မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယနေ့ ကျွန်ုပ်တို့ကို တက်တက်ကြွကြွ ဦးဆောင်နေသော ခေါင်းဆောင်

ယနေ့ ကျွန်ုပ်တို့ကို တက်တက်ကြွကြွ ဦးဆောင်နေသော ခေါင်းဆောင်

ယနေ့ ကျွန်ုပ်တို့ကို တက်တက်ကြွကြွ ဦးဆောင်နေသော ခေါင်းဆောင်

“သူသည် အောင်မြင်လျက်လည်းကောင်း၊ အပြီးအောင်မြင်ရန်လည်းကောင်း ထွက်သွားလေ၏။” —ဗျာ. ၆:၂

၁၊ ၂။ (က) ၁၉၁၄ ခုနှစ်ကစတင်ပြီး ဘုရင်အနေနဲ့ ခရစ်တော်ရဲ့လုပ်ဆောင်မှုကို ကျမ်းစာမှာ ဘယ်လိုဖော်ပြထားသလဲ။ (ခ) နန်းတင်ခံရပြီးကတည်းက ခရစ်တော် ဘာတွေလုပ်ဆောင်ခဲ့သလဲ။

ခရစ်တော်ဟာ ၁၉၁၄ ခုနှစ်မှာ ယေဟောဝါရဲ့ မေရှိယနိုင်ငံတော်ဘုရင်အဖြစ် နန်းထိုင်ခဲ့တယ်။ ကိုယ်တော့်ကို ဘယ်လိုမြင်ယောင်မိသလဲ။ ကောင်းကင်ပလ္လင်မှာထိုင်နေပြီး စဉ်းစားနေရင်း မြေကြီးပေါ်မှာရှိတဲ့ ကိုယ်တော့်အသင်းတော် ဘယ်လိုအခြေအနေရှိသလဲဆိုတာ တစ်ခါတစ်ရံမှ ကြည့်တဲ့ဘုရင်အနေနဲ့လား။ အဲဒီလို မြင်ယောင်တယ်ဆိုရင်တော့ ကျွန်ုပ်တို့ရဲ့အမြင်ကို ပြောင်းလဲသင့်တယ်။ ဆာလံကျမ်းနဲ့ ဗျာဒိတ်ကျမ်းမှာ ကိုယ်တော့်ကို မြင်းစီးနေတဲ့ တက်ကြွတဲ့ဘုရင်တစ်ပါးအနေနဲ့ “အောင်မြင်လျက်လည်းကောင်း၊ အပြီးသတ်အောင်မြင်ရန်လည်းကောင်း ထွက်သွားပြီး” နောက်ဆုံးမှာ လုံးဝ “အောင်မြင်” သွားတဲ့ဘုရင်တစ်ပါးအဖြစ် ဖော်ပြထားတယ်။—ဗျာ. ၆:၂; ဆာ. ၂:၆-၉; ၄၅:၁-၄

နန်းတင်ခံရပြီးနောက် ကိုယ်တော် ဦးဆုံးပြုလုပ်ခဲ့တာက “နဂါးနှင့် သူ၏ကောင်းကင်တမန်များ” အပေါ် အောင်ပွဲဆင်ခြင်းဖြစ်တယ်။ ကောင်းကင်တမန်များကိုဦးစီးတဲ့ ကောင်းကင်တမန်မင်း မိက္ခေလအနေနဲ့ ခရစ်တော်ဟာ စာတန်နဲ့ သူ့ရဲ့ကောင်းကင်တမန်တွေကို သန့်ရှင်းတဲ့ကောင်းကင်ကနေပစ်ချပြီး မြေကြီးဝန်းကျင်မှာ ချုပ်နှောင်ခဲ့တယ်။ (ဗျာ. ၁၂:၇-၉) အဲဒီနောက် ယေရှုဟာ ယေဟောဝါရဲ့ “ပဋိညာဉ်တမန်” အနေနဲ့ ခမည်းတော်နဲ့အတူ ပုံဆောင်ဝတ်ပြုရာအိမ်တော်ကို စစ်ဆေးဖို့ကြွလာခဲ့တယ်။ (မာလ. ၃:၁) “မဟာဗာဗုလုန်” ရဲ့ အပြစ်တင်အခံထိုက်ဆုံးအပိုင်းဖြစ်တဲ့ ခရစ်ယာန်ဘောင်ကို ကိုယ်တော်တရားစီရင်ခဲ့တယ်၊ ခရစ်ယာန်ဘောင်ဟာ သွေးသွန်းတဲ့အပြစ်နဲ့ လောကနိုင်ငံရေးစနစ်တွေမှာ ပါဝင်ရောယှက်တဲ့အပြစ်တွေ ကျူးလွန်ခဲ့တာကို တွေ့ခဲ့ရတယ်။—ဗျာ. ၁၈:၂၊ ၃၊ ၂၄

မြေကြီးပေါ်ရှိမိမိရဲ့ကျွန်တွေကို သန့်စင်

၃၊ ၄။ (က) ယေဟောဝါရဲ့ “တမန်” အနေနဲ့ ခရစ်တော်က ဘယ်လုပ်ငန်းကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့သလဲ။ (ခ) ဝတ်ပြုရာအိမ်တော်ကို စစ်ဆေးတဲ့အခါ ဘာကိုတွေ့ခဲ့သလဲ၊ အသင်းတော်ရဲ့ဦးခေါင်းအနေနဲ့ ခရစ်တော် ဘာတာဝန်ခန့်အပ်ခဲ့သလဲ။

ယေဟောဝါနဲ့ ကိုယ်တော့် “တမန်” စစ်ဆေးတဲ့အခါ ခရစ်ယာန်ဘောင်ချာ့ခ်ျတွေနဲ့ မသက်ဆိုင်တဲ့ စစ်မှန်တဲ့ခရစ်ယာန်အုပ်စုတစ်စုဟာ ပုံဆောင်ဝတ်ပြုရာအိမ်တော်ရဲ့ မြေကြီးရင်ပြင်မှာ ရှိနေတာကို တွေ့ရတယ်။ ဒါပေမဲ့ ဒီစွမ်းအားတော်ဖွားခရစ်ယာန် ဒါမှမဟုတ် “လေဝိသား” တွေတောင် သန့်စင်ခံရဖို့လိုခဲ့တယ်။ အဲဒါက ပရောဖက်မာလခိ ကြိုဟောတဲ့အတိုင်းဖြစ်တယ်– ‘ငွေကိုချွတ်၍ သန့်ရှင်းစေသောသူကဲ့သို့ထိုင်လျက် ရွှေငွေကိုချွတ်သကဲ့သို့ လေဝိသားတို့ကိုချွတ်၍ သန့်ရှင်းစေတော်မူသဖြင့် သူတို့သည် ယေဟောဝါအဖို့ဖြစ်၍ ဖြောင့်မတ်ခြင်းပူဇော်ရာယဇ်ကို ပူဇော်ကြလိမ့်မည်။’ (မာလ. ၃:၃) ယေဟောဝါဟာ မိမိရဲ့ “ပဋိညာဉ်တမန်” ခရစ်တော်ယေရှုကိုသုံးပြီး ဘုရားသခင့်အစ္စရေးလူမျိုးကို သန့်စင်ခဲ့တယ်။

ဒီကြားထဲမှာ သစ္စာရှိစွမ်းအားတော်ဖွားတွေဟာ ယုံကြည်ခြင်းအိမ်သူအိမ်သားတွေကို အချိန်တန်အစာကျွေးဖို့ အတတ်နိုင်ဆုံးပြင်ဆင်ပေးနေတာကို ခရစ်တော်တွေ့ခဲ့တယ်။ ၁၈၇၉ ခုနှစ်ကစပြီး အခွင့်သာချိန်မှာရော အခွင့်မသာချိန်မှာပါ ဘုရားသခင့်နိုင်ငံတော်နဲ့ဆိုင်တဲ့ ကျမ်းစာအမှန်တရားတွေကို ဒီမဂ္ဂဇင်းမှာ ထုတ်ဝေပေးခဲ့တယ်။ “ဤလောကစနစ်နိဂုံးပိုင်း” အတွင်းမှာ မိမိရဲ့အိမ်သူအိမ်သားတွေကို စစ်ဆေးဖို့ “ပြန်လာ” တဲ့အခါ အိမ်သူအိမ်သားတွေအတွက် “အချိန်တန်အစာ” ပြင်ဆင်ပေးနေတဲ့ကျွန်ကို တွေ့ရမယ်လို့ ယေရှု ပရောဖက်ပြုခဲ့တယ်။ အဲဒီကျွန်က ပျော်ရွှင်တယ်လို့ ကိုယ်တော် ကြေညာပြီး သူ့ကို “မိမိဥစ္စာရှိသမျှအပေါ် ခန့်အပ်” လိမ့်မယ်။ (မ. ၂၄:၃၊ ၄၅-၄၇) ခရစ်ယာန်အသင်းတော်ရဲ့ ဦးခေါင်းအနေနဲ့ ခရစ်တော်ဟာ မြေကြီးပေါ်မှာရှိတဲ့ ဘုရားသခင့်နိုင်ငံတော်နဲ့ဆက်နွှယ်တဲ့ အရာအားလုံးကို စီမံခန့်ခွဲဖို့ “သစ္စာနှင့်သတိပညာရှိသောကျွန်” ကိုသုံးခဲ့တယ်။ ကိုယ်တော်ဟာ အုပ်ချုပ်ရေးအဖွဲ့ကိုသုံးပြီး စွမ်းအားတော်ဖွား “အိမ်သူအိမ်သား” တွေနဲ့ သူတို့ရဲ့ အပေါင်းပါ “အခြားသိုး” တွေကို လမ်းညွှန်ပေးတယ်။—ယော. ၁၀:၁၆

မြေကြီးပေါ်ရိတ်သိမ်းခြင်း

၅။ အဆင်းအာရုံမှာ မေရှိယဘုရင် ဘာလုပ်တာကို ယောဟန်မြင်ရသလဲ။

၁၉၁၄ ခုနှစ်မှာ မေရှိယဘုရင် နန်းတင်ခံရပြီးနောက် “သခင့်နေ့တော်” အတွင်းမှာပြုလုပ်မယ့် နောက်အမှုတစ်ခုကို တမန်တော်ယောဟန်က အဆင်းအာရုံမှာ မြင်တွေ့ခဲ့တယ်။ ယောဟန် ဒီလိုရေးခဲ့တယ်– “ငါကြည့်လိုက်သော် မိုးတိမ်ဖြူကို ငါမြင်၏။ မိုးတိမ်ပေါ်၌ လူသားနှင့်တူသောသူတစ်ဦး ထိုင်နေ၏။ သူ၏ခေါင်းပေါ်တွင် ရွှေသရဖူကိုဆောင်းလျက် လက်ထဲ၌ ထက်သောတံစဉ်ကို ကိုင်ထား၏။” (ဗျာ. ၁:၁၀; ၁၄:၁၄) ယေဟောဝါထံမှ ကောင်းကင်တမန်တစ်ပါးက အဲဒီရိတ်သိမ်းသူကို “မြေကြီးပေါ်မှသီးနှံများဝင်းမှည့်ပြီး ရိတ်သိမ်းချိန်တန်ပြီ” ဖြစ်လို့ တံစဉ်လွှတ်ပြီး ရိတ်သိမ်းဖို့ပြောတာကို ယောဟန်ကြားခဲ့ရတယ်။—ဗျာ. ၁၄:၁၅၊ ၁၆

၆။ စပါးပင်နဲ့ပေါင်းပင်ပုံဥပမာအရ အဘယ်အရာဖြစ်ပျက်မယ်လို့ ယေရှုပြောခဲ့သလဲ။

‘မြေကြီးပေါ်ရိတ်သိမ်း’ ခြင်းက ယေရှုပြောခဲ့တဲ့ စပါးပင်နဲ့ပေါင်းပင် ပုံဥပမာကို သတိရစေတယ်။ ယေရှုက အပြည့်အဝရိတ်သိမ်းဖို့မျှော်လင့်ပြီး ကောင်းသောမျိုးစေ့ကြဲခဲ့တဲ့ လူသားတစ်ဦးနဲ့ မိမိကိုယ်ကို နှိုင်းယှဉ်ခဲ့တယ်။ ကောင်းသောမျိုးစေ့က ဘုရားသခင့်နိုင်ငံတော်မှာ မိမိနဲ့အတူအုပ်စိုးမယ့် ခရစ်ယာန်စစ်တွေဖြစ်တဲ့ “နိုင်ငံတော်သားများ” ကို ပုံဆောင်တယ်။ ဒါပေမဲ့ အဲဒီညမှာပဲ ရန်သူစာတန်က လယ်ထဲမှာ “ဆိုးညစ်သူ၏သားများ” ဖြစ်တဲ့ ပေါင်းမျိုးစေ့တွေကို ထပ်ကြဲခဲ့တယ်။ “လောကစနစ်နိဂုံးပိုင်း” ဖြစ်တဲ့ ရိတ်သိမ်းချိန်ရောက်တဲ့အထိ စပါးပင်နဲ့ ပေါင်းပင်တွေကို အတူကြီးထွားပါစေဆိုပြီး မျိုးစေ့ကြဲသူက သူရဲ့လုပ်သားတွေကို ပြောခဲ့တယ်။ အဲဒီအချိန်ရောက်ရင် မိမိရဲ့ကောင်းကင်တမန်တွေကိုလွှတ်ပြီး စပါးပင်နဲ့ ပေါင်းပင်တွေကို ခွဲခြားစေမှာဖြစ်တယ်။—မ. ၁၃:၂၄-၃၀၊ ၃၆-၄၁

၇။ ‘မြေကြီးပေါ်ရိတ်သိမ်း’ ခြင်းကို ခရစ်တော် ဘယ်လိုလုပ်ဆောင်နေသလဲ။

ယောဟန်ရရှိခဲ့တဲ့ အဆင်းအာရုံပြည့်စုံချက်အနေနဲ့ ယေရှုဟာ ကမ္ဘာချီရိတ်သိမ်းခြင်းလုပ်ငန်းကို ဦးစီးလုပ်ကိုင်နေတယ်။ ‘မြေကြီးပေါ်ရိတ်သိမ်းချိန်’ ဟာ ယေရှုရဲ့ပုံဥပမာထဲက “ဂျုံစပါး” ဖြစ်တဲ့ “နိုင်ငံတော်သား” ၁၄၄,၀၀၀ ထဲက အကြွင်းအကျန်ကို စုသိမ်းခြင်းနဲ့ စတင်တယ်။ ပထမကမ္ဘာစစ်ပြီးတဲ့နောက် ခရစ်ယာန်စစ်နဲ့ ခရစ်ယာန်အတုရဲ့ကွာခြားမှုက အရင်ကထက် ပိုထင်ရှားလာခဲ့တယ်၊ ဒါကြောင့် ‘မြေကြီးပေါ်ရိတ်သိမ်း’ ခြင်းရဲ့ ဒုတိယအပိုင်းဖြစ်တဲ့ အခြားသိုးတွေကို စုသိမ်းရာမှာ များစွာအထောက်အကူ ဖြစ်ခဲ့တယ်။ သူတို့တွေဟာ “နိုင်ငံတော်သားများ” မဟုတ်ဘဲ ဘုရားသခင့်နိုင်ငံတော်ကို တလိုတလားလက်အောက်ခံတဲ့ “လူအုပ်ကြီး” ဖြစ်တယ်။ သူတို့ကို “အသီးသီးအခြားခြားသော ဘာသာစကားကိုပြောသော လူမျိုးတကာ” ထဲက စုသိမ်းထားတာဖြစ်တယ်။ ခရစ်တော်ယေရှုနဲ့ ကိုယ်တော်နဲ့အတူ တွဲဖက်အုပ်ချုပ်မယ့် “သန့်ရှင်းသူ” ၁၄၄,၀၀၀ တို့နဲ့ ဖွဲ့စည်းထားတဲ့ မေရှိယနိုင်ငံတော်ကို သူတို့လက်အောက်ခံကြတယ်။—ဗျာ. ၇:၉၊ ၁၀; ဒံ. ၇:၁၃၊ ၁၄၊ ၁၈

အသင်းတော်ကို ဦးဆောင်ပုံ

၈၊ ၉။ (က) ခရစ်တော်ဟာ အသင်းတော်တစ်ခုလုံးရဲ့ အကျင့်ကိုခြုံပြီး သိတာလောက်ပဲမဟုတ်ဘူး၊ အသင်းသားတစ်ဦးစီရဲ့ ဘဝပုံစံကိုလည်း သိတယ်ဆိုတာ ဘာကဖော်ပြသလဲ။ (ခ) စာမျက်နှာ ၂၆ မှာပါတဲ့ပုံအရ “စာတန်၏ နက်နဲရာ” တွေဖြစ်တဲ့ ဘာတွေကို ကျွန်ုပ်တို့ ရှောင်သင့်သလဲ။

ခရစ်တော်ဟာ စီးအီးပထမရာစုမှာရှိတဲ့ အသင်းတော်တစ်စုစီရဲ့ အခြေအနေကို ဂရုတစိုက်ကြည့်ရှုနေတယ်ဆိုတာ ရှေ့ဆောင်းပါးမှာ ကျွန်ုပ်တို့သိခဲ့ရတယ်။ ကျွန်ုပ်တို့ခေတ်မှာလည်း “ကောင်းကင်နှင့်မြေကြီးပေါ်ရှိ အခွင့်အာဏာရှိသမျှ” အပ်နှင်းခံရတဲ့ နန်းထိုင်ဘုရင်အနေနဲ့ ခရစ်တော်ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အသင်းတော်တွေနဲ့ ကြီးကြပ်မှူးတွေကို တက်တက်ကြွကြွ ဦးဆောင်နေတယ်။ (မ. ၂၈:၁၈; ကော. ၁:၁၈) ယေဟောဝါက ကိုယ်တော့်ကို စွမ်းအားတော်ဖွား ‘အသင်းတော်အတွက် အရာခပ်သိမ်းအပေါ် ဦးခေါင်းဖြစ်စေ’ တော်မူတယ်။ (ဧ. ၁:၂၂) ကိုယ်တော်ဟာ အသင်းတော်ရဲ့ဦးခေါင်းအနေနဲ့ ယေဟောဝါသက်သေတွေရဲ့ အသင်းတော် ၁၀၀,၀၀၀ ကျော်မှာ ဖြစ်ပျက်နေတာတွေအားလုံးကို မြင်တွေ့နိုင်တယ်။

ရှေးသွာတိရအသင်းတော်ကို ယေရှု ဒီသတင်းစကား ပေးပို့ခဲ့တယ်– ‘မီးလျှံနှင့်တူသော မျက်စိတော်ရှိသည့် ဘုရားသခင့်သားတော်က ဤအရာများကို မိန့်တော်မူ၏။ “သင်၏အကျင့်များကို ငါသိ၏။”’ (ဗျာ. ၂:၁၈၊ ၁၉) အဲဒီအသင်းတော်မှာရှိတဲ့ တချို့သူတွေရဲ့ အကျင့်ယိုယွင်းမှုနဲ့ ထင်ရာစိုင်းဘဝလမ်းစဉ်ကြောင့် ကိုယ်တော် ဒီလိုပြစ်တင်ဆုံးမခဲ့တယ်– ‘ငါသည် ကျောက်ကပ်များနှင့် နှလုံးများကို စစ်ဆေးမည်။ သင်တို့၏အကျင့်များအတိုင်း သင်တို့တစ်ဦးစီကို ငါဆပ်ပေးမည်။’ (ဗျာ. ၂:၂၃) ဒီအချက်က ခရစ်တော်ဟာ အသင်းတော်တစ်ခုလုံးရဲ့ အကျင့်ကိုခြုံပြီး သိတာလောက်ပဲမဟုတ်ဘူး၊ အသင်းသားတစ်ဦးစီရဲ့ ဘဝပုံစံကိုလည်း သိတယ်ဆိုတာဖော်ပြတယ်။ “‘စာတန်၏ နက်နဲရာများ’ ဟု ခေါ်ဆိုကြသည့်အရာကိုမသိ” တဲ့ သွာတိရမြို့က ကျန်တဲ့ခရစ်ယာန်တွေကို ယေရှု ချီးမွမ်းခဲ့တယ်။ (ဗျာ. ၂:၂၄) ယနေ့လည်းပဲ အင်တာနက်နဲ့ အကြမ်းဖက်ဗီဒီယိုဂိမ်းတွေမှာ တွေ့ရတဲ့ “စာတန်၏ နက်နဲရာများ” ကိုမစူးစမ်းတဲ့သူတွေ၊ ပေါက်လွှတ်ပဲစားအကျင့်တွေကိုမလိုက်စားတဲ့ လူကြီးလူငယ်တွေကို ကိုယ်တော် နှစ်သက်တယ်။ ဘဝကဏ္ဍတိုင်းမှာ ကိုယ်တော့်ဦးဆောင်မှုကို အတတ်နိုင်ဆုံး လိုက်လျှောက်ကြတဲ့ မျက်မှောက်ခေတ်ခရစ်ယာန်တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကိုယ်ကျိုးစွန့်မှုတွေကိုတွေ့တဲ့အခါ ကိုယ်တော် ဘယ်လောက်တောင် ပျော်ရွှင်လိုက်မလဲ။

၁၀။ အသင်းတော်အကြီးအကဲတွေကို ခရစ်တော်လမ်းညွှန်တယ်ဆိုတာ ဘယ်လိုပုံဖော်ထားသလဲ၊ ဒါပေမဲ့ ဘယ်အစီအစဉ်ကို သူတို့သိထားကြသလဲ။

၁၀ ခရစ်တော်ဟာ ခန့်အပ်ထားတဲ့ အကြီးအကဲတွေကိုသုံးပြီး မြေကြီးပေါ်ရှိအသင်းတော်ကို မေတ္တာပါစွာကြီးကြပ်တယ်။ (ဧ. ၄:၈၊ ၁၁၊ ၁၂) ပထမရာစုမှာ ကြီးကြပ်မှူးတွေအားလုံးက စွမ်းအားတော်ဖွားတွေဖြစ်တယ်။ ကျမ်းစာမှာ သူတို့ကို ယေရှုရဲ့လက်ယာလက်မှာရှိတဲ့ကြယ်တွေအဖြစ် ပုံဖော်ထားတယ်။ (ဗျာ. ၁:၁၆၊ ၂၀) ယနေ့ အသင်းတော်အကြီးအကဲအများစုက အခြားသိုးတွေဖြစ်တယ်။ ဆုတောင်းခြင်း၊ သန့်ရှင်းသောစွမ်းအားတော်ရဲ့ လမ်းညွှန်မှုခံယူခြင်းအားဖြင့် သူတို့ကို ခန့်အပ်ထားတာဖြစ်တယ်။ ဒါကြောင့် သူတို့ကိုလည်း ခရစ်တော်ရဲ့ လမ်းညွှန်မှုအောက်မှာရှိတယ်လို့ ပြောနိုင်တယ်။ (တ. ၂၀:၂၈) ဒါပေမဲ့ ခရစ်တော်ဟာ မြေကြီးပေါ်မှာရှိတဲ့ တပည့်တွေကို ဦးဆောင်ဖို့ စွမ်းအားတော်ဖွား ခရစ်ယာန်အမျိုးသားအုပ်စုငယ်လေးဖြစ်တဲ့ အုပ်ချုပ်ရေးအဖွဲ့ကို သုံးနေတယ်ဆိုတာ သူတို့သိထားကြတယ်။—တမန်တော် ၁၅:၆၊ ၂၅-၃၀ ကိုဖတ်ပါ။

“သခင်ယေရှု၊ ကြွလာတော်မူပါ”

၁၁။ ကျွန်ုပ်တို့ရဲ့ ခေါင်းဆောင် အလျင်အမြန်ကြွလာတာကို ကျွန်ုပ်တို့ ဘာကြောင့် အလွန်တွေ့မြင်လိုကြတာလဲ။

၁၁ တမန်တော်ယောဟန်ရရှိတဲ့ အဆင်းအာရုံမှာ ယေရှုက မိမိအလျင်အမြန်ကြွလာမယ်လို့ အကြိမ်ကြိမ်ပြောခဲ့တယ်။ (ဗျာ. ၂:၁၆; ၃:၁၁; ၂၂:၇၊ ၂၀) မဟာဗာဗုလုန်နဲ့ စာတန်ရဲ့ ကျန်တဲ့ဆိုးညစ်တဲ့စနစ်ကို တရားစီရင်ဖို့ကြွလာတာကို ကိုယ်တော် ရည်ညွှန်းတာသေချာတယ်။ (၂ သက်. ၁:၇၊ ၈) ကြိုဟောထားတဲ့ အံ့ဖွယ်အဖြစ်အပျက်တွေအားလုံး ပြည့်စုံလာမှာကို တွေ့မြင်လိုစိတ်ပြင်းပြတဲ့အတွက် သက်ကြီးတမန်တော်ယောဟန်က “အာမင်။ သခင်ယေရှု၊ ကြွလာတော်မူပါ” လို့ပြောခဲ့တယ်။ ခမည်းတော်ရဲ့ နာမတော်ကို သန့်ရှင်းမြင့်မြတ်စေပြီး ကိုယ်တော်ရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သံသယကင်းရှင်းစေမယ့် ကျွန်ုပ်တို့ရဲ့ ခေါင်းဆောင်နဲ့ဘုရင်က ဘုရားသခင့်နိုင်ငံတော်အုပ်စိုးရှင်အနေနဲ့ ကြွလာတာကို ဆိုးညစ်တဲ့ ဒီလောကစနစ်ရဲ့အဆုံးပိုင်းမှာ အသက်ရှင်နေတဲ့ ကျွန်ုပ်တို့လည်း အလွန်တွေ့မြင်လိုကြပါတယ်။

၁၂။ ဖျက်ဆီးခြင်းလေကိုမလွှတ်ခင်မှာ ဘယ်အလုပ်ကို ခရစ်တော် အပြီးသတ်လုပ်ဆောင်မလဲ။

၁၂ စာတန်ရဲ့မျက်မြင်ရအဖွဲ့အစည်းကို ဖျက်ဆီးဖို့ ယေရှုမကြွလာခင် ဘုရားသခင်ရဲ့အစ္စရေးလူမျိုးဖြစ်တဲ့ ၁၄၄,၀၀၀ ရဲ့ နောက်ဆုံးအဖွဲ့ဝင်ကို အပြီးသတ်တံဆိပ်ခတ်မှာဖြစ်တယ်။ ၁၄၄,၀၀၀ ကို အပြီးသတ်တံဆိပ်မခတ်မီ စာတန့်စနစ်အပေါ်ကျရောက်မယ့် ဖျက်ဆီးခြင်းလေကို လွှတ်မှာမဟုတ်ဘူးလို့ သမ္မာကျမ်းစာမှာ ရှင်းရှင်းလင်းလင်းဖော်ပြတယ်။—ဗျာ. ၇:၁-၄

၁၃။ “ကြီးစွာသောဒုက္ခ” ရဲ့ အစပိုင်းမှာ မိမိရောက်ရှိကြောင်း ခရစ်တော် ဘယ်လိုထင်ရှားပြမလဲ။

၁၃ ၁၉၁၄ ခုနှစ်ကတည်းက ခရစ်တော် “ရောက်ရှိ” နေတယ်ဆိုတာကို လူအများစု မသိကြဘူး။ (၂ ပေ. ၃:၃၊ ၄) ဒါပေမဲ့ မကြာခင်မှာ စာတန့်စနစ်ရဲ့အစိတ်အပိုင်းအားလုံးကို ယေဟောဝါ တရားစီရင်တဲ့အခါ ကိုယ်တော်ရောက်ရှိနေတယ်ဆိုတာ သိသာထင်ရှားလာမှာဖြစ်တယ်။ “တရားမဲ့သောသူ” ဖြစ်တဲ့ ခရစ်ယာန်ဓမ္မဆရာတွေကို ဖျက်ဆီးခြင်းက “မိမိရောက်ရှိနေကြောင်း ထင်ရှားပြ” ခြင်းဖြစ်တယ်။ (၂ သက်သာလောနိတ် ၂:၃၊ ကိုဖတ်ပါ။) အဲဒါက ခရစ်တော်ဟာ ယေဟောဝါရဲ့ ခန့်အပ်ခံတရားသူကြီးဖြစ်ကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထားဖြစ်လိမ့်မယ်။ (၂ တိမောသေ ၄:၁ ကိုဖတ်ပါ။) မဟာဗာဗုလုန်ရဲ့ တရားစီရင်အခံထိုက်ဆုံးအပိုင်းဖြစ်တဲ့ ခရစ်ယာန်ဘောင်ကို ဖျက်ဆီးခြင်းက ဆိုးညစ်ပြီးမှားယွင်းတဲ့ ဝတ်ပြုရေးအင်ပါယာတစ်ခုလုံးကို ဖျက်ဆီးခြင်းရဲ့အစဖြစ်တယ်။ အဲဒီပြည့်တန်ဆာကိုဖျက်ဆီးဖို့ သားရဲရဲ့စိတ်ထဲကို ယေဟောဝါက အကြံအစည်တွေ သွင်းပေးမှာဖြစ်တယ်။ (ဗျာ. ၁၇:၁၅-၁၈) ဒါက “ကြီးစွာသောဒုက္ခ” ရဲ့ အစပိုင်းဖြစ်လိမ့်မယ်။—မ. ၂၄:၂၁

၁၄။ (က) ကြီးစွာသောဒုက္ခရဲ့အစပိုင်းက ဘာကြောင့်တိုမလဲ။ (ခ) “လူသား၏နိမိတ်လက္ခဏာ” က ယေဟောဝါရဲ့လူတွေအတွက် ဘာအဓိပ္ပာယ်ရှိမလဲ။

၁၄ မြေကြီးပေါ်မှာရှိနေသေးတဲ့ စွမ်းအားတော်ဖွား ခရစ်ယာန်အကြွင်းအကျန်ဖြစ်တဲ့ “ရွေးချယ်သောသူတို့အတွက်” ကြီးစွာသောဒုက္ခက တိုလိမ့်မယ်လို့ ယေရှုပြောခဲ့တယ်။ (မ. ၂၄:၂၂) အယူမှားဝတ်ပြုရေးကို ဖျက်ဆီးတဲ့အခါ စွမ်းအားတော်ဖွားခရစ်ယာန်တွေနဲ့ သူတို့ရဲ့အပေါင်းပါ အခြားသိုးတွေကို ဖျက်ဆီးဖို့ ယေဟောဝါ ခွင့်ပြုမှာမဟုတ်ဘူး။ “ထိုဆင်းရဲဒုက္ခကာလ ကျရောက်ပြီးလျှင်” နေ၊ လ၊ ကြယ်တွေမှာ နိမိတ်လက္ခဏာပေါ်ထွန်းပြီး “လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်” လို့ ယေရှုဆက်ပြောခဲ့တယ်။ ဒါကြောင့် မြေကြီးပေါ်မှာရှိတဲ့ လူအမျိုးမျိုးဟာ “ငိုကြွေးမြည်တမ်းကြ” လိမ့်မယ်။ ကောင်းကင်မျှော်လင့်ချက်ရှိတဲ့ စွမ်းအားတော်ဖွားခရစ်ယာန်တွေနဲ့ မြေကြီးမျှော်လင့်ချက်ရှိတဲ့ သူတို့ရဲ့အပေါင်းပါတွေကတော့ အဲဒီလိုဖြစ်မှာမဟုတ်ဘူး။ သူတို့တွေဟာ “သူတို့ကို ရွေးနုတ်သောအချိန်ကာလ ရောက်လုနီးသည်ကိုထောက်သဖြင့် မတ်မတ်ရပ်၍ ခေါင်းကိုမော့ကြ” လိမ့်မယ်။—မ. ၂၄:၂၉၊ ၃၀; လု. ၂၁:၂၅-၂၈

၁၅။ ခရစ်တော်ကြွလာချိန်မှာ ဘယ်အလုပ်ကို လုပ်ဆောင်မလဲ။

၁၅ အပြီးသတ်အောင်ပွဲမခံမီမှာ လူသားဟာ အခြားနည်းတစ်နည်းနဲ့ ကြွလာဦးမှာဖြစ်တယ်။ သူ ဒီလိုပရောဖက်ပြုခဲ့တယ်– “လူသားသည် မိမိဘုန်းတော်ကိုဆောင်လျက် ကောင်းကင်တမန်အပေါင်းတို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသောပလ္လင်တော်ပေါ်မှာ ထိုင်၍ လူမျိုးအပေါင်းတို့ကို ရှေ့တော်၌ စုဝေးစေပြီးလျှင် သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို ခွဲခြားသကဲ့သို့ လူတို့ကို ခွဲခြားလိမ့်မည်။ ကိုယ်တော်သည် သိုးတို့ကို လက်ယာဘက်၊ ဆိတ်တို့ကို လက်ဝဲဘက်တွင် ထားတော်မူမည်။” (မ. ၂၅:၃၁-၃၃) ဒါက “လူမျိုးအပေါင်းတို့ကို” သိုးနဲ့ဆိတ်ခွဲခြားဖို့ တရားသူကြီးအနေနဲ့ ခရစ်တော်ကြွလာတာကို ရည်ညွှန်းတယ်။ “သိုး” က ခရစ်တော်ရဲ့ညီတော်တွေ (မြေကြီးပေါ်မှာရှိတဲ့ စွမ်းအားတော်ဖွားခရစ်ယာန်တွေ) ကို တက်တက်ကြွကြွ ထောက်ခံတဲ့သူတွေဖြစ်ပြီး “ဆိတ်” က “ငါတို့၏သခင်ယေရှုနှင့်ဆိုင်သော သတင်းကောင်းကို မနာယူ” တဲ့သူတွေဖြစ်တယ်။ (၂ သက်. ၁:၇၊ ၈) “ဖြောင့်မတ်သူတို့” အဖြစ် ဖော်ပြခံရတဲ့သိုးတွေက မြေကြီးပေါ်မှာ “ထာဝရအသက်” ရမှာဖြစ်ပြီး ဆိတ်တွေကတော့ “ထာဝရသေဒဏ်စီရင်ခြင်း” ဖြစ်တဲ့ ဖျက်ဆီးခြင်းခံရမှာဖြစ်တယ်။

ယေရှု အပြီးသတ်အောင်ပွဲခံ

၁၆။ ကျွန်ုပ်တို့ရဲ့ခေါင်းဆောင်ခရစ်တော်က ဘယ်လိုအပြီးသတ်အောင်ပွဲခံမလဲ။

၁၆ ခရစ်တော်ရဲ့ တွဲဖက်ဘုရင်-ယဇ်ပုရောဟိတ်အဖွဲ့ဝင်တွေကို အရေအတွက်အပြည့် တံဆိပ်ခတ်ခြင်းနဲ့အတူ သိုးတွေကိုခွဲခြားပြီး ကယ်တင်ခြင်းအတွက် မိမိရဲ့လက်ယာလက်မှာ ထားပြီးတဲ့အခါ “အပြီးအောင်မြင်” ဖို့ ကိုယ်တော်ထွက်သွားပါလိမ့်မယ်။ (ဗျာ. ၅:၉၊ ၁၀; ၆:၂) ကိုယ်တော်ဟာ တန်ခိုးကြီးကောင်းကင်တမန်တွေနဲ့ ရှင်ပြန်ထမြောက်ပြီးတဲ့ ညီတော်တွေပါဝင်တဲ့ ဗိုလ်ခြေကိုဦးဆောင်ပြီး မြေကြီးပေါ်မှာရှိတဲ့ စာတန်ရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေးစနစ်တစ်ခုလုံးကို ဖျက်ဆီးပါလိမ့်မယ်။ (ဗျာ. ၂:၂၆၊ ၂၇; ၁၉:၁၁-၂၁) စာတန်ရဲ့ဆိုးညစ်တဲ့စနစ်ကို ဖျက်ဆီးပြီးတဲ့အခါ ခရစ်တော် အပြီးသတ်အောင်ပွဲခံပါလိမ့်မယ်။ အဲဒီနောက် စာတန်နဲ့ သူ့ရဲ့တမန်တွေကို တွင်းနက်ထဲမှာ အနှစ်တစ်ထောင်ချုပ်နှောင်ပါလိမ့်မယ်။—ဗျာ. ၂၀:၁-၃

၁၇။ အနှစ်တစ်ထောင်အတွင်းမှာ ခရစ်တော်ဟာ အခြားသိုးတွေကို ဘာအတွက်ဦးဆောင်မလဲ၊ ကျွန်ုပ်တို့ ဘယ်လိုစိတ်ပိုင်းဖြတ်သင့်သလဲ။

၁၇ ကြီးစွာသောဒုက္ခကနေလွတ်မြောက်မယ့် အခြားသိုးအဝင် “လူအုပ်ကြီး” အကြောင်း ပြောတဲ့အခါ တမန်တော်ယောဟန် ဒီလိုပရောဖက်ပြုခဲ့တယ်– “ပလ္လင်တော်အနီး၌ရှိသော သိုးသငယ်သည် သူတို့ကို ထိန်းကျောင်း၍ အသက်စမ်းရေသို့ ပို့ဆောင်တော်မူမည်။” (ဗျာ. ၇:၉၊ ၁၇) အနှစ်တစ်ထောင်အုပ်ချုပ်ချိန်အတွင်းမှာ ခရစ်တော်ဟာ မိမိရဲ့စကားကိုနားထောင်တဲ့ အခြားသိုးတွေ ထာဝရအသက်ရရှိဖို့ ဆက်ပြီးဦးဆောင်သွားမှာဖြစ်တယ်။ (ယောဟန် ၁၀:၁၆၊ ၂၆-၂၈ ကိုဖတ်ပါ။) ဒါကြောင့် အခုရော၊ ယေဟောဝါကတိပြုထားတဲ့ ကမ္ဘာသစ်မှာပါ ကျွန်ုပ်တို့ရဲ့ ခေါင်းဆောင်ဘုရင်နောက် သစ္စာရှိရှိလိုက်ကြပါစို့။

ပြန်လည်သုံးသပ်ချက်

• နန်းတင်ခံရပြီးတဲ့နောက် ခရစ်တော် ဘာလုပ်ခဲ့သလဲ။

• အသင်းတော်တွေကိုဦးဆောင်ဖို့ ဘယ်သူတွေကို ခရစ်တော် အသုံးပြုသလဲ။

• ကျွန်ုပ်တို့ရဲ့ခေါင်းဆောင် ခရစ်တော်ဟာ ဘယ်လိုနည်းတွေနဲ့ ကြွလာမလဲ။

• ကမ္ဘာသစ်မှာ ခရစ်တော် ကျွန်ုပ်တို့ကို ဘယ်လိုဆက်ဦးဆောင်မလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၉ ပါပုံစာ]

စာတန့်ဆိုးညစ်တဲ့စနစ်ကို ဖျက်ဆီးခြင်းက ခရစ်တော်ရောက်ရှိကြောင်း ထင်ရှား