မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အစည်းအဝေးများကို တည်ဆောက်စရာဖြစ်စေရန် သင်ပါဝင်လုပ်ဆောင်သလော

ခရစ်ယာန်အစည်းအဝေးများကို တည်ဆောက်စရာဖြစ်စေရန် သင်ပါဝင်လုပ်ဆောင်သလော

ခရစ်ယာန်အစည်းအဝေးများကို တည်ဆောက်စရာဖြစ်စေရန် သင်ပါဝင်လုပ်ဆောင်သလော

‘သင်တို့သည် စုဝေးကြသောအခါ အမှုခပ်သိမ်းကို တည်ဆောက်စရာအဖို့ ဖြစ်စေကြလော့။’—၁ ကော. ၁၄:၂၆

၁။ ၁ ကောရိန္သု အခန်းကြီး ၁၄ အရ ခရစ်ယာန်အစည်းအဝေးတွေရဲ့ အရေးပါတဲ့ရည်ရွယ်ချက်တစ်ခုက ဘာလဲ။

ဝတ်ပြုရာခန်းမမှာ အစည်းအဝေးတက်ပြီးတဲ့နောက် ‘အစည်းအဝေးကနေ အရမ်းခွန်အားရတယ်’ လို့သင်ပြောဖူးသလား။ ပြောဖူးမှာသေချာပါတယ်။ အသင်းတော်အစည်းအဝေးတွေက ကျွန်ုပ်တို့ကို တကယ်ပဲ အားရှိစေပါတယ်။ အကြောင်းကတော့ အစောပိုင်းခရစ်ယာန်ခေတ်တုန်းကလိုပဲ ယနေ့ခရစ်ယာန်အစည်းအဝေးတွေရဲ့ အရေးပါတဲ့ ရည်ရွယ်ချက်တစ်ခုက တက်ရောက်သူအားလုံးရဲ့ ယုံကြည်ခြင်းကို အားပေးတည်ဆောက်ဖို့ဖြစ်တယ်။ ကောရိန္သုအသင်းတော်ကိုရေးတဲ့ တမန်တော်ပေါလုရဲ့ ပထမစာမှာ ဒီအချက်ကို အလေးပေးဖော်ပြထားတယ်။ အခန်းကြီး ၁၄ မှာ ထပ်တလဲလဲဖော်ပြထားတဲ့အတိုင်း အသင်းတော်အစည်းအဝေးမှာ တင်ဆက်တဲ့အပိုင်းတိုင်းက “အသင်းတော်ကိုတည်ဆောက်” ဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်မျိုးတည်းပဲ ရှိသင့်တယ်။—၁ ကောရိန္သု ၁၄:၃၊ ၁၂၊ ၂၆ ကိုဖတ်ပါ။ *

၂။ (က) အစည်းအဝေးတွေကနေ အားပေးတည်ဆောက်မှုရရှိတာ ဘာကြောင့်လဲ။ (ခ) ဘယ်မေးခွန်းကို သုံးသပ်ကြမလဲ။

အစည်းအဝေးတွေကနေ တည်ဆောက်မှုရတာ၊ အသိပညာရတာတွေက ဘုရားသခင့်စွမ်းအားတော်ကြောင့်ဆိုတာ ကျွန်ုပ်တို့သိကြတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့စုဝေးမှုကို သန့်ရှင်းသောစွမ်းအားတော်နဲ့ ကောင်းချီးပေးဖို့ ကောင်းကင်ခမည်းတော် ယေဟောဝါထံ လှိုက်လှိုက်လှဲလှဲဆုတောင်းခြင်းအားဖြင့် အသင်းတော်အစည်းအဝေးတိုင်းကို အစပြုကြတယ်။ ဒါပေမဲ့ အစည်းအဝေးအစီအစဉ်တွေကနေ အားပေးတည်ဆောက်မှုရရှိဖို့ ကျွန်ုပ်တို့အားလုံး ပါ၀င်လုပ်ဆောင်နိုင်ကြတယ်ဆိုတာ ကျွန်ုပ်တို့သိထားကြတယ်။ ဒါဆိုရင် အသင်းတော်မှာကျင်းပတဲ့ ပတ်စဉ်အစည်းအဝေးတွေကနေ လန်းဆန်းမှုနဲ့ အားပေးမှုရရှိဖို့ ကျွန်ုပ်တို့တစ်ဦးစီအနေနဲ့ ဘာတွေကို လုပ်ဆောင်နိုင်သလဲ။

၃။ ခရစ်ယာန်အစည်းအဝေးတွေက ဘယ်လောက်အရေးကြီးသလဲ။

အဖြေရဖို့ အစည်းအဝေးကိုကိုင်တွယ်တဲ့သူတွေ မှတ်သားသင့်တဲ့အချက်တွေကို သုံးသပ်ကြည့်ကြစို့။ တက်ရောက်သူအားလုံးအတွက် အားပေးတည်ဆောက်မှုဖြစ်စေတဲ့ အစည်းအဝေးဖြစ်ဖို့ အသင်းတော်တစ်ခုလုံး ဘယ်လိုပါဝင်လုပ်ဆောင်နိုင်တယ်ဆိုတာကိုလည်း သုံးသပ်ကြပါမယ်။ ဒီအကြောင်းအရာကို ကျွန်ုပ်တို့ အလွန်စိတ်ဝင်စားကြပါတယ်၊ အကြောင်းကတော့ ကျွန်ုပ်တို့ရဲ့အစည်းအဝေးတွေက မြင့်မြတ်တဲ့စုဝေးမှုဖြစ်လို့ပဲ။ အစည်းအဝေးတွေကို တက်ရောက်ခြင်းနဲ့ ပါဝင်ခြင်းက ယေဟောဝါကိုဝတ်ပြုခြင်းရဲ့ အရေးပါတဲ့ကဏ္ဍ အမှန်ဖြစ်တယ်။—ဆာ. ၂၆:၁၂; ၁၁၁:၁; ဟေရှာ. ၆၆:၂၂၊ ၂၃

သမ္မာကျမ်းစာကိုလေ့လာတဲ့ အစည်းအဝေးတစ်ခု

၄၊ ၅။ ကင်းမျှော်စင်သင်တန်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။

ကျွန်ုပ်တို့အားလုံးဟာ ပတ်စဉ် ကင်းမျှော်စင်သင်တန်းကနေ အကျိုးအပြည့်အဝ ရလိုကြတယ်။ ဒါကြောင့် ဒီအစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းနားလည်နိုင်ဖို့ ကင်းမျှော်စင် မဂ္ဂဇင်းနဲ့ လေ့လာရန်ဆောင်းပါးတွေမှာ ပြုပြင်ပြောင်းလဲထားတဲ့အချက်တချို့ကို သုံးသပ်ကြည့်ကြစို့။

ဇန်နဝါရီ ၁၅၊ ၂၀၀၈ ကင်းမျှော်စင် လေ့လာရန်စာစောင်ကစပြီး မျက်နှာဖုံးမှာ အရေးကြီးတဲ့ပြောင်းလဲမှုတစ်ခု ပြုလုပ်ထားတယ်။ ဒါကို သင်သတိပြုမိပါသလား။ သင်ကိုင်ထားတဲ့မဂ္ဂဇင်းရဲ့မျက်နှာဖုံးကို အသေအချာလေ့လာကြည့်ပါ။ မျှော်စင်ပုံရဲ့အောက်ခြေမှာ ဖွင့်ထားတဲ့ကျမ်းစာအုပ်တစ်အုပ်ကို သတိပြုမိပါလိမ့်မယ်။ ဒီထပ်ထည့်ထားတဲ့ပုံက ကင်းမျှော်စင်သင်တန်း ကျင်းပရတဲ့အကြောင်းရင်းကို မီးမောင်းထိုးပြတယ်။ အကြောင်းရင်းကတော့ ဒီမဂ္ဂဇင်းရဲ့အကူအညီနဲ့ သမ္မာကျမ်းစာကို လေ့လာခြင်းဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ပတ်စဉ်ကင်းမျှော်စင်သင်တန်းဟာ နေဟမိခေတ်ကလိုပဲ သမ္မာကျမ်းစာကို ‘အနက်ပြန်သဖြင့် လူများနားလည်စေ’ ဖို့ဖြစ်တယ်။—နေ. ၈:၈; ဟေရှာ. ၅၄:၁၃

၆။ (က) ကင်းမျှော်စင်သင်တန်းမှာ ဘယ်ပြုပြင်ပြောင်းလဲမှု ပြုလုပ်ထားသလဲ။ (ခ) “ဖတ်ပါ” ဆိုတဲ့ကျမ်းချက်တွေနဲ့ပတ်သက်ပြီး ဘယ်အချက်ကို စိတ်စွဲမှတ်သင့်သလဲ။

သမ္မာကျမ်းစာက ကျွန်ုပ်တို့ရဲ့ အဓိကပြဋ္ဌာန်းစာအုပ်ဖြစ်တဲ့အတွက်ကြောင့် ကင်းမျှော်စင်သင်တန်းမှာ ပြုပြင်ပြောင်းလဲမှုတစ်ခု ပြုလုပ်ထားတယ်။ သင်တန်းဆောင်းပါးတွေမှာ “ဖတ်ပါ” ဆိုတဲ့ကျမ်းချက်များစွာ ပါဝင်တယ်။ အစည်းအဝေးအတွင်းမှာ ဒီကျမ်းချက်တွေကို ကိုယ်ပိုင်ကျမ်းစာနဲ့ လိုက်ဖတ်ဖို့ ကျွန်ုပ်တို့အားလုံး အားပေးခံရကြတယ်။ (တ. ၁၇:၁၁) အကြောင်းကတော့ ဘုရားသခင့်သွန်သင်ချက်တွေကို ကိုယ်ပိုင်ကျမ်းစာမှာတွေ့ရတဲ့အခါ စိတ်နှလုံးမှာ ပိုပြီးစွဲမှတ်စေတယ်။ (ဟေဗြဲ ၄:၁၂) ဒါကြောင့် ဒီကျမ်းချက်တွေကို မဖတ်ခင်မှာ သင်တန်းကိုင်သူက တက်ရောက်သူအားလုံး ကျမ်းချက်ရှာတွေ့ပြီး လိုက်ဖတ်နိုင်ဖို့ အချိန်ပေးသင့်တယ်။

ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်ကို ဖော်ပြနိုင်ဖို့ အချိန်ပိုရ

၇။ ကင်းမျှော်စင်သင်တန်းအတွင်းမှာ ကျွန်ုပ်တို့ ဘယ်အခွင့်အရေးရရှိကြသလဲ။

ကင်းမျှော်စင်သင်တန်းရဲ့ နောက်ထပ်အပြောင်းအလဲတစ်ခုက ဆောင်းပါးတွေ ပိုတိုသွားတာဖြစ်တယ်။ ဒါကြောင့် ကင်းမျှော်စင်သင်တန်းမှာ အပိုဒ်ဖတ်ရတဲ့အချိန်နည်းသွားပြီး မှတ်ချက်တွေပေးဖို့အချိန် ပိုရလာတယ်။ အခု အသင်းတော်မှာရှိတဲ့သူတွေဟာ ပုံနှိပ်ထားတဲ့မေးခွန်းတွေကိုဖြေဆိုခြင်း၊ ကျမ်းချက်တွေရဲ့သက်ဆိုင်ပုံကို ပြောပြခြင်း၊ သမ္မာကျမ်းစာမူတွေကိုလိုက်လျှောက်ခြင်းက ပညာရှိရာကျကြောင်းဖော်ပြတဲ့ တွေ့ကြုံမှုကို အတိုချုပ်ဖော်ပြခြင်း ဒါမှမဟုတ် တခြားနည်းလမ်းတွေအားဖြင့် သူတို့ရဲ့ယုံကြည်ချက်ကို လူထုရှေ့ဖော်ပြနိုင်တဲ့ အခွင့်အရေးရရှိကြတယ်။ တစ်ခါတလေမှာ ရုပ်ပုံတွေအကြောင်း ဆွေးနွေးဖို့ အချိန်ယူသင့်တယ်။—ဆာလံ ၂၂:၂၂; ၃၅:၁၈; ၄၀:၉ တို့ကိုဖတ်ပါ။

၈၊ ၉။ ကင်းမျှော်စင်သင်တန်းကိုင်သူရဲ့အခန်းကဏ္ဍက ဘာလဲ။

ဒါပေမဲ့ ပိုလာတဲ့အချိန်မှာ မှတ်ချက်များစွာပေးနိုင်ဖို့ ကင်းမျှော်စင်သင်တန်းမှာ ပါဝင်သူတွေက မှတ်ချက်တိုတိုပေးပြီး သင်တန်းကိုင်သူက စကားများများမပြောဖို့လိုတယ်။ ဒါဆိုရင် အစည်းအဝေးတွေက အားလုံးအတွက် အားပေးတည်ဆောက်မှုဖြစ်စေဖို့ သင်တန်းကိုင်သူအနေနဲ့ သူကိုယ်တိုင် စကားဘယ်လောက်ပြောသင့်တယ်၊ အစည်းအဝေးတက်သူတွေက မှတ်ချက်ဘယ်လောက်ပေးသင့်တယ်ဆိုတာ ကောင်းစွာသိရှိဖို့ ဘယ်အရာက သူ့ကို ကူညီပေးမလဲ။

အဖြေရဖို့ ဒီဥပမာကို သုံးသပ်ကြည့်ပါ။ ကောင်းစွာကိုင်တွယ်တဲ့ ကင်းမျှော်စင်သင်တန်းတစ်ခုဟာ မျက်စိပသာဒဖြစ်စေတဲ့ ပန်းစည်းတစ်စည်းနဲ့တူတယ်။ ပန်းစည်းကြီးတစ်စည်းမှာ ပန်းပွင့်များစွာပါဝင်သလို ကင်းမျှော်စင်သင်တန်းတစ်ခုမှာလည်း မှတ်ချက်အမျိုးမျိုးပါ၀င်တယ်။ ပန်းစည်းမှာပါဝင်တဲ့ပန်းပွင့်တွေဟာ အရွယ်အစားအမျိုးမျိုး၊ အရောင်အသွေးအမျိုးမျိုးရှိသလို အစည်းအဝေးတွင်းမှာပေးတဲ့ မှတ်ချက်တွေကလည်း အတိုအရှည်ကွာခြားပြီး မှတ်ချက်ပေးပုံပေးနည်းကလည်း မတူကြဘူး။ တစ်ခါတစ်ရံမှသာပေးတဲ့ သင်တန်းကိုင်သူရဲ့မှတ်ချက်က ပန်းစည်းထဲမှာ နေရာတကျထည့်ထားတဲ့ အရွက်စိမ်းအနည်းငယ်နဲ့တူတယ်။ ဒီအရွက်စိမ်းတွေက ပန်းစည်းကို မဖုံးလွှမ်းထားဘူး၊ အဲဒီအစား ပန်းစည်းကိုပုံစံပေါ်အောင်နဲ့ တစ်ပေါင်းတစ်စည်းတည်းဖြစ်အောင် ပြုလုပ်ပေးတယ်။ အလားတူပဲ သင်တန်းကိုင်သူအနေနဲ့ မိမိရဲ့မှတ်ချက်တွေနဲ့ သင်တန်းကိုလွှမ်းမိုးဖို့မဟုတ်ဘဲ မိမိရဲ့တာ၀န်က ကင်းမျှော်စင်သင်တန်းကို ပြည့်စုံအောင်ဖြည့်စွက်ပေးဖို့ဖြစ်တယ်ဆိုတာ စိတ်စွဲမှတ်သင့်တယ်။ အစည်းအဝေးတက်ရောက်သူတွေပေးတဲ့ မှတ်ချက်အမျိုးမျိုးနဲ့ သင်တန်းကိုင်သူပေးတဲ့ အထောက်အကူပြု မှတ်ချက်အနည်းငယ်က လှပတဲ့ပန်းစည်းတစ်စည်းလိုပဲ တက်ရောက်သူအားလုံးကို ပျော်ရွှင်စေပါလိမ့်မယ်။

‘ချီးမွမ်းခြင်းယဇ်ကို ကိုယ်တော်အား အစဉ်မပြတ်ပူဇော်ကြစို့’

၁၀။ အစောပိုင်းခရစ်ယာန်တွေက အသင်းတော်အစည်းအဝေးတွေကို ဘယ်လိုရှုမြင်ခဲ့ကြသလဲ။

၁၀ ခရစ်ယာန်အစည်းအဝေးတွေနဲ့ပတ်သက်ပြီး ၁ ကောရိန္သု ၁၄:၂၆-၃၃ မှာတွေ့ရတဲ့ ပေါလုရဲ့ဖော်ပြချက်က ပထမရာစုတုန်းက အစည်းအဝေးတွေဘယ်လိုကျင်းပသလဲဆိုတာ ကျွန်ုပ်တို့ကို သိစေတယ်။ အဲဒီအခန်းငယ်တွေနဲ့ပတ်သက်ပြီး ကျမ်းပညာရှင်တစ်ဦးက ဒီလိုရေးတယ်– “အစောပိုင်း ခရစ်ယာန်တွေရဲ့ဝတ်ပြုမှုနဲ့ပတ်သက်ပြီး မှတ်သားထိုက်တဲ့အချက်တစ်ချက်က ဝတ်ပြုရေးအစီအစဉ်မှာ ပါဝင်ရခြင်းက အခွင့်အရေးဖြစ်ပြီး တာဝန်လည်းဖြစ်တယ်ဆိုတဲ့ ခံစားချက်နဲ့ ယောက်တိုင်းက တက်ရောက်လာကြတာဖြစ်တယ်။ လူတစ်ယောက်က နားထောင်ရုံသက်သက်အတွက်၊ ရယူဖို့အတွက်လောက်ပဲမဟုတ်ဘဲ ပေးကမ်းဖို့ လာတာဖြစ်တယ်။” အစောပိုင်းခရစ်ယာန်တွေဟာ အသင်းတော်အစည်းအဝေးတွေကို ယုံကြည်ခြင်းဖော်ပြဖို့ အခွင့်အရေးအဖြစ် အမှန်ပဲရှုမြင်ခဲ့ကြတယ်။—ရော. ၁၀:၁၀

၁၁။ (က) ဘယ်အရာက အစည်းအဝေးတွေကို အလွန်တည်ဆောက်မှုဖြစ်စေသလဲ၊ ဘာကြောင့်လဲ။ (ခ) ဘယ်အကြံပေးချက်တွေကို လိုက်လျှောက်ခြင်းက ကျွန်ုပ်တို့ရဲ့မှတ်ချက်တွေကို တိုးတက်စေနိုင်သလဲ။ (အောက်ခြေမှတ်ချက်ကိုကြည့်ပါ။)

၁၁ အစည်းအဝေးတွေမှာ ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်ကိုဖော်ပြခြင်းက “အသင်းတော်ကိုတည်ဆောက်” ဖို့ဖြစ်တယ်။ အသင်းတော်အစည်းအဝေးတွေကို တက်ရောက်ခဲ့တာ နှစ်ပေါင်းဘယ်လောက်ပဲကြာခဲ့ပါစေ ညီအစ်ကို၊ ညီအစ်မတွေပေးတဲ့မှတ်ချက်တွေကို နားထောင်ရခြင်းက တကယ့်ကိုနှစ်သက်စရာဖြစ်နေဆဲဆိုတာ သင်သဘောတူပါလိမ့်မယ်။ အသက်ကြီးပြီး သစ္စာရှိတဲ့ ယုံကြည်သူချင်းတစ်ဦးပေးတဲ့ လှိုက်လှဲတဲ့အဖြေက ကျွန်ုပ်တို့ရဲ့စိတ်နှလုံးကို ထိမိစေတယ်၊ မေတ္တာပြည့်ဝတဲ့ အကြီးအကဲတစ်ဦးရဲ့ အတွေ့အကြုံကနေ သင်ယူသိရှိလာတဲ့ မှတ်ချက်က ကျွန်ုပ်တို့ကို အားရှိစေပြီး ကလေးတစ်ယောက်က ယေဟောဝါကိုချစ်ကြောင်း သူတတ်သလိုဖြေလိုက်တဲ့ မှတ်ချက်ကြောင့် ကျွန်ုပ်တို့ ပြုံးကြတယ်။ ကျွန်ုပ်တို့အားလုံးဟာ မှတ်ချက်ပေးခြင်းအားဖြင့် ခရစ်ယာန်အစည်းအဝေးတွေကို တည်ဆောက်မှုဖြစ်စေကြတယ်။ *

၁၂။ (က) မောရှေနဲ့ ယေရမိတို့ရဲ့ပုံဥပမာကနေ ဘာသင်ယူနိုင်သလဲ။ (ခ) မှတ်ချက်တွေပေးနိုင်ဖို့ ဆုတောင်းခြင်းက ဘယ်လိုကူညီပေးသလဲ။

၁၂ ရှက်ကြောက်တတ်သူတွေက မှတ်ချက်ပေးဖို့ အခက်တွေ့နိုင်ပါတယ်။ သင်လည်း အဲဒီလိုဖြစ်နေတယ်ဆိုရင် သင်တစ်ဦးတည်းမဟုတ်ကြောင်း သတိရပါ။ တကယ်တော့ မောရှေ၊ ယေရမိတို့လို ဘုရားသခင့်သစ္စာရှိကျေးကျွန်တွေလည်း လူထုရှေ့မှာစကားပြောဖို့ တွန့်ဆုတ်ခဲ့ကြတယ်။ (ထွ. ၄:၁၀; ယေ. ၁:၆) ဒါပေမဲ့ လူတွေရှေ့မှာ မိမိကိုချီးမွမ်းဖို့ ရှေးခေတ်ကကျေးကျွန်တွေကို ဘုရားသခင်ကူညီပေးခဲ့သလို ချီးမွမ်းခြင်းယဇ်ကိုပူဇော်နိုင်ဖို့ သင့်ကိုလည်း ဘုရားသခင် ကူညီပေးပါလိမ့်မယ်။ (ဟေဗြဲ ၁၃:၁၅ ကိုဖတ်ပါ။) မှတ်ချက်ပေးရာမှာ သင့်ရဲ့ကြောက်စိတ်ကို အနိုင်ယူဖို့ ဘုရားသခင့်အကူအညီကို သင်ဘယ်လိုရရှိနိုင်သလဲ။ ဦးဆုံး၊ အစည်းအဝေးအတွက် ကောင်းစွာပြင်ဆင်ပါ။ အဲဒီနောက် ဝတ်ပြုရာခန်းမကိုမသွားခင် မှတ်ချက်ပေးနိုင်တဲ့သတ္တိပေးပါလို့ ယေဟောဝါထံ သတ်သတ်မှတ်မှတ် အသနားခံ တောင်းလျှောက်ပါ။ (ဖိ. ၄:၆) “အလိုတော်နဲ့အညီ” သင်တောင်းလျှောက်တာဖြစ်လို့ သင့်ဆုတောင်းချက်ကို ယေဟောဝါဖြေကြားပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—၁ ယော. ၅:၁၄; သု. ၁၅:၂၉

‘တည်ဆောက်မှု၊ အားပေးမှု၊ နှစ်သိမ့်မှု’ ပေးတဲ့ အစည်းအဝေးများ

၁၃။ (က) အစည်းအဝေးတွေက တက်ရောက်လာသူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်သင့်သလဲ။ (ခ) အကြီးအကဲတွေအတွက် ဘယ်မေးခွန်းက အလွန်အရေးကြီးသလဲ။

၁၃ အသင်းတော်အစည်းအဝေးတွေရဲ့ အရေးပါတဲ့ ရည်ရွယ်ချက်တစ်ခုက တက်ရောက်သူတွေကို ‘တည်ဆောက်မှု၊ အားပေးမှု၊ နှစ်သိမ့်မှု’ ပေးဖို့ဖြစ်တယ်လို့ ပေါလုဖော်ပြတယ်။ * (၁ ကော. ၁၄:၃) မိမိတို့ကိုင်တွယ်ရတဲ့ အစည်းအဝေးအပိုင်းတွေက ညီအစ်ကိုညီအစ်မတွေကို အားပေးတည်ဆောက်မှု၊ နှစ်သိမ့်မှုပေးကြောင်း ခရစ်ယာန်အကြီးအကဲတွေ ဘယ်လိုသေချာစေနိုင်သလဲ။ အဖြေရဖို့ ယေရှုရှင်ပြန်ထမြောက်ပြီး မကြာမီမှာ ကျင်းပခဲ့တဲ့အစည်းအဝေးတစ်ခုကို သုံးသပ်ကြည့်ကြစို့။

၁၄။ (က) ယေရှုစီစဉ်တဲ့အစည်းအဝေးမတိုင်ခင် ဘာတွေဖြစ်ပျက်ခဲ့သလဲ။ (ခ) ယေရှုက တမန်တော်တွေထံချဉ်းကပ်ပြီး စကားပြောခဲ့တဲ့အခါ သူတို့ဘာကြောင့် စိတ်သက်သာရာရခဲ့သလဲ။

၁၄ ဦးဆုံး၊ အဲဒီအစည်းအဝေးမတိုင်မီက အဖြစ်အပျက်တွေကို သတိပြုကြည့်ပါ။ ယေရှုအသတ်မခံရခင်မှာ တမန်တော်တွေ “ကိုယ်တော်ကို စွန့်၍ထွက်ပြေး” ခဲ့ကြပြီး ကြိုပြောခဲ့တဲ့အတိုင်း “မိမိတို့နေရာသို့ အသီးသီးကွဲလွင့်” သွားခဲ့ကြတယ်။ (မာ. ၁၄:၅၀; ယော. ၁၆:၃၂) ယေရှုရှင်ပြန်ထမြောက်ပြီးတဲ့နောက် ကိုယ်တော်ဟာ စိတ်ဓာတ်ကျနေတဲ့ တမန်တော်တွေကို အထူးအစည်းအဝေးတစ်ခုတက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ * ဒါနဲ့ ‘တပည့်တစ်ဆယ့်တစ်ယောက်မူကား ဂါလိလဲပြည်သို့ထွက်သွား၍ ယေရှုချိန်းချက်ထားတော်မူသော တောင်ပေါ်သို့ တက်သွားကြ’ တယ်။ သူတို့ အဲဒီကိုရောက်တဲ့အခါ ယေရှုက သူတို့ထံချဉ်းကပ်ပြီး စကားပြောခဲ့တယ်။ (မ. ၂၈:၁၀၊ ၁၆၊ ၁၈) ယေရှု အဲဒီလိုအစပြုလုပ်ဆောင်ခဲ့တဲ့အတွက် တမန်တော်တွေ ဘယ်လောက်အထိ စိတ်သက်သာရာရမလဲဆိုတာ မြင်ယောင်ကြည့်ပါ။ ယေရှု ဘာအကြောင်း ဆွေးနွေးခဲ့သလဲ။

၁၅။ (က) ဘယ်အကြောင်းအရာတွေကို ယေရှု သုံးသပ်ခဲ့သလဲ၊ ဒါပေမဲ့ ဘယ်အရာတွေကိုတော့ မဆွေးနွေးခဲ့ဘူးလဲ။ (ခ) အဲဒီအစည်းအဝေးက တမန်တော်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်ခဲ့သလဲ။

၁၅ ယေရှုက “အခွင့်အာဏာရှိသမျှကို ငါ့အား အပ်နှင်းထားပြီ” ဆိုတဲ့ကြေညာချက်နဲ့ အစည်းအဝေးကို အစပြုခဲ့တယ်။ အဲဒီနောက် “သွား၍ လူမျိုးတကာမှလူတို့ကို ငါ့တပည့်ဖြစ်စေ” ပါဆိုတဲ့တာဝန်ကို အပ်နှင်းခဲ့တယ်။ နိဂုံးပိုင်းမှာ “ငါသည်လည်း သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်” ဆိုပြီး မေတ္တာနဲ့အာမခံခဲ့တယ်။ (မ. ၂၈:၁၈-၂၀) ဒါပေမဲ့ ယေရှုဘာမလုပ်ခဲ့ဘူးဆိုတာ သတိပြုမိသလား။ မိမိရဲ့တမန်တော်တွေကို ပြစ်တင်ပြောဆိုခြင်း မလုပ်ခဲ့သလို အစည်းအဝေးကို ခုတုံးလုပ်ပြီး သူတို့ရဲ့သဘောထားကို မေးခွန်းထုတ်ခြင်း၊ ခဏတာယုံကြည်ခြင်းအားနည်းခဲ့တာကိုထောက်ပြီး အပြစ်ရှိတယ်ဆိုတဲ့ခံစားချက် ပိုဝင်လာအောင်လုပ်ခြင်း မရှိခဲ့ဘူး။ အဲဒီအစား ယေရှုက သူတို့ကို ကြီးလေးတဲ့တာဝန်အပ်နှင်းခြင်းအားဖြင့် မိမိနဲ့ ခမည်းတော်ရဲ့ မေတ္တာကို စိတ်ချစေခဲ့တယ်။ ယေရှုရဲ့ချဉ်းကပ်မှုက တမန်တော်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်ခဲ့သလဲ။ သူတို့တွေ အားပေးတည်ဆောက်မှုနဲ့ နှစ်သိမ့်မှုရရှိခဲ့ပြီး အဲဒီအစည်းအဝေးနောက်ပိုင်း သိပ်မကြာခင်မှာ သူတို့ဟာ တစ်ဖန်ပြန်ပြီး “သတင်းကောင်းကို နေ့စဉ်မပြတ် သွန်သင်ဟောပြော” ခဲ့ကြတယ်။—တ. ၅:၄၂

၁၆။ လန်းဆန်းမှုဖြစ်စေဖို့ အစည်းအဝေးတွေကိုကိုင်တွယ်တဲ့အခါမှာ အကြီးအကဲတွေဟာ ယေရှုရဲ့ပုံသက်သေကို ဘယ်လိုတုပကြသလဲ။

၁၆ ယေရှုကိုတုပတဲ့အနေနဲ့ အကြီးအကဲတွေက အစည်းအဝေးတွေမှာ ယုံကြည်သူချင်းတွေအပေါ်ထားတဲ့ ယေဟောဝါရဲ့ အစဉ်တည်တဲ့မေတ္တာကို ယုံကြည်စိတ်ချအောင် ပြုလုပ်ပေးကြတယ်။ (ရော. ၈:၃၈၊ ၃၉) ဒါကြောင့် မိမိတို့တာဝန်ရတဲ့အပိုင်းတွေမှာ အကြီးအကဲတွေက ညီအစ်ကိုတွေရဲ့ အားနည်းချက်ကိုမဟုတ်ဘဲ အားသာချက်ကို အာရုံစိုက်ကြတယ်။ သူတို့တွေက ညီအစ်ကိုတွေရဲ့စိတ်ရင်းကို သံသယမဝင်ကြဘူး။ အဲဒီအစား ယုံကြည်သူချင်းတွေကို ယေဟောဝါကိုချစ်တဲ့သူ၊ မှန်ရာကိုလုပ်လိုတဲ့သူတွေအဖြစ် ရှုမြင်ကြောင်း သူတို့ရဲ့အသုံးအနှုန်းတွေက ဖော်ပြတယ်။ (၁ သက်. ၄:၁၊ ၉-၁၂) အကြီးအကဲတွေဟာ အသင်းတော်တစ်ခုလုံးကို သွန်သင်ချက်ပေးဖို့လိုတဲ့အခါတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အနည်းငယ်လောက်ကိုသာ တည့်မတ်ပေးဖို့လိုတယ်ဆိုရင် သက်ဆိုင်တဲ့သူတွေကိုပဲ သီးသန့်သွန်သင်ချက်ပေးခြင်းက အကောင်းဆုံးဖြစ်တယ်။ (ဂလ. ၆:၁; ၂ တိ. ၂:၂၄-၂၆) အသင်းတော်တစ်ခုလုံးကို ဟောပြောတဲ့အခါ သင့်လျော်တဲ့အခါတိုင်း ချီးမွမ်းပေးဖို့ အကြီးအကဲတွေ ကြိုးစားသင့်တယ်။ (ဟေရှာ. ၃၂:၂) ဒီလိုလုပ်ဖို့ကြိုးစားမယ်ဆိုရင် အစည်းအဝေးပြီးသွားတဲ့အခါ တက်ရောက်သူအားလုံးဟာ လန်းဆန်းပြီး ခွန်အားရရှိကြမှာဖြစ်တယ်။—မ. ၁၁:၂၈; တ. ၁၅:၃၂

နှစ်သိမ့်မှုပေးတဲ့နေရာ

၁၇။ (က) အစည်းအဝေးတွေက နှစ်သိမ့်မှုပေးတဲ့နေရာဖြစ်ဖို့ ဘာကြောင့် ခါတိုင်းထက်ပိုပြီး အရေးကြီးရတာလဲ။ (ခ) တည်ဆောက်မှုပေးတဲ့ အစည်းအဝေးတွေဖြစ်ဖို့ သင်ကိုယ်တိုင် ဘာလုပ်ဆောင်နိုင်သလဲ။ (“အစည်းအဝေးတွေကနေ သင်ကိုယ်တိုင်နဲ့ တခြားသူတွေ အားပေးတည်ဆောက်မှုရအောင် ပြုလုပ်နိုင်တဲ့ နည်းဆယ်နည်း” လေးထောင့်ကွက်ကိုကြည့်ပါ။)

၁၇ စာတန့်လောကက ပိုပြီးဖိစီးမှုတိုးများလာတဲ့အတွက် ကျွန်ုပ်တို့ရဲ့ ခရစ်ယာန်စုဝေးမှုတွေက အားလုံးအတွက် နှစ်သိမ့်မှုပေးတဲ့နေရာဖြစ်ဖို့လိုတယ်။ (၁ သက်. ၅:၁၁) လွန်ခဲ့တဲ့နှစ်တွေအတွင်း ခင်ပွန်းဖြစ်သူနဲ့အတူ အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရတဲ့ ညီအစ်မတစ်ဦး ဒီလိုပြောခဲ့တယ်– “ကျွန်မတို့အတွက် နိုင်ငံတော်ခန်းမထဲမှာ ရှိနေရတာက ယေဟောဝါရဲ့ လက်တော်မှာ ပွေ့ပိုက်ခံထားရသလိုပဲ။ ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေအလယ်မှာ နေရတဲ့အချိန်က ကျွန်မတို့ရဲ့ဝန်တွေကို ယေဟောဝါထံမှာ ချထားသလို ခံစားရတယ်။ ပြီးတော့ အတော့်ကို စိတ်ငြိမ်သက်မှုခံစားရတယ်။” (ဆာ. ၅၅:၂၂) အစည်းအဝေးကိုတက်ရောက်လာတဲ့သူအားလုံး အလားတူ အားပေးမှုနဲ့ နှစ်သိမ့်မှု ခံစားရပါစေ။ အဲဒီလိုဖြစ်နိုင်ဖို့ ခရစ်ယာန်အစည်းအဝေးတွေကို တည်ဆောက်မှုဖြစ်စေရာမှာ ကျွန်ုပ်တို့ ဆက်ပြီး ပါဝင်လုပ်ဆောင်ကြပါစို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 1 ဒီအခန်းကြီးမှာ ပထမရာစုခရစ်ယာန်အစည်းအဝေးတွေရဲ့ အသွင်အပြင်တချို့ ကွယ်ပျောက်သွားမယ်လို့ ကြိုဟောထားတယ်။ ဥပမာ၊ အခုအချိန်မှာ “ဘာသာစကားမျာကိုပြောနိုင်သောအခွင့်” ဒါမှမဟုတ် “ပရောဖက်ပြုနိုင်သောဆုကျေးဇူး” တွေမရှိတော့ဘူး။ (၁ ကော. ၁၃:၈; ၁၄:၅) ဒါပေမဲ့ ပေါလုရဲ့ညွှန်ကြားချက်တွေက ဒီနေ့ခရစ်ယာန်အစည်းအဝေးတွေကို ဘယ်လိုကျင်းပသင့်တယ်ဆိုတာ ကောင်းကောင်းသိမြင်စေတယ်။

^ အပိုဒ်၊ 11 အစည်းအဝေးတွေမှာ မှတ်ချက်ပေးတဲ့အခါ တိုးတက်နိုင်ဖို့ အကြံပြုချက်တွေကို စက်တင်ဘာ ၁၊ ၂၀၀၃၊ ကင်းမျှော်စင် စာမျက်နှာ ၂၅-၂၈ မှာကြည့်ပါ။

^ အပိုဒ်၊ 13 “အားပေးမှု” နဲ့ “နှစ်သိမ့်မှု” ဆိုတဲ့ ဂရိစကားလုံးတွေရဲ့ကွာခြားချက်နဲ့ပတ်သက်ပြီး အဘိဓာန်တစ်အုပ် (Vine’s Expository Dictionary of Old and New Testament Words) က “နှစ်သိမ့်” တဲ့အခါပြတဲ့ ဂရုစိုက်မှုက “[အားပေးတဲ့အခါပြတဲ့] ဂရုစိုက်မှုထက်ပိုတယ်” လို့ဖော်ပြထားတယ်။—ယောဟန် ၁၁:၁၉ နဲ့နှိုင်းယှဉ်ပါ။

^ အပိုဒ်၊ 14 ဒီအဖြစ်အပျက်က နောက်ပိုင်း ပေါလုပြောခဲ့တဲ့ “ညီအစ်ကိုငါးရာကျော်တို့အရှေ့ တစ်ပြိုင်နက်ထင်ရှားပြ” တဲ့အဖြစ်အပျက်နဲ့ တစ်ခုတည်းဖြစ်နိုင်တယ်။—၁ ကော. ၁၅:၆

သင်ဘယ်လိုဖြေဆိုမလဲ

• ခရစ်ယာန်အစည်းအဝေးတွေက ဘယ်လောက်အရေးကြီး သလဲ။

• အစည်းအဝေးတွေမှာပေးတဲ့မှတ်ချက်တွေက “အသင်းတော်ကိုတည်ဆောက်” ရာမှာ ဘယ်လိုထောက်ကူပေးသလဲ။

• မိမိရဲ့နောက်လိုက်တွေနဲ့ ယေရှုပြုလုပ်ခဲ့တဲ့ အစည်းအဝေးတစ်ခုကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၂၊ ၂၃ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

အစည်းအဝေးတွေကနေ သင်ကိုယ်တိုင်နဲ့ တခြားသူတွေ အားပေးတည်ဆောက်မှုရအောင် ပြုလုပ်နိုင်တဲ့ နည်းဆယ်နည်း

ကြိုတင်ပြင်ဆင်ပါ။ ဝတ်ပြုရာခန်းမမှာဆွေးနွေးမယ့်အကြောင်းအရာတွေကို ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် အစည်းအဝေးက ပိုစိတ်ဝင်စားစရာကောင်းပြီး ပိုမှတ်မိစေနိုင်တယ်။

ပုံမှန်တက်ပါ။ စည်းဝေးတက်ရောက်သူအရေအတွက်များခြင်းက တက်ရောက်သူအားလုံးကို အားပေးမှုဖြစ်စေတဲ့အတွက် သင်ရောက်ရှိနေခြင်းက အားပေးမှုဖြစ်စေတယ်။

အချိန်မီရောက်ပါ။ အစည်းအဝေးမစမီ နေရာမှာရောက်နေမယ်ဆိုရင် ယေဟောဝါကို၀တ်ပြုခြင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အဖွင့်သီချင်းနဲ့ ဆုတောင်းခြင်းမှာ ပါဝင်နိုင်တယ်။

ဆွေးနွေးမယ့်စာပေတွေကို အစုံအလင်ယူလာပါ။ ကျမ်းစာနဲ့ အစည်းအဝေးမှာသုံးမယ့်စာပေ(တွေ)ကို ယူလာပါ။ ဒါမှ ဆွေးနွေးနေတဲ့အကြောင်းအရာကို လိုက်ကြည့်နိုင်ပြီး ပိုသဘောပေါက်နားလည်မှာဖြစ်တယ်။

အာရုံပျံ့လွင့်စရာများကိုရှောင်ပါ။ ဥပမာ၊ အစည်းအဝေးအချိန်အတွင်း စကားတီးတိုးပြောခြင်းကိုရှောင်ပါ။ ဆဲလ်ဖုန်းတွေကို အသံဖျောက်ထားပါ၊ စာတိုတွေ ဖွင့်ဖတ်ခြင်းကို ရှောင်ပါ။ ဒီလိုလုပ်ခြင်းက ကိုယ်ရေးကိုယ်တာကိစ္စတွေကို သူ့နေရာနဲ့သူ ထားခြင်းဖြစ်တယ်။

ပါဝင်ပါ။ လူများများ မှတ်ချက်ပေးလေ ယုံကြည်ခြင်းဖော်ပြချက်အမျိုးမျိုးကြောင့် များစွာသောသူတို့ အားပေးတည်ဆောက်မှု ရရှိလေဖြစ်တယ်။

မှတ်ချက်တိုတိုပေးပါ။ ဒီလိုလုပ်ခြင်းက အခြားသူတွေလည်း မှတ်ချက်ပေးဖို့ အခွင့်အရေးရရှိစေတယ်။

တာဝန်ကျေပွန်ပါ။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှာ တာဝန်ရတာဖြစ်စေ၊ လုပ်ငန်းတော်အစည်းအဝေးမှာ တာဝန်ရတာဖြစ်စေ ကောင်းစွာကြိုတင်ပြင်ဆင်ပါ၊ အစမ်းလေ့ကျင့်ပါ။ ပါဝင်လုပ်ဆောင်နိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားပါ။

ပါဝင်တဲ့သူတွေကို ချီးမွမ်းပါ။ အစည်းအဝေးမှာ ပါဝင်တဲ့သူတွေ၊ မှတ်ချက်ပေးတဲ့သူတွေကို သူတို့ရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ပြောပြပါ။

ပေါင်းသင်းပါ။ အစည်းအဝေးမတိုင်မီနဲ့ ပြီးနောက်မှာ ဖော်ရွေစွာနှုတ်ဆက်ခြင်း၊ တည်ဆောက်မှုဖြစ်စေတဲ့ စကားလက်ဆုံပြောဆိုခြင်းတို့က အစည်းအဝေးတက်ရောက်ခြင်းမှရရှိတဲ့ ပျော်ရွှင်မှုနဲ့ အကျိုးကို ပိုတိုးစေတယ်။