မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

အရင်ကသူပုန်စစ်သားနဲ့ သူခိုးဖြစ်ခဲ့ဖူးသူရဲ့ ဘဝပုံစံကို ဘာက ပြောင်းလဲပေးလိုက်တာလဲ။ တိုက်ကွမ်ဒိုချန်ပီယံတစ်ယောက်ဟာ သူ့ရဲ့ဘဝရည်မှန်းချက်ကို ဘာကြောင့် ပြောင်းလဲလိုက်တာလဲ။ ဖခင်တစ်ဦးရဲ့ ယုံကြည်ချက်ကြောင့် သားဖြစ်သူ ဘယ်လိုအကျိုးရခဲ့တာလဲ။ အဖြေတွေသိနိုင်ဖို့ အောက်မှာဖော်ပြထားတဲ့ တွေ့ကြုံမှုတွေကို ဖတ်ကြည့်ပါ။

“အရင်က ကျွန်တော့်ဘဝဆိုးခဲ့ပေမဲ့ အခုတော့ ပျော်ရွှင်နေ ရပါပြီ”—ဂယ်ရီ ပီ. အမ်ဘရိုစယို

အသက်– ၄၇

နေရင်းနိုင်ငံ– ဖိလစ်ပိုင်

နောက်ခံ– သူပုန်စစ်သား

အတိတ်–  ဗင်တာမြို့ငယ်လေးမှာ ကျွန်တော် ကြီးပြင်းခဲ့တယ်။ ကျွန်တော်တို့နေထိုင်တဲ့ ချိုင့်ဝှမ်းလွင်ပြင်ကျယ်ကြီးကို စိမ်းလန်းစိုပြေနေတဲ့ တောင်တန်းတွေ၊ ကြည်လင်သန့်ရှင်းတဲ့ မြစ်တွေ ဝိုင်းရံနေတဲ့အတွက် လေကောင်းလေသန့်ရရှိတယ်။ ဝန်းကျင်ရှုခင်းက အေးချမ်းငြိမ်သက်ပေမဲ့ ဘဝကတော့ ခက်ခဲကြမ်းတမ်းပါတယ်။ ကျွန်တော်တို့အိမ် သူခိုးဖောက်ခံရပြီး ကျွဲနွားတိရစ္ဆာန်တွေ ပါသွားတယ်။

ကျွန်တော် ဆယ်ကျော်သက်အရွယ်မှာ အပေါင်းအသင်းတွေနဲ့အတူ အရက်နဲ့ဆေးလိပ်တွေ သောက်ခဲ့တယ်။ အရက်ဖိုးဆေးလိပ်ဖိုးရဖို့အတွက် ပိုက်ဆံခိုးတယ်။ ကျွန်တော့်အဘွားရဲ့ လက်ဝတ်ရတနာတွေကိုတောင် ခိုးယူခဲ့တယ်။ သူပုန်အဖွဲ့ (New People’s Army) နဲ့ ပူးပေါင်းနေတယ်လို့ စစ်တပ်က ကျွန်တော့်ကို သံသယဖြစ်ပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်စစ်ဆေးခဲ့ကြတယ်။ ကျွန်တော့်ကို အဲလိုနှိပ်စက်ခဲ့ကြလို့ ကျွန်တော်လည်း သူပုန်အဖွဲ့ထဲဝင်လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီသူပုန်အဖွဲ့နဲ့အတူ တောကြိုတောင်ကြားမှာ ငါးနှစ်ကြာ ကြမ်းကြမ်းတမ်းတမ်း နေထိုင်ခဲ့တယ်။ စစ်တပ်က လိုက်နေတဲ့အတွက် ကျွန်တော်တို့ အမြဲတမ်း ပြေးလွှားပုန်းရှောင်နေခဲ့ရတယ်။ နောက်ဆုံးတော့ တောကြိုတောင်ကြားမှာ ပုန်းအောင်းနေထိုင်ရတဲ့ဘဝကို ငြီးငွေ့လာလို့ အီလိုကိုစ်နောတေးနယ်က အာဏာပိုင်တွေဆီမှာ လက်နက်ချအလင်းဝင်လိုက်တယ်။ အရာရှိကြီးတစ်ယောက်က ကျွန်တော့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့အပြင် အလုပ်ကောင်းကောင်းတောင် ရှာပေးလိုက်သေးတယ်။ ဒါပေမဲ့ ကျွန်တော့်အကျင့်ဆိုးတွေက မပျောက်သေးတဲ့အတွက် အိမ်တွေကို ဖောက်ထွင်းလုယက်တယ်၊ လူတွေကို ခြိမ်းခြောက်ငွေညှစ်တယ်။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့ပုံ– ကျွန်တော်အလုပ်လုပ်တဲ့ နေရာမှာ လွိုက်ဒါလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်က ယေဟောဝါသက်သေတစ်ယောက်ပါ။ သူကနေတစ်ဆင့် ဟိုဗန်စယိုနဲ့တွေ့ပြီး ကျမ်းစာကို စတင်လေ့လာခဲ့တယ်။ ဒါပေမဲ့ အရိုးစွဲနေတဲ့ ကျွန်တော့်ဘဝလမ်းစဉ်ကို ပြောင်းဖို့ခက်လိုက်တာ။ ကျမ်းစာသင်ဖို့ ဟိုဗန်စယိုရောက်လာပြီဆိုရင် သူ့ရှေ့မှာပဲ ကျွန်တော် ဆေးလိပ်သောက်နေတတ်ပြီး တရားမဝင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်နေတုန်းပဲ။ နောက်ဆုံးတော့ ဥပဒေချိုးဖောက်မှုနဲ့ အဖမ်းခံရပြီး ထောင် ၁၁ လ ကျခဲ့တယ်။ ထောင်ကျနေတုန်း ကျွန်တော့်ကို ကူညီပေးဖို့ ယေဟောဝါဘုရားသခင်ဆီ ဆုတောင်းအသနားခံခဲ့တယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့၊ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ကျွန်တော့်ကို လမ်းညွှန်ပြီး ခွန်အားပေးဖို့ ဆုတောင်းခဲ့တယ်။

အချိန်တန်တဲ့အခါ ယေဟောဝါသက်သေတစ်ယောက် ထောင်ကိုရောက်လာပြီး ကျွန်တော့်အတွက် ကျမ်းစာတစ်အုပ် ယူလာပေးတယ်။ အဲဒါကို ကျွန်တော် ဖတ်လိုက်တဲ့အခါ ယေဟောဝါဘုရားသခင်ဟာ သနားကြင်နာပြီး မေတ္တာရှိတဲ့အပြင် အပြစ်တွေကိုလည်း ခွင့်လွှတ်ပေးတယ်ဆိုတာ သိလာရတယ်။ ကျွန်တော့်ကို ယေဟောဝါဘုရားသခင် သနားကြင်နာပြီး ကိုယ်တော့်အကြောင်း သင်ယူသိရှိခွင့်ပေးတယ်လို့ ကျွန်တော်ခံစားလာရတယ်။ ကျွန်တော့်ရဲ့ အကျင့်ဆိုးတွေကို ဖျောက်ပစ်နိုင်အောင် ခွန်အားပေးပါလို့ ဆုတောင်းလိုက်တယ်။  “ငါ့သား ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင် ငါ့စိတ်ကို ရွှင်လန်းစေလော့” ဆိုတဲ့ကျမ်းစကားကို  ကျွန်တော် အရမ်းစွဲမှတ်သွားတယ်။ ကျွန်တော့်ကို ယေဟောဝါဘုရားသခင် တိုက်ရိုက်ပြောနေသလိုမျိုး ခံစားရတယ်။—သု. ၂၇:၁၁

ကျွန်တော် ထောင်ကနေ လွတ်လာပြီးတဲ့နောက် သက်သေခံတွေနဲ့  ကျမ်းစာပြန်လေ့လာတယ်၊ အစည်းအဝေးတွေတက်တယ်၊ ကျမ်းစာမူတွေကို လက်တွေ့ကျင့်သုံးတယ်။ နောက်ဆုံးမှာ ဘုရားသခင့် အကူအညီနဲ့ အကျင့်ဆိုးတွေကို ဖျောက်ပစ်နိုင်ခဲ့တယ်။ အဲဒီနောက် ဘုရားသခင်ထံ ကျွန်တော့်ဘဝကို အပ်နှံလိုက်တယ်။

အကျိုးကျေးဇူးရရှိခဲ့ပုံ– အရင်က ကျွန်တော့်ဘဝဆိုးခဲ့ပေမဲ့ အခုတော့ ပျော်ရွှင်နေရပါပြီ။ အပြစ်ရဲ့ ကျေးကျွန်ဖြစ်ခဲ့ပေမဲ့ အခုတော့ ကျွန်တော် စိတ်သစ်လူသစ်ဖြစ်သွားပြီ။ (ကောလောသဲ ၃:၉၊ ၁၀) ကနေ့ ယေဟောဝါဘုရားသခင်ရဲ့ အကျင့်စာရိတ္တကောင်းမွန်တဲ့ ဝတ်ပြုသူတွေနဲ့ ပေါင်းသင်းပြီး ကိုယ်တော့်အကြောင်း တခြားသူတွေ သိရှိလာအောင် ကူညီပေးရတာကို ကျွန်တော် ဂုဏ်ယူတယ်။

ဘရာဇီးနိုင်ငံ့ဂုဏ်ဆောင် တစ်ယောက် ဖြစ်ချင်ခဲ့တာ” —ဂျူလီယန်းနာ အပါရီစီဒါ စန်တာနာ အက်စကူဒေရို

အသက်– ၃၁

နေရင်းနိုင်ငံ– ဘရာဇီး

နောက်ခံ– တိုက်ကွမ်ဒိုအားကစားသမား

အတိတ်– လွန်ဒရီနာမြို့မှာ ကျွန်မ ကြီးပြင်းခဲ့တယ်။ မြို့နေလူထု အများစုက ဆင်းရဲကြပေမဲ့ နယ်မြေက သန့်ရှင်းပြီး ငြိမ်သက်အေးချမ်းတယ်။ ကျွန်မ ဆယ်နှစ်သမီးအရွယ်ရောက်တော့ ကျွန်မအစ်ကိုက တိုက်ကွမ်ဒိုလို့ခေါ်တဲ့ ကိုယ်ခံပညာသင်ဖို့ အားပေးခဲ့တယ်။ အဖေက မသင်စေချင်ပေမဲ့ နောက်တော့ လက်လျှော့လိုက်တယ်။

ကျွန်မ ကြိုးစားပမ်းစား သင်ယူလေ့ကျင့်ခဲ့တဲ့အတွက် ပါရာနာပြည်နယ်မှာ ချန်ပီယံဆုတံဆိပ်တွေ အများကြီးရရှိခဲ့တယ်။ နောက်ပိုင်းမှာ အမျိုးသားချန်ပီယံတံခွန်စိုက်ဆု ရရှိခဲ့လို့ ၁၉၉၃ ခုနှစ်မှာ ကျွန်မကို ဘရာဇီးနိုင်ငံရဲ့ တိုက်ကွမ်ဒိုချန်ပီယံအဖြစ် ကြေညာလိုက်တယ်။ ကျွန်မက အပြည်ပြည်ဆိုင်ရာ ချန်ပီယံပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲချင်တာ။ ဒါပေမဲ့ ကျွန်မမိသားစုက ဆင်းရဲလို့ ကျွန်မကို နိုင်ငံရပ်ခြားမှာ သွားပြိုင်ဖို့အတွက် ငွေကြေးမထောက်ပံ့ပေးနိုင်ကြဘူး။

အိုလံပစ်အားကစားပွဲတော်မှာ တိုက်ကွမ်ဒိုလည်း ပါတဲ့အတွက် ပါဝင်ယှဉ်ပြိုင်ဖို့ ကျွန်မ မျှော်လင့်ထားတယ်။ နောက်ဆုံးတော့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာတယ်။ အိုလံပစ်အားကစားပွဲတော်မှာ ဘရာဇီးနိုင်ငံ့ဂုဏ်ဆောင်တစ်ယောက် ဖြစ်ချင်တဲ့အတွက် အပြင်းအထန် လေ့ကျင့်ခဲ့တယ်။ သည့်အပြင် ငွေကြေးအထောက်အပံ့ ရရှိခဲ့လို့ ပြင်သစ်၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ တောင်အမေရိကအားကစားပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့တယ်။ နောက်ထပ်ပန်းတိုင်တစ်ခုကတော့ အမေရိကနိုင်ငံတွေပါဝင်တဲ့ အားကစားပွဲတော်တွေမှာ ယှဉ်ပြိုင်ဖို့ဖြစ်တယ်။ ကျွန်မ ကောင်းကောင်းကစားနိုင်ခဲ့တဲ့အတွက် ၂၀၀၃ ခုနှစ်၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ စန်တို ဒိုမင်ဂိုမြို့မှာ ကျင်းပမယ့် ပြိုင်ပွဲမှာ ပါဝင်ဖို့ အားကစားသမားသုံးယောက်ရွေးတော့ ကျွန်မလည်း အရွေးခံရတယ်။

သမ္မာကျမ်းစာက ကျွန်မဘဝကို ပြောင်းလဲစေခဲ့ပုံ– ၂၀၀၁ ခုနှစ်မှာ ကျွန်မရည်းစားနဲ့ကျွန်မတို့ ယေဟောဝါသက်သေတွေနဲ့ တွေ့ခဲ့ကြတယ်။ ပြီးတော့ သူတို့နဲ့ ကျမ်းစာ စလေ့လာကြတယ်။ အစပိုင်းမှာတော့ ကျွန်မ သိပ်စိတ်မဝင်စားဘူး။ ကျွန်မ အမြဲတမ်း ပင်ပန်းနေတော့ ကျမ်းစာသင်တဲ့အခါ အာရုံမစိုက်နိုင်ဘဲ အိပ်ပျော်သွားတတ်တယ်။ အဲလိုဖြစ်တတ်ပေမဲ့လည်း သင်ယူသိရှိတာတွေကိုတော့ ကျွန်မ အရမ်းစွဲမှတ်ခဲ့တယ်။ ကျွန်မအရမ်းစွဲမှတ်ခဲ့တဲ့ အချက်တစ်ချက်က နောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲကြီးမှာ ပိုပြီးပီပြင်ထင်ရှားလာတယ်။

အမေရိကနိုင်ငံတွေ ပါဝင်ယှဉ်ပြိုင်ရတဲ့ အားကစားပွဲအတွက် ကျွန်မ အရွေးခံရလို့ ဦးစီးတဲ့သူတွေက ကျွန်မကို လက်ရည်စမ်းပွဲမှာ ယှဉ်ပြိုင်ခိုင်းတယ်။ ကျွန်မ အလှည့်ရောက်တော့ စိတ်လုံးဝမပါဘဲ ဖျာပေါ်မှာ မတုန်မလှုပ်ကြီး ရပ်နေတယ်။ ခရစ်ယာန်တစ်ယောက်ဟာ အားကစားပွဲတွေမှာတောင် တခြားသူတွေနဲ့ ရန်မဖြစ်ရဘူးဆိုတာ ရုတ်တရက်ဆိုသလိုပဲ အသိတစ်ချက် လင်းလက်လာခဲ့တယ်။ “လူသားချင်းကို ကိုယ်နှင့်အမျှချစ်လော့” ဆိုတဲ့ ကျမ်းစာမိန့်မှာချက်က ကျွန်မခေါင်းထဲ တန်းကနဲဝင်လာတယ်။ (မဿဲ ၁၉:၁၉) ဒါနဲ့ တွေဝေမနေတော့ဘဲ ပြိုင်ပွဲကနေ ယတိပြတ် လှည့်ထွက်လာလိုက်တယ်။ လူတွေက ကျွန်မကို မယုံနိုင်တဲ့ အကြည့်နဲ့ကြည့်ပြီး ကျန်ရစ်ခဲ့ကြတယ်။

အိမ်ရောက်တော့ ထိုင်ခုံပေါ် ထိုင်၊ ရှေ့လျှောက် ဘယ်လိုဆက်စခန်းသွားရမလဲဆိုပြီး တွေးနေလိုက်တယ်။ ပြီးတော့ ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ဘုရားသခင့်တောင်းဆိုချက်တွေအကြောင်း ဆွေးနွေးထားတဲ့ ဂျာနယ်တစ်စောင်ကို ယူဖတ်လိုက်တယ်။ ဂျာနယ်ထဲမှာ ယေဟောဝါဘုရားသခင်က “ကြမ်းကြုတ်ခြင်းနှစ်သက်သောသူကို မုန်း” တယ်လို့ပြောထားတဲ့ ဆာလံ ၁၁:၅ (သမ္မာ) ကို ကိုးကားဖော်ပြထားတာ ဖတ်လိုက်ရတယ်။ ဆာလံဆရာရဲ့ အဲဒီစကားတွေက ကျွန်မအရှိုက်ကို ထိသွားပြီး တိုက်ကွမ်ဒိုမကစားတော့ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

ကျွန်မရဲ့ လုပ်ရပ်ကြောင့် ဆရာသမားတွေက ဝမ်းမသာကြပါဘူး။ ကျွန်မဟာ တစ်နိုင်ငံလုံးမှာ အတော်ဆုံး၊ အိုလံပစ်အားကစားပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ သေချာသလောက် ရှိနေပြီလို့ပြောပြီး ကျွန်မစိတ်ပြောင်းသွားအောင် နားချကြတယ်။ ဒါပေမဲ့ ကျွန်မကတော့ စိတ်ဒုံးဒုံးချထားပြီးပါပြီ။

အဲဒီလိုဖြစ်ပျက်နေချိန်မှာ ကျွန်မရည်းစားနဲ့ ကျွန်မ လက်ထပ်လိုက်တယ်။ သူက သက်သေခံတွေနဲ့အတူ လူတွေကို ကျမ်းစာသတင်းကောင်း ဟောတောင်ဟောနေပြီ။ အိမ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်လာပြီး လူတွေကို သတင်းကောင်း ဘယ်လိုဟောခဲ့တဲ့အကြောင်း ကျွန်မကို သူပြောပြတတ်တယ်။ ကျွန်မလည်း ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ချင်တယ်ဆိုရင် ကျွန်မဘဝကို ပြုပြင်ပြောင်းလဲမှဖြစ်မယ်ဆိုတာ သိထားတယ်။ ဒါနဲ့ အရင်က ကိုးကွယ်ခဲ့တဲ့ ဘာသာတရားကိုစွန့်ပြီး နောက်ဆုံး နှစ်ခြင်းခံတဲ့အထိ တိုးတက်လာတယ်။

အကျိုးကျေးဇူးရရှိခဲ့ပုံ– ကျွန်မတို့ ဇနီးမောင်နှံ နှစ်ယောက်စလုံး ကျမ်းစာမူတွေကို ကြိုးစားကျင့်သုံးတဲ့အတွက် အိမ်ထောင်ရေးက သာသာယာယာနဲ့ စည်းစည်းလုံးလုံးပဲ။ ကျွန်မခင်ပွန်း အသင်းတော်အကျိုး သယ်ပိုးနိုင်အောင် သူ့ကို ဝမ်းသာအားရ ထောက်မပေးတယ်။ ကျွန်မဟာ ရွှေတံဆိပ်ဆွတ်ခူးဖို့၊ အောင်မြင်ကျော်ကြားဖို့  အားသွန်ခွန်စိုက် ကြိုးပမ်းနိုင်ပါတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားသခင်ရဲ့ အမှုကိုဆောင်ခြင်းအခွင့်ထူးထက် ပိုသာတဲ့ အခွင့်အရေးတွေကို ဒီမမျှတတဲ့လောက,က မပေးစွမ်းနိုင်ဘူးလို့ ကျွန်မခံစားရတယ်။

“ကျွန်တော့်ကို အဖေ အမြဲ မျှော်လင့်ချက်ထား”—အင်ဂို ဆီမာမန်

အသက်– ၄၄

နေရင်းနိုင်ငံ– ဂျာမနီ

နောက်ခံ– ကပွဲရုံ လုံခြုံရေးအစောင့်

အတိတ်– ကျောက်မီးသွေးတွင်းရှိတဲ့ ဂျယ်ဇန်ကီကန်မြို့က ဘာသာကွဲအိမ်ထောင်တစ်ခုကနေ ကျွန်တော် မွေးဖွားကြီးပြင်းလာတယ်။ ကျွန်တော့်အဖေက ယေဟောဝါသက်သေတစ်ယောက်ပါ။  အမေကတော့ မဟုတ်ဘူး။ အဖေက ကျွန်တော့်အစ်ကို၊ အစ်မနှစ်ယောက်နဲ့ ကျွန်တော့်ကို သူ့ဘာသာရေးယုံကြည်ချက်နဲ့အညီ ကျွေးမွေးစောင့်ရှောက်တာကို အမေက ထော်လော်ကန့်လန့်လုပ်ခဲ့တယ်။ အဖေဟာ တစ်ရက်ကို ဆယ်နာရီ၊ ဒါမှမဟုတ် အဲဒီထက်မက ထရပ်ကားမောင်းတဲ့အလုပ်,လုပ်တယ်။ အလုပ်ကိုလည်း မနက်အစောကြီး နှစ်နာရီ၊ သုံးနာရီမှာ ထသွားတတ်တယ်။ အဲဒီလို အလုပ်ကြိုးစားတဲ့အဖေဟာ ကျွန်တော်တို့ရဲ့ ဝတ်ပြုရေးကို ဘယ်တော့မှ လျစ်လျူမရှုခဲ့ပါဘူး။ ဒါပေမဲ့ အဖေရဲ့ လုံ့လစိုက်ထုတ်မှုတွေကို ကျွန်တော် တန်ဖိုးမထားခဲ့ဘူး။

ကျွန်တော် အသက် ၁၅ နှစ်ရောက်တော့ အစည်းအဝေးတွေတက်ရတာကို ငြီးငွေ့လာပြီး အဖေ့ကို ခြေစုံကန်ခဲ့တယ်။ တစ်နှစ်အကြာမှာ လက်ဝှေ့အသင်းတစ်သင်းထဲ ဝင်ရောက်ခဲ့တယ်။ နောက်နှစ်နှစ်လောက်လည်းကြာရော အဖေ့ကို စိတ်ဆင်းရဲစေတဲ့ လုပ်ရပ်တစ်ခုကို ကျွန်တော်လုပ်လိုက်တယ်။ အသက် ၁၈ နှစ်ရောက်တော့ ကျွန်တော် အိမ်ကနေ ထွက်သွားတယ်။

အားကစားကို ကျွန်တော် အရူးအမူး စွဲလမ်းခဲ့တယ်။ ဒါနဲ့ တစ်ပတ်ကို ခြောက်ကြိမ်အထိ လက်ဝှေ့ထိုးတယ်၊ ပြီးတော့ အလေးမတယ်။ စနေ၊ တနင်္ဂနွေနေ့တွေမှာတော့ ကပွဲရုံတွေမှာ အပေါင်းအသင်းတွေနဲ့ ရောက်နေကြပေါ့။ တစ်ခါတုန်းက ကပွဲရုံတစ်ခုမှာ လူမိုက်တစ်ယောက်နဲ့ ရန်ပွဲဖြစ်လိုက်သေးတယ်။ အဲဒီရန်ပွဲမှာ ကျွန်တော်အနိုင်ရသွားတာကို ကပွဲရုံပိုင်ရှင် တွေ့သွားပြီး ချက်ချင်းပဲ ကျွန်တော့်ကို လုံခြုံရေးအစောင့်လုပ်ဖို့ အလုပ်ကမ်းလှမ်းတယ်။ လစာကောင်းတဲ့အတွက် အဲဒီအလုပ်ကို ကျွန်တော်လက်ခံလိုက်တယ်။

စနေ၊ တနင်္ဂနွေနေ့တိုင်း ကပွဲရုံဝင်ပေါက်မှာ ကျွန်တော်ရပ်ပြီး ဘယ်သူဝင်ခွင့်ရှိတယ်၊ မရှိဘူးဆိုတာ ဆုံးဖြတ်ပေးတယ်။ ကပွဲရုံထဲကို လူ ၁,၀၀၀ အထိ လာရောက်တတ်တဲ့အတွက် ကျွန်တော့်မှာ အလုပ်အရမ်းများနေတာပဲ။ ရန်ပွဲတွေကလည်း ဖြစ်လွန်းအားကြီးလို့ ရိုးနေပြီ။ ကျွန်တော် သေနတ်တွေ၊ ပုလင်းကွဲတွေနဲ့ ခြိမ်းခြောက်ခံခဲ့ရတယ်။ ကပွဲရုံထဲ ဝင်ခွင့်မပေးတဲ့အတွက် ဒါမှမဟုတ် ကပွဲရုံထဲကနေ ကန်ထုတ်ခံရတဲ့အတွက် တချို့က ကျွန်တော့်ကို လက်စားချေဖို့ အပြင်ဘက်မှာ စောင့်နေကြတယ်။ ကျွန်တော့်အသက်က ၂၀ ရောက်နေပြီဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးနေတာ။ ဒီလိုနဲ့ ကျွန်တော်ဟာ ရန်လို၊ မာနကြီး၊ ရည်မှန်းချက်ကြီးတဲ့အပြင် ခေါင်းမာတဲ့သူ ဖြစ်လာခဲ့တယ်။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့ပုံ– ကျွန်တော့်ကို အဖေ အမြဲ မျှော်လင့်ချက်ထားတယ်။ အဖေဟာ ကျွန်တော့်ဆီကို ကင်းမျှော်စင်နဲ့ နိုးလော့! မဂ္ဂဇင်းတွေ * ပို့ပေးတယ်။ ကျွန်တော့်အခန်းထဲမှာဆိုရင် မဂ္ဂဇင်းတွေ ပုံနေတာပဲ။ ဒါပေမဲ့ ကျွန်တော်  မဖတ်ဖြစ်ပါဘူး။ တစ်ရက်ကျတော့ မဂ္ဂဇင်းတချို့ကို ဟိုလှန်ဒီလှန်လုပ်ရင်းနဲ့ လက်ရှိနိုင်ငံရေး၊ စီးပွားရေးနဲ့ ဘာသာရေးတွေ ဘယ်လိုအဆုံးတိုင်တော့မယ့်အကြောင်း ဖော်ပြထားတဲ့ ဆောင်းပါးတချို့ကို ဖတ်မိလိုက်တယ်။ ဒါနဲ့ ကျွန်တော့်အစ်မဆီကို ဖုန်းဆက်ချင်တဲ့စိတ် ပေါ်လာတယ်။ အစ်မနဲ့ သူ့ခင်ပွန်းက ယေဟောဝါသက်သေတွေလေ။ ကျမ်းစာသင်ဖို့ ကျွန်တော့်ကို သူတို့ပြောတော့ လက်ခံလိုက်တယ်။

ဂလာတိ ၆:၇ မှာဖော်ပြထားတဲ့ ကျမ်းစာမူက ကျွန်တော့်ဘဝကို ပြုပြင်ပြောင်းလဲဖို့ လှုံဆော်ပေးခဲ့တယ်။ ကနေ့ ကျွန်တော် လုပ်သမျှ၊ ပြောသမျှ၊ ဆုံးဖြတ်သမျှတွေက မနက်ဖြန်မှာ အကျိုးသက်ရောက်နိုင်တာကို အတွေ့အကြုံကနေ သင်ခန်းစာရလိုက်တယ်။ သည့်အပြင် ‘ထာဝရဘုရားသခင် မိန့်တော်မူသည်ကား “လာကြ၊ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသောအဆင်းရှိသော်လည်း မိုးပွင့်ကဲ့သို့ ဖြူလိမ့်မည်”’ ဆိုတဲ့ ဟေရှာယ ၁:၁၈ ရဲ့ဖိတ်ခေါ်ချက်ကြောင့် ကျွန်တော် အရမ်းအားတက်သွားတယ်။ ဒီကျမ်းချက်ကြောင့် ကျမ်းစာစလေ့လာကတည်းက ကျွန်တော်ဟာ မထိုက်တန်ဘူး၊ ယေဟောဝါဘုရားသခင်ဆီ ဘယ်တော့မှ ပြန်လှည့်လာနိုင်မှာ မဟုတ်ဘူးဆိုပြီး မခံစားရတော့ဘူး။

ခြောက်လအတွင်းမှာပဲ ကျွန်တော့်ဘဝလမ်းစဉ်ကို ပြုပြင်ပြောင်းလဲခဲ့ပေမဲ့ ခက်ခက်ခဲခဲကြီးတော့ မဟုတ်ဘူး။ အကျင့်စာရိတ္တမကောင်းတဲ့ ပတ်ဝန်းကျင်၊ ကျွန်တော်ပေါင်းနေတဲ့ လူမိုက်တွေနဲ့ အဆက်ဖြတ်ဖို့ လိုသေးတယ်။ ဒါကြောင့် ကျွန်တော် ကျမ်းစာလေ့လာနေတဲ့အကြောင်း အပေါင်းအသင်းတွေကို ပြောပြပြီး သိရှိထားတဲ့အရာတွေကို ဖောက်သည်ချတယ်။ အဲဒီအခါမှာ သူတို့က ကျွန်တော့်ကို ခရစ်ယာန်ဘုန်းတော်ကြီးလို့ခေါ်ပြီး ရှောင်ဖယ်ရှောင်ဖယ် လုပ်လာကြတယ်။ အစ်မက ကျွန်တော်နဲ့ ပိုသင့်တော်တဲ့ အလုပ်တစ်ခုကို ဝိုင်းရှာပေးခဲ့တယ်။

အစ်မတို့ဇနီးမောင်နှံတက်နေတဲ့ ဝတ်ပြုရာခန်းမက ၁၉ မိုင်ဝေးပေမဲ့ အဲဒီကို ကျွန်တော် အစည်းအဝေးတွေ သွားတက်တယ်။ ကျွန်တော့်အိမ်နားမှာ ဝတ်ပြုရာခန်းမရှိပေမဲ့ ကျွန်တော့်ကို ငယ်ငယ်လေးကတည်းက သိထားကြတဲ့လူတွေ ကျွန်တော့်ကို တွေ့သွားမှာစိုးတယ်။ ကျွန်တော်နေထိုင်တဲ့ ရပ်ကွက်မှာ တစ်အိမ်မှတစ်အိမ် ဟောပြောရမှာကိုလည်း ကျွန်တော်ကြောက်တယ်။ ကပွဲရုံထဲကနေ ကျွန်တော် ကန်ထုတ်ခဲ့တဲ့သူ၊ ဒါမှမဟုတ် မူးယစ်ဆေးဝါးရောင်းခဲ့တဲ့သူနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ။ ဒါပေမဲ့ ကိုယ်ကာယကြံ့ခိုင်ရေးအတွက် လေ့ကျင့်ခဲ့တုန်းက သင်ယူသိရှိခဲ့တဲ့ အချက်တစ်ချက်ကို လက်တွေ့ကျင့်သုံးလိုက်တယ်။ အဲဒါကတော့ အခက်ခဲဆုံး လေ့ကျင့်ခန်းတွေက အလိုအပ်ဆုံးဖြစ်တယ်ဆိုတဲ့ အချက်ပဲ။ ဒါကြောင့် ဟောပြောဖို့ ကျွန်တော် အရည်အချင်းပြည့်မီတာနဲ့ ချက်ချင်းပဲ ဟောပြောခြင်းမှာ အတတ်နိုင်ဆုံး ပါဝင်ခဲ့တယ်။

ကျွန်တော့်မှာ ကျော်လွှားရမယ့် နောက်ထပ်အတားအဆီးတစ်ခု ရှိသေးတယ်။ အဲဒါကတော့ စာဖတ်တာ၊ လေ့လာတာကို ကျွန်တော် တစ်စက်မှ မနှစ်သက်ဘူးဆိုတာပါပဲ။ ကြွက်သားတွေ သန်မာချင်တယ်ဆိုရင် ကြိုးစားပမ်းစား အလေးမသလိုပဲ၊ ယုံကြည်ခြင်းမှာလည်း ခိုင်ခံ့ချင်တယ်ဆိုရင် နက်နဲတဲ့ ကျမ်းစာအမှန်တရားတွေကို ဝီရိယစိုက်ထုတ် လေ့လာမှဖြစ်မယ်ဆိုတာ ကျွန်တော်သိရှိလိုက်ရတယ်။

အကျိုးကျေးဇူးရရှိခဲ့ပုံ– အသက်ကို ဖက်နဲ့ထုပ်ထားရတဲ့ အရင်ဘဝပုံစံဟောင်းကို ကျွန်တော် စွန့်လွှတ်လိုက်လို့ ကနေ့ထက်ထိ အသက်နဲ့ခန္ဓာ မြဲနေတုန်းပဲ။ အားနည်းချက်တွေကို အလျှော့မပေးမိဖို့ ဂရုစိုက်နေရသေးပေမဲ့ ခရစ်ယာန်ကောင်းပီသတဲ့ ဇနီးနဲ့အတူ သာယာတဲ့အိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်ထားရလို့လည်း ပျော်ရွှင်မိပါတယ်။ ယေဟောဝါသက်သေတွေအလယ်မှာ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေစစ်တွေကိုလည်း ကျွန်တော်ရရှိထားတယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ကျွန်တော့်အဖေ ဆုံးပါးသွားပါပြီ။ ဒါပေမဲ့ အဖေမသေခင်မှာ ကျွန်တော် နောင်တယူပြောင်းလဲလာတာကို တွေ့မြင်ရလို့ သူဝမ်းသာသွားတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 34 ယေဟောဝါသက်သေများ ထုတ်ဝေသည်။