မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ခရစ်တော်တည်းဟူသော သင်တို့၏ခေါင်းဆောင် တစ်ပါးတည်းရှိ၏”

“ခရစ်တော်တည်းဟူသော သင်တို့၏ခေါင်းဆောင် တစ်ပါးတည်းရှိ၏”

“ခရစ်တော်တည်းဟူသော သင်တို့၏ခေါင်းဆောင် တစ်ပါးတည်းရှိ၏”

‘ခေါင်းဆောင်ဟူ၍ အခေါ်မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့၏ခေါင်းဆောင် တစ်ပါးတည်းရှိ၏။’—မ. ၂၃:၁၀

၁။ ယေဟောဝါသက်သေတွေက ခေါင်းဆောင်အဖြစ် ဘယ်သူ့ကို လက်ခံကြသလဲ၊ ဘာကြောင့်လဲ။

ခရစ်ယာန်ဘောင်ချာ့ခ်ျတွေမှာ ရောမပုပ်ရဟန်းမင်း၊ အရှေ့တိုင်းသြသဒေါက်ချာ့ခ်ျ ဂိုဏ်းအုပ်ဂိုဏ်းချုပ်တွေရှိသလို တခြားဝတ်ပြုရေးတွေမှာလည်း လူသားခေါင်းဆောင်တွေရှိတယ်။ ယေဟောဝါသက်သေတွေကတော့ ဘယ်လူသားတစ်ဦးကိုမှ ခေါင်းဆောင်အဖြစ် လက်မခံကြဘူး။ သူတို့တွေဟာ လူသားတစ်ဦးတစ်ယောက်ရဲ့ တပည့်နောက်လိုက် မဟုတ်ကြဘူး။ ဒီအချက်က မိမိသားတော်နဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ ပရောဖက်ပြုမိန့်ဆိုချက်နဲ့ ကိုက်ညီတယ်– ‘ကြည့်ရှုလော့။ ထိုသူကို ဆရာဖြစ်စေခြင်းငှာလည်းကောင်း၊ စီရင်အုပ်စိုးသောအရှင် ဖြစ်စေခြင်းငှာလည်းကောင်း လူမျိုးတို့အားငါပေးပြီ။’ (ဟေရှာ. ၅၅:၄) စွမ်းအားတော်ဖွားခရစ်ယာန်တွေနဲ့ သူတို့ရဲ့အပေါင်းပါ “အခြားသိုး” တွေဟာ ယေဟောဝါပေးထားတဲ့ ခေါင်းဆောင်ကလွဲလို့ တခြားဘယ်ခေါင်းဆောင်ကိုမှ အလိုမရှိကြဘူး။ (ယော. ၁၀:၁၆) “ခရစ်တော်တည်းဟူသော သင်တို့၏ခေါင်းဆောင် တစ်ပါးတည်းရှိ၏” ဆိုတဲ့ယေရှုရဲ့စကားကို သဘောတူလက်ခံကြတယ်။—မ. ၂၃:၁၀

အစ္စရေးလူမျိုးကို ဦးဆောင်ခဲ့တဲ့ ကောင်းကင်တမန်

၂၊ ၃။ အစ္စရေးလူမျိုးကို ကူညီဖို့ ဘုရားသခင့်သားတော် ဘယ်လိုလုပ်ဆောင်ခဲ့သလဲ။

ခရစ်ယာန်အသင်းတော်ကို မတည်ထောင်မီ ရာစုနှစ်များစွာက အစ္စရေးလူမျိုးကို ဦးဆောင်ဖို့ ကောင်းကင်တမန်တစ်ပါးကို ယေဟောဝါစီစဉ်ခဲ့တယ်။ အစ္စရေးလူမျိုးကို အီဂျစ်ပြည်က ခေါ်ထုတ်လာပြီးနောက် ယေဟောဝါ သူတို့ကို ဒီလိုမိန့်တော်မူခဲ့တယ်– “လမ်းခရီး၌ သင့်ကိုစောင့်ရှောက်၍ ငါပြင်ဆင်နှင့်သောအရပ်သို့ ပို့စေခြင်းငှာ ကောင်းကင်တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။ ထိုတမန်ကို ရိုသေစွာပြုလော့။ စကားတော်ကိုနားထောင်လော့။ အာဏာတော်ကိုမဆန်နှင့်။ သင်တို့ပြစ်မှားသောအပြစ်ကို သူသည်မလွှတ်။ ငါ့နာမသည် သူ၌တည်ရှိ၏။” (ထွ. ၂၃:၂၀၊ ၂၁) ‘ယေဟောဝါနာမ တည်ရှိ’ တဲ့ ဒီကောင်းကင်တမန်ဟာ ဘုရားသခင့်သားဦးဖြစ်တယ်လို့ မှန်ကန်စွာ ကောက်ချက်ချနိုင်တယ်။

လူသားတစ်ဦးအဖြစ်  မမွေးဖွားခင်ကတည်းက ဘုရားသခင့်သားတော်မှာ မိက္ခေလဆိုတဲ့အမည်ရှိတယ်လို့ ကျွန်ုပ်တို့ နားလည်ထားကြတယ်။ ဒံယေလကျမ်းမှာ မိက္ခေလကို “သင်တို့ [ဒံယေလနှင့် အစ္စရေးလူမျိုး] ၏မင်း” လို့ခေါ်ထားတယ်။ (ဒံ. ၁၀:၂၁) ဒံယေလအချိန်မတိုင်မီ ကြာမြင့်စွာကတည်းက မိက္ခေလဟာ အစ္စရေးလူမျိုးတွေရဲ့ အရေးကိစ္စမှာ ပါဝင်ခဲ့တယ်လို့ တပည့်ဖြစ်သူယုဒ ရေးခဲ့တယ်။ မောရှေသေဆုံးပြီးနောက် စာတန်ဟာ မောရှေရဲ့အလောင်းကို အသုံးချပြီး အစ္စရေးလူမျိုးတွေ ဝတ်ပြုရေးမှာလမ်းလွဲသွားအောင်လုပ်ဖို့ ကြံစည်ခဲ့ပုံရတယ်။ မိက္ခေလက ဒီကိစ္စမှာ ကြားဝင်လုပ်ဆောင်ခဲ့တယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ယုဒ ဒီလိုပြောခဲ့တယ်– ‘ကောင်းကင်တမန်မင်း မိက္ခေလမူကား ထိုသို့မဟုတ်။ မောရှေ၏အလောင်းကိုအကြောင်းပြု၍ စာတန်နှင့် ငြင်းခုံသောအခါ ရင့်သီးသောစကားဖြင့် မစီရင်ဝံ့ဘဲ “သင့်ကို ယေဟောဝါ ဆုံးမပါစေ” ဟုသာဆိုခဲ့၏။’ (ယု. ၉) အဲဒီနောက် သိပ်မကြာမီမှာ ယေရိခေါမြို့ကို ယောရှုမသိမ်းပိုက်ခင် ဘုရားသခင့်ထောက်မမှုရမယ်လို့ သူ့ကိုလာပြောခဲ့တဲ့ ‘ယေဟောဝါ၏ဗိုလ်ခြေကို အုပ်စိုးသောဗိုလ်မှူး’ က မိက္ခေလဖြစ်မယ်ဆိုတာ သေချာတယ်။ (ယောရှု ၅:၁၃-၁၅ ကိုဖတ်ပါ။) ပရောဖက်ဒံယေလအတွက် အရေးကြီးတဲ့သတင်းစကား သယ်ဆောင်လာတဲ့ ကောင်းကင်တမန်ကို စာတန်ရဲ့တမန်က တားဆီးဖို့ကြိုးစားတဲ့အခါ ကောင်းကင်တမန်မင်းမိက္ခေလက ကူညီဖို့ ရောက်လာတယ်။—ဒံ. ၁၀:၅-၇၊ ၁၂-၁၄

ကြိုဟောထားတဲ့ ခေါင်းဆောင်ကြွလာ

၄။ ခရစ်တော်ကြွလာခြင်းအကြောင်း ဘယ်ပရောဖက်ပြုချက်က ဖော်ပြသလဲ။

ဒီအဖြစ်အပျက်မတိုင်ခင် “ခရစ်တော်သခင်” ကြွလာခြင်းနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်ကို ပရောဖက်ဒံယေယကိုပြောဖို့ ကောင်းကင်တမန်ဂါဗြေလကို ယေဟောဝါ စေလွှတ်ခဲ့တယ်။ (ဒံ. ၉:၂၁-၂၅) * အချိန်အတိအကျဖြစ်တဲ့ စီအီး ၂၉ မှာ ယေရှုက ယောဟန်ထံမှာ နှစ်ခြင်းခံခဲ့တယ်။ ယေရှုအပေါ် သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းခြင်းဖြင့် သူဟာ ခရစ်တော်၊ မေရှိယဖြစ်လာတယ်။ (မ. ၃:၁၃-၁၇; ယော. ၁:၂၉-၃၄; ဂလ. ၄:၄) ဒီလိုနည်းနဲ့ ကိုယ်တော်ဟာ ပြိုင်ဘက်ကင်းတဲ့ခေါင်းဆောင်ဖြစ်လာတယ်။

၅။ မြေကြီးဓမ္မအမှုကိုဆောင်ရွက်စဉ်မှာ ခရစ်တော်ဟာ ခေါင်းဆောင်တစ်ဦးအဖြစ် ဘယ်လိုလုပ်ဆောင်ခဲ့သလဲ။

ကိုယ်တော်ရဲ့မြေကြီးဓမ္မအမှု စတင်တာနဲ့ ယေရှုက မိမိဟာ “ခရစ်တော်သခင်” ဖြစ်ကြောင်း သက်သေပြခဲ့တယ်။ ရက်အနည်းငယ်အတွင်းမှာပဲ တပည့်တွေကို စတင်ရွေးချယ်ပြီး ပထမဆုံး အံ့ဖွယ်အမှုကို ပြုလုပ်ခဲ့တယ်။ (ယော. ၁:၃၅-၂:၁၁) ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောဖို့ ယေရှုသွားလေရာနောက်ကို တပည့်တွေ လိုက်ခဲ့တယ်။ (လု. ၈:၁) ဟောပြောခြင်းလုပ်ငန်းအတွက် သူတို့ကိုလေ့ကျင့်ပေးပြီး ဟောပြောခြင်းနဲ့ သွန်သင်ခြင်းလုပ်ငန်းမှာ ပုံသက်သေပြပြီး သူတို့ကို ဦးဆောင်ခဲ့တယ်။ (လု. ၉:၁-၆) ယနေ့ခရစ်ယာန်အကြီးအကဲတွေလည်း ဒီကဏ္ဍမှာ ကိုယ်တော့်ကို ကောင်းစွာတုပသင့်တယ်။

၆။ သိုးထိန်းတစ်ဦး၊ ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ခရစ်တော် ဘယ်လိုနည်းနဲ့ သက်သေပြခဲ့သလဲ။

ယေရှုက မိမိကိုယ်ကို မေတ္တာပြည့်ဝတဲ့ သိုးထိန်းတစ်ဦးနဲ့နှိုင်းယှဉ်ပြီး မိမိဦးဆောင်မှုရဲ့ နောက်ထပ်အသွင်အပြင်တစ်ခုကို ဖော်ပြခဲ့တယ်။ အရှေ့တိုင်းက သိုးထိန်းတွေဟာ သိုးအုပ်ရှေ့က ဦးဆောင်သွားကြတယ်။ ဒဗ္ဗလျူ အမ် သောမ်ဆင်ရဲ့ (The Land and the Book) စာအုပ်မှာ ဒီလိုရေးထားတယ်– “သိုးထိန်းတွေ သိုးတွေရှေ့ကသွားတာဟာ သူတို့ကို လမ်းပြဖို့လောက်သာမဟုတ်ဘဲ သိုးတွေအတွက် အန္တရာယ်ရှိမရှိ၊ သိုးတွေသွားလို့ရမရ သေချာစေဖို့ဖြစ်တယ်။ . . . စိမ်းလန်းတဲ့စားကျက်ရှိတဲ့နေရာကို သူရဲ့တောင်ဝှေးနဲ့ ထိန်းကျောင်းလမ်းပြပြီး အန္တရာယ်ကနေလည်း ကာကွယ်ပေးတယ်။” မိမိဟာ စစ်မှန်တဲ့သိုးထိန်းနဲ့ ခေါင်းဆောင်ဖြစ်ကြောင်း ယေရှုဒီလိုပြောခဲ့တယ်– “ငါသည် သိုးထိန်းကောင်းဖြစ်၏။ သိုးထိန်းကောင်းသည် သိုးများအတွက် မိမိ၏အသက်ကို စွန့်တတ်၏။ ငါ၏သိုးတို့သည် ငါ့စကားသံကို နားထောင်ကြ၏။ ထိုသိုးတို့ကို ငါသိ၍ သူတို့သည်လည်း ငါ့နောက်သို့ လိုက်ကြ၏။” (ယော. ၁၀:၁၁၊ ၂၇) ယေရှုက သူ့ရဲ့စကားအတိုင်း မိမိရဲ့သိုးတွေအတွက် ပူဇော်ရာယဇ်အဖြစ် အသေခံခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါက ယေရှုကို ‘အစိုးရသောအရှင်၊ ကယ်တင်သောသခင်အရာ၌ ချီးမြှင့်တော်မူ’ ခဲ့တယ်။—တ. ၅:၃၁သမ္မာကျမ်း; ဟေဗြဲ ၁၃:၂၀

ခရစ်ယာန်အသင်းတော်ရဲ့ ကြီးကြပ်မှူး

၇။ ခရစ်ယာန်အသင်းတော်ကို ကြီးကြပ်ဖို့ ယေရှု ဘာကို အသုံးပြုသလဲ။

ယေရှုရှင်ပြန်ထမြောက်ပြီး ကောင်းကင်ကိုမတက်ကြွမီမှာ တပည့်တွေကို “ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အခွင့်အာဏာရှိသမျှကို ငါ့အား အပ်နှင်းထားပြီ” လို့ပြောခဲ့တယ်။ (မ. ၂၈:၁၈) တပည့်တွေ ခရစ်ယာန်အမှန်တရားမှာ ခိုင်မြဲနေဖို့အတွက် ယေဟောဝါဟာ ယေရှုကတစ်ဆင့် သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းခဲ့တယ်။ (ယော. ၁၅:၂၆) စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ အစောပိုင်းခရစ်ယာန်တွေအပေါ် ယေရှု စွမ်းအားတော် သွန်းလောင်းခဲ့တယ်။ (တ. ၂:၃၃) သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းခြင်းက ခရစ်ယာန်အသင်းတော်တည်ထောင်တဲ့ အမှတ်အသားဖြစ်တယ်။ မြေကြီးပေါ်မှာရှိတဲ့အသင်းတော်တစ်ခုလုံးကို ကောင်းကင်ကနေဦးဆောင်ဖို့ သားတော်ကို ယေဟောဝါ ခန့်အပ်ခဲ့တယ်။ (ဧဖက် ၁:၂၂; ကောလောသဲ ၁:၁၃၊ ၁၈ တို့ကိုဖတ်ပါ။) ယေရှုက ယေဟောဝါရဲ့ သန့်ရှင်းသောစွမ်းအားတော်နဲ့ ခရစ်ယာန်အသင်းတော်ကို လမ်းညွှန်ပေးတဲ့အပြင် “ကိုယ်တော့်လက်အောက်” မှာအမှုဆောင်နေတဲ့ ကောင်းကင်တမန်တွေလည်းရှိတယ်။—၁ ပေ. ၃:၂၂

၈။ ပထမရာစုတပည့်တွေကိုဦးဆောင်ဖို့ ဘယ်သူ့ကို ခရစ်တော်အသုံးပြုခဲ့သလဲ၊ ယနေ့ကော ဘယ်သူ့ကို အသုံးပြုနေသလဲ။

ခရစ်တော်က သန့်ရှင်းသောစွမ်းအားတော်အားဖြင့် “လူ့အသွင်ဆုများ” ကိုလည်းပေးထားတယ်၊ သူတို့ထဲကတချို့ကို အသင်းတော်မှာ “သိုးထိန်းများ၊ ဆရာများ” အဖြစ် ခန့်အပ်တယ်။ (ဧ. ၄:၈၊ ၁၁) တမန်တော်ပေါလုက ခရစ်ယာန်ကြီးကြပ်မှူးတွေကို ဒီလိုတိုက်တွန်းခဲ့တယ်– “အသင်းတော်ကိုထိန်းကျောင်းရန် ကြီးကြပ်မှူးများအဖြစ် သင်တို့ကို သန့်ရှင်းသောစွမ်းအားတော်ဖြင့် ခန့်ထားတော်မူသောကြောင့် ကိုယ်ကိုလည်းကောင်း၊ သိုးတော်တစ်စုလုံးကိုလည်းကောင်း ဂရုပြုကြလော့။” (တ. ၂၀:၂၈) ခရစ်ယာန်အသင်းတော်စတည်ထောင်ချိန်မှာ ကြီးကြပ်မှူးအားလုံးဟာ စွမ်းအားတော်ဖွားအမျိုးသားတွေဖြစ်တယ်။ ဂျေရုဆလင်အသင်းတော်မှာရှိတဲ့ တမန်တော်တွေနဲ့ အကြီးအကဲတွေက အုပ်ချုပ်ရေးအဖွဲ့အဖြစ် လုပ်ဆောင်တယ်။ မြေကြီးပေါ်မှာရှိတဲ့ စွမ်းအားတော်ဖွား “ညီအစ်ကိုများ” ကိုဦးဆောင်ဖို့ အုပ်ချုပ်ရေးအဖွဲ့ကို ခရစ်တော်အသုံးပြုခဲ့တယ်။ (ဟေဗြဲ ၂:၁၁; တ. ၁၆:၄၊ ၅) ဒီဆုံးခန်းကာလမှာ ခရစ်တော်က “မိမိဥစ္စာရှိသမျှ” ဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်နဲ့ဆက်နွှယ်တဲ့အရာအားလုံးကို “သစ္စာနှင့်သတိပညာရှိသောကျွန်” နဲ့ ၎င်းကိုကိုယ်စားပြုတဲ့ အုပ်ချုပ်ရေးအဖွဲ့ကို အပ်နှင်းထားပြီး အဲဒီအဖွဲ့ကို စွမ်းအားတော်ဖွားအမျိုးသားတွေနဲ့ ဖွဲ့စည်းထားတယ်။ (မ. ၂၄:၄၅-၄၇) စွမ်းအားတော်ဖွားတွေနဲ့ သူတို့ရဲ့အပေါင်းပါ အခြားသိုးတွေဟာ မျက်မှောက်ခေတ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဦးဆောင်မှုကိုလိုက်လျှောက်ခြင်းက သူတို့ရဲ့ခေါင်းဆောင် ခရစ်တော်ရဲ့ဦးဆောင်မှုကို လိုက်လျှောက်ခြင်းဖြစ်တယ်ဆိုတာ သိထားကြတယ်။

ဟောပြောခြင်းလုပ်ငန်းကို ခရစ်တော်အစပြုလုပ်ဆောင်

၉၊ ၁၀။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းပျံ့နှံ့ဖို့ ကိစ္စရပ်တွေကို ခရစ်တော် ဘယ်လိုညွှန်ကြားခဲ့သလဲ။

ဓမ္မအမှုစတာနဲ့ ယေရှုဟာ ကမ္ဘာချီဟောပြောခြင်းနဲ့ သွန်သင်ခြင်းလုပ်ငန်းကို ကိုယ်တိုင်ညွှန်ကြားခဲ့တယ်။ လူနေထိုင်ရာမြေတစ်ပြင်လုံးမှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောရမယ်လို့ ကိုယ်တော်မိန့်ဆိုခဲ့တယ်။ ကိုယ်တော် ဓမ္မအမှုဆောင်ချိန်အတွင်းမှာ တမန်တော်တွေကို ဒီလိုပြောခဲ့တယ်– “လူမျိုးခြားတို့ရှိရာသို့ မသွားကြနှင့်။ ရှမာရိမြို့ထဲသို့ မဝင်ကြနှင့်။ သို့သော် အစ္စရေးလူမျိုး ပျောက်လွင့်သောသိုးများရှိရာသို့သာ သွားကြလော့။ သွားစဉ်တွင် ‘ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ’ ဟုဟောပြောကြလော့။” (မ. ၁၀:၅-၇) သူတို့တွေဟာ အထူးသဖြင့် စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့နောက်ပိုင်းမှာ ဂျူးတွေနဲ့ ဂျူးဘာသာဝင်တွေကြားမှာ ဇွဲနဲ့ဟောပြောခဲ့ကြတယ်။—တ. ၂:၄၊ ၅၊ ၁၀၊ ၁၁; ၅:၄၂; ၆:၇

၁၀ နောက်ပိုင်း ယေရှုဟာ သန့်ရှင်းသောစွမ်းအားတော်သုံးပြီး ရှမာရိလူတွေနဲ့ ဂျူးမဟုတ်တဲ့သူတွေထံ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းရောက်ရှိဖို့ တိုးချဲ့လုပ်ဆောင်ခဲ့တယ်။ (တ. ၈:၅၊ ၆၊ ၁၄-၁၇; ၁၀:၁၉-၂၂၊ ၄၄၊ ၄၅) လူမျိုးခြားတွေထံ သတင်းကောင်းပျံ့နှံ့ဖို့ရည်ရွယ်ချက်နဲ့ တာရှုမြို့သားရှောလုကို ခရစ်ယာန်တစ်ဦးဖြစ်လာစေဖို့ ယေရှုကိုယ်တိုင် လုပ်ဆောင်ခဲ့တယ်။ တပည့်ဖြစ်သူ အာနနိကို ယေရှုဒီလိုညွှန်ကြားခဲ့တယ်– “ထ၍၊ လမ်းဖြောင့်ဟုခေါ်သောလမ်းသို့ သွားလော့။ ယုဒ၏အိမ်တွင် ရှောလုအမည်ရှိသော တာရှုမြို့သားကို ရှာဖွေလော့။ . . . ထိုသူသည် လူမျိုးခြားတို့နှင့် ရှင်ဘုရင်များထံသို့လည်းကောင်း၊ အစ္စရေးလူမျိုးထံသို့လည်းကောင်း ငါ၏နာမကို ပို့ဆောင်စေရန် ငါရွေးကောက်သော တန်ဆာဖြစ်၏။” (တ. ၉:၃-၆၊ ၁၀၊ ၁၁၊ ၁၅) “ထိုသူ” က တမန်တော်ပေါလုဖြစ်လာတယ်။—၁ တိ. ၂:၇

၁၁။ ဟောပြောခြင်းလုပ်ငန်းတိုးချဲ့ရာမှာ သန့်ရှင်းတော်စွမ်းအားတော်ကို ခရစ်တော် ဘယ်လိုအသုံးပြုခဲ့သလဲ။

၁၁ ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းကို ဂျူးမဟုတ်တဲ့သူတွေထံတိုးချဲ့ဖို့ အချိန်ကျလာတဲ့အခါ အာရှမိုင်းနားနဲ့ အဲဒီကနေ ဥရောပဘက်ကို ခရစ်ယာန်သာသနာပြုခရီးသွားဖို့ ပေါလုကို စွမ်းအားတော်အားဖြင့် ညွှန်ကြားခဲ့တယ်။ လုကာရေးတဲ့ တမန်တော်ကျမ်းမှာ ဒီလိုဖော်ပြထားတယ်– ‘ထိုသူတို့ [ရှုရိပြည် အန္တိအုတ်မြို့ရှိ အသင်းတော်မှ ခရစ်ယာန်ပရောဖက်များနှင့် ဆရာများ] သည် ယေဟောဝါ၏အမှုတော်ကိုဆောင်ရွက်၍ အစာရှောင်လျက်နေကြစဉ် သန့်ရှင်းသောစွမ်းအားတော်က “ငါ၏အမှုတော်ကိုဆောင်ရွက်စေရန် ဗာနဗနှင့်ရှောလုတို့ကို သီးသန့်ရွေးထားကြလော့” ဟုဆင့်ဆို၏။ ထို့နောက် အစာရှောင်၍ ဆုတောင်းပြီးလျှင် သူတို့အပေါ် လက်ကိုတင်ပြီးမှ စေလွှတ်လိုက်ကြ၏။’ (တ. ၁၃:၂၊ ၃) ယေရှုရဲ့နာမကို လူမျိုးခြားတို့ထံပို့ဆောင်ဖို့ “ရွေးကောက်သောတန်ဆာ” ဖြစ်တဲ့ တာရှုမြို့သားရှောလုကို ယေရှုကိုယ်တိုင် ခေါ်ခဲ့တာဖြစ်တယ်၊ ဒါကြောင့် ဒီလမ်းစကိုဖွင့်ခဲ့သူက အသင်းတော်ရဲ့ခေါင်းဆောင် ခရစ်တော်ဖြစ်တယ်။ ယေရှုဟာ သန့်ရှင်းသောစွမ်းအားတော်ကိုသုံးပြီး ဒီလုပ်ငန်းကိုညွှန်ကြားနေတယ်ဆိုတာ ပေါလုရဲ့ ဒုတိယခရစ်ယာန်သာသနာပြုခရီးစဉ်အတွင်းမှာ ပြတ်ပြတ်သားသားထင်ရှားလာတယ်။ မှတ်တမ်းက “ယေရှုသည် စွမ်းအားတော်အားဖြင့် ခွင့်ပြုတော်မမူချေ” လို့ဖော်ပြတဲ့အတွက် ယေရှုဟာ စွမ်းအားတော်ကိုသုံးပြီး ပေါလုနဲ့ခရီးသွားဖော်တွေ ဘယ်အချိန်မှာ ဘယ်နေရာကိုသွားရမယ်ဆိုတာကို လမ်းညွှန်ခဲ့တယ်၊ ပြီးတော့ ဥရောပကိုသွားဖို့ အဆင်းအာရုံနဲ့ ညွှန်ကြားခဲ့တယ်။—တမန်တော် ၁၆:၆-၁၀ ကိုဖတ်ပါ။

အသင်းတော်ကို ယေရှုဦးဆောင်

၁၂၊ ၁၃။ အသင်းတော်တစ်ခုချင်းစီရဲ့အခြေအနေကို ယေရှုကောင်းကောင်းသိတယ်ဆိုတာ ဗျာ. ကျမ်းက ဘယ်လိုဖော်ပြသလဲ။

၁၂ စီအီး ပထမရာစုမှာရှိတဲ့ စွမ်းအားတော်ဖွားနောက်လိုက်တွေရဲ့ အသင်းတော်တွေမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို ယေရှု အနီးကပ်ကြည့်ရှုခဲ့တယ်။ အသင်းတော်တစ်ခုစီရဲ့ အခြေအနေကို ကိုယ်တော်ကောင်းကောင်းသိတယ်။ ဗျာ.ကျမ်း အခန်းကြီး ၂ နဲ့ ၃ ကိုဖတ်တဲ့အခါ ဒီအချက် သိသာထင်ရှားတယ်။ အာရှမိုင်းနားမှာရှိတဲ့ အသင်းတော်ခုနစ်ခုကို နာမည်နဲ့တကွ ကိုယ်တော်ခေါ်ဆိုခဲ့တယ်။ (ဗျာ. ၂:၁၁) အဲဒီအချိန်က မြေကြီးပေါ်မှာရှိတဲ့ မိမိနောက်လိုက်တွေရဲ့ အခြားအသင်းတော်တွေရဲ့အခြေအနေကိုလည်း ကိုယ်တော်ကောင်းကောင်းသိခဲ့မယ်ဆိုတာ ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်တယ်။—ဗျာ. ၂:၂၃ ကိုဖတ်ပါ။

၁၃ ယေရှုက တချို့အသင်းတော်တွေကို သူတို့ရဲ့ခံနိုင်ရည်ရှိမှု၊ စမ်းသပ်မှုတွေကြား သစ္စာရှိမှု၊ ကိုယ်တော့်စကားအပေါ် တည်ကြည်မှုနဲ့ အယူဖောက်ပြန်သူတွေကို ငြင်းပယ်မှုတွေအတွက် ချီးမွမ်းခဲ့တယ်။ (ဗျာ. ၂:၂၊ ၉၊ ၁၃၊ ၁၉; ၃:၈) ဒါပေမဲ့ ကိုယ်တော့်အပေါ်ထားရှိတဲ့ မေတ္တာအေးစက်လာတာ၊ မှားယွင်းတဲ့ဝတ်ပြုရေးနဲ့ မတရားမေထုန်ပြုတာကို သည်းခံခွင့်ပြုတာ၊ ဂိုဏ်းဂဏအယူအဆကို စွဲလမ်းတာတွေကြောင့် အသင်းတော်တချို့ကို ခိုင်မာပြတ်သားတဲ့ သွန်သင်ချက်တွေပေးခဲ့တယ်။ (ဗျာ. ၂:၄၊ ၁၄၊ ၁၅၊ ၂၀; ၃:၁၅၊ ၁၆) ခိုင်မာပြတ်သားတဲ့သွန်သင်ချက် ပေးခံရတဲ့သူတွေကို မေတ္တာပြည့်ဝတဲ့ကြီးကြပ်မှူးတစ်ဦးအနေနဲ့ ယေရှုဒီလိုပြောခဲ့တယ်– “ငါသည် ချစ်ခင်သောသူအပေါင်းကို ပြစ်တင်ဆုံးမ၍ ပဲ့ပြင်ပေးတတ်၏။ ထို့ကြောင့် စိတ်အားထက်သန်လော့။ နောင်တရလော့။” (ဗျာ. ၃:၁၉) ယေရှုက ကောင်းကင်မှာရှိနေပေမဲ့ မြေကြီးပေါ်မှာရှိတဲ့ တပည့်တွေရဲ့ အသင်းတော်တွေကို သန့်ရှင်းသောစွမ်းအားတော်နဲ့ ဦးဆောင်နေတယ်။ အဲဒီအသင်းတော်တွေကို ရေးတဲ့စာရဲ့အဆုံးပိုင်းမှာ “အသင်းတော်တို့အား စွမ်းအားတော် ဆင့်ဆိုသောစကားကို နားရှိသောသူ ကြားပါစေ” ဆိုပြီး ကိုယ်တော်ပြောခဲ့တယ်။—ဗျာ. ၃:၂၂

၁၄-၁၆။ (က) ယေရှုက မြေကြီးပေါ်မှာရှိတဲ့ ယေဟောဝါရဲ့လူမျိုးအတွက် ရဲစွမ်းသတ္တိရှိတဲ့ခေါင်းဆောင်ဖြစ်ကြောင်း ဘယ်လိုပြခဲ့သလဲ။ (ခ) “ဤလောကစနစ်နိဂုံးပိုင်းတိုင်အောင်” တပည့်တော်တွေနဲ့ “အတူ” ရှိခြင်းကနေ ဘာအကျိုးရရှိသလဲ။ (ဂ) နောက်ဆောင်းပါးမှာ ဘာအကြောင်းဆွေးနွေးမလဲ။

၁၄ ကျွန်ုပ်တို့သိခဲ့ပြီးဖြစ်တဲ့အတိုင်း မိက္ခေလ (ယေရှု) က အစ္စရေးလူမျိုးကို ဦးဆောင်တဲ့ ရဲစွမ်းသတ္တိရှိတဲ့ ကောင်းကင်တမန်ဖြစ်တယ်။ နောက်ပိုင်းမှာ ယေရှုဟာ အစောပိုင်းတပည့်တွေရဲ့ ရဲစွမ်းသတ္တိရှိပြီး မေတ္တာပြည့်ဝတဲ့သိုးထိန်းဖြစ်တယ်။ ကိုယ်တော်ရဲ့မြေကြီးဓမ္မအမှုဆောင်ချိန်အတွင်းမှာ ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ခဲ့တယ်။ ကိုယ်တော် ရှင်ပြန်ထမြောက်ပြီးတဲ့နောက်မှာတော့ နိုင်ငံတော်သတင်းကောင်းပျံ့နှံ့ရေးကို အနီးကပ်ကြီးကြပ်ခဲ့တယ်။

၁၅ ယေရှုဟာ စွမ်းအားတော်ကိုသုံးပြီး သက်သေခံခြင်းလုပ်ငန်းကို မြေကြီးစွန်းတိုင်အောင် တိုးချဲ့မှာဖြစ်တယ်။ ကောင်းကင်ကိုမတက်ကြွခင် တပည့်တွေကို ယေရှုဒီလိုပြောခဲ့တယ်– “သင်တို့အပေါ်သို့ သန့်ရှင်းသောစွမ်းအားတော် သက်ရောက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိ၍ ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ့အကြောင်း သက်သေခံသူများ ဖြစ်ကြလိမ့်မည်။” (တ. ၁:၈; ၁ ပေတရု ၁:၁၂ ကိုဖတ်ပါ။) ပထမရာစုမှာ ယေရှုရဲ့ဦးဆောင်မှုအောက် ကြီးကျယ်တဲ့သက်သေခံခြင်းပြီးမြောက်ခဲ့တယ်။—ကော. ၁:၂၃

၁၆ ဒါပေမဲ့ ဒီလုပ်ငန်းကို အဆုံးအထိဆက်လုပ်သွားမယ်လို့ ယေရှုကိုယ်တိုင်ဖော်ပြခဲ့တယ်။ လူမျိုးအားလုံးကို ဟောပြောဖို့နဲ့ တပည့်ဖြစ်စေခြင်းတာဝန်ကို နောက်လိုက်တွေကိုပေးအပ်ပြီးတဲ့နောက် “ငါသည်လည်း ဤလောကစနစ်နိဂုံးပိုင်းတိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်” ဆိုပြီး ကတိပေးခဲ့တယ်။ (မ. ၂၈:၁၉၊ ၂၀) ၁၉၁၄ ခုနှစ်မှာ ဘုရင်အခွင့်အာဏာကို လက်ခံရရှိချိန်ကစပြီး ခရစ်တော်ဟာ မိမိတပည့်တွေရဲ့ တက်ကြွတဲ့ခေါင်းဆောင်အဖြစ် ခါတိုင်းထက်ပိုပြီး သူတို့နဲ့ “အတူ” ရှိခဲ့တယ်။ ၁၉၁၄ ခုနှစ်ကနေစပြီး မပြတ်လုပ်ဆောင်လာတဲ့အရာတွေကို နောက်ဆောင်းပါးမှာ သုံးသပ်မှာဖြစ်တယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ဒီပရောဖက်ပြုချက်အကြောင်း ဆွေးနွေးထားတဲ့ ဒံယေလ၏ပရောဖက်ပြုချက်ကို ဂရုပြုလော့၊ အခန်း ၁၁ ကိုကြည့်ပါ။

ပြန်လည်သုံးသပ်ချက်

• အစ္စရေးလူမျိုးရဲ့တက်ကြွတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း ဘုရားသခင့်သားတော် ဘယ်လိုထင်ရှားပြခဲ့သလဲ။

• မြေကြီးပေါ်မှာရှိတဲ့အသင်းတော်ကို ခရစ်တော် ဘယ်လိုနည်းနဲ့ ဦးဆောင်သလဲ။

• သတင်းကောင်းပျံ့နှံ့ဖို့ ခရစ်တော် ဘယ်လိုညွှန်ကြားခဲ့သလဲ။

• အသင်းတော်တစ်ခုချင်းစီရဲ့ အခြေအနေကို ယေရှုကောင်းကောင်းသိတယ်ဆိုတာ ဘယ်အချက်က ဖော်ပြသလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါရုပ်ပုံ]

“ကောင်းကင်တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏”

[စာမျက်နှာ ၂၃ ပါရုပ်ပုံ]

အတိတ်ကလိုပဲ ခရစ်တော်ဟာ မိမိရဲ့သိုးအုပ်ကို ထိန်းကျောင်းဖို့ “လူ့အသွင်ဆုများ” ကို အသုံးပြု