မိသားစုပျော်ရွှင်မှုအတွက် သော့ချက်များ
သင့်သားသမီးတွေကို လိင်အကြောင်း ပြောပြပါ
ဆက်ကျော်သက်အရွယ် အလီစယာ * က ဒီလိုပြောပြတယ်– “တစ်ခါတလေ၊ လိင်နဲ့ပတ်သက်တဲ့ ကိစ္စတစ်ခုကို ကျွန်မ စပ်စုကြည့်ရုံလောက်ပဲ စပ်စုကြည့်တာပါ။ ဒါပေမဲ့ မိဘတွေကို အဲဒီအကြောင်းမေးရင် ကျွန်မ မဟုတ်တရုတ်တွေ လုပ်နေပြီလို့ သူတို့ထင်မှာစိုးတယ်။”
အလီစယာရဲ့မိခင် အီနက်ဇ်က ဒီလိုပြောပြတယ်– “သမီးကို လိင်အကြောင်း ပြောပြချင်ပေမဲ့ သူ့မှာ အားတယ်ရယ်လို့ကို မရှိဘူး။ ဒါကြောင့် သူနဲ့ စကားပြောဖို့ အချိန်မရဘူး။”
ကနေ့ တီဗွီ၊ ရုပ်ရှင်၊ ကြော်ငြာ၊ ဘယ်နေရာကိုပဲကြည့်ကြည့် လိင်နဲ့ပတ်သက်တဲ့ ရုပ်ပုံလွှာတွေ၊ အကြောင်းအရာတွေကို တွေ့နေ၊ မြင်နေရတယ်။ ဒါပေမဲ့ မိဘနဲ့ သားသမီးစပ်ကြားမှာတော့ လိင်အကြောင်းကို မပြောအပ်တဲ့အရာအဖြစ် သတ်မှတ်နေကြပုံပဲ။ “မိဘတွေနဲ့ လိင်အကြောင်းပြောဖို့ ကျွန်တော်တို့ ဘယ်လောက်ထိ ကြောက်ရွံ့ပြီး ရှက်ကိုးရှက်ကန်း ဖြစ်ရသလဲဆိုတာ မိဘတွေကို သိစေချင်တယ်။ အဲဒီအကြောင်းကို သူငယ်ချင်းတွေနဲ့ ပြောဖို့ကျတော့ ဘာမှမခက်ဘူး” ဆိုပြီး ကနေဒါနိုင်ငံက ဆယ်ကျော်သက်အရွယ် မိုက်ကယ်က ပြောပြတယ်။
တစ်ခါတလေ၊ မိဘတွေကိုယ်နှိုက်ကလည်း သားသမီးတွေနဲ့ လိင်အကြောင်း စကားစဖို့ အင်တင်တင် ဖြစ်နေတတ်တယ်။ ကျန်းမာရေးအရာရှိ ဒယ်ဘရာ ဒဗလျူ. ဟက်ဖ်နာက သူ့ရဲ့စာအုပ် (Beyond the Big Talk) မှာ ဒီလိုရေးသားထားတယ်– “မိဘတွေက သူတို့ကလေးတွေအတွက် လိင် ဒါမှမဟုတ် အပျိုဖော်၊ လူပျိုဖော်ဝင်ချိန်အကြောင်း ဖော်ပြထားတဲ့ စာအုပ်တွေဝယ်လာပြီး ကလေးတွေရဲ့ အခန်းထဲမှာ ထားပေးရုံထားပေးပြီး ဘယ်တော့မှ အဲဒီအကြောင်း မဆွေးနွေးကြဘူးလို့ ကျွန်မကို မိဘတွေက ပြောပြကြတယ်။” ကလေးတွေကို မိဘတွေက ဘယ်လို ပြောတတ်ကြသလဲဆိုရင် “မင်းတို့ရဲ့ ကိုယ်ခန္ဓာနဲ့ လိင်အကြောင်းကို မင်းတို့ သိထားသင့်တယ်။ ငါတို့ကိုယ်တိုင်တော့ အဲဒီအကြောင်း မပြောပြချင်ဘူး” လို့ ဟက်ဖ်နာက ပြောပြတယ်။
သင်ဟာ မိဘတစ်ဦးဆိုရင် အဲလိုသဘောထားမျိုး မရှိသင့်ဘူး။ သင့်သားသမီးတွေကို လိင်အကြောင်း သင်ကိုယ်တိုင် ပြောပြဖို့ အရမ်းအရေးကြီးတယ်။ အရေးကြီးရတဲ့ အကြောင်းရင်းသုံးခုကို သုံးသပ်ကြည့်ပါ–
-
လိင်နဲ့ပတ်သက်တဲ့ လောကရဲ့အမြင်က ပြောင်းလဲသွားပြီ။ “လိင်ဆက်ဆံတယ်ဆိုတာ လင်မယားစပ်ကြားမှာပဲ ရှိသင့်တဲ့အရာလို့ လူတွေ မသတ်မှတ်ကြတော့ဘူး။ အခုဆိုရင် ပါးစပ်နဲ့လိင်ဆက်ဆံတာ၊ စအိုနဲ့လိင်ဆက်ဆံတာတွေ ရှိနေပြီ။ သည့်အပြင် အင်တာနက်မှာ ညစ်ညမ်းရုပ်ပုံတွေ၊ ကွက်ကွက်ကွင်းကွင်း ရေးသားဖော်ပြထားတဲ့ လိင်အကြောင်းတွေ (cybersex) ကို ပလူပျံနေအောင် တင်ထားကြတယ်။ ဆဲလ်ဖုန်းတွေနဲ့တောင် ညစ်ညမ်းရုပ်ပုံတွေ၊ လိင်နဲ့ပတ်သက်တဲ့ စာသားတွေ (sexting) ကို အပြန်အလှန် ပေးပို့နေကြပြီ” လို့ အသက် ၂၀ အရွယ် ဂျိမ်းစ်က ပြောပြတယ်။
-
သင့်ကလေးတွေဟာ လိင်နဲ့ပတ်သက်တဲ့ မဟုတ်မဟတ် အကြောင်းအရာတွေကို ငယ်ငယ်ကတည်းက တလွဲကြားရလိမ့်မယ်။ “ကလေးတွေဟာ စာသင်ကျောင်းတွေမှာ လိင်အကြောင်း ကြားရလိမ့်မယ်။ ဒါကြောင့် မိဘတွေရှိစေလိုတဲ့ အမြင်မျိုး ကလေးတွေမှာ ရှိမှာမဟုတ်ဘူး” ဆိုပြီး ရှီလာလို့ခေါ်တဲ့ မိခင်တစ်ယောက်က ပြောပြတယ်။
-
သင့်ကလေးတွေမှာ လိင်အကြောင်း မေးစရာတွေရှိပေမဲ့ သူတို့ဘက်ကစပြီး သင်နဲ့ ဆွေးနွေးချင်ပုံ မရဘူး။ “ပွင့်ပွင့်လင်းလင်း
ပြောရရင် ကျွန်မရဲ့မိဘတွေနဲ့ လိင်အကြောင်း ဘယ်လိုစပြောရမှန်းကို မသိဘူး” လို့ ဘရာဇီးနိုင်ငံက အသက် ၁၅ နှစ်အရွယ် အန်းနာက ပြောပြတယ်။
မိဘတွေကို ဘုရားသခင်ပေးအပ်ထားတဲ့ တာဝန်တွေထဲမှာ သားသမီးတွေကို လိင်အကြောင်း ပြောပြခြင်းလည်း တစ်ခု ပါဝင်တယ်။ (ဧဖက် ၆:၄) သင်နဲ့ သင့်ကလေးတွေအတွက် အဲဒီအကြောင်း ပြောဆိုတာက စိတ်ကသိကအောက် ဖြစ်စေမှာ မှန်ပါတယ်။ ဒါပေမဲ့ အကောင်းဘက်ကနေကြည့်ရင် “လိင်အကြောင်းကို ဆရာ၊ ဆရာမတွေ၊ တီဗွီအစီအစဉ်ကနေ မဟုတ်ဘဲ မိဘတွေဆီကနေပဲ ကျွန်မတို့ သင်ယူချင်တယ်” လို့ပြောတဲ့ အသက် ၁၄ နှစ်အရွယ် ဒန်ယဲလ်ရဲ့စကားကို လူငယ်အတော်များများက သဘောတူကြတယ်။ စိတ်ကသိကအောက် ဖြစ်စေတာမှန်ပေမဲ့ အရေးကြီးတဲ့ ဒီအကြောင်းအရာကို သင့်ကလေးတွေနဲ့ ဘယ်လို ပြောဆိုနိုင်မလဲ။ *
ကလေးတွေရဲ့ အသက်အရွယ်အလိုက် ပြောပြပါ
ကလေးတွေဟာ လိင်အကြောင်းကို ငယ်ငယ်လေးကတည်းက စကြားနေရပြီ။ “နောက်ဆုံးသောနေ့ရက်များ” မှာ လူဆိုးတွေဟာ “ဆိုးသည်ထက်ဆိုးလာ” နေပြီဆိုတဲ့အချက်က ပိုပြီးတော့ စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။ (၂ တိမောသေ ၃:၁၊ ၁၃) ဝမ်းနည်းစရာက ကလေးအတော်များများဟာ လူကြီးတွေရဲ့ လိင်မတော်မတရား ပြုခြင်းကို ခံနေရတယ်။
ဒါကြောင့် သင့်ကလေးတွေ အရွယ်မရောက်ခင်ကတည်းက လိင်အကြောင်းကို စပြောပြဖို့ အရေးကြီးတယ်။ “ကလေးတွေ ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့အထိ စောင့်နေမယ်ဆိုရင် အပျိုဖော်၊ လူပျိုဖော်ဝင်ချိန်မှာ ဖြစ်တတ်တဲ့ ရှက်စိတ်ကြောင့် ပွင့်ပွင့်လင်းလင်း ပြောချင်ကြမှာ မဟုတ်ဘူး” လို့ ဂျာမနီနိုင်ငံက ရီနာတီအမည်ရှိ မိခင်တစ်ဦးက ဆိုတယ်။ အရေးကြီးတာက ကလေးတွေကို သူတို့အသက်အရွယ်အလိုက် သင့်တော်တဲ့အကြောင်းအရာကို ပြောပြဖို့ ဖြစ်တယ်။
အသက် ၂ နှစ်ကနေ ၅ နှစ်အရွယ် ကလေးတွေအတွက်–
လိင်အင်္ဂါတွေရဲ့ နာမည်ကို မှန်မှန်ကန်ကန် ခေါ်ဆိုတတ်ဖို့ သင်ပေးပါ။ ဘယ်သူ့ကိုမှ လိင်အင်္ဂါတွေ ကိုင်ခွင့်မပေးဖို့ သင်ပေးပါ။ “ကျွန်မသားကို သူ့အသက် သုံးနှစ်အရွယ်ကတည်းကစပြီး သင်ပေးတယ်။ ဆရာ၊ ဆရာမတွေ၊ ကလေးထိန်းတွေ၊ သူ့ထက်ကြီးတဲ့ ကလေးတွေက သားလေးကို မတော်မတရားပြုကျင့်နိုင်တယ်ဆိုတာ သိထားလို့ ကျွန်မ အရမ်းစိုးရိမ်မိတယ်။ တခြားသူတွေရဲ့ရန်ကို ဘယ်လို ကာကွယ်ရမလဲဆိုတာ သားလေး သိထားဖို့လိုတယ်” လို့ မက္ကဆီကိုနိုင်ငံက ဟူလီယာအမည်ရှိ မိခင်တစ်ဦးက ဆိုတယ်။
ဒီနည်းကို စမ်းကြည့်ပါ– ကလေးရဲ့ လိင်အင်္ဂါကို တစ်ယောက်ယောက်က ဆော့ကစားဖို့ ကြိုးပမ်းလာရင် ပြတ်ပြတ်သားသား တုံ့ပြန်တတ်အောင် ကလေးကို လေ့ကျင့်ပေးပါ။ ဥပမာ၊ “မလုပ်နဲ့၊ သွားတိုင်ပြောလိုက်မှာနော်” ဆိုပြီး လေသံမာမာနဲ့ ပြောတတ်အောင် ကလေးကို သင်ပေးပါ။ မတော်မတရားပြုတဲ့သူက ကလေးကို မတိုင်ပြောရအောင် လက်ဆောင်ပေးမယ် ဒါမှမဟုတ် ခြိမ်းခြောက်နေရင်တောင် မိဘတွေကို ပြန်ပြောရမယ်လို့ ကလေးကို သေသေချာချာ မှာထားပါ။ *
အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးတွေအတွက်–
ဒီအသက်အရွယ်ရှိတဲ့ ကလေးတွေရဲ့ အသိပညာကို တဖြည်းဖြည်း တိုးမြှင့်ပေးဖို့ အခွင့်အရေးအဖြစ် ယူမှတ်ပါ။ “ကလေးနဲ့ စကားမပြောခင် သူဘာတွေ သိထားသလဲဆိုတာ သွေးတိုးစမ်းကြည့်ပါ။ သူ ဘာတွေ သိထားပြီးပြီလဲ၊ နောက်ထပ် သူသိချင်တာတွေ ရှိသေးသလားဆိုတာ အကဲခတ်ပါ။ ဒါပေမဲ့ အတင်းအကျပ်တော့ မလုပ်ပါနဲ့။ ကလေးနဲ့ မှန်မှန်စကားပြောမယ်ဆိုရင် သူ့ဘာသာသူ ပြောထွက်လာပါလိမ့်မယ်” ဆိုပြီး ပီတာဆိုတဲ့ ဖခင်တစ်ဦးက အကြံပြုတယ်။
ဒီနည်းကို စမ်းကြည့်ပါ– တစ်ထိုင်တည်းနဲ့ အကြာကြီး ပြောမယ့်အစား သူတို့ခံယူနိုင်သလောက်ပဲ တိုတိုတုတ်တုတ်နဲ့ မကြာခဏ ပြောပေးပါ။ (တရားဟောရာ ၆:၆-၉) အဲလိုလုပ်မယ်ဆိုရင် ကလေးတွေ စိတ်ညစ်တော့မှာ မဟုတ်ဘူး။ သည့်အပြင် သူတို့ အရွယ်ရောက်လာတဲ့အခါ သူတို့ရဲ့ ရင့်ကျက်မှုအလိုက် အသိပညာတွေ ရရှိလာပါလိမ့်မယ်။
အသက် ၁၂ နှစ်မှ ၁၆ နှစ်အရွယ် မြီးကောင်ပေါက်တွေအတွက်–
အခုအချိန်ဟာ လိင်နဲ့ပတ်သက်တဲ့ ကာယပိုင်း၊ စိတ်လှုပ်ရှားမှုပိုင်း၊ ကိုယ်ကျင့်တရားပိုင်းမှာ သင့်ကလေးက တော်တော်လေး သိရှိထားပြီဆိုတာ သေချာအောင် လုပ်ရမယ့်အချိန် ဖြစ်တယ်။ “ကျွန်မရဲ့ကျောင်းက ယောက်ျားလေးတွေ၊ မိန်းကလေးတွေဟာ ကြုံရာလူနဲ့ အပျော်သဘော လိင်ဆက်ဆံဖူးသူတွေချည်းပဲ။ ကျမ်းစာစံနှုန်းအတိုင်း လိုက်လျှောက်တဲ့ ကျွန်မကတော့ ဒီအကြောင်းကို ကောင်းကောင်းသိထားဖို့လိုတယ်လို့ ကျွန်မထင်တယ်။ လိင်အကြောင်းပြောရမှာ ရှက်စရာကောင်းပေမဲ့ ကျွန်မအတွက်တော့ သိကိုသိထားရမှဖြစ်မယ်” လို့ အသက် ၁၅ နှစ်အရွယ် အန်းနာက ဆိုတယ်။ *
သတိပေးချက်– ဆယ်ကျော်သက်ကလေးတွေက မိမိတို့ မဟုတ်မဟတ် လုပ်နေတယ်လို့ မိဘတွေ အထင်ရောက်မှာ စိုးတဲ့အတွက် လိင်အကြောင်းမေးဖို့ တွန့်ဆုတ်တတ်ကြတယ်။ ကလေးတွေ ဒီလိုဖြစ်တတ်တယ်ဆိုတာကို စတီဗင်ဆိုတဲ့ ဖခင်တစ်ဦးက သဘောပေါက်တယ်။ “ကျွန်တော့်သားက လိင်အကြောင်းပြောဖို့ အင်တင်တင် ဖြစ်နေတယ်။
ဒါပေမဲ့ သားရဲ့အပြုအမူတွေကို ကျွန်တော်တို့ သံသယဖြစ်နေတယ်လို့ သူခံစားနေရတာကို နောက်မှ ကျွန်တော်တို့ သိလိုက်ရတယ်။ သားကို သံသယဖြစ်နေလို့ ဒီအကြောင်းတွေ ဆွေးနွေးတာ မဟုတ်ဘူး။ သားရဲ့ဝန်းကျင်က မကောင်းတဲ့သြဇာတွေကို တွန်းလှန်နိုင်အောင် အသိပညာပေးဖို့ ဆွေးနွေးတာပါလို့ သားနားလည်အောင် ရှင်းပြခဲ့ရတယ်” ဆိုပြီး စတီဗင်က ဆိုတယ်။ဒီနည်းကို စမ်းကြည့်ပါ– သင့်ရဲ့မြီးကောင်ပေါက်ကလေးကို လိင်အကြောင်း တဲ့တိုးမေးမယ့်အစား သူ့အတန်းဖော်တွေရဲ့ အမြင်ကို အရင်မေးကြည့်ပါ။ ဥပမာ၊ သင့်ကလေးကို ဒီလိုပြောနိုင်တယ်– “ကနေ့ လူတွေက ပါးစပ်နဲ့လိင်ဆက်ဆံတာကို အမှန်တကယ် လိင်ဆက်ဆံတာ မဟုတ်ဘူးလို့ ယူဆကြတယ်။ အဲဒါကို မင်းရဲ့အတန်းဖော်တွေကရော ဘယ်လို ယူဆသလဲ။” အဲဒီလိုမျိုး သွယ်ဝိုက်ပြီးမေးမယ်ဆိုရင် သင့်ရဲ့ မြီးကောင်ပေါက်ကလေးတွေက ပွင့်ပွင့်လင်းလင်း ပြောရဲလာမယ်။ သူတို့ရဲ့ အမြင်တွေကိုလည်း ထုတ်ဖော်ပြောဆိုလာပါလိမ့်မယ်။
စိတ်ကသိကအောက်ဖြစ်မှုကို ကျော်လွှားခြင်း
မိဘတွေအတွက် စိတ်ကသိကအောက်ဖြစ်စရာ အကောင်းဆုံးက သားသမီးတွေနဲ့ လိင်အကြောင်းပြောဆိုခြင်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကြိုးစားရကျိုးနပ်မှာပါ။ ဒိုင်ယန်းအမည်ရှိ မိခင်တစ်ဦးက ဒီလိုပြောပြတယ်– “အချိန်ကြာလာတာနဲ့အမျှ ကလေးနဲ့ လိင်အကြောင်းပြောဆိုတာက စိတ်ကသိကအောက် ဖြစ်စရာမဟုတ်တော့ဘဲ ကိုယ့်ကလေးနဲ့ ပိုပြီးတော့တောင် ရင်းနှီးလာစေနိုင်တယ်။” အဲဒါကို စတီဗင်ကလည်း သဘောတူတဲ့အနေနဲ့ ဒီလိုပြောတယ်– “မိသားစုထဲမှာ ဘာအကြောင်းပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ပြောဆိုတဲ့ အလေ့အကျင့်ရှိမယ်ဆိုရင် လိင်အကြောင်းလိုမျိုး စိတ်ကသိကအောက်ဖြစ်စရာ အကြောင်းတွေကို ဆွေးနွေးပြောဆိုဖို့ ပိုပြီးလွယ်ကူလာမယ်။ စိတ်ကသိကအောက်တော့ ဖြစ်ဦးမှာပဲ။ ဒါပေမဲ့ ကျမ်းစာစံနှုန်းတွေကို လိုက်လျှောက်တဲ့ ခရစ်ယာန်မိသားစုအတွက် မရှိမဖြစ်လိုအပ်ချက်ကတော့ ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်း ဖြစ်ပါတယ်။”
^ အပိုဒ်၊ 3 အမည်များကို ပြောင်းထားသည်။
^ အပိုဒ်၊ 11 သားသမီးတို့ကို လိင်အကြောင်းပြောပြဖို့ လိုအပ်သည်ကို ဤဆောင်းပါးတွင် ဖော်ပြထားပါသည်။ ဤအခန်းဆက်၌ ဆက်ဖော်ပြမည့် ဆောင်းပါးတွင် သားသမီးများနှင့်အတူ ကိုယ်ကျင့်တရားစံနှုန်းများ မည်သို့ ဆွေးနွေးနိုင်ကြောင်း ဖော်ပြပါမည်။
^ အပိုဒ်၊ 16 ယေဟောဝါသက်သေများ ထုတ်ဝေသော ကြီးမြတ်သောဆရာထံမှ သင်ယူပါ စာအုပ်၏ စာမျက်နှာ ၁၇၁ နှင့်ဆီလျော်အောင် ပြင်ဆင်ရေးသားထားပါသည်။
^ အပိုဒ်၊ 19 ယေဟောဝါသက်သေများ ထုတ်ဝေသော လူငယ်များအမေး—တာသွားသည့်အဖြေ အတွဲ ၂ [အင်္ဂလိပ်] ၏အခန်း ၁-၅၊ ၂၈၊ ၂၉ နှင့် ၃၃ တို့ကို အသုံးပြု၍ မိမိ၏မြီးကောင်ပေါက်ကလေးနှင့် လိင်အကြောင်း ဆွေးနွေးပါ။
သင့်ကိုယ်သင် မေးပါ . . .
အောက်မှာဖော်ပြထားတဲ့ ကမ္ဘာတစ်ဝန်းက လူငယ်တွေရဲ့ ပြောစကားတွေကို ဖတ်ပြီး ပူးတွဲပါမေးခွန်းတွေကို ကိုယ့်ဘာသာကိုယ် မေးကြည့်ပါ။
“ကျွန်မရဲ့မိဘတွေက လိင်အကြောင်းရေးထားတဲ့ စာပေတွေ ပေးဖတ်ပြီး နားမလည်ရင် သူတို့ကို မေးခိုင်းတယ်။ ဒါပေမဲ့ ကျွန်မကို ဖတ်ခိုင်းတာထက် သူတို့ကိုယ်တိုင် ကျွန်မကို ပြောပြစေချင်တယ်။”—အန်းနာ၊ ဘရာဇီး။
ကလေးတွေကို လိင်အကြောင်းရေးထားတဲ့ စာပေတွေကို ဖတ်ခိုင်းတာထက် ကိုယ်တိုင်ပြောပြဖို့ ဘာကြောင့် အရေးကြီးတယ်လို့ သင်ထင်သလဲ။
“လူတွေ လိင်မှုဖောက်ပြန်နေကြတာကို ကျွန်တော် အများကြီး တွေ့နေရတယ်။ ကျွန်တော့်အဖေက ဒါတွေကို သိမယ်မထင်ပါဘူး။ အဖေ့ကို လိင်အကြောင်း သွားမေးလို့ကတော့ သူတော်တော် လန့်ဖျပ်သွားမှာပဲ။”—ကဲန်၊ ကနေဒါ။
သင့်ကလေးက သူစိုးရိမ်နေတဲ့အရာကို သင့်ကို ပြောပြဖို့ စိတ်ထင့်နေသလား။
“ကျွန်မမိဘတွေကို သတ္တိမွေးပြီး လိင်အကြောင်းမေးတဲ့အခါ ကျွန်မကို စွပ်စွဲတဲ့ပုံစံနဲ့ ‘ဘာကြောင့် ဒီအကြောင်းတွေ မေးနေတာလဲ။ တစ်ခုခုများ ဖြစ်ခဲ့သလား’ ဆိုပြီး မေးပါလေရော။”—မာဆာမီ၊ ဂျပန်။
သင့်ကလေး လိင်အကြောင်းမေးတဲ့အခါ စကားကြော ဖြတ်လိုက်သလား၊ ဒါမှမဟုတ် ဖွင့်ပေးလိုက်သလား။
“ကျွန်မမိဘတွေဟာ ကျွန်မအသက်အရွယ်တုန်းက သူတို့လည်း မေးခွန်းတွေ မေးတတ်ကြတယ်ဆိုတာ ကျွန်မကို အသိပေးထားရင် အဲဒါက ကျွန်မအတွက် အထောက်အကူရမှာ။ အဲဒီလိုမေးခွန်းတွေမေးရတာ ကျွန်မအတွက် အထူးအဆန်း မဖြစ်တော့ဘူးပေါ့။”—လီဇက်၊ ပြင်သစ်။
သင့်ကလေးက သင်နဲ့ လိင်အကြောင်းပြောဆိုတဲ့အခါ သက်သောင့်သက်သာနဲ့ မရှက်မကြောက်ပြောနိုင်အောင် ကူညီပေးနိုင်ပါသလား။
“အမေက ကျွန်တော့်ကို လိင်အကြောင်းမေးတဲ့အခါ စကားချိုချိုလေးနဲ့ မေးတတ်တယ်။ ဒါက အရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်။ စကားကို ချိုချိုသာသာပြောမှ ကလေးက အပြစ်တင်ခံနေရတယ်လို့ မခံစားရတော့ဘူးပေါ့။”—ဇာရော်လ်၊ ပြင်သစ်။
သင့်ကလေးနဲ့ လိင်အကြောင်းပြောဆိုတဲ့အခါ ဘယ်လိုလေသံမျိုးနဲ့ ပြောသလဲ။ ပြုပြင်ပြောင်းလဲဖို့ လိုအပ်သလား။