မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘယ်လို ဆုတောင်းရမလဲ

ဘယ်လို ဆုတောင်းရမလဲ

ဆုတောင်းခြင်းနဲ့ပတ်သက်လာရင် ဘာသာတရား တော်တော်များများက ကိုယ်နေဟန်ထား၊ အသုံးအနှုန်းနဲ့ ထုံးတမ်းဓလေ့တွေကို အဓိကထားကြတယ်။ အဲဒါတွေထက် ပိုအရေးကြီးတဲ့ “ဘယ်လို ဆုတောင်းရမလဲ” ဆိုတဲ့ မေးခွန်းကို အဓိကထားဖို့ ကျွန်ုပ်တို့ကို ကျမ်းစာက ကူညီပေးတယ်။

နေရာအမျိုးမျိုး၊ ကိုယ်နေဟန်ထား အမျိုးမျိုးနဲ့ ဆုတောင်းခဲ့ကြတဲ့ ဘုရားသခင်အပေါ် တည်ကြည်တဲ့ ကျေးကျွန်တွေအကြောင်းကို ကျမ်းစာမှာ ဖော်ပြထားတယ်။ တချို့က အခြေအနေအရ အသံတိတ် ဆုတောင်းသလို တချို့ကျတော့ အသံကျယ်ကျယ်နဲ့ ဆုတောင်းခဲ့တယ်။ တချို့က ကောင်းကင်ကို မော့ကြည့်ပြီး ဆုတောင်းပေမဲ့ တချို့ကျတော့ ခေါင်းငုံ့ပြီး ဆုတောင်းခဲ့တယ်။ သူတို့ဆုတောင်းတဲ့အခါ ရုပ်ပုံ၊ စိတ်ပုတီး၊ ဆုတောင်းစာအုပ်တွေ အသုံးမပြုဘဲ သူတို့ကိုယ်ပိုင်စကားနဲ့ ပွင့်ပွင့်လင်းလင်း ဆုတောင်းခဲ့ကြတယ်။ သူတို့ရဲ့ ဆုတောင်းချက်တွေကို ဘုရားသခင် ဘာကြောင့် နားညောင်းပေးခဲ့တာလဲ။

ရှေ့ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့အတိုင်း ယေဟောဝါဆိုတဲ့ ဘုရားသခင်တစ်ပါးတည်းထံ သူတို့ဦးတည် ဆုတောင်းခဲ့ကြလို့ ဖြစ်တယ်။ နောက်အရေးကြီးတဲ့ အချက်တစ်ချက်ကို ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “အလိုတော်နဲ့အညီ ငါတို့တောင်းသမျှကို ကိုယ်တော် နားညောင်းတော်မူကြောင်း ငါတို့ ယုံကြည်စိတ်ချကြ၏။” (၁ ယောဟန် ၅:၁၄) ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်တွေက ဘုရားသခင့်အလိုတော်နဲ့ ညီဖို့ လိုတယ်။ အဲဒါ ဘာကိုဆိုလိုတာလဲ။

ဘုရားသခင့်အလိုတော်နဲ့အညီ ဆုတောင်းဖို့အတွက် ဘုရားသခင့်အလိုတော်က ဘာလဲဆိုတာ သိဖို့လိုတယ်။ ဆုတောင်းခြင်းအတွက် မရှိမဖြစ်လိုအပ်ချက်က သမ္မာကျမ်းစာကို လေ့လာခြင်းဖြစ်တယ်။ ကျွန်ုပ်တို့က ကျမ်းပညာရှင် မဟုတ်ဘူးဆိုရင် ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်ကို ဘုရားသခင် နားညောင်းပေးမှာ မဟုတ်ဘူးလို့ ဆိုလိုတာလား။ မဟုတ်ပါဘူး။ ဘုရားသခင့် အလိုတော်ကို သင်ယူ၊ အဲဒါကို နားလည်အောင်လုပ်ပြီး အဲဒီအတိုင်း ပြုမူကျင့်ဆောင်ဖို့ ကျွန်ုပ်တို့ကို ဘုရားသခင် မျှော်လင့်တာကို ဆိုလိုပါတယ်။ (မဿဲ ၇:၂၁-၂၃) ဒါကြောင့် ကျွန်ုပ်တို့ သင်ယူသိရှိထားရာနဲ့အညီ ဆုတောင်းဖို့လိုတယ်။

ကိုယ်တော့်အလိုတော်နဲ့ညီတဲ့အပြင် ယုံကြည်ခြင်းရှိပြီး ယေရှုရဲ့နာမည်ကို အမှီပြုတဲ့ ဆုတောင်းချက်တွေကို ဘုရားသခင်နားညောင်း

ယေဟောဝါဘုရားသခင်နဲ့ ကိုယ်တော့်အလိုတော်ကို ကျွန်ုပ်တို့ သင်ယူသိရှိလာတာနဲ့အမျှ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကလည်း ခိုင်ခံ့လာမှာဖြစ်တယ်။ ဒါက ဆုတောင်းခြင်းရဲ့ နောက်အရေးကြီး အချက်တစ်ချက်ဖြစ်တယ်။ ယေရှုက “ယုံကြည်ခြင်းရှိလျက် တောင်းလျှင် တောင်းသမျှဆုကို သင်တို့ရကြလိမ့်မည်” လို့ပြောခဲ့တယ်။ (မဿဲ ၂၁:၂၂) ယုံကြည်ခြင်းဆိုတာ ယုံလွယ်ခြင်းကို ပြောတာမဟုတ်ဘဲ မမြင်ရတဲ့အရာတစ်ခုခုကို ယုံကြည်ခြင်း၊ ခိုင်လုံတဲ့ သက်သေအထောက်အထားနဲ့ ထောက်မထားတဲ့ ယုံကြည်ခြင်းမျိုးကို ပြောတာဖြစ်တယ်။ (ဟေဗြဲ ၁၁:၁) ကျွန်ုပ်တို့မမြင်နိုင်တဲ့ ယေဟောဝါဘုရားသခင်က စစ်မှန်တယ်၊ ယုံကြည်စိတ်ချနိုင်တယ်၊ ယုံကြည်ခြင်းရှိတဲ့သူတွေရဲ့ ဆုတောင်းချက်ကို နားထောင်ပေးလိုစိတ် ရှိတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ သမ္မာကျမ်းစာမှာ အပြည့်ပဲ။ သည့်အပြင် ယုံကြည်ခြင်း ပိုရှိလာဖို့ ကျွန်ုပ်တို့ အမြဲ တောင်းလျှောက်နိုင်ပြီး ယေဟောဝါဘုရားသခင်ကလည်း ကျွန်ုပ်တို့လိုအပ်ရာကို ပေးလိုစိတ်ရှိတယ်။—လုကာ ၁၇:၅။ ယာကုပ် ၁:၁၇

ဘယ်လို ဆုတောင်းရမလဲဆိုတာနဲ့ပတ်သက်ပြီး နောက်ထပ်အရေးကြီးတဲ့ ကဏ္ဍတစ်ခု ရှိပါသေးတယ်။ ယေရှုက “ငါ့ကို အမှီမပြုဘဲ အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” လိုပြောခဲ့တယ်။ (ယောဟန် ၁၄:၆) ဒါကြောင့် ယေရှုကနေတစ်ဆင့် ခမည်းတော် ယေဟောဝါဘုရားသခင်ထံ ကျွန်ုပ်တို့ ချဉ်းကပ်ရမှာ ဖြစ်တယ်။ မိမိနာမည်ကို အမှီပြုပြီး ဆုတောင်းဖို့လည်း နောက်လိုက်တွေကို ယေရှု ပြောခဲ့တယ်။ (ယောဟန် ၁၄:၁၃။ ၁၅:၁၆) ဒါက ယေရှုဆီ ဦးတည်ဆုတောင်းသင့်တယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ပြည့်ဝစုံလင်ပြီး သန့်ရှင်းမြင့်မြတ်တဲ့ ခမည်းတော်ထံ ယေရှုကနေတစ်ဆင့် ချဉ်းကပ်ရမယ်ဆိုတာ ကျွန်ုပ်တို့သိထားတဲ့အတွက် ယေရှုရဲ့နာမည်ကို အမှီပြုပြီး ဆုတောင်းကြတာ ဖြစ်တယ်။

ယေရှုနဲ့အရင်းနှီးဆုံး နောက်လိုက်တွေက ကိုယ်တော့်ကို ‘သခင်၊ မည်သို့ဆုတောင်းရမည်ကို သွန်သင်ပေးတော်မူပါ’ ဆိုပြီး မေးခဲ့ကြတယ်။ (လုကာ ၁၁:၁) အခုလေးတင် ဆွေးနွေးခဲ့တဲ့အချက်တွေကို သူတို့မေးနေတာ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ တကယ်တော့ သူတို့က ‘ဆုတောင်းချက်ထဲမှာ ဘာတွေ ထည့်တောင်းရမလဲ’ ဆိုတာနဲ့ပတ်သက်ပြီး သိချင်ခဲ့ကြတာပါ။