မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသည် ကျွန်ုပ်တို့၏ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်

ယေဟောဝါသည် ကျွန်ုပ်တို့၏ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်

ယေဟောဝါသည် ကျွန်ုပ်တို့၏ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်

‘ကျွန်ုပ်မူကား အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါ၌ ခိုလှုံလျက်နေပါ၏။’—ဆာ. ၇၃:၂၈၊ ကဘ။

၁။ ၁ ကောရိန္သု ၇:၃၁ မှာပါတဲ့စကားတွေအရ လောကကို ပေါလု ဘာနဲ့နှိုင်းယှဉ်ခဲ့သလဲ။

တမန်တော်ပေါလုက “ဤလောက၏ဇာတ်ကွက်သည် ပြောင်းလဲလျက်ရှိ၏” လို့ပြောခဲ့တယ်။ (၁ ကော. ၇:၃၁) ပေါလုက ဒီလောကကို ဇာတ်ခုံတစ်ခုနဲ့ နှိုင်းယှဉ်ခဲ့ပြီး ပြဇာတ်မှာပါဝင်တဲ့သူတွေဟာ ဇာတ်ကွက်အပြောင်းအလဲအလိုက် မိမိတို့ရဲ့ကောင်းတဲ့ဇာတ်ရုပ်၊ ဆိုးတဲ့ဇာတ်ရုပ်မှာ ပါဝင်သရုပ်ဆောင်နေကြတယ်။

၂၊ ၃။ (က) ယေဟောဝါရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးမှု ဆန့်ကျင်ခံရတာကို ဘယ်လိုပုံဖော်နိုင်သလဲ။ (ခ) ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။

ယနေ့ အရေးအကြီးဆုံးပြဇာတ်တစ်ပုဒ် ကပြနေပြီး အဲဒီမှာ သင် ပါဝင်ပတ်သက်နေတယ်။ ဒါက အထူးသဖြင့် ယေဟောဝါဘုရားသခင်ရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးမှု သံသယကင်းရှင်းရေးနဲ့ ဆက်နွှယ်နေတယ်။ ဒီပြဇာတ်ကို ဒေသတစ်ခုမှာ ဖြစ်နေနိုင်တဲ့အခြေအနေတစ်ခုနဲ့ ပုံဖော်နိုင်တယ်။ တစ်ဖက်မှာ အခွင့်အာဏာရှိ တရားဝင်အစိုးရက အုပ်ချုပ်နေတယ်။ နောက်တစ်ဖက်မှာတော့ ကလိမ်ကျ၊ အကြမ်းဖက်၊ လူသတ်ပြီးအုပ်ချုပ်နေတဲ့ တရားမဝင်အဖွဲ့အစည်းရှိတယ်။ အဲဒီတရားမဝင်အဖွဲ့အစည်းက တရားဝင်အစိုးရရဲ့ အုပ်ချုပ်ခွင့်အာဏာကို ဆန့်ကျင်နေပြီး အစိုးရအပေါ်ထားရှိတဲ့ ပြည်သူတွေရဲ့ သစ္စာတည်ကြည်မှုကို စမ်းသပ်နေတယ်။

အသိဉာဏ်ရှိတဲ့သတ္တဝါတွေအလယ်မှာ အလားတူအခြေအနေမျိုး ဖြစ်ပျက်လျက်ရှိတယ်။ အဲဒီမှာ ‘အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါ’ ရဲ့ တရားဝင်အစိုးရရှိတယ်။ (ဆာ. ၇၁:၅ကဘ) ဒါပေမဲ့ လူသားတွေဟာ “ဆိုးညစ်သူ” အုပ်ချုပ်နေတဲ့ တရားမဝင်အစိုးရရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်။ (၁ ယော. ၅:၁၉) ဒီတရားမဝင်အဖွဲ့အစည်းက ဘုရားသခင်ရဲ့ တရားဝင်အစိုးရကို ဆန့်ကျင်ပြီး ကိုယ်တော်ရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကိုထောက်ခံသူတွေရဲ့ သစ္စာတည်ကြည်မှုကို စမ်းသပ်နေတယ်။ ဘာဖြစ်လို့ ဒီလိုအခြေအနေ ပေါ်ပေါက်လာတာလဲ။ ဒါကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုခဲ့တာလဲ။ ဒါနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့တစ်ဦးစီ ဘာလုပ်နိုင်ပါသလဲ။

ပြဇာတ်ပါ အကြောင်းအရာများ

၄။ နှစ်ထောင်ချီကြာလာခဲ့ပြီဖြစ်တဲ့ ဒီပြဇာတ်မှာ အပြန်အလှန်ဆက်နွှယ်နေတဲ့ ဘယ်အကြောင်းအရာနှစ်ခု ပါဝင်သလဲ။

နှစ်ထောင်ချီကြာ ကပြခဲ့တဲ့ ဒီပြဇာတ်မှာ အပြန်အလှန်ဆက်နွှယ်နေတဲ့ အကြောင်းအရာနှစ်ခုပါတယ်။ ယေဟောဝါရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနဲ့ လူသားတွေရဲ့တည်ကြည်မှုဖြစ်တယ်။ ကျမ်းစာထဲမှာ ယေဟောဝါကို ‘အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်’ အဖြစ် မကြာခဏဖော်ပြထားတယ်။ ဥပမာ၊ ဆာလံဆရာက ယေဟောဝါကို အကြွင်းမဲ့ယုံကြည်ကိုးစားပြီး ‘ကျွန်ုပ်မူကား အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါ၌ ခိုလှုံလျက်နေပါ၏’ လို့စပ်ဆိုခဲ့တယ်။ (ဆာ. ၇၃:၂၈ကဘ) ‘အကြွင်းမဲ့ပိုင်သအုပ်စိုးမှု’ ဆိုတာက အခွင့်အာဏာ ဒါမှမဟုတ် အုပ်စိုးမှုအာဏာအရှိဆုံးကို ဆိုလိုတယ်။ အကြွင်းမဲ့ပိုင်သအုပ်စိုးပိုင်ခွင့်ရှိသူက အမြင့်ဆုံးအခွင့်အာဏာကို ကျင့်သုံးတယ်။ ယေဟောဝါဘုရားသခင်ကို အမြင့်ဆုံးသောအရှင်အဖြစ် ရှုမြင်ဖို့ အကြောင်းကောင်းများစွာရှိပါတယ်။—ဒံ. ၇:၂၂

၅။ ယေဟောဝါရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံဖို့ ဘာကလှုံ့ဆော်ပေးသင့်သလဲ။

ယေဟောဝါဘုရားသခင်ဟာ ဖန်ဆင်းရှင်ဖြစ်တဲ့အတွက် ကမ္ဘာမြေကြီးနဲ့ စကြဝဠာတစ်ခုလုံးရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်တယ်။ (ဗျာ. ၄:၁၁ ကိုဖတ်ပါ။) ယေဟောဝါဟာ ကျွန်ုပ်တို့ရဲ့ တရားသူကြီး၊ ပညတ်တရားရှင်နဲ့ ဘုရင်လည်းဖြစ်တယ်။ (ဟေရှာ. ၃၃:၂၂) ကျွန်ုပ်တို့တည်ရှိနေတာက ဘုရားသခင်ကြောင့်ဖြစ်ပြီး ဘုရားသခင်ကို မှီခိုအားထားနေရတဲ့အတွက် ကိုယ်တော်ကို အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်အဖြစ် ကျွန်ုပ်တို့ရှုမြင်ကြတယ်။ ‘ယေဟောဝါသည် ကောင်းကင်ဘုံ၌တည်တော်မူ၍ အာဏာတော်သည် ခပ်သိမ်းသောအရပ်တို့ကိုနှံ့ပြား’ ကြောင်း အမြဲစိတ်စွဲမှတ်ထားမယ်ဆိုရင် ကိုယ်တော်ရဲ့မြင့်မြတ်တဲ့အနေအထားကို ထောက်ခံဖို့ လှုံ့ဆော်ခံရမှာဖြစ်တယ်။—ဆာ. ၁၀၃:၁၉; တ. ၄:၂၄

၆။ တည်ကြည်မှုဆိုတာ ဘာလဲ။

ယေဟောဝါရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကိုထောက်ခံဖို့ ကိုယ်တော့်အပေါ် ကျွန်ုပ်တို့ရဲ့ တည်ကြည်မှုကို ထိန်းသိမ်းရမှာဖြစ်တယ်။ “တည်ကြည်မှု” ဆိုတာ ကိုယ်ကျင့်တရားကောင်းမွန်တာ၊ ယေဟောဝါကို နှလုံးအကြွင်းမဲ့ဝတ်ပြုတာကို ဆိုလိုတယ်။ တည်ကြည်သူတစ်ဦးက အပြစ်တင်စရာမရှိတဲ့ ဖြောင့်မတ်သူဖြစ်တယ်။ ဘိုးဘေးယောဘက အဲဒီလိုပုဂ္ဂိုလ်မျိုးဖြစ်ခဲ့တယ်။—ယောဘ ၁:၁

ပြဇာတ်စတင်ပုံ

၇၊ ၈။ ယေဟောဝါရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို စာတန် ဘယ်လိုစောဒကတက်ခဲ့သလဲ။

လွန်ခဲ့တဲ့နှစ်ပေါင်း ၆,၀၀၀ လောက်တုန်းက ဝိညာဉ်သတ္တဝါတစ်ဦးက ယေဟောဝါရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးပိုင်ခွင့်ကို စောဒကတက်ခဲ့တယ်။ ကိုးကွယ်ခံလိုတဲ့ဆန္ဒက ပုန်ကန်တဲ့စကားပြောဖို့၊ ပုန်ကန်တဲ့လုပ်ရပ်လုပ်ဖို့ လှုံ့ဆော်ပေးခဲ့တယ်။ သူက ပထမလူသားမောင်နှံ အာဒံနဲ့ဧဝကို ဘုရားသခင်ရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးမှုအပေါ် သစ္စာမဲ့ဖို့သွေးဆောင်ခဲ့ပြီး ယေဟောဝါဟာ မုသာသုံးသူဖြစ်ကြောင်း အခိုင်အမာပြောဆိုခြင်းအားဖြင့် ကိုယ်တော်ရဲ့နာမကို ရှုတ်ချဖို့ကြိုးစားခဲ့တယ်။ (ကမ္ဘာဦး ၃:၁-၅ ကိုဖတ်ပါ။) အဲဒီပုန်ကန်သူဟာ စာတန် (ဆန့်ကျင်သူ)၊ . . . (ရှုတ်ချဂုဏ်ဖျက်သူ)၊ မြွေ (လှည့်စားသူ)၊ နဂါး (ဝါးမျိုဖျက်ဆီးသူ) အမည်ရှိတဲ့ရန်သူကြီး ဖြစ်လာခဲ့တယ်။—ဗျာ. ၁၂:၉

စာတန်က မိမိကိုယ်ကို ပြိုင်ဘက်အုပ်စိုးရှင်ဖြစ်စေခဲ့တယ်။ အဲဒီဆန့်ကျင်မှုကို ရင်ဆိုင်ဖြေရှင်းဖို့ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ယေဟောဝါ ဘာလုပ်မလဲ။ ပုန်ကန်သူသုံးဦးဖြစ်တဲ့ စာတန်၊ အာဒံနဲ့ ဧဝတို့ကို ချက်ချင်းဖျက်ဆီးပစ်လိုက်မလား။ ကိုယ်တော့်မှာ အဲဒီလိုလုပ်နိုင်တဲ့တန်ခိုးရှိတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ယေဟောဝါမှာ အတိုင်းအဆမဲ့တန်ခိုးရှိတယ်ဆိုတာကို သက်သေပြနိုင်မှာဖြစ်တယ်။ အဲဒီအပြင် ကိုယ်တော့်ပညတ်ကိုချိုးဖောက်ရင် ကိုယ်တော်မိန့်ဆိုခဲ့တဲ့အတိုင်း အမှန်ပြစ်ဒဏ်ခံရတယ်ဆိုတာကိုလည်း သက်သေပြရာရောက်မှာဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင် ဘာကြောင့် အဲဒီလိုမလုပ်ခဲ့တာလဲ။

၉။ စာတန် ဘယ်အချက်တွေကို စောဒကတက်ခဲ့သလဲ။

အာဒံနဲ့ဧဝကို လိမ်လည်လှည့်ဖြားပြီး ဘုရားသခင်ထံကနေ ဝေးကွာစေခြင်းအားဖြင့် စာတန်က လူသားတွေရဲ့နာခံမှုကို ယေဟောဝါ ရထိုက်၊ မရထိုက်နဲ့ပတ်သက်ပြီး စောဒကတက်ခဲ့တယ်။ ဒါ့အပြင် ပထမလူသားမောင်နှံကို ဘုရားသခင်စကားနားမထောင်အောင် သွေးဆောင်ခြင်းအားဖြင့် ဘုရားသခင်အပေါ် အသိဉာဏ်ရှိသတ္တဝါအားလုံးရဲ့ သစ္စာတည်ကြည်မှုကိုလည်း သံသယဝင်စေခဲ့တယ်။ ယေဟောဝါရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးမှုအပေါ် သစ္စာတည်ကြည်ခဲ့တဲ့ ယောဘရဲ့ကိစ္စမှာ ဖော်ပြခဲ့တဲ့အတိုင်း လူသားအားလုံးကို ဘုရားသခင်ထံကနေ ဝေးကွာသွားအောင်လုပ်နိုင်တယ်လို့ စာတန် ကြုံးဝါးခဲ့တယ်။—ယောဘ ၂:၁-၅

၁၀။ ယေဟောဝါက မိမိဟာ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်ကြောင်း သက်သေပြတာကို ရွှေ့ဆိုင်းထားခြင်းအားဖြင့် ဘာကိုခွင့်ပြုခဲ့သလဲ။

၁၀ ယေဟောဝါက မိမိဟာ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်ကြောင်း သက်သေပြတာကို ရွှေ့ဆိုင်းထားခြင်းအားဖြင့် စာတန်ရဲ့ပြောဆိုချက်ကို သက်သေပြဖို့ အချိန်ပေးခဲ့တယ်။ လူသားတွေလည်း ကိုယ်တော်ရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးမှုအပေါ် သစ္စာတည်ကြည်ကြောင်းတင်ပြဖို့ အခွင့်အရေးရခဲ့တယ်။ ရာစုနှစ်တွေကုန်လွန်သွားတာနဲ့အမျှ ဘာဖြစ်ခဲ့သလဲ။ စာတန်ဟာ အင်အားကြီးတဲ့ တရားမဝင်အဖွဲ့အစည်းကို တည်ထောင်နိုင်ခဲ့တယ်။ နောက်ဆုံးမှာ ယေဟောဝါဟာ အဲဒီအဖွဲ့အစည်းနဲ့ စာတန်ကိုဖျက်ဆီးမှာဖြစ်ပြီး ကိုယ်တော့်မှာ အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ရှိတယ်ဆိုတာ သက်သေထူမှာဖြစ်တယ်။ ဧဒင်မှာပုန်ကန်မှုဖြစ်ချိန်အတွင်း ယေဟောဝါပြောခဲ့တဲ့ အဲဒီအချက် သေချာပေါက်ပြည့်စုံလာမယ်ဆိုတာ ကိုယ်တော် လုံးလုံးယုံကြည်စိတ်ချတယ်။—က. ၃:၁၅

၁၁။ ယေဟောဝါရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနဲ့ပတ်သက်ပြီး လူများစွာ ဘာကိုတင်ပြခဲ့ကြသလဲ။

၁၁ လူများစွာက ယေဟောဝါရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနဲ့ နာမတော်သန့်ရှင်းမြင့်မြတ်ရေးအပေါ် ယုံကြည်ခြင်းတင်ပြခဲ့ကြပြီး တည်ကြည်ခဲ့ကြတယ်။ သူတို့အထဲမှာ အာဗေလ၊ ဧနောက်၊ နောဧ၊ အာဗြဟံ၊ စာရာ၊ မောရှေ၊ ရုသ၊ ဒါဝိဒ်၊ ယေရှု၊ ခရစ်တော်ရဲ့အစောပိုင်းတပည့်တွေနဲ့ သန်းနဲ့ချီတဲ့ မျက်မှောက်ခေတ် သမာဓိစောင့်သိသူတွေ ပါဝင်တယ်။ ဘုရားသခင့်အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံတဲ့သူတွေက စာတန်ဟာ မုသာကောင်ဖြစ်ကြောင်း သက်သေထူပြီး လူသားအားလုံးကို ဘုရားသခင်ထံကနေ ဝေးကွာသွားအောင် ပြုလုပ်နိုင်တယ်ဆိုတဲ့ စာတန်ရဲ့ ကြွားလုံးကြောင့် ယေဟောဝါရဲ့နာမ ကဲ့ရဲ့ရှုတ်ချခံနေရတာကို ဖြေရှင်းရာမှာ ပါဝင်ကြတယ်။—သု. ၂၇:၁၁

ဇာတ်သိမ်းခန်းကို ကြိုသိနေ

၁၂။ ဘုရားသခင်ဟာ ဆိုးသွမ်းမှုတွေကို အဆုံးမရှိ ဆက်ခွင့်ပြုထားမှာမဟုတ်ဘူးဆိုတာ ကျွန်ုပ်တို့ ဘယ်လိုယုံကြည်စိတ်ချနိုင်သလဲ။

၁၂ ယေဟောဝါက ကိုယ်တော့်မှာ အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ရှိကြောင်း မကြာခင် သက်သေပြတော့မယ်ဆိုတာ သေချာတယ်။ အကြောင်းကတော့ ဆိုးသွမ်းမှုတွေကို အဆုံးမရှိ ကိုယ်တော် ဆက်ခွင့်ပြုထားမှာမဟုတ်ဘူး၊ ဒါ့ပြင် ကျွန်ုပ်တို့ဟာ နောက်ဆုံးသောနေ့ရက်တွေမှာ အသက်ရှင်နေကြရတယ်ဆိုတာ သိထားကြတယ်။ ယေဟောဝါက လူဆိုးတွေကို ရေလွှမ်းမိုးဘေးနဲ့ တရားစီရင်ခဲ့တယ်။ သောဒုံနဲ့ ဂေါမောရ၊ ဖာရောနဲ့ သူ့စစ်တပ်ကို ကိုယ်တော် ဖျက်ဆီးခဲ့တယ်။ သိသရနဲ့ စစ်တပ်၊ သနာခရိပ်နဲ့ အာရှုရိစစ်တပ်ဟာ အမြင့်ဆုံးသော ဘုရားသခင်ကို မယှဉ်နိုင်ခဲ့ဘူး။ (က. ၇:၁၊ ၂၃; ၁၉:၂၄၊ ၂၅; ထွ. ၁၄:၃၀၊ ၃၁; သူကြီး. ၄:၁၅၊ ၁၆; ၄ ရာ. ၁၉:၃၅၊ ၃၆) ဒါကြောင့် ယေဟောဝါက မိမိရဲ့နာမတော်ကို မရိုမသေပြုနေသူတွေနဲ့ ကိုယ်တော့်သက်သေတွေကို မတရားဆက်ဆံနေတာကို ကြာရှည်သည်းခံခွင့်ပြုထားမှာမဟုတ်ဘူးဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ ဒါ့ပြင် ယေရှုရောက်ရှိနေခြင်းနဲ့ ဆိုးညစ်တဲ့လောကစနစ်နိဂုံးရဲ့ နိမိတ်တွေကို ကျွန်ုပ်တို့ အထင်အရှားတွေ့မြင်နေရပြီ။—မ. ၂၄:၃

၁၃။ ယေဟောဝါရဲ့ရန်သူတွေနဲ့အတူ ဖျက်ဆီးခံရခြင်းမှ ကျွန်ုပ်တို့ ဘယ်လိုလွတ်မြောက်နိုင်သလဲ။

၁၃ ဘုရားသခင့်ရန်သူတွေနဲ့အတူ ဖျက်ဆီးမခံရဖို့ ယေဟောဝါရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးမှုအပေါ် သစ္စာတည်ကြည်ကြောင်း ပြသရမှာဖြစ်တယ်။ ဘယ်လိုပြသနိုင်သလဲ။ စာတန်ရဲ့တရားမဝင်အုပ်ချုပ်မှုနဲ့ ကင်းကင်းရှင်းရှင်းနေပြီး သူ့ကိုယ်စားလှယ်တွေရဲ့ ခြိမ်းခြောက်မှုကို မကြောက်မရွံ့ ငြင်းဆန်ခြင်းအားဖြင့်ဖြစ်တယ်။ (ဟေရှာ. ၅၂:၁၁; ယော. ၁၇:၁၆; တ. ၅:၂၉) စာတန့်အုပ်ချုပ်မှုနဲ့ ကင်းကင်းရှင်းရှင်းနေမှသာ ကောင်းကင်ခမည်းတော်ရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံနိုင်မှာဖြစ်ပြီး ယေဟောဝါက ရှုတ်ချခံရတဲ့ မိမိရဲ့နာမတော်ကို သန့်ရှင်းမြင့်မြတ်စေတဲ့အခါ၊ ကိုယ်တော်သာလျှင် စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်ကြောင်း သက်သေပြတဲ့အခါ ကယ်တင်ခံရဖို့ မျှော်လင့်နိုင်မှာဖြစ်တယ်။

၁၄။ သမ္မာကျမ်းစာရဲ့ အပိုင်းတွေမှာ ဘယ်အကြောင်းတွေ ဖော်ပြထားသလဲ။

၁၄ လူသားတွေနဲ့ ယေဟောဝါရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးမှုအကြောင်း အသေးစိတ်အချက်အလက်တွေကို သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ သမ္မာကျမ်းစာရဲ့ ဦးဆုံးအခန်းကြီးသုံးခန်းက ဖန်ဆင်းခြင်းအကြောင်းနဲ့ လူသားတွေ အပြစ်တရားအောက် ဘယ်လိုကျရောက်ခဲ့တယ်ဆိုတာ ဖော်ပြတယ်။ နောက်ဆုံးအခန်းကြီးသုံးခန်းက လူသားတွေ မူလအခြေအနေ ပြန်ရောက်ရှိမယ်ဆိုတဲ့အကြောင်း ရှင်းပြထားတယ်။ ကျန်အပိုင်းတွေမှာ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ယေဟောဝါက လူသား၊ မြေကြီးနဲ့ စကြဝဠာအတွက် မိမိရဲ့ရည်ရွယ်ချက် ပြည့်စုံလာအောင် အဆင့်ဆင့်လုပ်ဆောင်တဲ့အကြောင်းကို အသေးစိတ်ဖော်ပြထားတယ်။ ကမ္ဘာဦးကျမ်းက စာတန်ဘယ်လိုဖြစ်ပေါ်လာတယ်၊ ဆိုးသွမ်းမှုတွေ ဘယ်လိုအစပြုလာတယ်ဆိုတာ ရှင်းပြတယ်။ ဗျာ. ကျမ်းရဲ့နောက်ဆုံးအပိုင်းမှာ ဆိုးသွမ်းမှုတွေ ဘယ်လိုဇာတ်သိမ်းပြီး စာတန်ဘယ်လိုဖျက်ဆီးခံရမယ်၊ ဘုရားသခင့်အလိုတော်ဟာ ကောင်းကင်မှာပြည့်စုံသလို မြေကြီးပေါ်မှာ ဘယ်လိုပြည့်စုံလာမယ်ဆိုတာ ဖော်ပြတယ်။ သမ္မာကျမ်းစာမှာ အပြစ်နဲ့ သေခြင်းဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကို ဖော်ပြပြီး ဒီအရာတွေ လောကဇာတ်ခုံကနေ ပျောက်ကွယ်သွားပြီး သမာဓိစောင့်သိတဲ့သူတွေက အကန့်အသတ်မဲ့ပျော်ရွှင်မှုနဲ့ ထာဝရအသက်ကို ခံစားရမယ်ဆိုတဲ့အကြောင်း ဖော်ပြတယ်။

၁၅။ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုပါဝင်ပတ်သက်တဲ့ပြဇာတ် ဇာတ်သိမ်းတဲ့အခါ ကျွန်ုပ်တို့ အကျိုးခံစားရဖို့ ဘာလုပ်ရမလဲ။

၁၅ မကြာခင် ဒီလောကရဲ့ဇာတ်ကွက်ဟာ လုံးဝပြောင်းလဲသွားတော့မှာဖြစ်တယ်။ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုပါဝင်ပတ်သက်တဲ့ ရာစုနှစ်ချီ ကပြခဲ့တဲ့ပြဇာတ် ကားလိပ်ချပါတော့မယ်။ ဇာတ်ခုံပေါ်ကနေ စာတန် ဖယ်ရှားခံရမယ်၊ နောက်ဆုံး အပြီးသတ်ဖျက်ဆီးခံရပြီး ဘုရားသခင့်အလိုတော်ဟာ အမှန်ပြည့်စုံလာမယ်။ အဲဒီကနေအကျိုးရရှိပြီး သမ္မာကျမ်းစာမှာ ကြိုဟောထားတဲ့ ကောင်းချီးတွေကို ခံစားချင်တယ်ဆိုရင် ယေဟောဝါရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို အခုထောက်ခံရမှာဖြစ်တယ်။ ခြံစည်းရိုးကို ခွထိုင်လို့မရဘူး။ ‘ယေဟောဝါသည် ငါ့ဘက်မှာရှိတော်မူ၏’ လို့ ပြောနိုင်ဖို့ ကိုယ်တော့်ဘက်မှာ ကျွန်ုပ်တို့ရှိနေဖို့လိုတယ်။—ဆာ. ၁၁၈:၆၊ ၇

ကျွန်ုပ်တို့ရဲ့ သမာဓိကိုစောင့်ထိန်းနိုင်

၁၆။ လူသားတွေက ဘုရားသခင်အပေါ် သမာဓိကိုစောင့်ထိန်းနိုင်တယ်ဆိုတာ ကျွန်ုပ်တို့ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

၁၆ ကျွန်ုပ်တို့ဟာ ယေဟောဝါရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံပြီး သမာဓိကိုစောင့်ထိန်းနိုင်ကြောင်း တမန်တော် ပေါလုရဲ့ဒီစကားတွေက ဖော်ပြတယ်– “လူတို့ကြုံရတတ်သော သွေးဆောင်ခြင်းကိုသာ သင်တို့ခံရ၏။ ဘုရားသခင်သည် သစ္စာရှိတော်မူသောကြောင့် သွေးဆောင်ခြင်းကို သင်တို့ခံနိုင်သည်ထက် ပို၍ခံစေတော်မူမည်မဟုတ်။ သွေးဆောင်ခြင်းကို ကြုံရသည့်အခါ သင်တို့ခံရပ်နိုင်မည်အကြောင်း လွတ်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူမည်။” (၁ ကော. ၁၀:၁၃) ပေါလုပြောခဲ့တဲ့ သွေးဆောင်မှုတွေက ဘယ်ကလာသလဲ၊ ကျွန်ုပ်တို့အတွက် လွတ်မြောက်ရာလမ်းကို ဘုရားသခင် ဘယ်လိုပြင်ဆင်ပေးသလဲ။

၁၇-၁၉။ (က) တောကန္တာရထဲမှာ အစ္စရေးလူတွေ ဘယ်သွေးဆောင်မှုကို အလျှော့ပေးခဲ့သလဲ။ (ခ)  ယေဟောဝါအပေါ် ကျွန်ုပ်တို့ ဘာကြောင့် သမာဓိကိုစောင့်ထိန်းနိုင်သလဲ။

၁၇ တောကန္တာရမှာရှိတဲ့ အစ္စရေးလူမျိုးတွေရဲ့အဖြစ်အပျက်အရ “သွေးဆောင်” မှုဆိုတာ ဘုရားသခင့်ပညတ်တွေကို ချိုးဖောက်ဖို့ တွန်းအားပေးတဲ့ အခြေအနေတွေကနေ လာနိုင်တယ်။ (၁ ကောရိန္သု ၁၀:၆-၁၀ ကိုဖတ်ပါ။) အစ္စရေးလူမျိုးက သွေးဆောင်မှုတွေကို တွန်းလှန်နိုင်တဲ့အခြေအနေမှာရှိပေမဲ့ “အကျိုးပျက်စေသောအရာများ” ကို တပ်မက်ခဲ့ကြတယ်။ အဲဒါက ယေဟောဝါ သူတို့ကို အံ့ဖွယ်နည်းနဲ့ တစ်လလုံး ငုံးတွေ ချကျွေးတဲ့အချိန်ကဖြစ်တယ်။ အချိန်အတန်ကြာ အသားမစားခဲ့ရပေမဲ့ ဘုရားသခင်က သူတို့ကို စားဖို့ မန္နမုန့်အလုံအလောက်ပေးခဲ့တယ်။ ဒါပေမဲ့ ငုံးတွေကို သူတို့စုသိမ်းတဲ့အခါ လောဘတက်ပြီး သွေးဆောင်မှုကို အလျှော့ပေးလိုက်လျောခဲ့ကြတယ်။—တော. ၁၁:၁၉၊ ၂၀၊ ၃၁-၃၅

၁၈ အစောပိုင်းက မောရှေ သိနာတောင်ပေါ်မှာ ပညတ်တော်သွားယူနေတုန်း အစ္စရေးလူမျိုးဟာ နွားသငယ်ရုပ်ကို ကိုးကွယ်ပြီး သောက်စားပျော်မြူးခြင်းအားဖြင့် အရုပ်ကိုးကွယ်သူတွေ ဖြစ်ခဲ့ကြတယ်။ သူတို့ရဲ့လူသားခေါင်းဆောင် မရှိတာနဲ့ဘဲ သွေးဆောင်မှုတွေကို မတွန်းလှန်တော့ဘဲ အခြေအနေတွေက ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့တယ်။ (ထွ. ၃၂:၁၊) ကတိထားရာပြည်ကိုမဝင်ခင် သောင်းနဲ့ချီတဲ့အစ္စရေးလူတွေဟာ မောဘအမျိုးသမီးတွေရဲ့ မာယာကျော့ကွင်းမှာကျော့မိပြီး လိင်အကျင့်ယိုယွင်းခဲ့ကြတယ်။ သောင်းနဲ့ချီတဲ့အစ္စရေးလူတွေဟာ အဲဒီအပြစ်ကြောင့် သေခဲ့ကြတယ်။ (တော. ၂၅:၁၊) အစ္စရေးလူတွေဟာ ပုန်ကန်ပြောဆိုဖို့ သွေးဆောင်ခံခဲ့ရတဲ့အခါတွေ ရှိခဲ့တယ်၊ တစ်ခါကဆိုရင် မောရှေကိုသာမက ဘုရားသခင်ကိုတောင် ဆန့်ကျင်ပြောဆိုခဲ့တယ်။ (တော. ၂၁:၅) ဆိုးညစ်သူတွေဖြစ်တဲ့ ကောရ၊ ဒါသန်၊ အဘိရံနဲ့ အပေါင်းပါတွေ ဖျက်ဆီးခံရပြီးနောက်မှာ အစ္စရေးလူတွေက ဒီသူပုန်တွေ မတရားစီရင်ခံရတယ်လို့ တလွဲယူဆပြီး ညည်းညူမြည်တမ်းခဲ့ကြတယ်။ ရလဒ်အနေနဲ့ အစ္စရေးလူ ၁၄,၇၀၀ ဟာ ဘုရားသခင့်အမျက်တော်ကို ခံခဲ့ရတယ်။—တော. ၁၆:၄၁၊ ၄၉

၁၉ ဖော်ပြထားတဲ့ သွေးဆောင်မှုတွေထဲမှာ အစ္စရေးလူတွေ မတွန်းလှန်နိုင်တဲ့အရာ တစ်ခုမှမရှိဘူး။ လူတွေက ယုံကြည်ခြင်းအားနည်းလာပြီး ယေဟောဝါ၊ ကိုယ်တော့်မေတ္တာပါစောင့်ရှောက်မှုနဲ့ ကိုယ်တော့်နည်းလမ်းတွေရဲ့ ဖြောင့်မတ်မှန်ကန်မှုကို မေ့လျော့ကြတဲ့အတွက်ကြောင့် သွေးဆောင်မှုနောက် ပါသွားကြတယ်။ အစ္စရေးလူတွေရဲ့အဖြစ်မှာလိုပဲ ကျွန်ုပ်တို့ကြုံတွေ့ရတဲ့သွေးဆောင်မှုတွေဟာ လူတွေကြုံတွေ့ရတဲ့ သာမန်အရာတွေဖြစ်တယ်။ ကျွန်ုပ်တို့သွေးဆောင်မှုတွေကို ခုခံတွန်းလှန်ဖို့ ကြိုးစားအားထုတ်ပြီး ထောက်မမှုအတွက် ဘုရားသခင်ကိုမှီခိုအားထားမယ်ဆိုရင် ကျွန်ုပ်တို့ တည်ကြည်နိုင်ပါတယ်။ “ဘုရားသခင်သည် သစ္စာရှိ” တဲ့အတွက် “သွေးဆောင်ခြင်းကို [ကျွန်ုပ်တို့] ခံနိုင်သည်ထက်” ပိုပြီးခွင့်ပြုမှာမဟုတ်လို့ ကျွန်ုပ်တို့ သမာဓိတည်ကြည်နိုင်တယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ ဘုရားသခင့်အလိုတော်ကို လူသားတစ်ဦး မလုပ်ဆောင်နိုင်တဲ့ အခြေအနေရောက်တဲ့အထိ ကိုယ်တော် ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး။—ဆာ. ၉၄:၁၄

၂၀၊ ၂၁။ ကျွန်ုပ်တို့သွေးဆောင်ခံရတဲ့အခါ “လွတ်မြောက်ရာလမ်း” ကို ဘုရားသခင် ဘယ်လိုပြင်ဆင်ပေးသလဲ။

၂၀ ယေဟောဝါက သွေးဆောင်မှုတွေကို တွန်းလှန်နိုင်ဖို့ ခွန်အားပေးခြင်းအားဖြင့် “လွတ်မြောက်ရာလမ်း” ကို ပြင်ဆင်ပေးတယ်။ ဥပမာ၊ နှိပ်စက်ညှဉ်းပန်းသူတွေက ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကိုစွန့်လွှတ်ဖို့ ကာယရေးအရ နှိပ်စက်ညှဉ်းပန်းနိုင်တယ်။ အဲဒီလိုလုပ်ဆောင်ခြင်းက နောက်ထပ် အရိုက်မခံရအောင်၊ နှိပ်စက်မခံရအောင်၊ အသတ်မခံရအောင် အလျှော့ပေးလိုက်လျောဖို့ သွေးဆောင်မှုဖြစ်နိုင်တယ်။ ဒါပေမဲ့ ၁ ကောရိန္သု ၁၀:၁၃ မှာ စွမ်းအားတော်လှုံ့ဆော်မှုနဲ့ ပေါလုရေးသားခဲ့တဲ့ အာမခံချက်အရ သွေးဆောင်မှုဖြစ်စေတဲ့ အခြေအနေတွေက ယာယီသာဖြစ်တယ်ဆိုတာ ကျွန်ုပ်တို့ သိထားကြတယ်။ ကျွန်ုပ်တို့ ကိုယ်တော့်အပေါ် သစ္စာမရှိနိုင်တော့တဲ့ အခြေအနေရောက်တဲ့အထိ ယေဟောဝါ ခွင့်ပြုမှာမဟုတ်ဘူး။ ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေနိုင်ပြီး ကျွန်ုပ်တို့ သမာဓိစောင့်နိုင်ဖို့ လိုအပ်တဲ့ခွန်အားကို ပေးပါလိမ့်မယ်။

၂၁ ယေဟောဝါက သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ကျွန်ုပ်တို့ကို ထောက်မပေးပါလိမ့်မယ်။ စွမ်းအားတော်က သွေးဆောင်မှုတွေကို တွန်းလှန်နိုင်ဖို့ လိုအပ်တဲ့ကျမ်းချက်တွေကို ပြန်မှတ်မိစေနိုင်ပါတယ်။ (ယော. ၁၄:၂၆) ဒီလိုနည်းနဲ့ မှားယွင်းတဲ့လမ်းစဉ်နောက် ကျွန်ုပ်တို့မပါသွားဖို့ ကူညီပေးတယ်။ ဥပမာ၊ ယေဟောဝါရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနဲ့ လူသားတွေရဲ့သမာဓိစောင့်သိမှုက ဆက်စပ်နေတယ်ဆိုတာ ကျွန်ုပ်တို့သိထားကြတယ်။ အဲဒါကိုနားလည်ထားတဲ့အပြင် ဘုရားသခင်ကူညီပေးတဲ့အတွက် လူများစွာဟာ သေတဲ့အထိ ဘုရားသခင်ကို သစ္စာတည်ကြည်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ သေခြင်းက သူတို့အတွက် လွတ်မြောက်ရာလမ်း မဟုတ်ဘူး။ သွေးဆောင်မှုတွေကို အလျှော့မပေးဘဲ သေတဲ့အထိ ခံနိုင်ရည်တင်ပြဖို့ ယေဟောဝါ သူတို့ကိုခွန်အားပေးခဲ့တာဖြစ်တယ်။ ကျွန်ုပ်တို့ကိုလည်း အလားတူ ထောက်မပေးနိုင်တယ်။ “ကယ်တင်ခြင်းရမည့်သူတို့အတွက် အမှုထမ်းရန် စေလွှတ်ခံရသော” မိမိရဲ့သစ္စာရှိကောင်းကင်တမန်တွေကိုလည်း ကိုယ်တော် အသုံးပြုနိုင်တယ်။ (ဟေဗြဲ ၁:၁၄) သမာဓိတည်ကြည်တဲ့သူတွေသာ ဘုရားသခင့်အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထာဝရထောက်ခံသွားနိုင်တဲ့ ရွှင်လန်းဖွယ်အခွင့်အရေးကို မျှော်လင့်နိုင်တယ်ဆိုတဲ့အကြောင်းကို နောက်ဆောင်းပါးမှာ ဖော်ပြထားတယ်။ ကျွန်ုပ်တို့ဟာ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်အဖြစ် ယေဟောဝါကို မှီခိုအားထားခြင်းအားဖြင့် ထိုသူတို့အဝင်ဖြစ်နိုင်ပါတယ်။

သင် ဘယ်လိုဖြေဆိုမလဲ

• ယေဟောဝါကို ကျွန်ုပ်တို့ရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်အဖြစ် ဘာကြောင့် အသိအမှတ်ပြုသင့်သလဲ။

• ဘုရားသခင်အပေါ် သမာဓိဆက်စောင့်သိခြင်းဆိုတာ ဘာအဓိပ္ပာယ်လဲ။

• မကြာခင် ကိုယ်တော့်ရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ယေဟောဝါ သက်သေပြတော့မယ်ဆိုတာ ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။

၁ ကောရိန္သု ၁၀:၁၃ အရ သမာဓိကိုစောင့်ထိန်းနိုင်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၄ ပါရုပ်ပုံ]

အာဒံနဲ့ဧဝ ယေဟောဝါအပေါ် သစ္စာမဲ့သွားအောင် စာတန်သွေးဆောင်ခဲ့

[စာမျက်နှာ ၂၆ ပါရုပ်ပုံ]

ယေဟောဝါရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံဖို့ စိတ်ပိုင်းဖြတ်ထားပါ