မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာခေတ်ကလူတွေ တကယ်ပဲ အသက်ရှည်ရှည်နေခဲ့သလား

ကျမ်းစာခေတ်ကလူတွေ တကယ်ပဲ အသက်ရှည်ရှည်နေခဲ့သလား

ကျမ်းစာခေတ်ကလူတွေ တကယ်ပဲ အသက်ရှည်ရှည်နေခဲ့သလား

ဇန်လွိဇ်ကာလ်မန်ဟာ ၁၉၉၇၊ ဩဂုတ် ၄ ရက်နေ့က ပြင်သစ်နိုင်ငံတောင်ပိုင်း သူ့ရဲ့နေအိမ်မှာပဲ ကွယ်လွန်သွားတယ်။ ကွယ်လွန်ချိန်မှာ သူ့ရဲ့အသက်က ၁၂၂ နှစ်ပါ။

သိပ္ပံပညာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တခြားပညာရပ်နယ်ပယ်တွေမှာ တိုးတက်လာတဲ့အတွက် လူတွေဟာ အသက်ပိုရှည်လာကြတယ်။ ဒါပေမဲ့ အသက် ၁၀၀ အထိ ဒါမှမဟုတ် ၁၀၀ ကျော် နေရတဲ့သူက သိပ်မရှိပါဘူး။ ဒါကြောင့်လည်း အဘွားကာလ်မန်လို အသက်ရှည်ရှည် နေခဲ့ရတဲ့သူတွေရဲ့ အကြောင်းကို သတင်းတွေမှာ တစ်ခါတလေ ဖော်ပြကြတာပါ။

ရှေးခေတ်ကလူတွေဟာ ဒီထက်မက အသက်ရှည်တယ်၊ တချို့ဆိုရင် အနှစ်တစ်ထောင်နီးပါး အသက်ရှည်တဲ့အကြောင်း ကျမ်းစာမှာ ဖော်ပြထားပါတယ်။ အဲဒါ အမှန်ပဲလား။ ကျမ်းစာခေတ်က လူတွေ တကယ်ပဲ အသက်ရှည်ရှည် နေခဲ့ကြသလား။ ဒီအကြောင်းကိုသိဖို့ကော အရေးကြီးလို့လား။

အသက်ရှည်ရှည်နေခဲ့ကြသူများ

အသက် ၉၀၀ ကျော် နေခဲ့တဲ့ လူခုနစ်ယောက်အကြောင်းကို ကမ္ဘာဦးကျမ်းမှာ ဖော်ပြထားတယ်။ သူတို့အားလုံးဟာ နောဧခေတ် ရေလွှမ်းမိုးဘေးမတိုင်ခင်က အသက်ရှင်ခဲ့တဲ့သူတွေဖြစ်တယ်။ သူတို့က အာဒံ၊ ရှေသ၊ ဧနုတ်၊ ကာဣနန်၊ ယာရက်၊ မသုရှလနဲ့ နောဧတို့ဖြစ်တယ်။ (ကမ္ဘာဦး ၅:၅-၂၇; ၉:၂၉) သူတို့အများစုကို လူအတော်များများက မသိကြပေမဲ့ သူတို့အားလုံးဟာ လူ့သမိုင်းရဲ့ မျိုးဆက် ဆယ်ဆက်မြောက်ထဲမှာ ပါဝင်ကြတယ်။ သူတို့ထဲမှာ မသုရှလက အသက်အရှည်ဆုံးဖြစ်ပြီး ၉၆၉ နှစ်ရှိတယ်။

ကျမ်းစာမှာ အနည်းဆုံး နောက်ထပ်လူ ၂၅ ယောက်အကြောင်းကို ဖော်ပြထားပါသေးတယ်။ သူတို့လည်းပဲ အသက်ရာကျော်ရှည်ခဲ့တယ်။ တချို့ဆိုရင် အသက် ၃၀၀၊ ၄၀၀၊ ၇၀၀ ဒါမှမဟုတ် ဒီထက်မကတောင် အသက်ရှည်ခဲ့ကြတယ်။ (ကမ္ဘာဦး ၅:၂၈-၃၁; ၁၁:၁၀-၂၅) ဒါပေမဲ့ အဲဒီကျမ်းစာမှတ်တမ်းတွေကို လူအတော်များများက ဒဏ္ဍာရီလို့ပဲ သတ်မှတ်ကြတယ်။ အဲဒါ တကယ်လား။

ဒဏ္ဍာရီလား၊ ဖြစ်ရပ်မှန်လား

သုတေသီတွေက အဘွားကာလ်မန်ကိုယ်တိုင် ပြုစုထားတဲ့ “ကိုယ်ရေးမှတ်တမ်း” တချို့ကို စိစစ်ကြည့်လိုက်တဲ့အခါ အဘွားရဲ့အသက် မှန်ကန်ကြောင်း အတည်ပြုလိုက်ကြတယ်လို့ ဂျာမနီနိုင်ငံ၊ မက်စ် ပလန်ခ် ဖွားသေစာရင်းသုတေသနဌာနက ထုတ်ဝေတဲ့ မှတ်တမ်းမှာ ဖော်ပြထားတယ်။ သူရေးတဲ့မှတ်တမ်းထဲမှာ သူကိုယ်တိုင် ဒါမှမဟုတ် သူ့ဆွေမျိုးတွေနဲ့ပတ်သက်တဲ့ ဖြစ်ရပ်တချို့လည်း ပါတယ်။ အဘွားကာလ်မန် ပြောခဲ့တဲ့စကားတွေကို ပြည်သူ့မှတ်တမ်း၊ စာချုပ်စာတမ်းသက်သေခံ ရှေ့နေမှတ်တမ်း၊ ချာ့ခ်ျမှတ်တမ်းတွေအပြင် သတင်းစာဆောင်းပါးတွေ၊ လူဦးရေသန်းခေါင်စာရင်းတွေနဲ့ နှိုင်းယှဉ်ကြည့်ကြတယ်။ အဲဒီအသေးစိတ်အချက်အလက် အားလုံးကို အတည်ပြုဖို့ မဖြစ်နိုင်ပေမဲ့ စာရွက်စာတမ်းအထောက်အထားနဲ့ အများသူငါပြောဆိုတဲ့ အထောက်အထားတွေက အဘွားရဲ့အသက်ကို အတည်ပြုပေးနိုင်ပါတယ်။

ကျမ်းစာမှတ်တမ်းတွေကော။ အဲဒီမှတ်တမ်းတွေကို ယုံကြည်စိတ်ချလို့ရသလား။ ရပါတယ်။ ကျမ်းစာမှတ်တမ်းပါ အသေးစိတ်အချက်အလက် အားလုံးကို ပညာရှင်တွေနဲ့ စာအုပ်စာပေမျိုးစုံက အတည်မပြုပေမဲ့ သမိုင်းဆိုင်ရာ၊ သိပ္ပံဆိုင်ရာ၊ နှစ်ကာလဆိုင်ရာ ရှုထောင့်တွေကနေကြည့်ရင် ကျမ်းစာမှတ်တမ်းတွေက ယုံကြည်စိတ်ချလို့ရတယ်ဆိုတာကို အကြိမ်ကြိမ် သက်သေထူခဲ့ပါပြီ။ * အဲဒါက အံ့ဩစရာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျမ်းစာမှာ ဒီလိုပြောထားတယ်– “လူအပေါင်းတို့သည် လိမ်လည်ကြသော်လည်း ဘုရားသခင်မူကား ဖြောင့်မှန်တော်မူ၏။” (ရောမ ၃:၄) “ဘုရားသခင့် စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးသားထား” တဲ့ သမ္မာကျမ်းစာထဲမှာ မမှန်ကန်တဲ့အရာတွေ မပါဝင်ဘူး။—၂ တိမောသေ ၃:၁၆

ယေဟောဝါဘုရားသခင်ရဲ့ လမ်းညွှန်မှုကိုခံခဲ့ရတဲ့ မောရှေဟာ ပင်တကျွတ်ကျမ်းဖြစ်တဲ့ သမ္မာကျမ်းစာရဲ့ ရှေ့ပိုင်းကျမ်းငါးစောင်ကို ရေးခဲ့တယ်။ သူဟာ လူ့သမိုင်းမှာ ဩဇာအညောင်းဆုံးနဲ့ အလေးစားခံရဆုံး ပုဂ္ဂိုလ်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တယ်။ ဂျူးတွေဟာ မောရှေကို အကြီးမြတ်ဆုံးဆရာအဖြစ် သတ်မှတ်ကြတယ်။ မွတ်စလင်တွေက မောရှေကို အကြီးမြတ်ဆုံးပရောဖက်တစ်ဦးအဖြစ် ယူမှတ်ကြတယ်။ ခရစ်ယာန်တွေကတော့ မောရှေကို ယေရှုခရစ်ရဲ့ရှေ့ပြေးအဖြစ် ယုံကြည်ကြတယ်။ လူ့သမိုင်းမှာအရေးပါတဲ့ အဲဒီပုဂ္ဂိုလ် ရေးသားခဲ့တဲ့ ကျမ်းစောင်တွေကို ယုံကြည်စိတ်ချလို့မရဘူးလို့ပြောရင် ကျိုးကြောင်းညီညွတ်ပါ့မလား။

အချိန်သတ်မှတ်ပုံ ကွာခြားသလား

ရှေးခေတ်က အချိန်သတ်မှတ်ပုံနဲ့ ကနေ့ခေတ် အချိန်သတ်မှတ်ပုံက အရမ်းကွာတယ်၊ တစ်နှစ်ကို တစ်လဆိုပြီး သတ်မှတ်ခဲ့ကြတယ်လို့ လူတချို့က ဆိုကြတယ်။ ဒါပေမဲ့ ကမ္ဘာဦးကျမ်းမှတ်တမ်းကို သေချာလေ့လာကြည့်တဲ့အခါ အဲဒီခေတ်က လူတွေရဲ့ အချိန်သတ်မှတ်ပုံက ကနေ့ခေတ်နဲ့ အတူတူပဲဆိုတာ စိတ်ချနိုင်ပါတယ်။ ဥပမာနှစ်ခုကို သုံးသပ်ကြည့်ပါ။ နောဧအသက် ၆၀၀ စေ့တဲ့နှစ်၊ “ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့” မှာ ရေလွှမ်းမိုးဘေးကျရောက်တယ်လို့ ရေလွှမ်းမိုးခြင်းမှတ်တမ်းမှာ ဖော်ပြထားတယ်။ ရေဟာ ကမ္ဘာကို ရက်ပေါင်း ၁၅၀ အထိ ဖုံးလွှမ်းနေတယ်၊ “သတ္တမလ ဆယ်ခုနစ်ရက်နေ့တွင် သင်္ဘောသည် အာရရတ်အမည်ရှိသော တောင်ပေါ်မှာ တင်လေ၏” လို့လည်း ဖတ်ရတယ်။ (ကမ္ဘာဦး ၇:၁၁၊ ၂၄; ၈:၄) ဒါကြောင့် ဒုတိယလ၊ ၁၇ ရက်နေ့ကစပြီး သတ္တမလ၊ ၁၇ ရက်နေ့အထိ ငါးလကြာတဲ့အချိန်ကာလဟာ ရက်ပေါင်း ၁၅၀ နဲ့ညီမျှတယ်။ ဒါကြောင့် တစ်နှစ်က တစ်လဖြစ်တယ်ဆိုတဲ့အဆိုက လုံးဝအခြေအမြစ်မရှိဘူးဆိုတာ ရှင်းနေပါတယ်။

ဒုတိယဥပမာကို သုံးသပ်ကြည့်ပါ။ ကမ္ဘာဦး ၅:၁၅-၁၈ အရ မဟာလေလဟာ အသက် ၆၅ နှစ်မှာ သားရခဲ့ပြီး အနှစ် ၈၃၀ ထပ်နေခဲ့တယ်။ သူ့အသက် ၈၉၅ နှစ်မှာ သေဆုံးသွားခဲ့တယ်။ သူ့ရဲ့မြေး ဧနောက်လည်း အသက် ၆၅ နှစ်မှာ သားရခဲ့တယ်။ (ကမ္ဘာဦး ၅:၂၁) တကယ်လို့ တစ်နှစ်ကို တစ်လလို့ ယူမှတ်ရင် သူတို့နှစ်ယောက်ဟာ အသက်ငါးနှစ်အရွယ်မှာ ဖခင်ဖြစ်သွားပြီပေါ့။ ဒါဆိုရင် အဓိပ္ပာယ်ရှိပါ့မလား။

အသက်ရှည်ခဲ့တဲ့လူတွေနဲ့ပတ်သက်တဲ့ ကျမ်းစာမှတ်တမ်းတွေ မှန်ကန်ကြောင်း ရှေးဟောင်းသုတေသနကလည်း သက်သေထူခဲ့တယ်။ ဘိုးဘေးအာဗြဟံဟာ ဥရမြို့ကဖြစ်တယ်၊ အဲဒီကနေ ခါရန်မြို့ကို ပြောင်းရွှေ့သွားပြီး ခါနာန်မြို့မှာနေထိုင်တယ်၊ ပြီးတော့ ဧလံမင်းကြီး ခေဒေါရလောမာကို သူအနိုင်ရခဲ့တယ်ဆိုတဲ့အကြောင်းတွေကို ကျမ်းစာမှာဖော်ပြထားတယ်။ (ကမ္ဘာဦး ၁၁:၃၁; ၁၂:၅; ၁၄:၁၃-၁၇) အဲဒီမြို့တွေနဲ့ လူတွေ တကယ်တည်ရှိခဲ့တယ်ဆိုတာ ရှာဖွေတွေ့ရှိချက်တွေက အတည်ပြုကြတယ်။ ရှေးဟောင်း သုတေသနကြောင့်လည်း အာဗြဟံနဲ့ဆက်နွှယ်ပြီးဖော်ပြထားတဲ့ နေရာဒေသတွေ၊ လူ့ယဉ်ကျေးမှုတွေအကြောင်း ပိုပြီးနားလည်လာရတယ်။ အာဗြဟံနဲ့ပတ်သက်တဲ့ ကျမ်းစာဖော်ပြချက်တွေက တိကျမှန်ကန်တဲ့အတွက် သူ့အသက် ၁၇၅ နှစ်နဲ့ပတ်သက်ပြီး ဘာကြောင့် စောဒကတက်သင့်သလဲ။—ကမ္ဘာဦး၂၅:၇။

ဒါကြောင့် ရှေးခေတ်က အသက်ရှည်ရှည်နေခဲ့တဲ့ လူတချို့နဲ့ပတ်သက်ပြီး ကျမ်းစာဖော်ပြချက်တွေကို သံသယဝင်စရာအကြောင်းမရှိပါဘူး။ ‘သူတို့အသက်ရှည်တာ၊ မရှည်တာက  ငါ့အတွက် အရေးကြီးလို့လား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးနိုင်ပါတယ်။

သင်ထင်တာထက်ကို ပိုပြီးအသက်ရှည်နိုင်

ရေလွှမ်းမိုးဘေးမတိုင်ခင်က လူတွေ ထူးထူးခြားခြား အသက်ရှည်ခဲ့တာကိုကြည့်ရင် လူ့ကိုယ်ခန္ဓာက အကြာကြီး အသက်ရှင်နိုင်တယ်ဆိုတာ သက်သေထူတယ်။ ခေတ်မီနည်းပညာကြောင့် သိပ္ပံပညာရှင်တွေဟာ လူ့ကိုယ်ခန္ဓာရဲ့ ကိုယ့်ဘာသာကိုယ် အနာပျောက်စေနိုင်စွမ်း၊ အားအင်ပြန်လည် ဖြည့်ဆည်းနိုင်စွမ်းအပါအဝင် ကိုယ်ခန္ဓာရဲ့ အံ့ဖွယ်ဒီဇိုင်းကို အသေးစိတ် လေ့လာနိုင်ကြပါပြီ။ သူတို့ ဘယ်လိုကောက်ချက်ချခဲ့သလဲ။ လူ့ကိုယ်ခန္ဓာဟာ အချိန်အကန့်အသတ်မရှိ အသက်ရှင်နိုင်စွမ်းရှိတယ်လို့ သူတို့ကောက်ချက်ချခဲ့ကြတယ်။ ဆေးဘက်ဆိုင်ရာ ပါမောက္ခ တောမ်ကာ့ခ်ဝုဒ်က “[အိုမင်းရင့်ရော်ခြင်း] ဟာ ဆေးသိပ္ပံပညာမှာ နားလည်ရအခက်ဆုံးထဲက တစ်ခုဖြစ်တယ်” လို့ဆိုတယ်။

ဒါပေမဲ့ ယေဟောဝါဘုရားသခင်အတွက် အိုမင်းရင့်ရော်ခြင်းက နားလည်ရခက်တဲ့အရာ မဟုတ်သလို မဖြေရှင်းနိုင်တဲ့ ပြဿနာလည်း မဟုတ်ပါဘူး။ ပထမဆုံးလူသား အာဒံကို စုံလင်သူအဖြစ် ဘုရားသခင် ဖန်ဆင်းခဲ့ပြီး လူသားတွေအားလုံး ထာဝစဉ်အသက်ရှင်ဖို့ ရည်ရွယ်ခဲ့တယ်။ ဝမ်းနည်းစရာက အာဒံဟာ ဘုရားသခင်ကို ပုန်ကန်ခဲ့တယ်။ ဒီလိုနဲ့ အာဒံဟာ အပြစ်သားဖြစ်သွားပြီး မစုံလင်တော့ဘူး။ သိပ္ပံပညာရှင်တွေ ရှာဖွေနေတဲ့အဖြေကို ကျမ်းစာမှာ ဒီလိုဖော်ပြထားပါတယ်– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏။” (ရောမ ၅:၁၂) အပြစ်နဲ့ မစုံလင်မှုကြောင့် ကျွန်ုပ်တို့ဟာ ဖျားနာ၊ အိုမင်းပြီး သေဆုံးကြရတယ်။

ဒါပေမဲ့ မေတ္တာရှင်ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကတော့ ဘယ်တော့မှ မပြောင်းလဲပါဘူး။ ဒါကို သက်သေထူတဲ့အနေနဲ့ လူတွေ စုံလင်ပြီး ထာဝစဉ်အသက်ရှင်နိုင်အောင် သားတော် ယေရှုခရစ်ရဲ့ ရွေးနုတ်ဖိုး ပြင်ဆင်ပေးခဲ့တယ်။ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “လူအပေါင်းတို့သည် အာဒံကြောင့် သေဆုံးကြရသည့်နည်းတူ လူအပေါင်းတို့သည်လည်း ခရစ်တော်ကြောင့် အသက်ရှင်ကြရလိမ့်မည်။” (၁ ကောရိန္သု ၁၅:၂၂) ရေလွှမ်းမိုးဘေးမတိုင်ခင်က လူတွေဟာ စုံလင်ခြင်းအဖြစ်နဲ့ ပိုပြီးနီးကပ်တဲ့အတွက် ကျွန်ုပ်တို့ထက် အသက်ပိုရှည်ကြခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ဟာ ဘုရားသခင့်ကတိတော် ပြည့်စုံလာမယ့်အချိန်နဲ့ ပိုပြီးနီးကပ်လို့နေပါတယ်။ မကြာခင် အပြစ်နဲ့ မစုံလင်မှုရဲ့ ဆိုးကျိုးအားလုံး ကွယ်ပျောက်သွားမယ်၊ လူတွေကလည်း အားအင်ဆုတ်ယုတ်ပြီး သေဆုံးရမှာ မဟုတ်တော့ဘူး။—ဟေရှာယ ၃၃:၂၄; တိတု ၁:၂

အဲလိုဆုကျေးဇူးတွေကို သင် ဘယ်လိုရရှိနိုင်မလဲ။ ဘုရားသခင်ရဲ့ကတိတော်ဟာ စိတ်ကူးယဉ်သက်သက်ပဲဆိုပြီး မယူဆလိုက်ပါနဲ့။ ယေရှု ဒီလိုပြောခဲ့တယ်– “ငါ့စကားကိုကြားနာ၍ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကို ယုံကြည်သူသည် ထာဝရအသက်ရ၏။” (ယောဟန် ၅:၂၄) ဒါကြောင့် ကျမ်းစာအသိပညာကို ဆည်းပူးပြီး ကျင့်သုံးပါ။ ဒီလိုဆိုရင် “မှန်သောအသက်ကို ခိုင်မြဲစွာ ကိုင်စွဲထားနိုင်” ဖို့ “အနာဂတ်အတွက် အုတ်မြစ်ကောင်းဖြစ်သော ဘဏ္ဍာကို မိမိတို့အတွက် သိမ်းဆည်းခြင်းတို့ကို ပြုကြ” တဲ့သူတွေရဲ့ စံနမူနာကို သင် လိုက်လျှောက်နိုင်ပါလိမ့်မယ်။ (၁ တိမောသေ ၆:၁၉) သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့သူတွေကို အသက်ရှည်ရှည် နေနိုင်အောင် ပြုလုပ်ပေးခဲ့တဲ့ ဘုရားသခင်ဟာ သင့်ကိုလည်း ထာဝစဉ်အသက်ရှင်အောင် ပြုလုပ်ပေးနိုင်တယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 အသေးစိတ်သိလိုပါက ယေဟောဝါသက်သေများ ထုတ်ဝေသော သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော စာအုပ်ကိုဖတ်ကြည့်ပါ။

[စာမျက်နှာ ၁၂ ပါဇယား]

(ကားချပ်အပြည့်အစုံများကို စာစောင်တွင်ကြည့်ပါ)

၁၀၀၀

၉၆၉ မသုရှလ

၉၅၀ နောဧ

၉၃၀ အာဒံ

၉၀၀

 

 

 

၈၀၀

 

 

 

၇၀၀

 

 

 

၆၀၀

 

 

 

၅၀၀

 

 

 

၄၀၀

 

 

 

၃၀၀

 

 

 

၂၀၀

 

 

 

၁၀၀ ယနေ့ခေတ် လူသား

 

 

 

အသက်