မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“လူသတ္တဝါတို့၏ စိတ်နှလုံးသဘောကိုသိ”တဲ့ ဘုရားသခင်

“လူသတ္တဝါတို့၏ စိတ်နှလုံးသဘောကိုသိ”တဲ့ ဘုရားသခင်

ဘုရားသခင်ထံ ချဉ်းကပ်ကြပါ

“လူသတ္တဝါတို့၏ စိတ်နှလုံးသဘောကိုသိ”တဲ့ ဘုရားသခင်

၂ ရာဇဝင်ချုပ် ၆:၂၉-၃၁သမ္မာ

ဘဝမှာ  အခက်အခဲတွေ၊  စိန်ခေါ်ချက်တွေ  မကြုံဖူးတဲ့သူ ဘယ်သူမှမရှိပါဘူး။ တစ်ခါတလေ ကျွန်ုပ်တို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေ၊ ခံစားနေရတဲ့ စိတ်နာကျင်မှုတွေကို အမှန်တကယ် နားလည်ပေးနိုင်တဲ့သူ ရှိမှာမဟုတ်ဘူးဆိုပြီး ထင်မိတတ်ကြတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ခံစားချက်တွေကို အပြည့်အဝနားလည်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးတော့ ရှိပါတယ်။ သူကတော့ ယေဟောဝါဘုရားသခင်ပါပဲ။ ၂ ရာဇဝင်ချုပ် ၆:၂၉-၃၁ မှာပါတဲ့ ရှေးခေတ်အစ္စရေးဘုရင် ရှောလမုန်ရဲ့ စကားကနေ နှစ်သိမ့်မှုရနိုင်ပါတယ်။

ဘီစီအီး ၁၀၂၆ မှာ ဂျေရုဆလင်မြို့က ဝတ်ပြုရာအိမ်တော်အပ်နှံပွဲမှာ ဘုရင်ရှောလမုန် ဆုတောင်းနေပါတယ်။ ဘုရင်ရှောလမုန်ရဲ့ဆုတောင်းချက်က ဆယ်မိနစ်လောက်ပဲ ကြာနိုင်ပေမဲ့ ယေဟောဝါဘုရားသခင်ကို သစ္စာစောင့်သိတဲ့အရှင်၊ ကတိတော်တွေကို ပြည့်စုံစေတဲ့အရှင်၊ ဆုတောင်းချက်ကို နားညောင်းတဲ့အရှင်အဖြစ် ချီးမွမ်းထောမနာပြုထားတယ်။—၃ ဓမ္မရာဇဝင် ၈:၂၃-၅၃; ၂ ရာဇဝင်ချုပ် ၆:၁၄-၄၂

ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူတွေ တောင်းလျှောက်တဲ့ တိုးလျှိုးအသနားခံချက်ကို ကိုယ်တော်နားညောင်းပေးဖို့ ရှောလမုန် တောင်းပန်ခဲ့တယ်။ (အခန်းငယ် ၂၉၊ သမ္မာ) ဆင်းရဲခက်ခဲမှုအမျိုးမျိုးကို (အခန်းငယ် ၂၈၊ သမ္မာ) ရှောလမုန် ဖော်ပြပေမဲ့ ဝတ်ပြုကိုးကွယ်သူတစ်ဦးချင်းစီက “မိမိခံရသော ဘေးဒဏ်နှင့် နာကျင်ခြင်းဝေဒနာကိုသိ” တယ်လို့ ဆိုထားတယ်။ လူတွေဟာ ပြဿနာ တစ်ယောက်တစ်မျိုးစီ ရင်ဆိုင်နေရပြီး ဝမ်းနည်းကြေကွဲနေရတယ်။

ဘာပဲဖြစ်ဖြစ်၊ ဘုရားသခင်ကို ကြောက်ရွံ့တဲ့သူတွေဟာ သူတို့ရဲ့ ပြဿနာဝန်ထုပ်ကြီးကို တစ်ယောက်ထဲ ထမ်းထားနေစရာမလိုပါဘူး။  “မိမိလက်ဝါးကို  ဖြန့်” ပြီး ယေဟောဝါဘုရားသခင်ထံ လှိုက်လှိုက်လှဲလှဲ ဆုတောင်းဖို့ လှုံ့ဆော်ခံရနိုင်တဲ့ ဝတ်ပြုသူတွေအကြောင်း ရှောလမုန် ထည့်ဆုတောင်းပေးခဲ့တယ်။ * ဖခင်ဒါဝိဒ် အကြီးအကျယ် စိတ်ဆင်းရဲနေချိန်မှာ ‘သင်၏၀န်ကို ထာဝရဘုရားသခင်အပေါ်၌ ချထား’ ပါဆိုတဲ့ စကားကို ရှောလမုန် ပြန်အမှတ်ရနေတာလည်း ဖြစ်နိုင်တယ်။—ဆာလံ ၅၅:၄၊ ၂၂သမ္မာ။

စိတ်ရင်းမှန်နဲ့ ဆုတောင်းတဲ့သူတွေကို ယေဟောဝါဘုရားသခင် ဘယ်လိုတုံ့ပြန်မလဲ။ ယေဟောဝါဘုရားသခင်ကို ရှောလမုန် ဒီလိုတောင်းပန်ခဲ့တယ်– ‘ကျိန်းဝပ်စံမြန်းတော်မူရာ ကောင်းကင်ဘုံ၌ နားညောင်း၍ အပြစ်လွှတ်တော်မူပါ။ အသီးအသီးပြုကျင့်ကြသည်အတိုင်း စီရင်တော်မူပါ။’ (အခန်းငယ် ၃၀၊ ၃၁၊ သမ္မာ) ‘ဆုတောင်းသံကို နားထောင်တော်မူသော ဘုရားသခင်’ က မိမိရဲ့ဝတ်ပြုသူတွေကို အုပ်စုလိုက်အနေနဲ့သာမက တစ်ဦးချင်းစီကိုပါ ဂရုစိုက်တယ်ဆိုတာ ရှောလမုန် သိထားတယ်။ (ဆာလံ ၆၅:၂) ဘုရားသခင်က စိတ်နှလုံးအကြွင်းမဲ့နဲ့ မိမိဆီပြန်လှည့်လာတဲ့ အပြစ်သားကို ခွင့်လွှတ်ပေးတဲ့အပြင် လိုအပ်တဲ့အကူအညီကိုလည်း ပေးတယ်။—၂  ရာဇဝင်ချုပ် ၆:၃၆-၃၉။

နောင်တရသူတစ်ဦးရဲ့  အသနားခံချက်ကို  ယေဟောဝါဘုရားသခင် လက်ခံနားညောင်းပေးမယ်လို့ ရှောလမုန် ဘာကြောင့် အသေအချာ ပြောနိုင်ရတာလဲ။ “ကိုယ်တော်သာလျှင် လူသတ္တဝါတို့၏ စိတ်နှလုံးသဘောကို သိတော်မူသည်” လို့ရှောလမုန် ဆက်ဆုတောင်းခဲ့တာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ယေဟောဝါဘုရားသခင်ဟာ သစ္စာရှိဝတ်ပြုသူတွေ ခံနေရတဲ့ ဘေးဒဏ်နဲ့ နာကျင်ခြင်းဝေဒနာကို သိရှိပြီး သူတို့ရဲ့ ဆင်းရဲဝေဒနာကို အလေးအနက်ထားပါတယ်။—ဆာလံ ၃၇:၄

ရှောလမုန်ရဲ့ ဆုတောင်းချက်ကနေ ကျွန်ုပ်တို့ နှစ်သိမ့်မှုရရှိနိုင်ပါတယ်။ ကျွန်ုပ်တို့ခံစားနေရတဲ့ “ဘေးဒဏ်နှင့် နာကျင်ခြင်းဝေဒနာ” ကို ဘယ်သူမှ အတွင်းကျကျ နားလည်ပေးနိုင်မှာတော့ မဟုတ်ဘူး။ (သု. ၁၄:၁၀) ဒါပေမဲ့ ယေဟောဝါဘုရားသခင်ဟာ ကျွန်ုပ်တို့ စိတ်နှလုံးကို သိရှိပြီး ကျွန်ုပ်တို့ကို အရမ်းဂရုစိုက်ပါတယ်။ ဘုရားသခင်ဆီ ကျွန်ုပ်တို့ ရင်ဖွင့်ဆုတောင်းမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ဝန် ပေါ့ပါးသွားပါလိမ့်မယ်။ “ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် စိုးရိမ်စရာရှိသမျှကို ကိုယ်တော့်ထံ ပုံအပ်ထားလော့” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားပါတယ်။—၁ ပေတရု ၅:၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ကျမ်းစာခေတ်က “မိမိလက်ဝါးကို ဖြန့်” ခြင်းဟူသည် လက်ဝါးကို ပက်လက်အနေအထားဖြင့် အထက်သို့ မြှောက်ထားကာ ဆုတောင်းသည့် ပုံစံတစ်မျိုးဖြစ်သည်။—၂ ရာဇဝင်ချုပ် ၆:၁၃