မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမာဓိရှိတည်ကြည်စွာ လျှောက်လှမ်းကြစို့

သမာဓိရှိတည်ကြည်စွာ လျှောက်လှမ်းကြစို့

သမာဓိရှိတည်ကြည်စွာ လျှောက်လှမ်းကြစို့

‘ကျွန်ုပ်မူကား သမာဓိရှိစွာ လျှောက်လှမ်းပါမည်။’ —ဆာ. ၂၆:၁၁၊ ကဘ။

၁၊ ၂။ မိမိရဲ့သမာဓိရှိမှုနဲ့ပတ်သက်ပြီး ယောဘဘာပြောခဲ့သလဲ။ ယောဘ အခန်းကြီး ၃၁ က ယောဘနဲ့ပတ်သက်ပြီး ဘာဖော်ပြသလဲ။

ရှေးခေတ်တုန်းကလည်း အခုခေတ်လိုပဲ ပစ္စည်းတွေကို ချိန်ခွင်နဲ့ချိန်တွယ်ကြတယ်။ ချိန်မယ့်ပစ္စည်းကို ချိန်ခွက်တစ်ခွက်ထဲထည့်ပြီး နောက်ချိန်ခွက်တစ်ခွက်ထဲကို အလေးထည့်တယ်။ ဘုရားသခင့်လူမျိုးဟာ မှန်တဲ့ချိန်ခွင်နဲ့အလေးကို အသုံးပြုကြရတယ်။—သု. ၁၁:၁

ဘုရားသခင်ကိုကြောက်ရွံ့သူယောဘက စာတန်ရဲ့တိုက်ခိုက်မှုခံရချိန်မှာ ဒီလိုပြောခဲ့တယ်– “[ယေဟောဝါသည်] မှန်သောချိန်ခွင်၌ ငါ့ကိုချိန်ပါစေ။ ဘုရားသခင်သည် ငါဖြောင့်မတ်ခြင်း [သမာဓိရှိမှု] ကိုသိတော်မူပါစေ။” (ယောဘ ၃၁:၆) ဒါနဲ့ပတ်သက်ပြီး ယောဘက သမာဓိစောင့်ထိန်းသူတွေအတွက် စမ်းသပ်မှုဖြစ်နိုင်တဲ့ အခြေအနေတွေကို ဖော်ပြခဲ့တယ်။ ဒါပေမဲ့ ယောဘ အခန်းကြီး ၃၁ ပါစကားတွေအရ ယောဘက စမ်းသပ်မှုတွေကို အောင်မြင်ခဲ့တယ်။ သူ့ရဲ့ပုံသက်သေကောင်းက သူ့ကိုတုပဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပြီး ဆာလံဆရာ ဒါဝိဒ်ပြောခဲ့သလို ‘ကျွန်ုပ်မူကား သမာဓိရှိစွာ လျှောက်လှမ်းပါမည်’ လို့ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြောနိုင်စေပါတယ်။—ဆာ. ၂၆:၁၁ကဘ။

၃။ ကြီးလေးတဲ့ကိစ္စပဲဖြစ်ဖြစ်၊ သေးငယ်တဲ့ကိစ္စပဲဖြစ်ဖြစ် ဘုရားသခင်အပေါ် သစ္စာတည်ကြည်ဖို့ ဘာကြောင့်အရေးကြီးတာလဲ။

ယောဘ အပြင်းအထန်စမ်းသပ်ခံခဲ့ရပေမဲ့ ဘုရားသခင်အပေါ် ဆက်သစ္စာရှိခဲ့တယ်။ ယောဘဟာ ပြင်းထန်တဲ့စမ်းသပ်မှုတွေကြားက သမာဓိစောင့်ထိန်းနိုင်ခဲ့လို့ တချို့သူတွေက သူ့ကို အာဂပုဂ္ဂိုလ်လို့တောင် ခေါ်ကြတယ်။ ယောဘကြုံခဲ့ရတဲ့စမ်းသပ်မှုအတိုင်း ကျွန်ုပ်တို့ ကြုံတွေ့ရတာတော့မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့ သမာဓိရှိစွာလျှောက်လှမ်းဖို့နဲ့ ယေဟောဝါရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံကြောင်းတင်ပြဖို့ ကြီးလေးတဲ့ကိစ္စပဲဖြစ်ပါစေ၊ သေးငယ်တဲ့ကိစ္စပဲဖြစ်ပါစေ ဘုရားသခင်အပေါ် သစ္စာတည်ကြည်ဖို့လိုတယ်။—လုကာ ၁၆:၁၀ ကိုဖတ်ပါ။

ကိုယ်ကျင့်တရားစင်ကြယ်ဖို့ အရေးကြီး

၄၊ ၅။ သမာဓိရှိသူတစ်ဦးအနေနဲ့ ဘယ်လိုအပြုအမူတွေကို ယောဘ ရှောင်ခဲ့သလဲ။

ယေဟောဝါအပေါ် ကျွန်ုပ်တို့သမာဓိရှိဖို့ ယောဘလိုပဲ ကိုယ်တော်ရဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို စွဲကိုင်ကြရမယ်။ ယောဘ ဒီလိုပြောခဲ့တယ်– “ငါသည် အပျိုကိုမျှမကြည့်ရှုမည်အကြောင်း ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကိုပြုပြီ။ သူ့မယားကို ငါတပ်မက်မိသော်လည်းကောင်း၊ အိမ်နီးချင်းတံခါးနားမှာ ငါချောင်းမိသော်လည်းကောင်း ငါ့မယားသည် သူတစ်ပါးထံ၌ ကြိတ်ဆုံကြိတ်ရပါစေ။ သူတစ်ပါးသည် ငါ့မယားကိုရှုတ်ချပါစေ။”—ယောဘ ၃၁:၁၊ ၉၊ ၁၀

ယောဘက ဘုရားသခင်အပေါ် သမာဓိရှိဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အတွက် အမျိုးသမီးတစ်ယောက်ကို တပ်မက်တဲ့စိတ်ပေါ်လာတဲ့အထိ ကြည့်ခြင်းကို ရှောင်ခဲ့တယ်။ အိမ်ထောင်သည်တစ်ဦးဖြစ်တဲ့ ယောဘက တစ်ကိုယ်ရေအမျိုးသမီးတစ်ဦးနဲ့ ပရောပရည်မလုပ်ခဲ့သလို တခြားသူတစ်ဦးရဲ့ မိန်းမနဲ့ အချစ်ဇာတ်လမ်းဖန်တီးခြင်းလည်း မရှိခဲ့ဘူး။ တောင်ပေါ်တရားတော်မှာ ယေရှုက သမာဓိရှိသူတွေ စိတ်စွဲမှတ်ထားသင့်တဲ့ လိင်ဆိုင်ရာ ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ အချက်တစ်ချက်ကို ရှင်းလင်းပြတ်သားစွာ ဖော်ပြခဲ့တယ်။—မဿဲ ၅:၂၇၊ ၂၈ ကိုဖတ်ပါ။

မရိုးဖြောင့်တဲ့နည်းကို ဘယ်တော့မှမသုံးပါနဲ့

၆၊ ၇။ (က) ယောဘကိစ္စမှာလိုပဲ ကျွန်ုပ်တို့ရဲ့ သမာဓိရှိမှုကို ဘုရားသခင် ဘာနဲ့တိုင်းတာသလဲ။ (ခ) ကျွန်ုပ်တို့က ဘာကြောင့် မရိုးမဖြောင့် ဒါမှမဟုတ် မလိမ့်တပတ် မလုပ်သင့်သလဲ။

သမာဓိရှိသူအဖြစ် ကျွန်ုပ်တို့ သတ်မှတ်ခံလိုတယ်ဆိုရင် သဘောကောက်တဲ့ ဒါမှမဟုတ် မရိုးဖြောင့်တဲ့နည်းကို သုံးလို့မရဘူး။ (သု. ၃:၃၁-၃၃ ကိုဖတ်ပါ။) ယောဘဒီလိုပြောခဲ့တယ်– “မုသာလမ်းသို့ ငါလိုက်မိသော်လည်းကောင်း၊ လှည့်စားခြင်းငှာ ငါပြေးမိသော်လည်းကောင်း မှန်သောချိန်ခွင်၌ [ယေဟောဝါ] ငါ့ကိုချိန်ပါစေ။ ဘုရားသခင်သည် ငါဖြောင့်မတ်ခြင်း [သမာဓိရှိမှု] ကို သိတော်မူပါစေ။” (ယောဘ ၃၁:၅၊ ၆) ယေဟောဝါက လူသားအားလုံးကို “မှန်သောချိန်ခွင်” နဲ့ ချိန်တယ်။ ယောဘကိစ္စမှာလိုပဲ ဘုရားသခင်က ကျွန်ုပ်တို့ သမာဓိရှိသူဟုတ်မဟုတ် ဆုံးဖြတ်ဖို့ ကိုယ်တော်ရဲ့ တိကျမှန်ကန်တဲ့ တရားမျှတမှုစံနှုန်းနဲ့ ချိန်တော်မူတယ်။

မရိုးမဖြောင့် ဒါမှမဟုတ် မလိမ့်တပတ်လုပ်တယ်ဆိုရင် ဘုရားသခင်အပေါ် ကျွန်ုပ်တို့ သမာဓိရှိနိုင်မှာမဟုတ်ဘူး။ သမာဓိရှိသူတွေက “ရှက်ကြောက်ရမည့် လျှို့ဝှက်ထားရာများကို စွန့်ပယ်ကြ” ပြီး “စဉ်းလဲသောပရိယာယ်ကို မကျင့်သုံး” ကြဘူး။ (၂ ကော. ၄:၁၊ ၂) ကျွန်ုပ်တို့ရဲ့ မရိုးဖြောင့်တဲ့ အပြောအဆိုနဲ့ အပြုအမူကြောင့် ယုံကြည်သူချင်းတစ်ဦး ဘုရားသခင်ထံ အသနားခံတောင်းလျှောက်ရတယ်ဆိုရင်ကော။ အဲဒါက ကျွန်ုပ်တို့အတွက် မကောင်းပါဘူး။ ဆာလံဆရာ ဒီလိုသီဆိုခဲ့တယ်– ‘အကျွန်ုပ်သည် ဆင်းရဲခံရသောအခါ ယေဟောဝါကိုအော်ဟစ်၍ ယေဟောဝါသည် နားထောင်တော်မူ၏။ အိုယေဟောဝါ အကျွန်ုပ်အသက်ကို သစ္စာမရှိသောနှုတ်မှလည်းကောင်း၊ လှည့်စားတတ်သောလျှာမှလည်းကောင်း ကယ်နုတ်တော်မူပါ။’ (ဆာ. ၁၂၀:၁၊ ၂) ယေဟောဝါက ကျွန်ုပ်တို့ သမာဓိရှိသူဟုတ်မဟုတ် ဆုံးဖြတ်ဖို့ ကျွန်ုပ်တို့ရဲ့ အတွင်းအကျဆုံးစိတ်ရင်းဖြစ်တဲ့ “နှလုံးနှင့်ကျောက်ကပ်ကို” စစ်ဆေးနိုင်တယ်ဆိုတာ သတိရဖို့ကောင်းပါတယ်။—ဆာ. ၇:၈၊ ၉

တခြားသူတွေနဲ့ ဆက်ဆံရာမှာ စံနမူနာကောင်းပြပါ

၈။ တခြားသူတွေကို ယောဘဘယ်လို ဆက်ဆံခဲ့သလဲ။

ကျွန်ုပ်တို့ သမာဓိရှိဖို့ တရားမျှတမှု၊ နှိမ့်ချမှုနဲ့ တခြားသူတွေကို ထောက်ထားစာနာမှုပြတဲ့ ယောဘနဲ့ တူဖို့လိုတယ်။ သူဒီလိုပြောခဲ့တယ်– ‘ငါ့ကျွန်နှင့် ငါ့ကျွန်မသည် ငါနှင့်တရားတွေ့စရာအမှုရှိသောအခါ ငါနားမထောင်ဘဲနေမိလျှင် ဘုရားသခင်ထတော်မူသောအခါ အဘယ်သို့ ငါပြုရမည်နည်း။ စစ်ကြောတော်မူသောအခါ အဘယ်သို့ပြန်လျှောက်ရမည်နည်း။ ငါ့ကိုဖန်ဆင်းတော်မူသောဘုရားသခင်သည် သူ့ကိုလည်းဖန်ဆင်းတော်မူသည်မဟုတ်လော။ တစ်ပါးတည်းသောဘုရားသခင်သည် ငါတို့နှစ်ယောက်ကို အမိဝမ်းထဲ၌ ဖန်ဆင်းတော်မူသည်မဟုတ်လော။’—ယောဘ ၃၁:၁၃-၁၅

၉။ မိမိရဲ့ကျွန်တွေနဲ့ဆက်ဆံတဲ့အခါ ယောဘ ဘယ်အရည်အသွေးတွေကို တင်ပြခဲ့သလဲ၊ ဒါနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ဘယ်လိုလုပ်ဆောင်သင့်သလဲ။

ယောဘခေတ်တုန်းက ရှုပ်ထွေးတဲ့တရားရေး လုပ်ထုံးလုပ်နည်းတွေ ရှိပုံမရဘူး။ တရားရေးကိစ္စတွေကို စနစ်တကျလုပ်ဆောင်ခဲ့ပြီး ကျွန်တွေရဲ့အမှုတွေကိုတောင် တရားရုံးက ကိုင်တွယ်ပေးတယ်။ ယောဘဟာ သူ့ကျွန်တွေကို မျှမျှတတ၊ ကြင်ကြင်နာနာ ဆက်ဆံခဲ့တယ်။ ကျွန်ုပ်တို့လည်း သမာဓိရှိလိုတယ်ဆိုရင် အဲဒီအရည်အသွေးတွေကို တင်ပြရမယ်၊ အထူးသဖြင့် ခရစ်ယာန်အသင်းတော်မှာ အမှုဆောင်နေတဲ့ အကြီးအကဲတွေဖြစ်တယ်။

ရက်ရောပါ၊ တပ်မက်စိတ်မရှိပါနဲ့

၁၀၊ ၁၁။ (က) ယောဘဟာ ရက်ရောပြီး ကူညီတတ်သူဖြစ်ကြောင်း ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။ (ခ) ယောဘ ၃၁:၁၆-၂၅ က တခြားဘယ်ကျမ်းချက်တွေကို သတိရစေသလဲ။

၁၀ ယောဘဟာ ရက်ရောပြီး ကူညီတတ်သူဖြစ်တယ်၊ တစ်ကိုယ်ကောင်းဆန်သူ၊ တပ်မက်စိတ်ရှိသူမဟုတ်ဘူး။ သူ ဒီလိုပြောခဲ့တယ်– “မုဆိုးမမျက်စိကို ပျက်စေခြင်းငှာ ပြုဖူးသလော။ မိဘမရှိသောသူတို့အား စားစရာကိုမမျှဘဲ ငါတစ်ယောက်တည်း စားဖူးသလော။ . . . အဝတ်မရှိသောကြောင့် သေခြင်းသို့ရောက်[လု]သောသူ တစ်စုံတစ်ယောက်ကို . . . ငါ့သိုးမွေးအားဖြင့် မနွေးဘဲနေသော်လည်းကောင်း၊ ရုံးတော်တွင် ငါ့ဘက်၌နေသောမင်းကို ငါသည်မြင်၍ မိဘမရှိသောသူကို ညှဉ်းဆဲမိသော်လည်းကောင်း ငါ့လက်မောင်းသည် ပခုံးကကျပါစေ။ ငါ့လက်ရိုးကျိုးပါစေ။” ဒါ့အပြင် ယောဘက ရွှေကို “သင်သည် ငါ့ခိုလှုံရာဖြစ်” တယ်လို့ပြောတယ်ဆိုရင် သူဟာ သမာဓိရှိသူတစ်ဦး ဖြစ်မှာမဟုတ်တော့ဘူး။—ယောဘ ၃၁:၁၆-၂၅

၁၁ ဒီကဗျာဆန်ဆန် အသုံးအနှုန်းတွေက တပည့်ဖြစ်သူယာကုပ်ရဲ့စကားတွေကို အမှတ်ရစေတယ်– “ငါတို့အဖ ဘုရားသခင်၏ရှေ့တော်၌ သန့်ရှင်း၍ အညစ်အကြေးကင်းစင်သော ဝတ်ပြုမှုဟူမူကား မိဘမဲ့ကလေးများနှင့် မုဆိုးမများ ဒုက္ခရောက်ချိန်တွင် ကြည့်ရှုစောင့်ရှောက်ခြင်း၊ မိမိကိုယ်ကို လောကအညစ်အကြေးနှင့် ကင်းစင်စေခြင်းဖြစ်၏။” (ယာ. ၁:၂၇) ယေရှုရဲ့ဒီသတိပေးချက်ကိုလည်း အမှတ်ရစေပါတယ်– “သင်တို့သည် ခပ်သိမ်းသောတပ်မက်မှုကို သတိထားလျက် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား လူတစ်ဦးသည် စည်းစိမ်ကြွယ်ဝသော်လည်း သူ၏စည်းစိမ်၌ အသက်မတည်။” အဲဒီနောက် “ဘုရားသခင့်ရှေ့တော်တွင် မကြွယ်ဝ” သူတစ်ဦးအဖြစ် သေဆုံးသွားတဲ့ တပ်မက်စိတ်ရှိတဲ့ သူဌေးတစ်ဦးရဲ့ ပုံဥပမာကို ယေရှု ပြောပြခဲ့တယ်။ (လု. ၁၂:၁၅-၂၁) သမာဓိရှိသူတွေဖြစ်ဖို့ ကျွန်ုပ်တို့ဟာ တပ်မက်စိတ်နောက် ဒါမှမဟုတ် လောဘနောက် မလိုက်ရဘူး။ လောဘကြီးသူတစ်ဦး ငမ်းငမ်းတက်လိုချင်နေတဲ့အရာက သူ့ကို ဘုရားသခင်ထံကနေ အာရုံလွဲသွားစေနိုင်တဲ့အတွက် တပ်မက်ခြင်းက အရုပ်ကိုးကွယ်ခြင်းဖြစ်တယ်။ (ကော. ၃:၅) သမာဓိရှိခြင်းနဲ့ လောဘကြီးခြင်းက ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်တယ်။

စစ်မှန်တဲ့ဝတ်ပြုရေးမှာ စွဲမြဲပါ

၁၂၊ ၁၃။ အရုပ်ကိုးကွယ်ခြင်းနဲ့ပတ်သက်ပြီး ယောဘ ဘယ်ပုံသက်သေပြခဲ့သလဲ။

၁၂ သမာဓိကို စောင့်ထိန်းသူတွေဟာ စင်ကြယ်တဲ့ဝတ်ပြုရေးကနေ လမ်းမလွဲသွားဘူး။ ယောဘရဲ့ ဒီပြောဆိုချက်အရ သူလည်း လမ်းမလွဲခဲ့ဘူး– “ရောင်ခြည်ထွက်သောနေ၊ ထွန်းလင်းလျက်သွားသောလကို ငါကြည့်ရှုသောအခါ ငါ့စိတ်နှလုံးသည် တိတ်ဆိတ်စွာနူးညွတ်၍ ငါ့လက်ကို ငါနမ်းမိသော်လည်းကောင်း ရာဇဝတ်ခံထိုက်သောအပြစ်ရှိ၏။ အထက်အရပ်၌ရှိတော်မူသောဘုရားသခင်ကို ငြင်းပယ်ရာရောက်၏။”—ယောဘ ၃၁:၂၆-၂၈

၁၃ ယောဘက သက်မဲ့အရာတွေကို ဝတ်မပြုခဲ့ဘူး။ အကယ်၍ သူက လလို ကောင်းကင်တန်ဆာတွေကိုကြည့်ပြီး သူ့စိတ်နှလုံးက တိတ်ဆိတ်စွာနူးညွတ်လာပြီး သူ့ ‘လက်ကိုနမ်း’ ခြင်းဖြစ်တဲ့ ကြည်ညိုလေးမြတ်တဲ့ အမူအရာပြမိတယ်ဆိုရင် ဒါက ဘုရားသခင်ကိုစွန့်ပယ်တဲ့ အရုပ်ကိုးကွယ်သူတစ်ဦး ဖြစ်သွားစေလိမ့်မယ်။ (တရား. ၄:၁၅၊ ၁၉) ဘုရားသခင်အပေါ် သမာဓိဆက်ရှိနိုင်ဖို့ ၁ ယောဟန် ၅:၂၁ (ဖတ်ပါ။) မှာပါတဲ့အချက်ကို ကျွန်ုပ်တို့ လိုက်နာဖို့လိုတယ်။

အငြိုးထားခြင်း သို့မဟုတ် အယောင်ဆောင်ခြင်းကိုရှောင်ပါ

၁၄။ ယောဘဟာ သူတစ်ပါးကို ဒုက္ခရောက်စေလိုတဲ့သူမဟုတ်ဘူးဆိုတာ ဘာကြောင့် ပြောနိုင်သလဲ။

၁၄ ယောဘဟာ သူတစ်ပါးကို ဒုက္ခရောက်စေလိုတဲ့သူမဟုတ်သလို ရက်စက်ခက်ထန်သူလည်း မဟုတ်ဘူး။ ဒီလိုသဘောထားရှိသူက သမာဓိကို စောင့်ထိန်းသူမဟုတ်ဘူးဆိုတာ သူသိထားတဲ့အတွက် ဒီလိုပြောခဲ့တယ်– “ငါ့ကိုမုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော။ သူ၌ဘေးရောက်သောအခါ ငါဝါကြွားသလော။ ငါသည် သူ့အသက်ကိုကျိန်ဆဲ၍ ကိုယ်နှုတ်၌အပြစ်ရောက်စေခြင်းငှာ အခွင့်မပေး။”—ယောဘ ၃၁:၂၉၊ ၃၀

၁၅။ ကျွန်ုပ်တို့ကိုမုန်းနေတဲ့သူတစ်ယောက် ဒုက္ခရောက်တဲ့အခါ ဝမ်းသာတာက ဘာကြောင့် မှားသလဲ။

၁၅ ဖြောင့်မတ်သူယောဘဟာ သူ့ကိုမုန်းတဲ့သူတစ်ဦး ဒုက္ခရောက်တာကို ဘယ်တော့မှ ဝမ်းမသာခဲ့ဘူး။ နောက်ပိုင်းမှာ ပညာရှိစကားတစ်ခွန်းက ဒီလိုသတိပေးခဲ့တယ်– ‘သင်၏ရန်သူလဲသောအခါ ဝမ်းမမြောက်နှင့်။ ခြေထိခိုက်သောအခါ ရွှင်လန်းသောစိတ်မရှိနှင့်။ ရှိလျှင် ယေဟောဝါသိမြင်သဖြင့် မနှစ်သက်ဘဲ သူမှအမျက်တော်ကို လွှဲတော်မူမည်။’ (သု. ၂၄:၁၇၊ ၁၈) ယေဟောဝါက စိတ်နှလုံးကို သိမြင်နိုင်တဲ့အတွက် သူတစ်ပါးဒုက္ခရောက်တာကို ကျွန်ုပ်တို့ ကြိတ်ဝမ်းသာနေတာကို ကိုယ်တော်သိတော်မူပြီး ဒီလိုသဘောထားကို နှစ်သက်မှာမဟုတ်ဘူးဆိုတာ သေချာတယ်။ (သု. ၁၇:၅) “အပြစ်တရားကိုစီရင်ရသောအခွင့်၊ အပြစ်နှင့်အလျောက် ဆပ်ပေးရသောအခွင့်ကို ငါပိုင်၏” လို့ပြောခဲ့တဲ့အတွက် ဘုရားသခင်က ကျွန်ုပ်တို့ရဲ့လုပ်ရပ်နဲ့အညီ စီရင်မှာဖြစ်တယ်။—တရား. ၃၂:၃၅

၁၆။ ကျွန်ုပ်တို့ဟာ မချမ်းသာပေမဲ့ ဘယ်လိုနည်းနဲ့ ဧည့်ဝတ်ကျေပွန်နိုင်သလဲ။

၁၆ ယောဘဟာ ဧည့်ဝတ်ကျေပွန်တဲ့သူဖြစ်တယ်။ (ယောဘ ၃၁:၃၁၊ ၃၂) ကျွန်ုပ်တို့ဟာ မချမ်းသာပေမဲ့ “ဧည့်သည်ဝတ်ကို ပြုမြဲပြု” နိုင်ကြပါတယ်။ (ရော. ၁၂:၁၃) “ဆူအောင်ကျွေးသော နွားတစ်ကောင်လုံးကို အချင်းချင်း အငြိုးထားသောစိတ်နှင့်စားရသည်ထက် ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တစ်နပ်စာသည် သာ၍ကောင်း” တယ်ဆိုတာကို ကျွန်ုပ်တို့ သတိရပြီး တခြားသူတွေနဲ့ ရိုးရှင်းတဲ့အစားအစာတွေ ဝေမျှစားသောက်နိုင်ပါတယ်။ (သု. ၁၅:၁၇) ရိုးရှင်းတဲ့အစားအစာတစ်နပ်ကို ညီအစ်ကိုညီအစ်မတွေနဲ့အတူ ရင်းနှီးချစ်ခင်စွာစားသောက်ခြင်းက ပျော်စရာကောင်းပြီး တည်ဆောက်စရာဖြစ်စေပါတယ်။

၁၇။ ကြီးလေးတဲ့အပြစ်တွေကို ကျွန်ုပ်တို့ဘာကြောင့် ဖုံးကွယ်မထားသင့်သလဲ။

၁၇ ယောဘဟာ အယောင်ဆောင်သူတစ်ဦး မဟုတ်တဲ့အတွက် သူ့ရဲ့ဧည့်ဝတ်ပြုမှုကို ခံခဲ့ရသူတစ်ဦးဟာ တည်ဆောက်မှုရခဲ့မှာဖြစ်တယ်။ ပထမရာစုအသင်းတော်အတွင်း လျှိုဝင်လာကြပြီး “ကိုယ်ကျိုးအတွက် သူတစ်ပါးကို မြှောက်ပင့်တတ်” တဲ့ ဘုရားသခင်ကိုမကြောက်တဲ့သူတွေနဲ့ ယောဘ မတူဘူး။ (ယု. ၃၊ ၄၊ ၁၆) ယောဘဟာ တခြားသူတွေသိရင် အရှက်ကွဲမှာစိုးရိမ်ပြီး အပြစ်တွေကို ဖုံးကွယ်ထားသူ ဒါမှမဟုတ် ‘ရင်ထဲမှာ အပြစ်ကိုဝှက်ထားသူ’ မဟုတ်ဘူး။ သူဟာ ဘုရားသခင်ရဲ့စစ်ဆေးမှုကို လိုလိုလားလားခံယူလိုသူဖြစ်ပြီး အပြစ်ဝန်ခံစရာရှိရင် ဝန်ခံမယ့်သူဖြစ်တယ်။ (ယောဘ ၃၁:၃၃-၃၇) ကျွန်ုပ်တို့က ကြီးလေးတဲ့အပြစ်တွေကို ကျူးလွန်ထားတယ်ဆိုရင် နာမည်ပျက်မှာစိုးရိမ်ပြီး ဒီအပြစ်တွေကို ဖုံးကွယ်ဖို့ မကြိုးစားသင့်ဘူး။ သမာဓိရှိဖို့ကြိုးစားနေကြောင်း ကျွန်ုပ်တို့ ဘယ်လိုပြသနိုင်သလဲ။ အပြစ်တွေကို ဝန်ခံခြင်း၊ နောင်တယူခြင်း၊ အကြီးအကဲတွေထံ အကူအညီတောင်းခံခြင်းနဲ့ ပေးဆပ်စရာတွေကို အတတ်နိုင်ဆုံး ပြန်လည်ပေးဆပ်ခြင်းအားဖြင့် ဖြစ်တယ်။—သု. ၂၈:၁၃; ယာ. ၅:၁၃-၁၅

သမာဓိကိုစောင့်ထိန်းသူ စမ်းသပ်ခံလို

၁၈၊ ၁၉။ (က) ယောဘ ဘယ်သူ့ကိုမှ ခေါင်းပုံမဖြတ်ခဲ့ဘူးလို့ ဘာကြောင့်ပြောနိုင်သလဲ။ (ခ) ယောဘသာမှားနေတယ်ဆိုရင် သူ ဘာလုပ်ဖို့အလိုရှိခဲ့သလဲ။

၁၈ ယောဘက ရိုးဖြောင့်ပြီး သမာသမတ်ရှိသူဖြစ်တယ်။ ဒါကြောင့် သူဒီလိုပြောနိုင်ခဲ့တယ်– “ငါ့မြေသည် ငါ့တစ်ဖက်၌အော်ဟစ်၍ ထယ်ကြောင်းများလည်းငိုလျက် မြည်တမ်းခဲ့လျှင်လည်းကောင်း၊ စရိတ်မကုန်ဘဲ မြေအသီးအနှံကို ငါစား၍ မြေ့ရှင်တို့ကို သတ်ဖြတ်ခဲ့လျှင်လည်းကောင်း ဂျုံပင်အစား ဆူးပင်၊ မုယောပင်အစား ပေါင်းပင်ပေါက်ပါစေ။” (ယောဘ ၃၁:၃၈-၄၀သမ္မာ) ယောဘ ဘယ်တုန်းကမှ သူတစ်ပါးရဲ့မြေကို မတရားမသိမ်းယူခဲ့သလို အလုပ်သမားတွေအပေါ်လည်း ခေါင်းပုံဖြတ်အမြတ်မထုတ်ခဲ့ဘူး။ ကျွန်ုပ်တို့လည်း သူ့လိုပဲ ကြီးတဲ့ကိစ္စမှာပဲဖြစ်စေ၊ ငယ်တဲ့ကိစ္စမှာပဲဖြစ်စေ ယေဟောဝါအပေါ် သမာဓိကို ဆက်စောင့်ထိန်းဖို့လိုတယ်။

၁၉ လူငယ်ဧလိဟုအပါအဝင် သူ့ရဲ့အဖော်သုံးဦးရှေ့မှာ ယောဘက သူအသက်ရှင်နေထိုင်ခဲ့ပုံအကြောင်း ပြောခဲ့တယ်။ သူ “လက်မှတ်” ထိုးထားတဲ့ သူ့ဘဝမှတ်တမ်းက အမှန်မဟုတ်ဘူးလို့ ထောက်ပြနိုင်တဲ့ ဘယ်သူ့ကိုမဆို သူဖိတ်ခေါ်ခဲ့တယ်။ သူမှားနေတယ်လို့ စစ်ဆေးတွေ့ရှိခဲ့မယ်ဆိုရင် သူ့ရဲ့အပြစ်ကို ကျေကျေနပ်နပ်ခံယူမှာဖြစ်တယ်။ ဒါကြောင့် သူက သူ့ရဲ့အမှုကို ဘုရားသခင့်တရားရုံးကိုတင်ပြီး စီရင်ချက်ကို စောင့်ဆိုင်းခဲ့တယ်။ ဒီမှာပဲ “ယောဘမြွက်ဆိုသောစကား” ပြီးဆုံးသွားတယ်။—ယောဘ ၃၁:၃၅၊ ၄၀

သင်သမာဓိကို စောင့်ထိန်းနိုင်

၂၀၊ ၂၁။ (က) ယောဘ ဘာကြောင့် သမာဓိကို စောင့်ထိန်းနိုင်ခဲ့သလဲ။ (ခ) ကျွန်ုပ်တို့လည်း ဘုရားသခင်ကိုချစ်တဲ့မေတ္တာကို ဘယ်လိုပြုစုပျိုးထောင်နိုင်သလဲ။

၂၀ ယောဘက ဘုရားသခင်ကိုချစ်တယ်၊ ယေဟောဝါကလည်း သူ့ကိုချစ်ပြီး အကူအညီပေးခဲ့တဲ့အတွက် သမာဓိကို စောင့်ထိန်းနိုင်ခဲ့တယ်။ ယောဘ ဒီလိုပြောခဲ့တယ်– ‘အသက်ရှင်ရသောအကြောင်းနှင့်တကွ ကျေးဇူးများကိုပြုတော်မူပြီ။ ကြည့်ရှုပြုစုခြင်းကျေးဇူးတော်သည်လည်း အကျွန်ုပ်ကို မစပါပြီ။’ (ယောဘ ၁၀:၁၂) ဒါ့အပြင် လူသားချင်းကို မေတ္တာမရှိရင် ဘုရားသခင်ကိုလည်း ကြောက်ရွံ့ရိုသေမှာမဟုတ်ဘူးဆိုတာ ယောဘသိတဲ့အတွက် လူသားချင်းကို သူမေတ္တာပြခဲ့တယ်။ (ယောဘ ၆:၁၄) သမာဓိကို စောင့်ထိန်းသူတွေဟာ ဘုရားသခင်နဲ့ လူသားချင်းကိုချစ်တယ်။—မ. ၂၂:၃၇-၄၀

၂၁ သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်း၊ အဲဒီမှာပါတဲ့ ကိုယ်တော့်အကြောင်းတွေကို စဉ်းစားတွေးတောခြင်းအားဖြင့် ဘုရားသခင်ကိုချစ်တဲ့မေတ္တာကို ပြုစုပျိုးထောင်နိုင်ပါတယ်။ လှိုက်လှဲတဲ့ဆုတောင်းချက်တွေနဲ့ ယေဟောဝါကိုချီးမွမ်းပြီး ကိုယ်တော့်ကောင်းမြတ်မှုတွေအတွက် ကျေးဇူးတင်နိုင်ကြပါတယ်။ (ဖိ. ၄:၆၊ ၇) ယေဟောဝါကိုချီးမွမ်းတဲ့သီချင်းတွေ သီဆိုနိုင်ပြီး ကိုယ်တော့်လူမျိုးတွေနဲ့ မှန်မှန်စုဝေးခြင်းအားဖြင့် ကျွန်ုပ်တို့ အကျိုးရရှိနိုင်ကြပါတယ်။ (ဟေဗြဲ ၁၀:၂၃-၂၅) ဒါ့အပြင် ခရစ်ယာန်ဓမ္မအမှုမှာပါဝင်ခြင်း၊ “ကယ်တင်တော်မူခြင်းတရား” ကိုကြေညာခြင်းမှာ ပါဝင်တာနဲ့အမျှ ဘုရားသခင်ကိုချစ်တဲ့ ကျွန်ုပ်တို့ရဲ့မေတ္တာ တိုးပွားလာမှာဖြစ်တယ်။ (ဆာ. ၉၆:၁-၃) အဲဒီလိုနည်းအားဖြင့် ဒီလိုသီဆိုခဲ့တဲ့ ဆာလံဆရာလို ကျွန်ုပ်တို့ရဲ့သမာဓိကို ဆက်ထိန်းသိမ်းနိုင်မှာဖြစ်တယ်– ‘အကျွန်ုပ်မူကား ဘုရားသခင့်ထံတော်သို့ချဉ်းကပ်၍ အကျိုးရှိပါ၏။ အမှုတော်ရှိသမျှတို့ကို ကြားပြောခြင်းအလို့ငှာ အရှင်ယေဟောဝါ၌ ခိုလှုံလျက်နေပါ၏။’—ဆာ. ၇၃:၂၈

၂၂၊ ၂၃။ ယေဟောဝါရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံသူတွေအနေနဲ့ ကျွန်ုပ်တို့ရဲ့လုပ်ဆောင်မှုတွေနဲ့ အစောပိုင်းသမာဓိရှိခဲ့ကြသူတွေရဲ့ လုပ်ဆောင်မှုတွေမှာ ဘာဆင်တူချက်တွေ ရှိသလဲ။

၂၂ ရာစုနှစ်တွေတစ်လျှောက် ယေဟောဝါက သမာဓိစောင့်ထိန်းသူတွေကို တာဝန်အမျိုးမျိုးပေးခဲ့တယ်။ နောဧက သင်္ဘောဆောက်ပြီး “ဖြောင့်မတ်ခြင်းတရားဟောပြောသူ” ဖြစ်ခဲ့တယ်။ (၂ ပေ. ၂:၅) ယောရှုက အစ္စရေးလူမျိုးတွေကို ကတိထားရာပြည်ထဲဦးဆောင်ခေါ်သွားခဲ့တယ်။ ဒါပေမဲ့ သူအောင်မြင်နိုင်ခဲ့တာက ‘ပညတ္တိကျမ်းစာ၌ရေးထားသမျှကို နေ့ညမပြတ်ကြည့်ရှုဖတ်ရွတ်’ ပြီး အဲဒီအတိုင်းလုပ်ဆောင်ခဲ့လို့ ဖြစ်တယ်။ (ယောရှု ၁:၇၊ ၈) ပထမရာစုခရစ်ယာန်တွေက တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာပါဝင်ခဲ့ပြီး ကျမ်းစာလေ့လာဖို့ ပုံမှန်စည်းဝေးခဲ့ကြတယ်။—မ. ၂၈:၁၉၊ ၂၀

၂၃ ကျွန်ုပ်တို့လည်း ဖြောင့်မတ်ခြင်းတရားကို ဟောပြောခြင်း၊ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာပါဝင်ခြင်း၊ ကျမ်းစာသွန်သင်ချက်တွေကို လက်တွေ့ကျင့်သုံးခြင်းနဲ့ အစည်းအဝေးတွေ၊ စည်းဝေးပွဲတွေ၊ စည်းဝေးကြီးတွေမှာ ယုံကြည်သူချင်းတွေနဲ့အတူ စုဝေးခြင်းအားဖြင့် ယေဟောဝါရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံပြီး ကျွန်ုပ်တို့ရဲ့သမာဓိရှိမှုကို ပြကြတယ်။ ဒီလုပ်ဆောင်မှုတွေက ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ခိုင်မြဲစေပြီး ဘုရားသခင့်လုပ်ငန်းတော်မှာ အောင်မြင်စွာလုပ်ဆောင်နိုင်စေတယ်။ ဘုရားသခင့်အလိုတော်ဆောင်ခြင်း၊ သမာဓိရှိခြင်းတို့က ကျွန်ုပ်တို့အတွက် အရမ်းမခက်ခဲပါဘူး၊ အကြောင်းကတော့ ကောင်းကင်ခမည်းတော်နဲ့ ကိုယ်တော့်သားတော်က ကျွန်ုပ်တို့ကို ကူညီပေးနေလို့ ဖြစ်တယ်။ (တရား. ၃၀:၁၁-၁၄; ၃ ရာ. ၈:၅၇) ဒါ့အပြင် ယေဟောဝါကို မိမိတို့ရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်အဖြစ် ဂုဏ်တင်ပြီး သမာဓိရှိနေကြတဲ့ “ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံး” ရဲ့ကျောထောက်နောက်ခံမှု ကျွန်ုပ်တို့ ရရှိထားကြတယ်။—၁ ပေ. ၂:၁၇

သင် ဘယ်လိုဖြေဆိုမလဲ

• ယေဟောဝါရဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို ကျွန်ုပ်တို့ ဘယ်လိုရှုမြင်သင့်သလဲ။

• ယောဘရဲ့ ဘယ်အရည်အသွေးတွေကို သင် အထူးနှစ်သက်သလဲ။

ယောဘ ၃၁:၂၉-၃၇ အရ သမာဓိရှိကြောင်း ယောဘ ဘယ်လိုပြသခဲ့သလဲ။

• ကျွန်ုပ်တို့ ဘာကြောင့် ဘုရားသခင်အပေါ် သမာဓိရှိနိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၉ ပါပုံစာ]

ယောဘက ယေဟောဝါအပေါ် သမာဓိစောင့်ထိန်းနိုင်ခဲ့။ ကျွန်ုပ်တို့လည်း သမာဓိစောင့်ထိန်းနိုင်

[စာမျက်နှာ ၃၂ ပါပုံစာ]

ကျွန်ုပ်တို့ သမာဓိစောင့်ထိန်းနိုင်