မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘယ်သူ့ဆီ ဆုတောင်းရမလဲ

ဘယ်သူ့ဆီ ဆုတောင်းရမလဲ

ဘယ်သူ့ဆီကိုပဲ တောင်းတောင်း ဆုတောင်းချက်အားလုံး တစ်နေရာတည်း ရောက်သွားသလား။ ရောက်သွားတယ်လို့ လူအများစု ယူဆထားကြတယ်။ ယုံကြည်ချက် ရောနှောမှုကို နှစ်သက်တဲ့သူတွေ၊ ကွဲလွဲချက်တွေရှိပေမဲ့ ဘာသာတရားအားလုံးကို လက်ခံနိုင်စရာအဖြစ် သဘောထားလိုသူတွေအတွက် အထက်ပါယူဆချက်က နှစ်သက်စရာပဲ။ ဒါပေမဲ့ ဒီယူဆချက် မှားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။

လူတွေဟာ မကြာခဏဆိုသလို စစ်မှန်တဲ့ဘုရားသခင်ဆီ ဆုမတောင်းကြဘူးလို့ ကျမ်းစာက ဆိုတယ်။ . . . ကျမ်းစာခေတ်တုန်းက လူတွေဟာ အများအားဖြင့် ထွင်းထုထားတဲ့အရုပ်တွေဆီ ဦးတည်ဆုတောင်းခဲ့ကြတယ်။ ဒါပေမဲ့ ဘုရားသခင်က အဲဒီအလေ့အကျင့်ကို ထပ်ခါတလဲလဲ သတိပေးခဲ့တယ်။ ဥပမာ၊ အရုပ်တွေက “နားရှိ၍ မကြားတတ်” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာလံ ၁၁၅:၄-၆) ဒီအချက်က ရှင်းပါတယ်။ ဘာသံမှ မကြားနိုင်တဲ့ ပုဂ္ဂိုလ်ဆီ ဆုတောင်းတာက သဲထဲရေသွန်သလိုပဲ ဘာအကျိုးမှ မရှိဘူး။ ဒီအချက်ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားတဲ့ ကျမ်းစာမှတ်တမ်းတစ်ခု ရှိပါတယ်။ စစ်မှန်တဲ့ပရောဖက် ဧလိယက သူကိုးကွယ်တဲ့ ဘုရားသခင်ဆီ ဆုတောင်းပြီးတဲ့နောက် ဗာလပရောဖက်တွေကို သူတို့ကိုးကွယ်တဲ့ နတ်ဘုရားဆီ ဆုတောင်းခိုင်းလိုက်တယ်။ စစ်မှန်တဲ့အရှင်က အဖြေပေးမှာဖြစ်ပြီး မှားယွင်းတဲ့အရှင်က အဖြေပေးမှာ မဟုတ်ဘူးလို့လည်း ဧလိယက ပြောလိုက်တယ်။ ဗာလပရောဖက်တွေကလည်း အဲဒီစိန်ခေါ်ချက်ကို လက်ခံလိုက်ပြီး သူတို့နတ်ဘုရားဆီ အချိန်အကြာကြီး အော်ဟစ်ဆုတောင်းကြတယ်။ ဒါပေမဲ့ အချည်းနှီးပါပဲ။ “ထူးသောသူ မရှိ။ အမှုထားသောသူလည်း မရှိ” ဆိုပြီး မှတ်တမ်းက ဆိုတယ်။ (၃ ဓမ္မရာဇဝင် ၁၈:၂၉) ဧလိယ ဆုတောင်းတဲ့အခါကျတော့ ဘာဖြစ်ခဲ့သလဲ။

ဧလိယ ဆုတောင်းပြီးတဲ့နောက်မှာ သူကိုးကွယ်တဲ့ဘုရားသခင်က ချက်ချင်းပဲ အဖြေပေးခဲ့တယ်။ ကောင်းကင်ကနေ မီးကျလာပြီး ဧလိယ ပူဇော်ထားတဲ့ ယဇ်ကောင်ကို လောင်ကျွမ်းစေခြင်းအားဖြင့် အဖြေပေးလိုက်တယ်။ ကွာခြားချက်က ဘာလဲ။ ၃ ဓမ္မရာဇဝင် ၁၈:၃၆၊ ၃၇ မှာ မှတ်တမ်းတင်ထားတဲ့ ဧလိယရဲ့ ဆုတောင်းချက်မှာ အရေးကြီးတဲ့ သဲလွန်စတစ်ခု ရှိတယ်။ အဲဒီဆုတောင်းချက်က တိုတိုလေးပဲ။ မူရင်းဟေဗြဲကျမ်းစောင်မှာဆိုရင် စကားလုံး ၃၀ လောက်ပဲရှိတာ။ ဒါပေမဲ့ အဲဒီတိုတုတ်တဲ့ ဆုတောင်းချက်ထဲမှာတောင် ဧလိယဟာ ဘုရားသခင့် ကိုယ်ပိုင်နာမတော် ယေဟောဝါကို သုံးကြိမ် ခေါ်ဆိုခဲ့တယ်။

ခါနာန်လူမျိုး ကိုးကွယ်တဲ့ နတ်ဘုရား ဗာလမှာ “ပိုင်ရှင်” ဒါမှမဟုတ် “သခင်” ဆိုတဲ့ အဓိပ္ပာယ်ရှိပြီး ဒေသအလိုက် အမျိုးမျိုး ခေါ်ဆိုကြသေးတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့နာမတော် ယေဟောဝါဆိုတာ အတုမရှိတဲ့အပြင် စကြဝဠာတစ်ခွင်မှာ ကိုယ်တော်တစ်ပါးတည်းနဲ့ပဲ သက်ဆိုင်တယ်။ ‘ငါသည် ယေဟောဝါဖြစ်၏။ ထိုနာမသည် ငါ့နာမဖြစ်၏။ ငါ့ဘုန်းတန်ခိုးတော်ကို အခြားသောသူအား ငါမပေး’ ဆိုပြီး မိမိရဲ့လူမျိုးတော်ကို ဘုရားသခင် မိန့်ဆိုခဲ့တယ်။—ဟေရှာယ ၄၂:၈ကဘ။

ဧလိယနဲ့ ဗာလပရောဖက်တွေရဲ့ ဆုတောင်းချက်တွေက တစ်နေရာတည်း ရောက်သွားမယ်ဆိုရင် လက်ခံနိုင်စရာ ဖြစ်ပါ့မလား။ လက်ခံနိုင်စရာ ဖြစ်မှာ မဟုတ်ဘူး။ ဗာလဝတ်ပြုမှုက ရိုးရာပြည့်တန်ဆာလုပ်ခြင်း၊ လူသားယဇ် ပူဇော်ခြင်းနဲ့ လူတွေကို ယုတ်ညံ့အောင် ပြုလုပ်တယ်။ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုခြင်းက အစ္စရေးလူမျိုးကို ဂုဏ်တက်စေတဲ့အပြင် အဲဒီလိုယုတ်ညံ့တဲ့ ဓလေ့ထုံးစံတွေကနေ လွတ်မြောက်စေတယ်။ ဒီအချက်ကို သုံးသပ်ကြည့်ပါ– သင်အလွန်လေးစားရတဲ့ မိတ်ဆွေတစ်ယောက်ဆီကို စာတစ်စောင် ပါးတော့မယ်ဆိုရင် သင့်မိတ်ဆွေနဲ့ နာမည်မတူတဲ့အပြင် သင့်မိတ်ဆွေက အရေးကြီးတယ်လို့ ယူဆထားတဲ့အရာတွေနဲ့ ဆန့်ကျင်ပြုမူတဲ့သူဆီ သင့်စာကို အရောက်ခံမှာလား။ လုံးဝအရောက်ခံနိုင်မှာ မဟုတ်ပါဘူး။

ယေဟောဝါဘုရားသခင်ဆီ သင်ဆုတောင်းတယ်ဆိုရင် သင်ဟာ ဖန်ဆင်းရှင်၊ လူသားအားလုံးရဲ့ ခမည်းတော်ဆီ ဆုတောင်းနေတာဖြစ်တယ်။ * ‘အို ယေဟောဝါဘုရားသခင် ကိုယ်တော်သည် အကျွန်ုပ်တို့အဖ ဖြစ်တော်မူ၏’ ဆိုပြီး ပရောဖက်ဟေရှာယ ဆုတောင်းခဲ့တယ်။ (ဟေရှာယ ၆၃:၁၆) ယေရှုက သူ့နောက်လိုက်တွေကို ‘ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ ဘုရားသခင်ထံတော်သို့ ငါတက်ရမည်’ လို့ ပြောတဲ့အချိန်မှာ ယေဟောဝါဘုရားသခင်အကြောင်းကိုသာ ပြောနေခြင်း ဖြစ်တယ်။ (ယောဟန် ၂၀:၁၇) ယေဟောဝါဘုရားသခင်က ယေရှုရဲ့ ခမည်းတော် ဖြစ်တယ်။ ယေရှုဆုတောင်းခဲ့တဲ့ ဘုရားသခင်က ယေဟောဝါဖြစ်ပြီး အဲဒီဘုရားသခင်ထံ ဆုတောင်းဖို့ သူ့နောက်လိုက်တွေကို ယေရှု သင်ပေးခဲ့တယ်။—မဿဲ ၆:၉

ဗာလပရောဖက်များကို ဧလိယ စိန်ခေါ်မှုက ဆုတောင်းချက်အားလုံး တစ်နေရာတည်း မရောက်ဘူးဆိုတာ သက်သေထူခဲ့

ယေရှု၊ မာရိ၊ သူတော်စင်တွေ၊ ကောင်းကင်တမန်တွေဆီ ဆုတောင်းဖို့ ကျမ်းစာက ညွှန်ကြားထားပါသလား။ မညွှန်ကြားထားပါဘူး။ ယေဟောဝါဘုရားသခင် တစ်ပါးတည်းထံ ဆုတောင်းဖို့ပဲ ညွှန်ကြားထားပါတယ်။ အကြောင်းရင်းနှစ်ခုကို သုံးသပ်ကြည့်ပါ။ ပထမအကြောင်းရင်းတစ်ခုက ဆုတောင်းခြင်းဆိုတာ ဝတ်ပြုမှုပုံစံတစ်ခုဖြစ်ပြီး ယေဟောဝါဘုရားသခင်ကိုပဲ အကြွင်းမဲ့ ကိုးကွယ်ရမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ထွက်မြောက်ရာ ၂၀:၅) ဒုတိယအကြောင်းရင်းက ‘ဆုတောင်းစကားကို နားထောင်တော်မူသော ဘုရားသခင်’ ဆိုတဲ့ ဘွဲ့နာမကို ကိုယ်တော် ခံယူထားတယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာလံ ၆၅:၂) ဘုရားသခင်က တခြားသူတွေကို တာဝန်တွေ လွှဲပြောင်းပေးပေမဲ့ ဆုတောင်းစကားကို နားထောင်တဲ့တာဝန်ကိုတော့ ဘယ်သူ့ကိုမှ မပေးထားဘူး။ ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်ကို နားထောင်ပေးမယ်လို့ ကတိပြုထားတဲ့ ဘုရားသခင်က ယေဟောဝါပါပဲ။

ဒါကြောင့် သင့်ဆုတောင်းချက်ကို ဘုရားသခင် နားထောင်စေချင်တယ်ဆိုရင် “ယေဟောဝါဘုရားသခင်၏ နာမတော်ကို ခေါ်၍ ဆုတောင်းသောသူ ရှိသမျှတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်” ဆိုတဲ့ ကျမ်းစာ တိုက်တွန်းချက်ကို သတိရပါ။ (တမန်တော် ၂:၂၁) ဒါပေမဲ့ ဆုတောင်းချက်အားလုံးကို ယေဟောဝါဘုရားသခင် နားထောင်ပါသလား။ ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်ကို ဘုရားသခင် နားထောင်စေချင်တယ်ဆိုရင် တခြားဘာလုပ်ဖို့ လိုသေးသလဲ။

^ အပိုဒ်၊ 8 ဘုရားသခင့် ကိုယ်ပိုင်နာမတော်ကို အသံထွက် ရွတ်ဆိုခြင်း၊ ဆုတောင်းခြင်းပင် မှားကြောင်း အချို့သော ဘာသာရေးထုံးတမ်းတွေက ဆိုကြသည်။ သို့သော် မူရင်းဘာသာစကားများဖြင့် ပြန်ဆိုထားသော သမ္မာကျမ်းစာတွင် ယေဟောဝါဟူသော ဘုရားသခင့်နာမတော် အကြိမ်ပေါင်း ၇,၀၀၀ ခန့်ပါရှိသည်။ ဘုရားသခင်ကို သစ္စာတည်ကြည်စွာ ကိုးကွယ်သော ကျေးကျွန်များ၏ ဆုတောင်းချက်များနှင့် ဆာလံကျမ်းများတွင် ဘုရားသခင့်နာမတော် ယေဟောဝါဟူ၍ များစွာပါရှိသည်။.