မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နှစ် ၅၀၀ပြည့် ကယ်လ်ဗင်အယူဝါဒ ဘာတွေကို ဖြစ်မြောက်စေခဲ့ပြီလဲ

နှစ် ၅၀၀ပြည့် ကယ်လ်ဗင်အယူဝါဒ ဘာတွေကို ဖြစ်မြောက်စေခဲ့ပြီလဲ

နှစ် ၅၀၀ပြည့် ကယ်လ်ဗင်အယူဝါဒ ဘာတွေကို ဖြစ်မြောက်စေခဲ့ပြီလဲ

ဇန်ခိုဗင် (ဂျွန်ကယ်လ်ဗင်) ကို ၁၅၀၉ ခုနှစ်၊ ပြင်သစ်နိုင်ငံ နွိုင်ရွန်မြို့မှာ မွေးဖွားခဲ့တယ်။ သူဟာ ဥရောပ၊ အမေရိက၊ တောင်အာဖရိကနဲ့ တခြားနေရာက လူတွေရဲ့ ဘဝအပေါ် အရေးပါတဲ့ အကျိုးသက်ရောက်မှုဖြစ်စေခဲ့တဲ့ ဘာသာရေးလှုပ်ရှားမှုကို စတင်ခဲ့တယ်။ အနောက်တိုင်းခရစ်ယာန်သမိုင်းမှာ သူ့ကို အဓိကပြုပြင်ပြောင်းလဲရေးသမားတွေထဲက တစ်ယောက်အဖြစ် ယူမှတ်ကြတယ်။

ကနေ့ဆိုရင်  ကယ်လ်ဗင်ရဲ့သက်တမ်းက  အနှစ်  ၅၀၀  ခန့်ရှိပြီဖြစ်ပေမဲ့  သူ့ရဲ့  သွန်သင်ချက်တွေဖြစ်တဲ့  ကယ်လ်ဗင်အယူဝါဒက ရီဖောင်း၊ ပရက်ဇ်ဘီတီးရီးယန်း၊ ကွန်ဂရီဂေရှင်နယ်လ်၊ ပြူရီတန်အစရှိတဲ့ ပရိုတက်စတင့်ဂိုဏ်းဂဏတွေမှာ တစ်နည်းမဟုတ်တစ်နည်း လွှမ်းမိုးနေဆဲ။ ပြုပြင်ပြောင်းလဲရေး ခရစ်ယာန်အသင်းတွေရဲ့ ကမ္ဘာ့မဟာမိတ်အဖွဲ့က နိုင်ငံပေါင်း ၁၀၇ နိုင်ငံမှာ နောက်လိုက် ၇၅ သန်းရှိတယ်ဆိုပြီး မနှစ်က စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့တယ်။

ကက်သလစ်အယူဝါဒနဲ့ ဆန့်ကျင်ကွဲလွဲခြင်း

ကယ်လ်ဗင်ရဲ့ဖခင်က ရှေ့နေတစ်ယောက်ဖြစ်ပြီး နွိုင်ရွန်မြို့က ကက်သလစ်အသင်းရဲ့  အတွင်းရေးမှူးလည်းဖြစ်တယ်။  ဒါကြောင့် အဲဒီအချိန်က ပျံ့နှံ့နေတဲ့ ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီးတွေရဲ့ အကျင့်ပျက်ပြားမှုတွေကို  ကိုယ်တိုင်ကိုယ်ကျ  သူတွေ့မြင်ခဲ့ရဖွယ်ရှိတယ်။ အဲဒါက  ကက်သလစ်အသင်းကို  မလေးမစားပြုမူဖို့  ဒါမှမဟုတ်  ဆန့်ကျင်ကန့်ကွက်ဖို့  အကြောင်းဖန်လာတာဟုတ်မဟုတ် မသေချာပေမဲ့ ဂျွန်ရဲ့အဖေနဲ့အစ်ကိုတို့ဟာ အသင်းကနေ ဖယ်ကြဉ်ထားခြင်း ခံခဲ့ရတယ်။ သူ့ဖခင် ကွယ်လွန်တဲ့အခါ ခရစ်ယာန်ဓလေ့ထုံးစံနဲ့အညီ  သင်္ဂြိုဟ်ဖို့  အခက်တွေ့ခဲ့ရတယ်။  အဲဒီဖြစ်ရပ်တွေကြောင့်  ကက်သလစ်အယူဝါဒအပေါ်  ဂျွန်ရဲ့အယုံအကြည်ကင်းမဲ့မှုက ပိုပြီးကြီးထွားလာခဲ့တာ ဖြစ်ရမယ်။

ကယ်လ်ဗင်နဲ့ပတ်သက်တဲ့  စာပေတွေမှာ  သူဟာ ဘာသိဘာသာနေတတ်ပြီး စကားနည်းတဲ့သူအဖြစ် ဖော်ပြထားရုံကလွဲရင် သူ့ရဲ့ငယ်ဘဝအကြောင်းကို မဖော်ပြထားဘူး။ ပါရီ၊ အော်လီယန်ဇ်နဲ့ ဘားဂျက်စ်မြို့တွေမှာ  ကျောင်းသွားတက်တုန်းကလည်း  သူ့မှာ မိတ်ဆွေအပေါင်းအသင်း မရှိသလောက်ပဲ။ ဒါပေမဲ့ သူဟာ ဖြတ်ထိုးဉာဏ်ကောင်းပြီး မှတ်ဉာဏ်အရမ်းကောင်းတယ်။ အဲဒီလိုပင်ကိုစွမ်းရည်တွေရှိတဲ့အပြင် နေ့တိုင်း မနက် ငါးနာရီကနေ ညသန်းခေါင်အထိ စာဖတ်တဲ့အတွက် သူ့အသက် ၂၃ နှစ်မပြည့်ခင်မှာပဲ ဥပဒေပါရဂူတစ်ယောက် ဖြစ်လာခဲ့တယ်။ သည့်အပြင် သူဟာ သမ္မာကျမ်းစာကို လေ့လာဖို့ ဟီဘရူး၊ ဂရိနဲ့ လက်တင်ဘာသာစကားတွေကိုလည်း လေ့လာသင်ယူခဲ့တယ်။ လေးနက်ပြီး စည်းစနစ်ကျတဲ့ လုပ်ငန်းခွင်ကျင့်ဝတ်ကြောင့် ကယ်လ်ဗင်ကို ကနေ့ထက်ထိ လူသိများကြတယ်။ အဲဒီကျင့်ဝတ်က ကယ်လ်ဗင်အယူဝါဒနဲ့ဆက်စပ်နေတယ်။

ဒီအတောအတွင်း  ဂျာမနီနိုင်ငံရဲ့  နယ်စပ်တစ်လျှောက်မှာ မာတင်လူသာကလည်း  ကက်သလစ်အသင်းရဲ့ အကျင့်ပျက်ပြားမှု၊ ကျမ်းစာနဲ့မညီတဲ့  သွန်သင်ချက်တွေကို  ပြောင်ပြောင်တင်းတင်း ပြစ်တင်ဝေဖန်နေတယ်။ ၁၅၁၇ ခုနှစ်မှာ သူဟာ ချာ့ခ်ျကို ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းထားတဲ့ ဆန့်ကျင်ကန့်ကွက်စာ ၉၅ စောင်ကို ဗစ်တန်ဘာ့ဂ်မြို့က  ချာ့ခ်ျတစ်ခုရဲ့  တံခါးမှာ  ကပ်ထားခဲ့တယ်လို့ လူအများက ယူဆကြတယ်။ လူအများက လူသာကို ထောက်ခံကြတဲ့အတွက် ပြုပြင်ပြောင်းလဲရေးက ဥရောပတစ်ခွင် အလျင်အမြန် ပျံ့နှံ့သွားတယ်။ အဲဒါကြောင့် နေရာဒေသအတော်များများမှာ ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေ ဖြစ်ပေါ်လာတယ်။ အဲဒီပရိုတက်စတင့်တွေဟာ အသက်ဘေးနဲ့ ရင်ဆိုင်ရမှာကိုသိလျက်နဲ့ သူတို့ရဲ့ ရှုမြင်ချက်တွေကို ကာကွယ်ခဲ့ကြတယ်။ ၁၅၃၃ ခုနှစ်၊ ပါရီမြို့မှာ ကယ်လ်ဗင်ရဲ့မိတ်ဆွေ နီခိုလာ ခေါ့ပ်က လူသာကိုထောက်ခံတဲ့ ဟောပြောချက်တစ်ခုပေးခဲ့တယ်။ သူ့ဟောပြောချက်ကို ကယ်လ်ဗင် ကူရေးပေးခဲ့တဲ့အတွက် သူတို့နှစ်ယောက်စလုံး အသက်ဘေးကနေလွတ်အောင် ထွက်ပြေးခဲ့ရတယ်။ အဲဒီအချိန်ကစပြီး ကယ်လ်ဗင်ဟာ ပြင်သစ်နိုင်ငံကို ဘယ်တော့မှ ခြေဦးမလှည့်တော့ဘူး။

၁၅၃၆ ခုနှစ်မှာ  ကယ်လ်ဗင်ဟာ  ပရိုတက်စတင့်ယုံကြည်ချက်အတွက် အခြေခံမူတွေကို ရေးသားဖော်ပြထားတဲ့ စာအုပ်တစ်အုပ် (Institutes of the Christian Religion) ကို ထုတ်ဝေခဲ့တယ်။  ပြင်သစ်နိုင်ငံက  ပရိုတက်စတင့်တွေကို  နောက်ပိုင်းမှာ ဟယူးဂနော့တ်လို့ခေါ်ပြီး သူတို့ကို ကာကွယ်ပေးတဲ့အနေနဲ့ ဘုရင် ဖရန်စစ္စ ၁ ကိုဦးတည်ပြီး အဲဒီစာအုပ်ကို ရေးထားတာဖြစ်တယ်။ ကယ်လ်ဗင်ဟာ  ကက်သလစ်သွန်သင်ချက်တွေကို တိုက်ခိုက်ပြီး သူ့ရဲ့ အဓိကအယူဝါဒဖြစ်တဲ့  ဘုရားသခင့်အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို စွဲကိုင်ထားတယ်။ ကယ်လ်ဗင်ရဲ့ အဲဒီစာအုပ်က ဘာသာရေးကိစ္စရပ်တွေအပေါ် အကျိုးသက်ရောက်တဲ့အပြင် ပြင်သစ်ဘာသာစကားနဲ့ စာပေရေးသားဟန်တွေအပေါ်မှာလည်း ဩဇာလွှမ်းမိုးထားတယ်။ ကယ်လ်ဗင်ဟာ ကနဦးပြုပြင် ပြောင်းလဲရေးသမားတွေထဲမှာ တစ်ယောက်အဖြစ် ဂုဏ်ပြုခံရတယ်။ နောက်ပိုင်းမှာ သူဟာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ အခြေချနေထိုင်ပြီး ၁၅၄၁ ခုနှစ်ကစပြီး အဲဒီမြို့မှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ဆက်လုပ်ဆောင်ခဲ့တယ်။

ဂျီနီဗာမြို့မှာ ပြုပြင်ပြောင်းလဲရေးကို ဆက်လုပ်ဆောင်

ကယ်လ်ဗင်ဟာ ဂျီနီဗာမြို့မှာ ဩဇာညောင်းဖို့ ကြိုးပမ်းခဲ့တယ်။ ကိုယ်ကျင့်တရားကောင်းမှုနဲ့ ဖြောင့်မတ်မှုကို သူ နှစ်သက်လွန်းတဲ့အတွက် ဂျီနီဗာမြို့ကို “အကျင့်စာရိတ္တမကောင်းသော မြို့အဖြစ်မှ တင်းကျပ်သည့် ကိုယ်ကျင့်တရားစံနှုန်းရှိသောမြို့” အဖြစ် ပြောင်းလဲပစ်လိုက်တယ်ဆိုပြီး စွယ်စုံကျမ်းတစ်ကျမ်း (Encyclopedia of Religion) မှာဖော်ပြထားတယ်။ သည့်အပြင် တခြားနည်းတွေနဲ့လည်း ပြုပြင်ပြောင်းလဲလာတာတွေ ရှိတယ်။ ဘာလင်မြို့က ဂျာမန်သမိုင်းပြတိုက်ရဲ့ ပြတိုက်မှူး ဒေါက်တာ ဇာဘီနီ ဗစ်က ဒီလိုရှင်းပြတယ်– “ပြင်သစ်နိုင်ငံမှာ ဘာသာရေးစစ်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ပရိုတက်စတင့်တွေဟာ [ဂျီနီဗာ] မြို့ကို အစုလိုက်အပြုံလိုက် ဝင်ရောက်လာတဲ့အတွက် နှစ်အနည်းငယ်အတွင်း လူဦးရေ နှစ်ဆတိုးသွားတယ်။” ကယ်လ်ဗင်လိုပဲ လုပ်ငန်းခွင်ကျင့်ဝတ်တွေရှိတဲ့ ဟယူးဂနော့တ်တွေဟာ ဂျီနီဗာမြို့ရဲ့ စီးပွားရေးကို မြှင့်တင်ပေးတယ်။ ဂျီနီဗာမြို့မှာ ပုံနှိပ်ရေးလုပ်ငန်းနဲ့ နာရီတီထွင်ထုတ်လုပ်တဲ့လုပ်ငန်းတွေ တည်ထောင်ကြတယ်။

အင်္ဂလန်ဘုရင်မ မေရီ ၁ ရဲ့ရန်ကိုကြောက်ပြီး ထွက်ပြေးလာတဲ့ အင်္ဂလိပ်ပရိုတက်စတင့်တွေအပါအဝင် တခြားနိုင်ငံက ပရိုတက်စတင့်တွေလည်း ဂျီနီဗာမြို့ကို ရောက်လာကြတယ်။ တခြားနိုင်ငံကထွက်ပြေးလာတဲ့ လူနည်းစုတွေနဲ့ ဖွဲ့စည်းထားတဲ့ ကယ်လ်ဗင်ဝါဒီတွေဟာ ဘာသာရေးဂျာနယ်တစ်စောင် (Christ in der Gegenwart) မှာ  “ညှဉ်းပန်းနှိပ်စက်ခံရသူတွေရဲ့  ဘာသာရေးယုံကြည်ချက်” အဖြစ် ဖော်ပြထားတဲ့အရာကို လက်ခံအတည်ပြုလိုက်ကြတယ်။ ၁၅၆၀ ပြည့်နှစ်မှာ အဲဒီပရိုတက်စတင့်တွေဟာ ဂျီနီဗာကျမ်းစာကို ပုံနှိပ်ထုတ်ဝေလိုက်တယ်။ အင်္ဂလိပ်ဘာသာနဲ့ ပထမဆုံးထုတ်ဝေတဲ့ အဲဒီကျမ်းစာမှာ  နံပါတ်တပ်ထားတဲ့  ကျမ်းစာအခန်းငယ်တွေကို အပိုင်းလိုက် ဖော်ပြထားတယ်။ အရွယ်အစား ကျစ်ကျစ်လျစ်လျစ်ရှိတဲ့အတွက် ကျမ်းစာကို ကိုယ်ပိုင်လေ့လာမှုပြုဖို့ လွယ်ကူစေတယ်။ ၁၆၂၀ ပြည့်နှစ်မှာ မြောက်အမေရိကကို ထွက်ပြေးသွားတဲ့ ပြူရီတန်တွေက အဲဒီဘာသာပြန်ကျမ်းကို ယူဆောင်သွားခဲ့တာ ဖြစ်နိုင်တယ်။

ဒါပေမဲ့  ဂျီနီဗာမြို့က လူတိုင်းအတွက် လုံခြုံမှုရှိတဲ့နေရာမဟုတ်ဘူး။  ၁၅၁၁  ခုနှစ်၊  စပိန်နိုင်ငံမှာ  မွေးဖွားတဲ့  မိုက်ကယ်လ် ဆာဗီတပ်စ်က ဂရိ၊ လက်တင်၊ ဟီဘရူးဘာသာစကားတွေအပြင် ဆေးပညာကို လေ့လာဆည်းပူးခဲ့တယ်။ ဒါကြောင့် ပါရီမြို့မှာ သူကျောင်းတက်တုန်းက ကယ်လ်ဗင်နဲ့ တွေ့ဆုံခဲ့ဖွယ်ရှိတယ်။ သမ္မာကျမ်းစာကို ဆာဗီတပ်စ်လေ့လာကြည့်တဲ့အခါ သုံးပါးပေါင်းတစ်ဦးအယူက သမ္မာကျမ်းစာနဲ့မကိုက်ညီဘူးဆိုတာကို သတိပြုမိခဲ့တယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ကယ်လ်ဗင်နဲ့ စာအဆက်အသွယ်လုပ်ဖို့ သူကြိုးစားခဲ့ပေမဲ့ ကယ်လ်ဗင်က သူ့ကို ရန်သူလိုပဲ သဘောထားတယ်။ ပြင်သစ်နိုင်ငံက  ကက်သလစ်တွေရဲ့  ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဆာဗီတပ်စ်ဟာ ကယ်လ်ဗင်ရှိရာ ဂျီနီဗာမြို့ကို ထွက်ပြေးလာတယ်။ အဲဒီကိုရောက်တော့ ဖက်လဲတကင်း ကြိုဆိုခံရမယ့်အစား အယူဖောက်ပြန်ဖို့ ကြိုးစားသူဆိုပြီး အဖမ်းခံလိုက်ရတယ်။ ၁၅၅၃ ခုနှစ်မှာ သူ့ကို သစ်တိုင်တင် မီးရှို့လိုက်ကြတယ်။ “ဆာဗီတပ်စ်ကို သတ်တဲ့အမှုကြောင့် မဟာပြုပြင်ပြောင်းလဲရေးသမား [ကယ်လ်ဗင်] ရဲ့ဘဝနဲ့ လုပ်ငန်းမှာ ဖျက်လို့မရတဲ့ အမည်းစက်ဖြစ်သွားတယ်” ဆိုပြီး သမိုင်းပညာရှင် ဖရီဒရိခ် အိုနင်ဂါကပြောတယ်။

ကယ်လ်ဗင်ဟာ  ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို  ဆက်လုပ်ဆောင်နေရင်း  စာပေအများကြီး ရေးသားထုတ်ဝေခဲ့တယ်။ သူဟာ ဂျီနီဗာမြို့မှာ အကိုးအကားစာပေ ၁၀၀ ကျော်နဲ့ ပေးစာ ၁,၀၀၀ ရေးသားခဲ့တဲ့အပြင် ဟောပြောချက် ၄,၀၀၀ ခန့်ပေးခဲ့တယ်လို့ အဆိုရှိတယ်။ အထူးသဖြင့် ဘုရားသခင့်မြို့တော်အဖြစ် သူ့စိတ်ထဲမြင်ယောင်ထားတဲ့ ဂျီနီဗာမြို့မှာ ခရစ်ယာန်ဘာသာက ဘယ်လိုဖြစ်သင့်တယ်ဆိုတဲ့ သူ့အမြင်ကို ထုတ်ဖော်ရေးသားရုံတင်မကဘူး၊ ခရစ်ယာန်တွေ  ဘယ်လိုနေထိုင်သင့်တယ်ဆိုတဲ့  သူ့အယူအဆကို အတင်းအကျပ်  သွတ်သွင်းဖို့လည်း  တောက်လျှောက်ကြိုးစားခဲ့တယ်။ *

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို  ကယ်လ်ဗင်  မမောနိုင်မပန်းနိုင် လုပ်ဆောင်ခဲ့တဲ့အတွက် ဂျီနီဗာမြို့မှာ ဘာအကျိုးဖြစ်ထွန်းခဲ့သလဲ။ ဆွစ်ဇာလန်နိုင်ငံက  ဗဟိုစာရင်းအင်းရုံးရဲ့  ထုတ်ပြန်ချက်အရ ၂၀၀၀ ပြည့်နှစ်မှာ ဂျီနီဗာမြို့သား ၁၆ ရာခိုင်နှုန်းလောက်ပဲ ပြုပြင်ပြောင်းလဲရေးအသင်းသားတွေ ဖြစ်လာပြီး ကက်သလစ်အသင်းသားတွေက သူတို့ထက် ပိုများတယ်။

ဘာသာရေးမညီညွတ်မှု တစ်ဟုန်ထိုး တိုးများလာ

ပြုပြင်ပြောင်းလဲမှုကြောင့်  မြို့တွေ၊  ပြည်နယ်တွေမှာ ကက်သလစ်၊ လူသာရင် ဒါမှမဟုတ် ကယ်လ်ဗင်အယူဝါဒတွေကို သစ္စာခံပါတယ်လို့ ကြေညာခဲ့ကြတယ်။ ရလဒ်က ဥရောပမှာ ဘာသာရေးမညီညွတ်မှု တိုးများလာတယ်။ ပြုပြင်ပြောင်းလဲရေးသမားတွေဟာ ကက်သလစ်အသင်းကို ဝေဖန်ပုတ်ခတ်တဲ့နေရာမှာ စည်းလုံးပေမဲ့  သူတို့အချင်းချင်းမှာတော့  မတည့်ကြဘူး။ အထက်မှာ ဖော်ပြခဲ့တဲ့ ဒေါက်တာဗစ်က ဒီလိုမှတ်ချက်ရေးခဲ့တယ်– “ဘာသာရေးယုံကြည်ချက်ဆိုင်ရာ သဘောကွဲလွဲမှုက ပရိုတက်စတင့်အုပ်စုထဲမှာ ပိုတောင်များနေသေးတယ်။”  ခရစ်ယာန်ယုံကြည်ချက်ရဲ့ အခြေခံက သမ္မာကျမ်းစာ  ဖြစ်သင့်တယ်လို့  အားလုံးက လက်ခံထားကြပေမဲ့လည်း သူတို့ရဲ့သွန်သင်ချက်တွေက တော်တော်လေး ဆန့်ကျင်ကွဲလွဲနေတာကို တွေ့ရတယ်။ လတ်တလော ဆန့်ကျင်ကွဲလွဲနေတဲ့အရာတွေကတော့  နောက်ဆုံးညစာစားပွဲနဲ့ ခရစ်တော်ရောက်ရှိခြင်းရဲ့ အဓိပ္ပာယ်တွေဖြစ်တယ်။ အချိန်တန်တော့ ကယ်လ်ဗင်အယူဝါဒမှာ အငြင်းပွားဖွယ်အဖြစ်ဆုံး အကြောင်းအရာက တင်ကူးပြဋ္ဌာန်းခြင်း ဖြစ်လာတယ်။

တင်ကူးပြဋ္ဌာန်းခြင်းရဲ့ ဖွင့်ဆိုချက်နဲ့ပတ်သက်ပြီး အကြီးအကျယ် အငြင်းပွားခဲ့ကြတယ်။ လူသားတွေ အပြစ်မပြုခင် ဘုရားသခင် ရွေးချယ်ထားတဲ့ လူတချို့က ခရစ်တော်မှတစ်ဆင့် ကယ်တင်ခံရမယ်၊ တချို့ကတော့ ကယ်တင်ခံရမှာ မဟုတ်ဘူးဆိုပြီး ကယ်လ်ဗင်ဝါဒီ တချို့က ဆိုကြတယ်။ ဒါကြောင့် ကယ်တင်ခြင်းဆိုတာ ဘုရားသခင် ကြိုတင်သတ်မှတ်ထားပြီးသားဖြစ်ပြီး လူတိုင်း တန်းတူအခွင့်အရေးရမှာမဟုတ်ဘူးလို့ ယုံကြည်ကြတယ်။ တချို့ကယ်လ်ဗင်ဝါဒီတွေကျတော့ ကယ်တင်ခြင်းကို လူတိုင်းရနိုင်တယ်၊ ကယ်တင်ခြင်းကို လက်ခံမယ်၊ လက်မခံဘူးဆိုတာက ကိုယ်ပိုင်ရွေးချယ်မှုဖြစ်တယ်လို့ ယူဆကြတယ်။ ဆိုလိုတာက ကယ်တင်ခြင်းဟာ လွတ်လပ်စွာရွေးချယ်မှုအပေါ် မူတည်တယ်။ ကယ်လ်ဗင်သေပြီးတဲ့နောက် နှစ်ပေါင်းများစွာကြာတဲ့အထိ ကယ်လ်ဗင်ဝါဒဟာ ဘုရားသခင့် တင်ကြိုပြဋ္ဌာန်းမှု၊ လူတွေရဲ့ လွတ်လပ်စွာရွေးချယ်မှု၊ လူသားတိုင်း တန်းတူအခွင့်အရေးရမှုစတဲ့ အကြောင်းအရာတွေနဲ့ပဲ လုံးချာလိုက်နေခဲ့တယ်။

ကယ်လ်ဗင်အယူဝါဒရဲ့ ဆိုးကျိုးတချို့

၂၀  ရာစုရောက်တဲ့အခါ  ဒတ်ခ်ျပြုပြင်ပြောင်းလဲရေးအသင်းက တင်ကူးပြဋ္ဌာန်းခြင်းကို တောင်အာဖရိကနိုင်ငံမှာ လူမျိုးရေးခွဲခြားဆက်ဆံမှုအတွက် အခြေခံအဖြစ် တင်ပြပြောဆိုခဲ့ကြတယ်။ လူဖြူတွေသာ အမြင့်မြတ်ဆုံးဆိုတဲ့ အစိုးရမူဝါဒနဲ့ပတ်သက်ပြီး တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတဖြစ်လာသူ နယ်လ်ဆင် မင်ဒဲလားက ဒီလိုအခိုင်အမာဆိုခဲ့တယ်– “ဒတ်ခ်ျပြုပြင်ပြောင်းလဲရေးအသင်းက  အဲဒီမူဝါဒကို  ထောက်ခံတယ်။  ဒတ်ခ်ျလူမျိုးကနေ ဆင်းသက်လာတဲ့ လူဖြူတွေက ဘုရားသခင် ရွေးချယ်ထားတဲ့လူမျိုးဖြစ်ပြီး လူမည်းတွေကျတော့ ကျေးကျွန်မျိုးဖြစ်တယ်လို့ ပြောခြင်းအားဖြင့် ဘာသာရေးကျောထောက် နောက်ခံပြုထားတဲ့ လူမျိုးရေးအဆင့်အတန်းခွဲခြားမှု မူဝါဒကို သူတို့ပံ့ပိုးကြတယ်။ ဒတ်ခ်ျပြုပြင်ပြောင်းလဲရေးအသင်းနဲ့ လူမျိုးရေးအဆင့်အတန်းခွဲခြားမှုက ခွဲလို့မရအောင် ချိတ်ဆက်နေတယ်လို့ လူဖြူတွေက ရှုမြင်ကြတယ်။”

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ  ဒတ်ခ်ျပြုပြင်ပြောင်းလဲရေးအသင်းက  လူမျိုးရေးအဆင့်အတန်းခွဲခြားမှုကို ထောက်ခံအားပေးမှုအတွက်  လူသိရှင်ကြား တောင်းပန်ခဲ့တယ်။ ရူစတန်ဘာ့ဂ်ကြေညာချက်ဆိုတဲ့  တရားဝင်ထုတ်ပြန်ချက်မှာ  ချာ့ခ်ျအသင်းခေါင်းဆောင်တွေက  ဒီလိုဝန်ခံထားတယ်–  “ကျွန်တော်တို့ထဲက  တချို့ဟာ လူမျိုးရေးအဆင့်အတန်းခွဲခြားတာ  မှန်ကန်ကြောင်းပြဖို့  သမ္မာကျမ်းစာကို တလွဲအသုံးပြုခဲ့တယ်။ အဲဒါကို ဘုရားသခင် ခွင့်ပြုထားတယ်ဆိုပြီး လူအတော်များများက ယုံကြည်သွားကြတယ်။” နှစ်တွေတစ်လျှောက်  ပြုပြင်ပြောင်းလဲရေးအသင်းက  လူမျိုးရေးအဆင့်အတန်းခွဲခြားမှုကို အားပေးအားမြှောက်ပြုလာခဲ့တဲ့အတွက် လူမျိုးရေး မလိုမုန်းထားမှု ဖြစ်ပေါ်လာစေတဲ့အပြင် ဒီကိစ္စအတွက် ဘုရားသခင်မှာ တာဝန်ရှိတယ်ဆိုပြီးတော့တောင် ရိုးတိုးရိပ်တိပ်ပြောလာကြတယ်။

၁၅၆၄ ခုနှစ်၊ ဂျီနီဗာမြို့မှာ ဂျွန်ကယ်လ်ဗင် ကွယ်လွန်သွားတယ်။ လူပြောသူပြောအရ သူသေခါနီးမှာ “လုံးဝမထိုက်တန်တဲ့သူတစ်ယောက်ကို ဘွဲ့ထူးဂုဏ်ထူးတွေ အများကြီး ပေးအပ်ချီးမြှင့်တဲ့အတွက်” သူ့အသင်းသားတွေကို ကျေးဇူးတင်ပြီး စိတ်မရှည်မှုနဲ့ ဒေါသကြီးမှုတွေအတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့တယ်။ သူ့မှာ အဲလိုအားနည်းချက်တွေ ရှိပေမဲ့လည်း အလုပ်ကြိုးစားမှု၊ စည်းကမ်းရှိမှု၊ ကိုယ့်ကိုယ်ကိုယ်ကြပ်မတ်မှု၊ အလုပ်မှာ အာရုံစူးစိုက်မှုစတဲ့ ပရိုတက်စတင့်လုပ်ငန်းခွင်ကျင့်ဝတ်က ဂျွန်ကယ်လ်ဗင်ဆိုတဲ့ပုဂ္ဂိုလ်နဲ့ သူ့ရဲ့စံနှုန်းတွေကို ခွဲလို့မရအောင် တစ်ထပ်တည်း ကျနေစေတာကိုတော့ ငြင်းစရာအကြောင်းမရှိဘူး။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 ထပ်ဆင့်သိလိုပါက ယေဟောဝါသက်သေများထုတ်ဝေသော ဘုရားသခင်ကို လူသားများရှာပုံတော် စာအုပ် စာမျက်နှာ ၃၂၁-၃၂၅ [အင်္ဂလိပ်] တွင်ကြည့်ပါ။

[စာမျက်နှာ ၂၁ ပါ အကျဉ်းဖော်ပြချက်]

ပြုပြင်ပြောင်းလဲမှုကြောင့် မြို့တွေ၊ ပြည်နယ်တွေမှာ ကက်သလစ်၊ လူသာရင် ဒါမှမဟုတ် ကယ်လ်ဗင်အယူဝါဒတွေကို သစ္စာခံပါတယ်လို့ ကြေညာခဲ့ကြတယ်။ ရလဒ်က ဥရောပမှာ ဘာသာရေးမညီညွတ်မှု တိုးများလာ

[စာမျက်နှာ ၁၈ ပါမြေပုံ]

(ကားချပ်အပြည့်အစုံများကို စာစောင်တွင်ကြည့်ပါ)

နွိုင်ရွန်

ပါရီ

အော်လီယန်ဇ်

ဘားဂျက်စ်

ပြင်သစ်

ဆွစ်ဇာလန်

ဂျီနီဗာ

စပိန်

[စာမျက်နှာ ၁၉ ပါရုပ်ပုံ]

ပရိုတက်စတင့် ယုံကြည်ချက်အတွက် အခြေခံမူတွေကိုရေးသား ဖော်ပြထားတဲ့ ကယ်လ်ဗင်ရဲ့ “Institutes” (၁၅၃၆) စာအုပ်

[Credit Line]

© INTERFOTO/Alamy

[စာမျက်နှာ ၂၀ ပါရုပ်ပုံ]

ဆာဗီတပ်စ်ကို ကွပ်မျက်လိုက်တဲ့ အတွက် ကယ်လ်ဗင်ရဲ့ဘဝနဲ့ လုပ်ငန်းမှာ ဖျက်လို့မရတဲ့ အမည်းစက်ဖြစ်သွား

[Credit Line]

© Mary Evans Picture Library

[စာမျက်နှာ ၂၁ ပါရုပ်ပုံ]

“ဂျီနီဗာကျမ်းစာ” (၁၅၆၀) ဟာ နံပါတ်တပ်ထားတဲ့ ကျမ်းစာ အခန်းငယ်များပါရှိတဲ့ ပထမဆုံး အင်္ဂလိပ် ဘာသာပြန် ကျမ်းစာဖြစ်

[Credit Line]

Courtesy American Bible Society

[Picture Credit Line on page 18]

French town: © Mary Evans Picture Library