မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နာမ်ဝိညာဉ်ဘုံကလာတဲ့ အဆင်းအာရုံများ

နာမ်ဝိညာဉ်ဘုံကလာတဲ့ အဆင်းအာရုံများ

နာမ်ဝိညာဉ်ဘုံကလာတဲ့ အဆင်းအာရုံများ

မိုးကောင်းကင်ကို သင် ဘယ်လောက်ပဲ ကြာကြာ စိုက်ကြည့်နေပါစေ နာမ်ဝိညာဉ်သတ္တဝါ တစ်ဦးတလေကိုမှ တွေ့ရမှာမဟုတ်ပါဘူး။ အသံကို နားထောင်ကြည့်ရင်လည်း ဘာသံမှကြားရမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ တကယ်ရှိနေတယ်ဆိုတာ သေချာတယ်။ အသိဉာဏ်မြင့်မားပြီး အစွမ်းတန်ခိုးရှိတဲ့သူတို့မှာ နာမည်အသီးသီးရှိပြီး ပင်ကိုစရိုက်အမျိုးမျိုး ရှိကြတယ်။ တချို့က လူတွေရဲ့အကျိုးကို လိုလားပြီး တချို့ကျတော့ အန္တရာယ်ပေးချင်ကြတယ်။ ဒါပေမဲ့ သူတို့အားလုံး လူတွေကို စိတ်ဝင်စားကြတယ်။

စစ်မှန်တဲ့ဘုရားသခင်  ကိုယ်တော်တိုင်လည်း နာမ်ဝိညာဉ် မျက်စိဖြင့်မမြင်နိုင်တဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ (ယောဟန် ၄:၂၄) ကိုယ်တော်မှာ တခြားနတ်ဘုရားတွေနဲ့မတူတဲ့  ထူးခြားတဲ့နာမည်ရှိတယ်။ ကိုယ်တော်ရဲ့  အမည်ကို ယေဟောဝါလို့ ခေါ်တယ်။ (ယေရမိ ၃၃:၂)  ဆာလံဆရာက  ဒီလိုရေးသားခဲ့တယ်–  ‘ထာဝရဘုရားသခင် [“ယေဟောဝါ၊” ကဘ] သည်ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ် ဖြစ်တော်မူ၏။ ဘုရားသခင်တို့ထက် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။ တစ်ပါးအမျိုးသားတို့၏ ဘုရားသခင်ရှိသမျှတို့သည် အချည်းနှီးသက်သက်ဖြစ်ကြ၏။ ထာဝရဘုရားသခင်မူကား မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။ တန်ခိုးတော်သည် ရှေ့တော်၌ရှိ၏။ အစွမ်းသတ္တိနှင့် ဂုဏ်အသရေလည်း သန့်ရှင်းရာ ဌာနတော်၌ရှိ၏။’—ဆာလံ ၉၆:၄-၆

စစ်မှန်တဲ့ ဘုရားသခင်ဆီကလာတဲ့ အဆင်းအာရုံများ

“ဘုရားသခင်ကို  မည်သူမျှ မမြင်ဖူး” လို့ကျမ်းစာက ဆိုတယ်။ (ယောဟန် ၁:၁၈) ကျွန်ုပ်တို့ဟာ မွေးရာပါ အရောင်ကန်းတဲ့သူလိုပဲ ကိုယ်တော်ရဲ့  ပုံပန်းသဏ္ဌာန်နဲ့  ခမ်းနားထည်ဝါမှုကို မြင်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဆရာကောင်းတစ်ယောက်က ခက်ခဲရှုပ်ထွေးတဲ့ အကြောင်းအရာကို  ကျောင်းသားတွေ  နားလည်နိုင်တဲ့  အသုံးအနှုန်းနဲ့ ရှင်းပြသလိုပဲ ဘုရားသခင်ကလည်း ကျွန်ုပ်တို့မမြင်နိုင်တဲ့အရာကို ကျွန်ုပ်တို့မြင်နိုင်တဲ့အရာတွေနဲ့ သမ္မာကျမ်းစာကနေတစ်ဆင့် ရှင်းပြပေးထားတယ်။ ကောင်းကင်ကိုပုံဖော်ကြည့်ဖို့၊ နာမ်ဝိညာဉ်သတ္တဝါတွေနဲ့ ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးကို နားလည်နိုင်ဖို့ ဘုရားသခင်ဟာ ရှေးခေတ်က သစ္စာတည်ကြည်တဲ့သူတွေကို ပေးခဲ့တဲ့ အဆင်းအာရုံတွေကနေတစ်ဆင့် ကျွန်ုပ်တို့ကို ကူညီပေးတယ်။

ဥပမာ၊ ပရောဖက်ယေဇကျေလကို ပေးခဲ့တဲ့ အဆင်းအာရုံတစ်ခုမှာ ယေဟောဝါဘုရားသခင်ရဲ့ ထည်ဝါတဲ့အဆင်းတော်ဟာ မီးအရောင်၊ နီလာကျောက်အရောင်၊ သက်တံအရောင်တို့နဲ့ ထွန်းလင်းတောက်ပနေတယ်။  စံမြန်းတော်မူရာနေရာပေါ်  ထိုင်နေတဲ့ ယေဟောဝါဘုရားသခင်ရဲ့အဆင်းမှာ “နဂါးသွဲ့ကျောက်၊ ကျောက်မျက်နီတို့နှင့်တူ၏။ . . . တော်၏ပတ်လည်တွင် မြစိမ်းရောင်အဆင်းနှင့်တူသော  သက်တံရှိ၏”  လို့  အဆင်းအာရုံတစ်ခုမှာ တမန်တော်ယောဟန်  မြင်တွေ့ခဲ့တယ်ဆိုပြီး  ဖော်ပြထားတယ်။ ယေဟောဝါဘုရားသခင်ရဲ့အဆင်းဟာ  ရှားပါးပြီး  စူးရှတောက်ပတဲ့လှပတင့်တယ်မှု၊ နှစ်လို့ဖွယ်ကောင်းမှုနဲ့ ကြည်လင်အေးမြမှု ရှိတယ်ဆိုပြီး အဲဒီဖော်ပြချက်ကနေ ကျွန်ုပ်တို့ သိရှိရပါတယ်။—ဗျာ. ၄:၂၊ ၃; ယေဇကျေလ ၁:၂၆-၂၈

ပရောဖက်ဒံယေလကလည်း ယေဟောဝါဘုရားသခင်ဆီကနေ အဆင်းအာရုံတစ်ခု ရရှိခဲ့တယ်။ အဲဒီအဆင်းအာရုံမှာ “[ယေဟောဝါဘုရားသခင်၏] ရှေ့တော်တွင်ရပ်လျက် ခစားနေသူ [ကောင်းကင်သတ္တဝါ] လည်း သန်းပေါင်းများစွာရှိ” တာကို ဒံယေလ မြင်တွေ့ခဲ့တယ်။ (ဒံယေလ ၇:၁၀ခမ) အဲဒီမြင်ကွင်းဟာ တကယ့်ကို ရင်သပ်ရှုမောစရာပဲ။ အဆင်းအာရုံထဲမှာတောင် ကောင်းကင်တမန်တစ်ဦးကို မြင်တွေ့ရတာ အံ့ဩစရာကောင်းတယ်ဆိုရင် သန်းပေါင်းများစွာရှိတဲ့ ကောင်းကင်တမန်တွေကို ကြိုးစားမြင်ယောင်ကြည့်လိုက်ပါ။

သမ္မာကျမ်းစာထဲမှာ  ကောင်းကင်တမန်ဆိုတဲ့  စကားလုံးကို အကြိမ်ပေါင်း ၄၀၀ နီးပါး ဖော်ပြထားတယ်။ သူတို့မှာ သရပ်၊ ခေရုဗိမ်ဆိုပြီး ရာထူးအဆင့်အတန်း အမျိုးမျိုးရှိကြတယ်။ “ကောင်းကင်တမန်” ဆိုတဲ့ စကားလုံးက ဂရိစကားမှာရော၊ ဟီဘရူးစကားမှာပါ “စေတမန်” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ဒါကြောင့် ကောင်းကင်တမန်တွေဟာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်နိုင်ကြတယ်။ ရှေးတုန်းကဆိုရင် လူသားတွေနဲ့လည်း ဆက်သွယ်ခဲ့ကြတယ်။ ကောင်းကင်တမန်တွေဟာ ကမ္ဘာပေါ်မှာ အသက်ရှင်ခဲ့ကြတဲ့ ရှေးဦးလူသားတွေ မဟုတ်ပါဘူး။ တကယ်ဆိုရင် ဘုရားသခင်ဟာ လူတွေကို မဖန်ဆင်းခင် ကြာမြင့်စွာကတည်းက ကောင်းကင်တမန်တွေကို ဖန်ဆင်းခဲ့တာပါ။—ယောဘ ၃၈:၄-၇

ဒံယေလရရှိခဲ့တဲ့  အဆင်းအာရုံမှာ  အတိုင်းမသိများပြားလှတဲ့ ကောင်းကင်တမန်တွေဟာ ထူးခြားတဲ့ဖြစ်ရပ်တစ်ခုကို သက်သေခံဖို့ စုရုံးခဲ့ကြတယ်။ အဲဒီအချိန်မှာ “လူသားနှင့်တူသောသူတစ်ဦး” ဟာ ‘အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကိုပြောသော လူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှာ နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကိုရ’ ဖို့အတွက် ယေဟောဝါဘုရားသခင် စံမြန်းတော်မူရာနေရာအနား ချဉ်းကပ်လာတာကို ဒံယေလ တွေ့မြင်ခဲ့ရတယ်။ (ဒံယေလ ၇: ၁၃၊ ၁၄) အဲဒီ “လူသား” ဟာ နာမ်ဝိညာဉ်ဘုံမှာ အမြင့်ဆုံးရာထူးရထားသူ ဖြစ်တယ်။ သူဟာ ရှင်ပြန်ထမြောက်လာတဲ့ ယေရှုခရစ်ဖြစ်ပြီး ကမ္ဘာမြေကြီးကို အုပ်စိုးခွင့်ရထားသူပါ။ မကြာခင် ကိုယ်တော်ဟာ လူ့အုပ်ချုပ်မှုအားလုံးကို ဖယ်ရှားပြီး ဖျားနာမှု၊ ဝမ်းနည်းမှု၊ ဖိနှိပ်မှု၊ ဆင်းရဲမှုနဲ့ သေခြင်းကိုတောင် အဆုံးတိုင်စေတော့မှာဖြစ်တယ်။—ဒံယေလ ၂:၄၄၊ ၄၅

လူသားတွေအတွက် အကောင်းဆုံးအကျိုးကို လိုလားတဲ့ အတိုင်းမသိများပြားလှတဲ့ သစ္စာရှိကောင်းကင်တမန်တွေဟာ ယေရှု နန်းတင်ခံလိုက်ရတာကို အရမ်းဝမ်းသာခဲ့ကြတယ်။ ဒါပေမဲ့ နာမ်ဝိညာဉ်သတ္တဝါအားလုံး အဲလိုဝမ်းမသာခဲ့ကြပါဘူး။

ဘုရားသခင်နဲ့ လူသားတွေရဲ့ ရန်သူများ

လူ့သမိုင်းစစချင်းမှာ ကောင်းကင်တမန်တစ်ဦးဟာ ဝတ်ပြုခံလိုတဲ့ဆန္ဒပေါ်လာပြီး ယေဟောဝါဘုရားသခင်ကို ပုန်ကန်ခဲ့တယ်။ ဒီလိုနဲ့ သူ့ကိုယ်သူ စာတန်ဖြစ်စေလိုက်တယ်။ စာတန်ဆိုတာ “ခုခံသူ” လို့ အဓိပ္ပာယ်ရှိတယ်။ မကောင်းမှုရာဇာဖြစ်တဲ့ စာတန်ဟာ မေတ္တာသရဖူဆောင်းထားတဲ့ ယေဟောဝါဘုရားသခင်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့တယ်။ ကောင်းကင်တမန်တချို့လည်း စာတန်ဘက်ပါသွားကြတယ်။ ကျမ်းစာမှာ သူတို့ကို နတ်ဆိုးတွေလို့ ဖော်ပြထားတယ်။ စာတန်လိုပဲ နတ်ဆိုးတွေဟာ လူသားတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရန်သူတွေ ဖြစ်လာကြတယ်။ သူတို့ကြောင့် ကမ္ဘာပေါ်မှာ ဆင်းရဲခက်ခဲမှု၊ မတရားမှု၊ ဖျားနာမှု၊ ဆင်းရဲမွဲတေမှုနဲ့ စစ်မှုတွေ များပြားလာရတာဖြစ်တယ်။

ခရစ်ယာန်ဘုရားရှိခိုးကျောင်း  အတော်များများမှာ  စာတန်အကြောင်းကို စိတ်ဝင်တစားနဲ့ မပြောဆိုကြတော့ဘူး။ ဒါပေမဲ့ ယောဘကျမ်းမှာတော့  စာတန်ရဲ့  စရိုက်နဲ့  ရည်မှန်းချက်ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားတယ်။ ‘ဘုရားသခင်၏သားတို့သည် ထာဝရဘုရားသခင်ထံတော်၌ ခစားခြင်းငှာ လာရသောနေ့ရက်အချိန်ရောက်လျှင် စာတန်သည်လည်း သူတို့နှင့်ရောနှော၍ လာ၏’ လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ကျမ်းစာမှာပါတဲ့ စကားအပြန်အလှန်ပြောခန်းကိုကြည့်ရင် ယောဘဟာ ဘုရားသခင်ကို အကျိုးရလို့ပဲ ဝတ်ပြုတာဆိုပြီး စာတန်က စော်စော်ကားကား စွပ်စွဲထားတယ်။ သူ့ရဲ့ စွပ်စွဲချက် မှန်တယ်ဆိုတာကို သက်သေထူဖို့ ယောဘရဲ့ တိရစ္ဆာန်တွေအပြင် သားသမီးဆယ်ယောက်စလုံးကိုပါ သတ်ပစ်လိုက်တယ်။ ပြီးတော့ ယောဘရဲ့တစ်ကိုယ်လုံးမှာလည်း ခံရခက်လောက်တဲ့အထိ အနာစိမ်းတွေ ပေါက်စေခဲ့တယ်။ စာတန်ရဲ့တိုက်ခိုက်မှု အားလုံးဟာ သဲထဲရေသွန်သလို အရာမထင်ခဲ့ပါဘူး။—ယောဘ ၁:၆-၁၉; ၂:၇

စာတန်ကို  ဒီလောက်ကြာကြာ  ဘုရားသခင်  သည်းခံခဲ့တာ အကြောင်းကောင်းတွေရှိပေမဲ့  အကန့်အသတ်မဲ့နဲ့တော့ မဟုတ်ဘူး။ မကြာခင်မှာ စာတန်ဟာ ဖယ်ရှားခံရပါတော့မယ်။ စာတန်ကို ပထမအဆင့်အနေနဲ့ အရေးယူခဲ့ပြီးပြီဆိုတာကို သမ္မာကျမ်းစာရဲ့ နောက်ဆုံးကျမ်းစောင်မှာ ဖော်ပြထားတယ်။ အဲဒီကျမ်းစောင်မှာ ကျွန်ုပ်တို့မျက်စိနဲ့မမြင်နိုင်တဲ့ အရေးကြီးတဲ့ဖြစ်ရပ်တစ်ခုကို ဒီလိုဖော်ပြထားတယ်– “ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလ [ရှင်ပြန်ထမြောက်ပြီးသော ယေရှုခရစ်] နှင့်သူ၏ကောင်းကင်တမန်တို့သည် နဂါး [စာတန်] နှင့်တိုက်ခိုက်ကြ၏။ နဂါးနှင့် သူ၏ကောင်းကင်တမန်များလည်း ပြန်တိုက်ခိုက်ကြ၏။ သို့သော် နဂါးသည် ရှုံးနိမ့်သွား၏။ ကောင်းကင်တွင် သူတို့နေစရာလည်း မရှိတော့။ သို့ဖြစ်၍ လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စားသူ၊ . . . စာတန်ခေါ် မူလမြွေ၊ နဂါးကြီးသည် အောက်သို့ ပစ်ချခံရ၏။ သူသည် မြေကြီးပေါ်သို့ ပစ်ချခံရ၏။ သူနှင့်အတူ သူ၏ကောင်းကင်တမန်များလည်း ပစ်ချခံကြရ၏။”—ဗျာ. ၁၂:၇-၉

စာတန်ဟာ “လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စား” နေတယ်ဆိုတာ သတိပြုပါ။ သူဟာ ယေဟောဝါဘုရားသခင်နဲ့ သမ္မာကျမ်းစာကို လူတွေ လက်မခံအောင် မှားယွင်းတဲ့ ဘာသာရေးသွန်သင်ချက်တွေနဲ့  လှည့်စားနေတယ်။ အဓိကလှည့်စားမှုကတော့ လူသေတာနဲ့ နာမ်ဝိညာဉ်ဘုံကို ရောက်သွားပြီဆိုတဲ့အချက် ဖြစ်တယ်။ ဒါပေမဲ့ အဲဒီအချက်ကလည်း အမျိုးမျိုးကွဲပြားနေပြန်တယ်။ ဥပမာ၊ အာဖရိကနဲ့ အာရှမှာ လူအတော်များများက လူသေရင် ဘိုးဘေးတွေရှိရာ ဝိညာဉ်ဘုံထဲကို ရောက်သွားပြီလို့ ယုံကြည်ကြတယ်။ ငရဲကလေးနဲ့ ငရဲဆိုတဲ့ သွန်သင်ချက်တွေက တမလွန်ဘဝရှိတယ်ဆိုတဲ့ အယူအဆကို အခြေခံထားတာဖြစ်တယ်။

လူသေပြီးရင် ကောင်းကင်ကို ရောက်သွားသလား

ကမ္ဘာတစ်ဝန်းက  လူသန်းပေါင်းများစွာဟာ  လူကောင်းအားလုံး ကောင်းကင်ကိုသွားတယ်ဆိုပြီး ယုံကြည်ထားကြတာကကော ဘယ်လိုလဲ။ လူကောင်းတချို့ ကောင်းကင်သွားတယ်ဆိုတာ မှန်ပေမဲ့ အရေအတွက်အနည်းငယ်ပဲ သွားကြမှာဖြစ်တယ်။ “မြေကြီးပေါ်မှ ဝယ်ယူထား” တဲ့လူ ၁၄၄,၀၀၀ ဟာ “ယဇ်ပုရောဟိတ်များ” နဲ့ “ဘုရင်များအဖြစ် မြေကြီးကို အုပ်စိုးရလိမ့်မည်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဗျာ. ၅:၉၊ ၁၀; ၁၄:၁၊) ဘုရားသခင့်နိုင်ငံတော်ဖြစ်တဲ့ ကောင်းကင်အစိုးရကို ယေရှုခရစ်နဲ့ သူတို့ကို ဖွဲ့စည်းထားတယ်။ အဲဒီအစိုးရက စာတန်နဲ့ နတ်ဆိုးတွေကို ဖျက်ဆီးပြီး ကမ္ဘာမြေကြီးကို သာယာငြိမ်းချမ်းအောင် လုပ်ဆောင်ပေးမှာဖြစ်တယ်။ မကြာခင် သေလွန်သူအများစုဟာ ကမ္ဘာပေါ်ထာဝစဉ်နေထိုင်ဖို့ အသက်ပြန်ရှင်လာကြမှာပါ။—လုကာ ၂၃:၄၃

ဒါကြောင့်  အတိုချုပ်ပြောရမယ်ဆိုရင် နာမ်ဝိညာဉ်ဘုံမှာ သက်ရှိသတ္တဝါတွေ အများကြီးရှိပါတယ်။ အဲဒီအထဲမှာ အကြီးမြတ်ဆုံးကတော့ အသက်ပေးပိုင်ရှင်  ယေဟောဝါဘုရားသခင်ပဲဖြစ်တယ်။ ဘုရားသခင်ရဲ့အမှုတော်ကို  သစ္စာရှိရှိထမ်းဆောင်နေတဲ့  ကောင်းကင်တမန်တွေလည်း အတိုင်းမသိများပြားစွာ ရှိကြပါတယ်။ စာတန်ဘက်ပါသွားတဲ့ ကောင်းကင်တမန်တွေကတော့ ယေဟောဝါဘုရားသခင်ကို ပုန်ကန်ပြီး လူတွေကို လှည့်စားနေကြတယ်။ မြေကြီးပေါ်ကနေ “ဝယ်ယူ” ရွေးချယ်ခံထားရတဲ့ အရေအတွက် အကန့်အသတ်ရှိတဲ့ လူတွေကတော့ ကောင်းကင်မှာ အထူးတာဝန်တွေ ရရှိကြမှာဖြစ်တယ်။ ဒီအချက်တွေကို မှတ်ထားပြီး အခု နာမ်ဝိညာဉ်ဘုံမှာ ဘယ်သူနဲ့ ဆက်သွယ်နိုင်ပြီး ဘယ်လောက်အတိုင်းအတာအထိ ဆက်သွယ်နိုင်မလဲဆိုတာ သုံးသပ်ကြည့်ကြရအောင်။