မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်တို့—သမ္မာကျမ်းစာ၏လမ်းညွှန်မှုကို ခံယူပါ

လူငယ်တို့—သမ္မာကျမ်းစာ၏လမ်းညွှန်မှုကို ခံယူပါ

လူငယ်တို့—သမ္မာကျမ်းစာ၏လမ်းညွှန်မှုကို ခံယူပါ

‘ဉာဏ်ပညာနှင့် သိနားလည်မှုကို ဆည်းပူးလော့။’—သု. ၄:၅၊ ကဘ။

၁၊ ၂။ (က) တမန်တော်ပေါလုကြုံတွေ့ခဲ့ရတဲ့ပြဿနာကို ခံရပ်နိုင်ဖို့ ဘာက သူ့ကို ကူညီပေးခဲ့သလဲ။ (ခ) ဉာဏ်ပညာနဲ့ သိနားလည်မှုကို သင်ဘယ်လို ဆည်းပူးရရှိနိုင်သလဲ။

“ငါသည် အကျင့်ကောင်းကို ကျင့်လိုသောအခါ အကျင့်ဆိုးကို ကျင့်မိတတ်၏။” ဒီစကားတွေကို ဘယ်သူပြောခဲ့သလဲဆိုတာ သိပါသလား။ တမန်တော်ပေါလုပါပဲ။ ပေါလုက ယေဟောဝါကိုချစ်ပေမဲ့ ကောင်းတာကိုပြုလုပ်ဖို့ အကြိတ်အနယ်ကြိုးစားရတဲ့အခါတွေ ရှိခဲ့တယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ပေါလု ဘယ်လိုခံစားခဲ့ရသလဲ။ သူက “ငါ့အဖြစ် ဆိုးလိုက်လေခြင်း” လို့ရေးသားခဲ့တယ်။ (ရော. ၇:၂၁-၂၄) ပေါလုရဲ့ခံစားချက်ကို သင်နားလည်နိုင်သလား။ တစ်ခါတလေမှာ သင်လည်း ကောင်းတာကိုပြုလုပ်ဖို့ အခက်တွေ့သလား။ ဒီအတွက်ကြောင့် သင်လည်း ပေါလုလို စိတ်ပျက်လက်ပျက်ဖြစ်သလား။ ဖြစ်တယ်ဆိုရင် စိတ်ဓာတ်မကျပါနဲ့။ ပေါလုက ပြဿနာအခက်အခဲတွေကို ခံရပ်နိုင်ခဲ့သလို သင်လည်း ခံရပ်နိုင်ပါတယ်။

ပေါလုက “အကျိုးဖြစ်ထွန်းသောတရားစကား” ရဲ့လမ်းညွှန်မှုကို ခံယူခဲ့တဲ့အတွက် ခံရပ်နိုင်ခဲ့တယ်။ (၂ တိ. ၁:၁၃၊ ၁၄) ရလဒ်အနေနဲ့ ပြဿနာကိုဖြေရှင်းဖို့၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချဖို့ လိုအပ်တဲ့ ဉာဏ်ပညာနဲ့ သိနားလည်မှုကို ရရှိခဲ့တယ်။ ဉာဏ်ပညာနဲ့ သိနားလည်မှုကို ဆည်းပူးရရှိဖို့ သင့်ကိုလည်း ယေဟောဝါဘုရားသခင် ကူညီပေးနိုင်ပါတယ်။ (သု. ၄:၅) အကောင်းဆုံးအကြံပြုချက်တွေကို ကိုယ်တော့်တရားစကားတော် သမ္မာကျမ်းစာထဲမှာ ဖော်ပြပေးထားတယ်။ (၂ တိမောသေ ၃:၁၆၊ ၁၇ ကိုဖတ်ပါ။) မိဘတွေနဲ့ဆက်ဆံတဲ့အခါ၊ ငွေကြေးကိုင်တွယ်သုံးစွဲတဲ့အခါ၊ သင်တစ်ဦးတည်းရှိနေတဲ့အခါတွေမှာ သမ္မာကျမ်းစာမှာတွေ့ရတဲ့ မူတွေကနေ သင်ဘယ်လိုအကျိုးရနိုင်တယ်ဆိုတာ သုံးသပ်ကြည့်ပါ။

မိသားစုမှာ သမ္မာကျမ်းစာလမ်းညွှန်မှုကို ခံယူပါ

၃၊ ၄။ မိဘတွေရဲ့စည်းကမ်းကိုနာခံဖို့ ခက်တယ်လို့ ဘာကြောင့် ထင်မှတ်နိုင်သလဲ၊ မိဘတွေ ဘာကြောင့် စည်းကမ်းထုတ်ကြတာလဲ။

မိဘတွေရဲ့စည်းကမ်းအောက်မှာနေထိုင်ရတာ အရမ်းကျဉ်းကျပ်တယ်လို့ သင် ခံစားရသလား။ ဘာကြောင့် အဲဒီလိုခံစားရတာလဲ။ အကြောင်းတစ်ခုအနေနဲ့ သင်လွတ်လပ်မှု ပိုရလိုတဲ့အတွက် ဖြစ်နိုင်တယ်။ အရွယ်ရောက်သူအဖြစ် ကြီးပြင်းလာစဉ်မှာ အဲဒီလိုဆန္ဒရှိတာက သဘာဝပါပဲ။ ဒါပေမဲ့ သင့်မိသားစုနဲ့နေထိုင်စဉ်မှာတော့ မိဘတွေရဲ့စကားကိုနာခံဖို့ သင့်မှာတာဝန်ရှိတယ်။—ဧ. ၆:၁-၃

သင့်မိဘတွေ ဘာကြောင့် စည်းမျဉ်းစည်းကမ်းတွေ ထုတ်ရတယ်ဆိုတာကို နားလည်မယ်ဆိုရင် သူတို့ကိုနာခံဖို့ ပိုလွယ်ကူပါလိမ့်မယ်။ တစ်ခါတလေ သင်လည်း အသက် ၁၈ နှစ်ရှိတဲ့ သူဇာ *လိုပဲ ခံစားရနိုင်တယ်။ သူက သူ့မိဘတွေနဲ့ပတ်သက်ပြီး ဒီလိုပြောခဲ့တယ်– “အဖေနဲ့အမေက ကျွန်မရဲ့အသက်အရွယ်တုန်းက သူတို့ ဘယ်လိုခံစားချက်ရှိခဲ့တယ်ဆိုတာ မေ့နေကြတယ်။ ကျွန်မရဲ့အမြင်ကို ထုတ်ပြောခွင့်၊ ဆုံးဖြတ်ချက်ချခွင့် မပြုချင်ကြဘူး။ ကျွန်မကို လူကြီးမလုပ်စေချင်ကြဘူး။” သင့်မိဘတွေက သင်ရထိုက်တဲ့လွတ်လပ်ခွင့်ကို မပေးဘူးလို့ သူဇာလိုပဲ သင်ခံစားရနိုင်တယ်။ ဒါပေမဲ့ သင့်မိဘတွေက သင့်အတွက်စိုးရိမ်လို့ စည်းကမ်းထုတ်တာဖြစ်တယ်။ ဒါ့အပြင် ခရစ်ယာန်မိဘတွေက သားသမီးတွေကို အုပ်ထိန်းပုံနဲ့ပတ်သက်ပြီး ယေဟောဝါထံမှာ စာရင်းရှင်းရမယ်ဆိုတာ သိထားကြတယ်။—၁ တိ. ၅:၈

၅။ မိဘစကားကိုနားထောင်ခြင်းက သင့်ကို ဘယ်လိုအကျိုးပြုနိုင်သလဲ။

မိဘတွေကို နာခံခြင်းက စုဘူးမှာ ငွေစုတာနဲ့တူတယ်။ များများစုလေ၊ များများသုံးရလေဖြစ်တယ်။ သင့်မိဘတွေကို လေးစားမှုနဲ့ နာခံမှုပြဖို့လိုတယ်။ (သု. ၁:၈ ကိုဖတ်ပါ။) သင့်မိဘတွေကို များများနာခံမှုပြလေ လွတ်လပ်မှု ပိုရနိုင်လေပဲ။ (လု. ၁၆:၁၀) ဒါပေမဲ့ မိဘတွေရဲ့စကားကို သင်နားမထောင်ဘူးဆိုရင် လွတ်လပ်မှု ရမှာမဟုတ်ဘူး။

၆။ ကလေးတွေနာခံတတ်ဖို့ မိဘတွေ ဘယ်လိုကူညီပေးနိုင်သလဲ။

မိဘတွေထုတ်ထားတဲ့  စည်းကမ်းတွေကို  လိုက်နာဖို့ ကလေးတွေကို မိဘတွေ ကူညီပေးနိုင်တဲ့နည်းတစ်နည်းက ပုံသက်သေပြခြင်းဖြစ်တယ်။ ဘုရားသခင့်တောင်းဆိုရာကို မိဘတွေ တလိုတလားလိုက်နာခြင်းအားဖြင့် ဘုရားသခင့်ပညတ်တွေဟာ အကျိုးသင့်အကြောင်းသင့်ရှိတယ်ဆိုတာကို ကလေးတွေ သိမြင်လာအောင် ပြုလုပ်သင့်တယ်။ ဒီလိုလုပ်မယ်ဆိုရင် မိဘတွေရဲ့စည်းကမ်းတွေက အကျိုးသင့်အကြောင်းသင့်ရှိတယ်ဆိုတဲ့အချက်ကို ကလေးတွေလက်ခံဖို့ ပိုပြီးလွယ်ကူစေတယ်။ (၁ ယော. ၅:၃) ဒါ့အပြင် ယေဟောဝါက သူ့ရဲ့ကျေးကျွန်တွေကို တချို့ကိစ္စရပ်နဲ့ပတ်သက်တဲ့ ထင်မြင်ချက်တွေကို ထုတ်ဖော်ပြောဆိုခွင့် ပေးခဲ့တဲ့အခါတွေရှိတယ်ဆိုတာ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (က. ၁၈:၂၂-၃၂; ၃ ရာ. ၂၂:၁၉-၂၂) မိဘတွေ တစ်ခုခုဆုံးဖြတ်တော့မယ်ဆိုရင် ကလေးတွေရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုဖို့ အခွင့်အရေးပေးနိုင်တဲ့အခါတွေ ရှိနိုင်မလား။

၇၊ ၈။ (က) တချို့ကလေးတွေ ဘယ်အခက်အခဲနဲ့ ရင်ဆိုင်ကြရသလဲ။ (ခ) ဘယ်အချက်တွေကို နားလည်ထားမယ်ဆိုရင် ဆုံးမခြင်းကနေ အကျိုးရရှိနိုင်မလဲ။

မတရားပြစ်တင်ပြောဆိုခံရတယ်လို့ ကလေးတွေထင်မှတ်တဲ့ပုံစံမျိုးနဲ့လည်း ဆုံးမခံရနိုင်တယ်။ ခရေ့ဂ်လို့ခေါ်တဲ့ လူငယ်လေးလိုပဲ တစ်ခါတလေ သင် ခံစားရနိုင်တယ်။ “ကျွန်တော့်အမေက ကျွန်တော် ဘယ်အချိန်မှာ အပြစ်လုပ်မလဲဆိုတာကို စောင့်ကြည့်နေတဲ့ ရဲစုံထောက်နဲ့တူတယ်” လို့ သူပြောခဲ့တယ်။

ပဲ့ပြင် ဒါမှမဟုတ် ဆုံးမခံရတဲ့အခါ များသောအားဖြင့် အပြစ်ရှာတယ်လို့ ခံစားရနိုင်တယ်။ ဆုံးမခံထိုက်လို့ ဆုံးမခံရရင်တောင် ခံရခက်နိုင်တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ဟေဗြဲ ၁၂:၁၁) ဆုံးမမှုကနေ အကျိုးရရှိဖို့ ဘာက ကူညီပေးနိုင်သလဲ။ သင့်မိဘတွေက သင့်ကိုချစ်လို့ ဆုံးမတာဆိုတဲ့အရေးကြီးတဲ့အချက်ကို သတိရဖို့လိုတယ်။ (သု. ၃:၁၂) အကျင့်ဆိုးတွေကိုရှောင်ပြီး အကျင့်ကောင်းတွေကိုလုပ်ဆောင်ဖို့ မိဘတွေ သင့်ကို ကူညီပေးလိုကြတယ်။ သင့်ကို မဆုံးမရင် သင့်ကိုမုန်းတာနဲ့အတူတူပဲဆိုတာကို မိဘတွေသိထားကြတယ်။ (သု. ၁၃:၂၄ ကိုဖတ်ပါ။) သင်ယူနေတဲ့အချိန်မှာ အမှားနဲ့မကင်းကြဘူးဆိုတာကိုလည်း သူတို့သိထားကြတယ်။ ဒါကြောင့် သင် ဆုံးမခံရတဲ့အခါ ဆုံးမစကားမှာပါတဲ့ ဉာဏ်ပညာကို သိမြင်အောင် ကြိုးစားပါ။ “ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက် သာ၍ကောင်း၏။ ပညာကုန်သွယ်၍ရသောအမြတ်လည်း ရွှေစင်ထက်သာ၍ကောင်း၏။”—သု. ၃:၁၃၊ ၁၄

၉။ မတရားဆက်ဆံခံရတယ်လို့ တနုံ့နုံ့တွေးနေမယ့်အစား ကလေးတွေ ဘာလုပ်နိုင်သလဲ။

ဒါပေမဲ့ မိဘတွေလည်း အမှားနဲ့မကင်းကြဘူး။ (ယာ. ၃:၂) မိဘတွေ သင့်ကိုဆုံးမတဲ့အခါ တစ်ခါတလေ မဆင်မခြင်ပြောမိတတ်ကြတယ်။ (သု. ၁၂:၁၈) မိဘတွေ ဘာကြောင့် အဲဒီပုံစံနဲ့ ဆုံးမတာလဲ။ စိတ်ဖိစီးမှုရှိနေလို့လား၊ ဒါမှမဟုတ် သင်အမှားလုပ်တာက သူတို့ဘက်က လိုအပ်ချက်ရှိလို့ဆိုပြီး ယူဆတဲ့အတွက်လည်း ဖြစ်နိုင်တယ်။ သင် မတရားဆုံးမခံရတယ်လို့ တနုံ့နုံ့တွေးနေမယ့်အစား အကူအညီပေးလိုတဲ့ သူတို့ရဲ့စိတ်ရင်းကို ကျေးဇူးတင်ကြောင်းပြဖို့ ကြိုးစားပါ။ ဆုံးမမှုကို လက်ခံနိုင်တဲ့အရည်အချင်းက သင် လူကြီးဖြစ်လာတဲ့အခါ သင့်ကို အကျိုးပြုပါလိမ့်မယ်။

၁၀။ သင့်မိဘရဲ့ စည်းကမ်းတွေနဲ့ ဆုံးမမှုတွေကိုလက်ခံပြီး အဲဒီကနေအကျိုးရရှိဖို့ သင် ဘယ်လိုလုပ်နိုင်သလဲ။

၁၀ သင့်မိဘရဲ့ စည်းကမ်းတွေနဲ့ ဆုံးမမှုတွေကို အသာတကြည်လက်ခံပြီး အဲဒီကနေ အကျိုးရချင်ပါသလား။ ရချင်တယ်ဆိုရင် သင့်ရဲ့ ပြောဆိုဆက်သွယ်နည်းကို တိုးတက်အောင်လုပ်ဖို့လိုတယ်။ ဘယ်လိုလုပ်နိုင်သလဲ။ ပထမအချက်က နားထောင်ခြင်းဖြစ်တယ်။ “နားထောင်ခြင်း၌ လျင်မြန်ရမည်။ စကားပြောခြင်းနှင့် အမျက်ထွက်ခြင်း၌ နှေးရမည်” လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ယာ. ၁:၁၉) ထစ်ခနဲရှိ ရှင်းချက်ထုတ်ဖို့ပဲ ကြိုးစားမယ့်အစား ကိုယ့်စိတ်ကိုချုပ်တည်းပြီး မိဘပြောမယ့်စကားကို နားထောင်ဖို့ကြိုးစားပါ။ သင့်မိဘပြောတဲ့ အကြောင်းအရာကိုပဲ အာရုံစိုက်ပါ၊ ပြောပုံပြောနည်းကို အာရုံမစိုက်ပါနဲ့။ သင့်အမှားကို တလေးတစားဝန်ခံပြီး မိဘတွေပြောတာကို သင်လက်ခံကြောင်းပြပါ။ အဲဒီလိုလုပ်ခြင်းက သူတို့ပြောတာကို သင် နားထောင်တယ်ဆိုတာ သူတို့သိရပါလိမ့်မယ်။ သင့်အပြောအဆို၊ အပြုအမူနဲ့ပတ်သက်ပြီး ရှင်းပြချင်တယ်ဆိုရင်ကော ဘယ်လိုလုပ်မလဲ။ အများအားဖြင့်တော့ သင့်မိဘရဲ့ဆန္ဒအတိုင်း လုပ်ပြီးတဲ့အထိ “နှုတ်ကိုချုပ်တည်း” ထားခြင်းက ပညာရှိရာရောက်တယ်။ (သု. ၁၀:၁၉) ဒီလိုလုပ်မယ်ဆိုရင် မိဘပြောတာကို သင် နားထောင်တယ်ဆိုတာ သူတို့တွေ့မြင်ပြီး သင့်စကားကိုလည်း သူတို့နားထောင်ပါလိမ့်မယ်။ အဲဒီလိုရင့်ကျက်တဲ့ပြောဆိုနည်းက သင်ဟာ သမ္မာကျမ်းစာရဲ့လမ်းပြမှုကို ခံယူနေတယ်ဆိုတာ ဖော်ပြခြင်းဖြစ်တယ်။

ငွေကြေးကိုင်တွယ်သုံးစွဲရာမှာ သမ္မာကျမ်းစာလမ်းညွှန်မှုကို ခံယူပါ

၁၁၊ ၁၂။ (က) ငွေနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဘာလုပ်ဖို့ အားပေးထားသလဲ၊ ဘာကြောင့်လဲ။ (ခ) ငွေသုံးစွဲပုံနဲ့ပတ်သက်ပြီး သင့်မိဘတွေ ဘယ်လိုကူညီပေးနိုင်သလဲ။

၁၁ ‘ငွေသည် ကွယ်ကာတတ်၏’ လို့ သမ္မာကျမ်းစာက ဆိုတယ်။ ဒါပေမဲ့ အဲဒီကျမ်းချက်မှာပဲ ဉာဏ်ပညာက ငွေထက်ပိုတန်ဖိုးရှိတယ်လို့ ဆိုထားတယ်။ (ဒေ. ၇:၁၂) ငွေကိုမတပ်မက်ဘဲ ငွေအပေါ် သင့်လျော်တဲ့အမြင်ရှိဖို့ ကျွန်ုပ်တို့ကို သမ္မာကျမ်းစာက အားပေးတယ်။ ဘာကြောင့် ငွေတပ်မက်ခြင်းကို ရှောင်သင့်သလဲ။ ဒီဥပမာကို သုံးသပ်ကြည့်ပါ– အချက်အပြုတ်ကျွမ်းကျင်တဲ့စားဖိုမှူးအတွက် ထက်တဲ့ဓားတစ်လက်က အသုံးဝင်တဲ့ကိရိယာဖြစ်နိုင်တယ်။ ဒါပေမဲ့ ဂရုမစိုက်၊ ပေါ့ဆသူအတွက်တော့ အဲဒီဓားက ပြင်းထန်တဲ့အနာတရ ဖြစ်စေနိုင်တယ်။ အဲဒီလိုပဲ ငွေကို ပညာရှိရှိသုံးမယ်ဆိုရင် အကျိုးရှိနိုင်တယ်။ ဒါပေမဲ့ “ချမ်းသာရန်စိတ်ပိုင်းဖြတ်ထား” သူတွေက မိတ်ဆွေတွေ၊ မိသားစုဆက်ဆံရေးနဲ့ ဘုရားသခင်နဲ့ မိမိတို့ရဲ့ ဆက်ဆံရေးကိုတောင် စတေးလေ့ရှိကြတယ်။ ရလဒ်ကတော့ သူတို့ဟာ “ဝေဒနာများစွာ” ရဲ့ ထိုးနှက်မှုကို ခံရခြင်းပါပဲ။—၁ တိမောသေ ၆:၉၊ ၁၀ ကိုဖတ်ပါ။

၁၂ ငွေကို ဂရုတစိုက်သုံးစွဲတတ်ဖို့ ဘယ်လိုသင်ယူနိုင်သလဲ။ ငွေသုံးစွဲပုံနဲ့ပတ်သက်ပြီး သင့်မိဘထံက အကူအညီတောင်းကြည့်ပါ။ “ပညာရှိသောသူသည် နားထောင်သဖြင့် ပညာအတတ်တိုးပွားရလိမ့်မည်” လို့ ရှောလမုန် ရေးခဲ့တယ်။ (သု. ၁:၅) အန်နာ အမည်ရှိတဲ့ မိန်းကလေးက သူ့မိဘဆီက လက်တွေ့ကျတဲ့လမ်းညွှန်မှုကို တောင်းခံခဲ့တယ်။ သူ ဒီလိုပြောပြတယ်– “အဖေက ကျွန်မရဲ့ငွေကို ဘယ်လိုသုံးစွဲရမယ်ဆိုတာ သင်ပေးတယ်။ စနစ်တကျသုံးစွဲဖို့နဲ့ စာရင်းမှတ်ဖို့လည်း သင်ပေးတယ်။” အန်နာရဲ့အမေကလည်း သူမကို လက်တွေ့ကျတဲ့အချက်တွေ သင်ပေးတယ်။ “ဈေးမဝယ်ခင် ဈေးနှုန်းတွေလိုက်မေးခြင်းရဲ့ အကျိုးရှိပုံကို အမေသင်ပေးတယ်” လို့ အန်နာ ပြောပြတယ်။ အန်နာ ဘာအကျိုးရခဲ့သလဲ။ သူဒီလိုအဖြေပေးတယ်– “အခု ကျွန်မရဲ့ကိုယ်ပိုင်ငွေကို ဂရုတစိုက် သုံးစွဲတတ်ပြီ။ ငွေကို စိစစ်သုံးစွဲတဲ့အတွက် မလိုအပ်ဘဲအကြွေးတင်တာမျိုးမရှိလို့ စိတ်လက်ပေါ့ပါးပြီး စိတ်ငြိမ်သက်မှုခံစားရတယ်။”

၁၃။ ငွေသုံးဖို့လိုလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကြပ်မတ်နိုင်သလဲ။

၁၃ ပစ္စည်းတွေကို စိတ်အလိုလိုက်ပြီးဝယ်မယ် ဒါမှမဟုတ် သူငယ်ချင်းတွေအထင်ကြီးအောင် ငွေသုံးမယ်ဆိုရင် သင်ဟာ အလွယ်တကူ အကြွေးနစ်သွားနိုင်တယ်။ ဒီကျော့ကွင်းထဲ မသက်ဆင်းမိစေဖို့ ဘာက ကူညီပေးနိုင်သလဲ။ ငွေသုံးဖို့လိုလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ကြပ်မတ်ဖို့ သင်ယူပါ။ အသက် ၂၀ ကျော်စအရွယ်ဖြစ်တဲ့ အယ်လန်နာ အဲဒီအတိုင်း လုပ်ခဲ့တယ်။ “သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အခါ ငွေဘယ်လောက်ပဲသုံးမယ်ဆိုတာကို ကြိုတင်ပြီး တွက်ချက်ထားတယ်။ . . . ငွေကို ဂရုတစိုက်သုံးတတ်တဲ့သူတွေ၊ တွေ့တာနဲ့ချက်ချင်းမဝယ်ဘဲ ဈေးနှုန်းတွေကို လိုက်မေးဖို့အားပေးတဲ့ သူငယ်ချင်းတွေနဲ့ပဲ ဈေးဝယ်ထွက်တာက ပညာရှိရာကျတယ်ဆိုတာလည်း သိခဲ့ရတယ်” လို့ သူပြောတယ်။

၁၄။ “စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း” ကို သင် ဘာကြောင့် သတိပြုသင့်သလဲ။

၁၄ ငွေရှာခြင်းနဲ့ ငွေကို ကိုင်တွယ်သုံးစွဲခြင်းက ဘဝမှာ အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်တယ်။ ဒါပေမဲ့ “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့” က စစ်မှန်တဲ့ပျော်ရွှင်မှုခံစားရတယ်လို့ ယေရှုပြောခဲ့တယ်။ (မ. ၅:၃) “စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း” လို အရာတွေက ဘုရားသခင်ကိုမှီခိုဖို့လိုကြောင်း သိမှတ်သူတစ်ဦးကို စိတ်ပျံ့လွင့်သွားစေနိုင်တယ်လို့လည်း ကိုယ်တော် သတိပေးခဲ့တယ်။ (မာ. ၄:၁၉) ဒါကြောင့် ငွေနဲ့ပတ်သက်တဲ့ သမ္မာကျမ်းစာလမ်းပြမှုကိုခံယူပြီး ငွေအပေါ် တော်မှန်တဲ့အမြင်ဆက်ရှိနေဖို့ အလွန်အရေးကြီးပါတယ်။

တစ်ဦးတည်းရှိနေချိန်မှာ သမ္မာကျမ်းစာလမ်းညွှန်မှုကို ခံယူပါ

၁၅။ ဘုရားသခင်အပေါ်ထားရှိတဲ့ သင့်ရဲ့သစ္စာတည်ကြည်မှုက ဘယ်အချိန်မှာ ပိုစမ်းသပ်ခံရနိုင်သလဲ။

၁၅ ဘုရားသခင်အပေါ်ထားရှိတဲ့ သင့်ရဲ့သစ္စာတည်ကြည်မှုက ဘယ်အချိန်မှာ ပိုစမ်းသပ်ခံရနိုင်သလဲ၊ တခြားသူတွေနဲ့ရှိနေချိန်မှာလား၊ တစ်ဦးတည်းရှိနေချိန်မှာလား။ ကျောင်းမှာ၊ အလုပ်ခွင်မှာ ရှိနေချိန်မှာတော့ ဘုရားသခင်နဲ့ သင့်ဆက်ဆံရေးကိုထိခိုက်နိုင်တဲ့ ဘယ်အရာကိုမဆို ပိုပြီးသတိထားမှာဖြစ်တယ်။ သင်တစ်ဦးတည်းရှိနေတဲ့အချိန်၊ သင်သတိမထားတော့တဲ့အချိန်မှာတော့ သင့်ရဲ့ကိုယ်ကျင့်တရား စမ်းသပ်ခံရဖို့ ပိုလွယ်ကူပါတယ်။

၁၆။ သင် တစ်ဦးတည်းရှိနေချိန်မှာတောင် ဘာကြောင့် ယေဟောဝါကို နာခံလိုစိတ်ရှိသင့်သလဲ။

၁၆ သင် တစ်ဦးတည်းရှိနေချိန်မှာတောင် ဘာကြောင့် ယေဟောဝါကို နာခံလိုစိတ်ရှိသင့်သလဲ။ ဒီအချက်ကို သတိရပါ– သင်ဟာ ယေဟောဝါရဲ့စိတ်ကို ထိခိုက်စေနိုင်သလို၊ ပျော်ရွှင်စေနိုင်တယ်။ (က. ၆:၅၊ ၆; သု. ၂၇:၁၁) ယေဟောဝါက ‘သင့်ကိုဂရုစိုက်’ တဲ့အတွက် သင့်လုပ်ရပ်က ကိုယ်တော့်ကိုထိခိုက်နိုင်တယ်။ (၁ ပေ. ၅:၇) ကိုယ်တော်မိန့်မှာရာကို သင်နားထောင်ဖို့ ကိုယ်တော်အလိုရှိပြီး အဲဒီကနေ သင် အကျိုးရရှိနိုင်တယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ယေဟောဝါရဲ့ ရှေးခေတ်ကျေးကျွန် အစ္စရေးလူမျိုးတချို့က ဘုရားသခင့်စကား နားမထောင်ခဲ့ကြလို့ ကိုယ်တော်စိတ်နာကျင်ခဲ့တယ်။ (ဆာ. ၇၈:၄၀၊ ၄၁) ဒါပေမဲ့ ကောင်းကင်တမန်က ပရောဖက်ဒံယေလကို “အလွန်ချစ်အပ်သောသူ” လို့ခေါ်ခဲ့တာကို ကြည့်ခြင်းအားဖြင့် ယေဟောဝါ သူ့ကို အလွန်ချစ်ခင်နှစ်သက်တယ်ဆိုတာ သိရတယ်။ (ဒံ. ၁၀:၁၁) အကြောင်းကတော့ ဒံယေလက လူသူရှေ့မှာသာမက တစ်ဦးတည်းရှိနေချိန်မှာပါ ဘုရားသခင်အပေါ် သစ္စာတည်ကြည်မှုပြခဲ့လို့ပဲ။—ဒံယေလ ၆:၁၀ ကိုဖတ်ပါ။

၁၇။ ဖျော်ဖြေမှုတွေကို ရွေးချယ်တဲ့အခါ သင့်ကိုယ်သင် ဘယ်မေးခွန်းတွေ မေးနိုင်သလဲ။

၁၇ သင် တစ်ဦးတည်းရှိနေချိန်မှာ ဘုရားသခင်အပေါ်သစ္စာတည်ကြည်နိုင်ဖို့အတွက် သင့်ရဲ့ “အမှားအမှန်ကိုပိုင်းခြားသိမြင်နိုင်” စွမ်းကို တိုးတက်စေဖို့လိုပြီး မှန်တယ်လို့သင်သိထားတဲ့အရာကို လုပ်ဆောင်ခြင်းဖြင့် အဲဒီအစွမ်းကို “အသုံးပြု” ပြီး လေ့ကျင့်ပေးရမှာဖြစ်တယ်။ (ဟေဗြဲ ၅:၁၄) ဥပမာ၊ တေးဂီတ၊ ရုပ်ရှင် ဒါမှမဟုတ် အင်တာနက်ဆိုက်ကို ရွေးချယ်တဲ့အခါ အောက်ပါမေးခွန်းတွေမေးခြင်းက အမှားကိုရှောင်ပြီး အမှန်ကိုရွေးချယ်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ဒီအရာက ငါ့ကို သနားစာနာတတ်တဲ့သူဖြစ်စေသလား၊ ဒါမှမဟုတ် ‘သူတစ်ပါး ဘေးရောက်’ တာကို ဝမ်းမြောက်ဝမ်းသာဖြစ်စေသလား။’ (သု. ၁၇:၅) ‘ဒီအရာက ကောင်းတာကို “ချစ်” ဖို့ ကူညီပေးသလား။ ဒါမှမဟုတ် မကောင်းတာကို “မုန်း” ဖို့ အခက်တွေ့စေသလား။’ (အာ. ၅:၁၅) သင် တစ်ဦးတည်းရှိနေချိန်မှာ ပြုလုပ်တဲ့အရာတွေက သင် အမှန်တန်ဖိုးထားရာတွေကို ဖော်ပြတယ်။—လု. ၆:၄၅

၁၈။ အမှားတစ်ခုခုကို သင် လျှို့ဝှက်ပြုကျင့်နေတယ်ဆိုရင် ဘာလုပ်သင့်သလဲ၊ ဘာကြောင့်လဲ။

၁၈ မှားတယ်လို့ သင်သိထားတဲ့ အကျင့်တစ်ခုခုကို သင် လျှို့ဝှက်ပြုကျင့်နေတယ်ဆိုရင် ဘာလုပ်သင့်သလဲ။ ‘မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကိုဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား ကရုဏာတော်သနားကြင်နာမှုကိုခံရလိမ့်မည်’ ဆိုတဲ့အချက်ကို သတိရပါ။ (သု. ၂၈:၁၃) အမှားကို ဆက်ပြုကျင့်ပြီး ‘ဘုရားသခင့် သန့်ရှင်းသောစွမ်းအားတော်ကို ဝမ်းနည်း’ စေခြင်းက အလွန်ပညာမဲ့ရာရောက်တယ်။ (ဧ. ၄:၃၀) သင့်ရဲ့ဘယ်အမှားကိုမဆို ဘုရားသခင်ထံ၊ မိဘတွေထံ ဝန်ခံရမယ်။ ဒီလိုလုပ်ခြင်းက သင့်ကို အကျိုးရစေတယ်။ ဒီကိစ္စမှာ “အသင်းတော်ရှိအသက်ကြီးသူများ” က သင့်ကို များစွာကူညီပေးနိုင်ပါတယ်။ တပည့်ဖြစ်သူယာကုပ်က ဒီလိုပြောတယ်– ‘သူတို့သည် ယေဟောဝါ၏နာမတော်ဖြင့် သူ့ကို ဆီလိမ်းပေး၍ ဆုတောင်းပေးကြပါစေ။ သို့ပြုလျှင် ယုံကြည်ခြင်းဖြင့်တောင်းသော ဆုတောင်းချက်သည် လူနာကို ကျန်းမာစေ၍ ယေဟောဝါသည် သူ့ကို ထစေတော်မူလိမ့်မည်။ ထို့ပြင် သူသည် အပြစ်ပြုခဲ့လျှင် ခွင့်လွှတ်ခံရလိမ့်မည်။’ (ယာ. ၅:၁၄၊ ၁၅) ဒီလိုလုပ်တာက အရှက်ရစေ ဒါမှမဟုတ် မနှစ်မြို့ဖွယ်အကျိုးဆက်တွေကို ခံစားရစေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သင့်မှာ အကူအညီတောင်းဖို့ သတ္တိရှိမယ်ဆိုရင် နောက်ထပ်ဆိုးကျိုးတွေကို ရှောင်နိုင်မှာဖြစ်ပြီး ကြည်လင်တဲ့ ကိုယ်ကိုယ်ကိုယ်သိတဲ့စိတ်ကြောင့် စိတ်သက်သာရာရမှာဖြစ်တယ်။—ဆာ. ၃၂:၁-၅

ယေဟောဝါရဲ့စိတ်ကို ရွှင်လန်းစေပါ

၁၉၊ ၂၀။ ယေဟောဝါက သင့်ကို ဘာဖြစ်စေချင်သလဲ၊ ဒါပေမဲ့ သင် ဘာလုပ်ရမလဲ။

၁၉ ယေဟောဝါက “ပျော်ရွှင်သောဘုရားသခင်” ဖြစ်ပြီး သင့်ကိုလည်း ပျော်ရွှင်စေချင်တယ်။ (၁ တိ. ၁:၁၁) ကိုယ်တော်က သင့်ကို အလွန်စိတ်ဝင်စားတယ်။ မှန်ရာကိုပြုလုပ်ဖို့ သင်ကြိုးစားနေတာကို ဘယ်သူမှသတိမပြုမိရင်တောင် ယေဟောဝါ သတိပြုမိတယ်။ ယေဟောဝါရှေ့မှာ ဘာမှ ဖုံးကွယ်ထားလို့မရဘူး။ ကိုယ်တော်စောင့်ကြည့်နေတာက အပြစ်ရှာဖို့မဟုတ်ဘဲ မှန်ရာကိုပြုလုပ်ဖို့ သင် ကြိုးစားနေတာကို ကူညီပေးဖို့ဖြစ်တယ်။ ဘုရားသခင်က “စုံလင်သောစေတနာစိတ်ရှိသောသူတို့ဘက်၌ ခိုင်ခံ့စွာနေခြင်းငှာ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက်” နေတော်မူတယ်။—၆ ရာ. ၁၆:၉

၂၀ ဒါကြောင့် သမ္မာကျမ်းစာရဲ့ လမ်းပြမှုကိုခံယူပြီး အကြံပေးချက်တွေကို လက်တွေ့ကျင့်သုံးပါ။ အဲဒီလိုလုပ်မယ်ဆိုရင် ဘဝရဲ့ ခက်ခဲတဲ့ပြဿနာတွေကို ဖြေရှင်းဖို့နဲ့ ခက်ခဲတဲ့ရွေးချယ်မှုတွေ ပြုလုပ်ဖို့ လိုအပ်တဲ့ ဉာဏ်ပညာနဲ့ သိနားလည်မှု ရရှိပါလိမ့်မယ်။ သင်ဟာ ယေဟောဝါနဲ့ သင့်မိဘတွေရဲ့စိတ်ကို ပျော်ရွှင်စေရုံသာမက စစ်မှန်တဲ့ပျော်ရွှင်မှုခံစားရတဲ့ အသက်တာကိုပါ ရရှိပါလိမ့်မယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 အမည်များကို ပြောင်းထား။

သင် ဘယ်လိုဖြေဆိုမလဲ

• မိဘတွေရဲ့ စည်းကမ်းတွေနဲ့ ဆုံးမမှုတွေကိုလက်ခံပြီး အဲဒီကနေအကျိုးရရှိဖို့ လူငယ်တွေ ဘာလုပ်နိုင်သလဲ။

• ငွေအပေါ်မျှတတဲ့အမြင်ရှိဖို့ ဘာကြောင့် အရေးကြီး သလဲ။

• သင် တစ်ဦးတည်းရှိနေချိန်မှာတောင် ယေဟောဝါအပေါ် ဘယ်လိုသစ္စာတည်ကြည်နိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၆ ပါရုပ်ပုံ]

သင် တစ်ဦးတည်းရှိနေချိန်မှာ ဘုရားသခင်အပေါ် သစ္စာတည်ကြည်မလား