘူး။ အဲလိုဆက်ဆံခံရတော့ လက်စ်လီ သဘောကျသွားတယ်။ သူ့ချာ့ခ်ျမှာတော့ သူ့ကို စကားတစ်ခွန်းတောင် လာပြောကြတာမဟုတ်ဘူး။ လက်စ်လီက ဒက်ဖနီကို “ငါ အဲဒီချာ့ခ်ျကို ဘယ်တော့မှ ထပ်မသွားတော့ဘူး။ တခြားသူတွေမပြောနဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတောင်မှ ငါ့ကို ဂရုမစိုက်ဘူး။ ငါ့ကို ဘယ်သူမှလည်း မနှုတ်ဆက်ဘူး။ ချာ့ခ်ျထဲကို ငါ ဝင်သွားလိုက်တယ်။ ပြီးရင် ပြန်ထွက်လာတယ်” လို့ပြောတယ်။ လက်စ်လီ ချာ့ခ်ျကနေ ထွက်လာပြီးကတည်းက ဘယ်တော့မှ နောက်ကြောင်းပြန်မလှည့်တော့ဘူးလို့ သူဆုံးဖြတ်လိုက်တယ်။

အဲဒီနောက် လက်စ်လီက သမ္မာကျမ်းစာကို လေးလေးနက်နက် စလေ့လာခဲ့တယ်။ အခုဆိုရင် သူက နှစ်ခြင်းခံဖို့ အသင့်ဖြစ်နေပြီ။ နှစ်ခြင်းခံမယ့်သူတွေက ကမ်းခြေကို ထွက်သွားတဲ့အခါ ကျွန်တော်တို့လည်း သူတို့နောက်က လိုက်သွားကြတယ်။ ပင်လယ်နဲ့နီးတဲ့အတွက် ယေဟောဝါသက်သေတွေရဲ့ စည်းဝေးကြီးတွေမှာ လုပ်နေကျဖြစ်တဲ့ နှစ်ခြင်းခံတဲ့ကန်တွေ လုပ်စရာမလိုဘူးပေါ့။ လမ်းကိုဖြတ်ကူးလိုက်တာနဲ့ ကမ်းခြေကိုရောက်သွားပြီလေ။

တစ်နှစ်ပတ်လုံး  နွေးနေတဲ့  အပြာရောင်သမုဒ္ဒရာနဲ့  ရင်သပ်ရှုမောစရာကောင်းပြီး နှစ်မိုင်ကျယ်တဲ့ ဂရန်းအန်းစ်သဲသောင်ကမ်းခြေကို ရောက်ပါပြီ။ ရှပ်အင်္ကျီနဲ့ လည်စည်းဝတ်ထားတဲ့ အမျိုးသားတွေနဲ့  စကတ်ဝတ်ထားတဲ့ အမျိုးသမီးတွေပါတဲ့ ကျွန်တော်တို့လူအုပ်ကို ကမ္ဘာလှည့်ခရီးသည်တွေက တအံ့တဩ ကြည့်နေကြတယ်။ လက်စ်လီက တီရှပ်နဲ့ဘောင်းဘီတို လဲဝတ်ထားပြီးနေပြီ။ ဒက်ဖနီ နှစ်ခြင်းခံပြီးလို့ အနှစ် ၅၀ အကြာမှ ခင်ပွန်းဖြစ်သူ နှစ်ခြင်းခံတာကိုကြည့်ပြီး ဘယ်လောက်ဝမ်းသာလိုက်မလဲဆိုတာ မြင်ယောင်ကြည့်လိုက်ပါ။ နေ့ခင်း နေက ထွန်းလင်းတောက်ပနေသလို ဒက်ဖနီရဲ့အပြုံးကလည်း တောက်ပပြီး ကြည်လင်ရွှင်ပျနေတယ်။ ကမ္ဘာလှည့်ခရီးသည်တွေကိုတောင် အပျော်တွေ ကူးစက်သွားတယ်။ သူတို့လည်း တစ်ယောက် နှစ်ခြင်းခံပြီးသွားတိုင်း ဝိုင်းလက်ခုပ်တီးပေးကြတယ်။

ပြာလဲ့လဲ့ မိုးကောင်းကင်၊ ဖြူလွှလွှ သဲပြင်ကျယ်နဲ့ သိမ်မွေ့ညင်သာတဲ့ ရေလှိုင်းလေးတွေ ရိုက်ခတ်နေတဲ့ ပင်လယ်ကမ်းခြေကလည်း ဖန်ဆင်းရှင်ကို ချီးမွမ်းပြီးသားပါ။ နှစ်ခြင်းခံပြီးခါစ လူသစ်သုံးယောက် ရေထဲကနေ ပြန်ပေါ်လာတဲ့အခါ ဖန်ဆင်းရှင်ကို ပိုပြီးတော့တောင် ချီးမွမ်းကြမှာဖြစ်တယ်။ သူတို့နှစ်ခြင်းခံတာကိုကြည့်ပြီး  ခံစားရတဲ့  နွေးထွေးမှုက နေရောင်ခြည်ရဲ့ နွေးထွေးမှုထက် ပိုပါတယ်။ အဲဒီနေ့က တကယ့်ကို ထူးခြားတဲ့နေ့ပဲ။ ပင်လယ်ကမ်းခြေကို ရောက်ခဲ့တဲ့ အဲဒီနေ့က လက်စ်လီနဲ့ဒက်ဖနီတို့အတွက် ပိုလို့တောင် ထူးခြားပါသေးတယ်။