မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကာဣန ဘယ်ကမိန်းမရသလဲ

ကာဣန ဘယ်ကမိန်းမရသလဲ

စာရှုသူများအမေး . . .

ကာဣန ဘယ်ကမိန်းမရသလဲ

▪ “အာဒံနဲ့ ဧဝမှာ ကာဣနနဲ့ အာဗေလဆိုတဲ့ သားနှစ်ယောက်ပဲ ရှိတဲ့အတွက် ကာဣန ဘယ်ကမိန်းမရသလဲ။” ကျမ်းစာဝေဖန်ရေးသမားတွေက အဲဒီလိုပရိယာယ်ဆင်ပြီး မေးလေ့ရှိပေမဲ့ သမ္မာကျမ်းစာထဲမှာ စိတ်ကျေနပ်ဖွယ်ကောင်းတဲ့ အဖြေကို လုံလုံလောက်လောက်  ပေးထားပါတယ်။

ကမ္ဘာဦး အခန်းကြီး ၃ နဲ့ မှာ အချက်ငါးချက်ကို အခုလို ဖော်ပြထားပါတယ်– (၁) ဧဝက “အသက်ရှင်သောသူအပေါင်းတို့၏ အမိ” ဖြစ်တယ်။ (၂) ကာဣနမွေးဖွားချိန်နဲ့ ဘုရားသခင်ရဲ့ ငြင်းပယ်မှုကို ခံခဲ့ရတဲ့ယဇ်ကို ပူဇော်တဲ့အချိန်က တော်တော်ကွာဟတယ်။ (၃) ပြည်နှင်ဒဏ်ပေးခံရပြီးတဲ့နောက် “အရပ်ရပ်လည်ရသောသူ” ဖြစ်လာတဲ့ ကာဣနက သူ့ကို “တွေ့သမျှသောသူတို့” သတ်မှာကို စိုးရိမ်ခဲ့တယ်။ (၄) ကာဣနကို မွေးချင်းတွေ ဒါမှမဟုတ် ဆွေမျိုးတွေ မသတ်ဖို့အတွက် ဘုရားသခင်က အမှတ်လက္ခဏာတစ်ခုပေးခဲ့တယ်။ (၅) “ထိုအခါ” ကာဣနက “နောဒပြည်” ကမိန်းမကို လက်ထပ်ယူခဲ့တယ်။—ကမ္ဘာဦး ၃:၂၀; ၄:၃၊ ၁၂၊ ၁၄-၁၇

ဒါကြောင့် ကာဣနရဲ့ဇနီးက ဧဝရဲ့ သားစဉ်မြေးဆက်ထဲက တစ်ယောက်ယောက်ဖြစ်တယ်လို့ မှန်ကန်စွာ ကောက်ချက်ချနိုင်တယ်။ သူ့ကို ဘယ်အချိန်မှာ မွေးတယ်ဆိုတာတော့ မဖော်ပြထားပါဘူး။ အာဒံ အသက် ၉၃၀ အတောအတွင်း ‘သားသမီးများကို ရလေ၏’ လို့ ကမ္ဘာဦး ၅:၄ မှာ ဖော်ပြထားတယ်။ ကာဣနရဲ့ ဇနီးက ဧဝရဲ့ သမီးဖြစ်တယ်လို့ ကျမ်းစာက အတိအကျ မပြောထားဘူး။ ကာဣန ပြည်နှင်ဒဏ်ခံရပြီးတဲ့နောက်မှ သူ့ဇနီးအကြောင်းကို ဖော်ပြတယ်။ ဒီစပ်ကြားမှာ အချိန်အတော်ကြာ ကုန်လွန်သွားခဲ့တဲ့အတွက် သူ့ဇနီးက အာဒံနဲ့ဧဝတို့ရဲ့ မြေးတစ်ယောက်ယောက် ဖြစ်နိုင်တယ်။ ဒါကြောင့် ကျမ်းစာတစ်အုပ် (The Amplified Old Testament) မှာ ကာဣနရဲ့ဇနီးကို “အာဒံရဲ့ သားမြေးတစ်ယောက်” လို့ ဖော်ပြထားတယ်။

ကာဣနက အသတ်ခံရမှာကိုစိုးတဲ့အတွက် ဘုရားသခင်က အမှတ်လက္ခဏာတစ်ခု ပေးခဲ့တယ်။ အကြောင်းရင်းက အာဒံရဲ့သားစဉ်မြေးဆက်တွေဟာ “မြို့ရွာတွေ တည်ထောင်နိုင်လောက်အောင်” တိုးပွားများပြားလာပြီဖြစ်တယ်လို့ ၁၉ ရာစုက သမ္မာကျမ်းစာ အနက်ဖွင့်သူ အာဒမ် ကလာ့ခ်က ဆိုတယ်။

ကာဣနက သူ့ရဲ့ညီမ ဒါမှမဟုတ် အာဒံရဲ့သားမြေးထဲက အမျိုးသမီးတစ်ယောက်ကို လက်ထပ်ခဲ့တယ်ဆိုတာဟာ ကနေ့ လူ့အဖွဲ့အစည်းအတွက် မတွေးဝံ့စရာပဲ။ ဘာကြောင့်လဲဆိုတော့ လူမှုရေးအရ ခွင့်မပြုတဲ့အရာဖြစ်တဲ့အပြင် မျိုးရိုးဗီဇဆိုင်ရာ ချွတ်ယွင်းချက်တွေ ရှိနိုင်တဲ့အတွက်ကြောင့် ဖြစ်တယ်။ ဒါပေမဲ့ အက်ဖ်၊ လာဂါ စမစ်က ကျမ်းတစ်အုပ် (The Narrated Bible in Chronological Order) မှာ ဒီလိုဖော်ပြထားတယ်– “အာဒံနဲ့ဧဝကနေ ဆင်းသက်လာတဲ့ မောင်နှမအချင်းချင်း လက်ထပ်တာက ဘာမှမဖြစ်ပေမဲ့ နောက်ပိုင်းမျိုးဆက်တွေမှာတော့ မောင်နှမအချင်းချင်း လက်ထပ်တာက မသင့်တော်ဘူးလို့ ယူဆကြတယ်။” ဘီစီအီး ၁၅၁၃ မှာ အစ္စရေးလူမျိုးအတွက် ဘုရားသခင့်ပညတ်တွေကို မောရှေ လက်ခံရရှိပြီးချိန်နောက်ပိုင်းကျမှ သွေးရင်းသားရင်းတွေ အိမ်ထောင်ပြုတာကို တိတိကျကျ တားမြစ်တာက မှတ်သားစရာပဲ။—ဝတ်ပြုရာ ၁၈:၉၊ ၁၇၊ ၂၄

ကနဦးမိဘတွေ ပိုင်ဆိုင်ခဲ့ကြတဲ့ စုံလင်မှုနဲ့ ကျွန်ုပ်တို့ ဝေးကွာခဲ့တာ နှစ်ပေါင်းထောင်နဲ့ချီ ရှိနေပြီ။ ကျွန်ုပ်တို့မှာရှိနိုင်တဲ့ မျိုးရိုးဗီဇအကျိုးသက်ရောက်မှုတွေက သူတို့မှာ ရှိချင်မှရှိမှာ။ မကြာသေးမီက လေ့လာတွေ့ ရှိချက်တွေအရ လက်ထပ်ထားတဲ့ တစ်ဝမ်းကွဲမောင်နှမတွေ ကလေးမွေးတဲ့အခါ သူတို့ကလေးတွေမှာရှိတဲ့ မွေးရာပါချို့ယွင်းချက်တွေက လူတွေယူဆထားသလောက် မများဘူးဆိုပြီး ဂျာနယ်တစ်စောင် (Journal of Genetic Counseling) မှာဖော်ပြထားတယ်။ အာဒံအသက်ရှင်စဉ် ဒါမှမဟုတ် နောဧခေတ်မတိုင်ခင်က သွေးရင်းသားရင်းတွေ လက်ထပ်ယူတာကို စိုးရိမ်စရာမလိုဘူးလို့ ပြောတာက ယုတ္တိရှိပါတယ်။ ဒါကြောင့် ကာဣနရဲ့မိန်းမက သူ့ရဲ့ဆွေမျိုးတစ်ယောက်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။