မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ကလေး ဘယ်လိုပြန်ပြောမလဲ

သင့်ကလေး ဘယ်လိုပြန်ပြောမလဲ

သင့်ကလေး ဘယ်လိုပြန်ပြောမလဲ

မိဘတို့– ဇန်နဝါရီ ၁၅၊ ၂၀၁၀ လထုတ်၊ စာမျက်နှာ ၁၆-၂၀ မှာပါတဲ့ဆောင်းပါးမှာ သင့်ကလေးတွေနဲ့အတူ လက်တွေ့လေ့ကျင့်ဖို့ ဖော်ပြထားတယ်။ သင့်ကလေးတွေ ကျောင်းမှာ ကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ပြင်ဆင်ပေးရာမှာ ဒီဆောင်းပါးမှာပါတဲ့ အကြံပြုချက်တွေက အထောက်အကူပြုပါတယ်။ ဒီအကြောင်းအရာတွေကို သင့်မိသားစုဝတ်ပြုမှုညချမ်းမှာ အသုံးပြုနိုင်ပါတယ်။

ယေဟောဝါသက်သေ ကလေးတွေဟာ စိန်ခေါ်ချက်များစွာနဲ့ ရင်ဆိုင်ရတယ်။ ကျောင်းနေဖက်တွေက မွေးနေ့ပွဲကျင်းပခြင်း၊ ရည်းစားထားခြင်း၊ ပွဲနေ့တွေနဲ့ဆိုင်တဲ့လှုပ်ရှားမှု စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး မေးခွန်းမေးလေ့ရှိတယ်။ သင့်သား ဒါမှမဟုတ် သမီး ဒါနဲ့ပတ်သက်တဲ့ မေးခွန်းတွေမေးခံရတဲ့အခါ သူ ဘယ်လိုပြန်ဖြေမလဲ။

ခရစ်ယာန်ကလေးတချို့က “ငါကိုးကွယ်တဲ့ဘာသာကြောင့် အဲဒါကို ငါမလုပ်ဘူး” လို့ ရိုးရိုးလေးပြန်ဖြေကြတယ်။ အခိုင်အမာရပ်တည်တဲ့ ဒီကလေးတွေဟာ ချီးမွမ်းစရာကောင်းပါတယ်။ သူတို့ရဲ့အဖြေကြောင့် စကားစ ပြတ်သွားနိုင်တယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်နဲ့ပတ်သက်လို့ “မေးမြန်းသူအားလုံးရှေ့တွင် ခုခံပြောဆိုရန် အစဉ်အသင့်ရှိကြလော့” ဆိုပြီး တိုက်တွန်းထားတယ်။ (၁ ပေ. ၃:၁၅) အဲဒီလိုဖြစ်နိုင်ဖို့ “ငါမလုပ်ဘူး” လို့ပြောရုံထက်မကလိုတယ်။ တခြားသူတွေက ကျွန်ုပ်တို့ပြောတာကို လက်ခံမှာမဟုတ်ပေမဲ့ တချို့သူတွေကတော့ ကျွန်ုပ်တို့ ဘာကြောင့်ဒီလိုဆုံးဖြတ်တယ်ဆိုတာ သိချင်ကြတယ်။

သက်သေခံကလေးများစွာက ကြီးမြတ်သောဆရာထံမှသင်ယူလော့စတဲ့ စာပေတွေသုံးပြီး သူတို့ရဲ့ကျောင်းနေဖက်တွေကို သမ္မာကျမ်းစာမှတ်တမ်းတွေကို ပြောပြကြတယ်။ တချို့ကိစ္စတွေကို သက်သေခံကလေးတွေ ဘာကြောင့်လုပ်တယ်၊ ဘာကြောင့်မလုပ်ဘူးဆိုတာ ရှင်းပြတဲ့အခါမှာ ဒီမှတ်တမ်းတွေက အထောက်အကူပြုတယ်။ တချို့ကျောင်းသားတွေကတော့ ကျမ်းစာမှတ်တမ်းတွေကို စိတ်ဝင်တစားနားထောင်ကြလို့ ဒီနည်းနဲ့ ကျမ်းစာသင်အံမှုများစွာကို စတင်နိုင်ခဲ့ကြတယ်။ တခြားကျောင်းသားတွေက ကျမ်းစာမှတ်တမ်းတစ်ခုအကြောင်း ဇာတ်စုံခင်းနေတာကို နားမထောင်ချင်ကြဘူး။ အပြည့်အစုံမရှင်းပြဘူးဆိုရင် တချို့ကျမ်းစာမှတ်တမ်းတွေကို ကျောင်းသားတွေ ကောင်းကောင်းနားမလည်နိုင်ဘူး။ အသက် ၁၁ နှစ်ရှိတဲ့ မင်ဟီ,ကို သူ့သူငယ်ချင်းက မွေးနေ့ပွဲဖိတ်တဲ့အခါ သူက “မွေးနေ့ပွဲကျင်းပဖို့ သမ္မာကျမ်းစာမှာ မပြောထားဘူး။ ကျမ်းစာဇာတ်ကောင်တစ်ဦးဖြစ်တဲ့ နှစ်ခြင်းဆရာယောဟန်က မွေးနေ့ပွဲတစ်ခုမှာ အသတ်ခံခဲ့ရတယ်” လို့ဖြေခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့အဖြေကို သူ့သူငယ်ချင်းနားလည်ပုံမရဘူးလို့ မင်ဟီပြန်ပြောပြတယ်။

တစ်ခါတလေ ကျွန်ုပ်တို့ရဲ့စာအုပ်ထဲက ရုပ်ပုံတစ်ပုံ ဒါမှမဟုတ် အကြောင်းအရာတစ်ခုကိုပြခြင်းက အထောက်အကူပြုတယ်။ ဒါပေမဲ့ ကျောင်းအာဏာပိုင်တွေက ကျောင်းမှာ ဘာသာရေးစာအုပ်တွေမဝေရဘူးလို့ ပြောတယ်ဆိုရင်ကော။ ကျွန်ုပ်တို့ကလေးတွေက စာပေတွေမပါဘဲ ထိထိရောက်ရောက် သက်သေခံနိုင်မလား။ ကိုယ့်ရဲ့ယုံကြည်ခြင်းကို ခုခံကာကွယ်ဖို့ သင့်ကလေးကို ဘယ်လိုကူညီပေးနိုင်သလဲ။

လက်တွေ့လေ့ကျင့်ပါ

အိမ်မှာ မိဘတွေက ကျောင်းနေဖက်တွေအဖြစ်သရုပ်ဆောင်ပြီး လက်တွေ့လေ့ကျင့်ခြင်းက အထောက်အကူပြုတယ်။ ကလေးတွေက သူတို့ရဲ့ယုံကြည်ခြင်းကို ကာကွယ်ပြောဆိုတဲ့အခါ မိဘတွေက သူတို့ကိုချီးမွမ်းပေးလိုကြမှာဖြစ်ပြီး သူတို့ရဲ့ကျိုးကြောင်းဆင်ခြင်ပုံကို တိုးတက်စေနိုင်ပုံနဲ့ အဲဒီလိုလုပ်ခြင်းက ဘာကြောင့်အကျိုးရှိတယ်ဆိုတာကို သင်ပြပေးမှာဖြစ်တယ်။ ဥပမာ၊ ရွယ်တူချင်းတွေနားလည်နိုင်တဲ့ အသုံးအနှုန်းတွေသုံးဖို့ အကြံပေးပါ။ ကိုးနှစ်သား ဂျော့ရှဝါက သူ့ရဲ့ကျောင်းနေဖက်တွေက “ကိုယ့်ကိုယ်ကိုယ်သိသောစိတ်” နဲ့ “သမာဓိ” ဆိုတဲ့ စကားလုံးတွေကို နားမလည်ဘူးလို့ ပြောပြတယ်။ ဒါကြောင့် သူတို့နဲ့ပြောဆိုတဲ့အခါ နားလည်ရလွယ်တဲ့စကားလုံးတွေကို သုံးရတယ်။—၁ ကော. ၁၄:၉

ကျောင်းက တချို့ကလေးတွေက မေးခွန်းမေးပေမဲ့လည်း ရှည်ရှည်ဝေးဝေးဖြေပေးနေရင် ငြီးငွေ့သွားကြတယ်။ သက်သေခံကလေးတွေက သူတို့နဲ့ အပြန်အလှန်ပြောမယ်၊ ကျိုးကြောင်းဆင်ခြင်မယ်ဆိုရင် သူတို့ရဲ့အာရုံကို ဖမ်းစားထားနိုင်မှာဖြစ်တယ်။ “ကျွန်မရဲ့ကျောင်းနေဖက်တွေက ရှင်းပြတာကိုမကြိုက်ဘူး၊ အပြန်အလှန်ပြောရတာကိုကြိုက်တယ်” လို့ ဆယ်နှစ်သမီးဖြစ်တဲ့ ဟန်ညိုက ပြောပြတယ်။ စကားအပြန်အလှန်ပြောနိုင်ဖို့ မေးခွန်းမေးပါ၊ သူတို့ရဲ့ရှုမြင်ပုံကို ပြောနေတဲ့အခါ ဂရုတစိုက်နားထောင်ပေးပါ။

အောက်ဖော်ပြပါ အပြန်အလှန်စကားပြောခန်းတွေက ခရစ်ယာန်ကလေးတွေ သူတို့ရဲ့ကျောင်းနေဖက်တွေနဲ့ ဘယ်လိုကျိုးကြောင်းဆင်ခြင်နိုင်တယ်ဆိုတာ ဖော်ပြတယ်။ ဒီအပြန်အလှန်စကားပြောခန်းတွေကို အလွတ်ကျက်ထားဖို့မဟုတ်ဘူး၊ ကလေးနှစ်ယောက်က တစ်ပုံစံတည်းမဖြစ်နိုင်သလို အခြေအနေတွေလည်းမတူတဲ့အတွက် ပြန်ဖြေပုံလည်း ကွာခြားသွားနိုင်ပါတယ်။ ဒါကြောင့် သက်သေခံလူငယ်က အဓိကအချက်ကို မှတ်သားပြီး အခြေအနေနဲ့ ကျောင်းနေဖက်အပေါ်မူတည်ပြီး ကိုယ်ပိုင်စကားနဲ့ သင့်တော်သလိုပြောသင့်တယ်။ သင့်မှာ ကျောင်းနေတဲ့အရွယ်ကလေးရှိတယ်ဆိုရင် သူတို့နဲ့အတူ ဒီအပြန်အလှန်ပြောဆိုစကားတွေကို လေ့ကျင့်ပါ။

ကလေးတွေကို လေ့ကျင့်သွန်သင်ရာမှာ အချိန်နဲ့ ကြိုးစားအားထုတ်မှုလိုပါတယ်။ ခရစ်ယာန်မိဘတွေက သူတို့ကလေးတွေရဲ့နှလုံးထဲမှာ ကျမ်းစာမူတွေ စွဲမှတ်စေလိုပြီး ဒီမူတွေနဲ့အညီအသက်ရှင်ခြင်းက အကျိုးရှိတယ်ဆိုတာ ယုံကြည်စေလိုတယ်။—တရား. ၆:၇; ၂ တိ. ၃:၁၄

သင်တို့ရဲ့ နောက်တစ်ကြိမ် မိသားစုဝတ်ပြုမှုညချမ်းမှာ ဒီဆောင်းပါးမှာပါတဲ့ အပြန်အလှန်စကားပြောခန်းကို လက်တွေ့လေ့ကျင့်ပါ။ ဒါက ဘယ်လောက်တောင်အကျိုးရှိတယ်ဆိုတာ သင်သိရပါလိမ့်မယ်။ စကားလုံးတွေကို အလွတ်ကျက်ဖို့မဟုတ်ဘူးဆိုတာ မှတ်သားပါ။ အခြေအနေတစ်ခုကို အကြိမ်ကြိမ်ပြန်သရုပ်ပြ၊ အမျိုးမျိုးတုံ့ပြန်ပြီး သင့်ကလေး ဘယ်လိုအလိုက်သင့်ပြန်ဖြေတယ်ဆိုတာကြည့်ပါ။ သူတို့ရဲ့ယုံကြည်ချက်ကို ယဉ်ကျေးစွာ၊ လိမ္မာပါးနပ်စွာ ကာကွယ်ပြောဆိုတတ်အောင် ကူညီပေးပါ။ အချိန်ကြာလာတာနဲ့အမျှ ကျောင်းနေဖက်တွေ၊ အိမ်နီးချင်းတွေနဲ့ ဆရာ/ဆရာမတွေရှေ့မှာ သူတို့ရဲ့ယုံကြည်ချက်ကို ဘယ်လို ကာကွယ်ပြောဆိုရမယ်ဆိုတာ သင်ပေးနိုင်ပါတယ်။

[စာမျက်နှာ ၄၊ ၅ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

မွေးနေ့ပွဲများ

ဖြူဖြူ- ဟေ့၊ ကျော်ကျော်။ ငါ့မွေးနေ့ပွဲကို လာခဲ့နော်။

ကျော်ကျော်- ငါ့ကိုဖိတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါနဲ့ နင်ဘာဖြစ်လို့ မွေးနေ့ပွဲလုပ်တာလဲ။

ဖြူဖြူ- ငါ့မွေးနေ့အတွက် ပွဲလုပ်တာလေ။ နင်ရော မလုပ်ဘူးလား။

ကျော်ကျော်- မလုပ်ဘူး။

ဖြူဖြူ- ဘာဖြစ်လို့မလုပ်တာလဲ။ ငါ့ကိုမွေးတုန်းက ငါ့မိသားစုက အရမ်းပျော်တာ။

ကျော်ကျော်- ငါ့မိသားစုလည်း အဲဒီလိုပါပဲ။ ငါ့ကိုမွေးတုန်းက သူတို့လည်း အရမ်းပျော်ကြတယ်။ ဒါပေမဲ့ ဒါက မွေးနေ့ပွဲကျင်းပရတဲ့ အကြောင်းပြချက်မဟုတ်ဘူးလို့ ငါထင်တယ်။ မွေးနေ့ပွဲမှာ မွေးနေ့ရှင်အများစုက ကိုယ့်ကိုယ်ကိုယ်အရမ်းအရေးပါတယ်လို့ ထင်ကြတာ။ တကယ်တော့ အဲဒါထက်အရေးကြီးတာတွေ အများကြီးရှိတယ်။

ဖြူဖြူ- ဒါဆို ငါမွေးနေ့ပွဲမလုပ်သင့်ဘူးလို့ နင်ဆိုလိုတာလား။

ကျော်ကျော်- ဒါကတော့ နင့်သဘောပါ။

ဖြူဖြူ- နင်က မွေးနေ့ပွဲလည်းမလုပ်ဘူးဆိုတော့ လက်ဆောင်လည်းမရတော့ ပျော်စရာလည်းမရှိဘူးပေါ့။

ကျော်ကျော်- ငါပျော်ပါတယ်။ လက်ဆောင်လည်းရပါတယ်။ ဒါပေမဲ့ ငါ့မိဘတွေက ငါ့ကိုလက်ဆောင်ပေးဖို့ ငါ့မွေးနေ့ရောက်တဲ့အထိ စောင့်မနေဘူး။ သူတို့ပေးချင်တဲ့အချိန်မှာ ပေးတယ်။ ဒါနဲ့ မွေးနေ့ပွဲတွေ ဘယ်လိုအစပြုလာသလဲဆိုတာ နင်မသိချင်ဘူးလား။

ဖြူဖြူ- ငါ့ကိုပြောပြမှာလား။

ကျော်ကျော်- အေး၊ မနက်ဖြန်ကျရင် ရှေးတုန်းကကျင်းပခဲ့တဲ့ မွေးနေ့ပွဲအကြောင်း စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ်ကို ငါပြောပြမယ်။

ရည်းစားထားခြင်း

သီတာ- နင့်မှာ ရည်းစားရှိလား။

ကေသီ- နင့်မှာရောရှိလား။

သီတာ- ရှိတယ်။

ကေသီ- ဒါဆို နင် ဘာဖြစ်လို့ရည်းစားထားတာလဲ။

သီတာ- အပျော်ပေါ့။ ငါ့သူငယ်ချင်း အားလုံးလိုလိုမှာ ရည်းစားရှိကြတယ်။ ရည်းစားထားတာ ပျော်ဖို့ကောင်းတယ်။ ချိန်းတွေ့ရတာလည်း စိတ်လှုပ်ရှားစရာကောင်းတယ်။ ဒါကြောင့် နင့်မှာရည်းစားရှိလားလို့မေးတာ။

ကေသီ- ငါ အိမ်ထောင်ပြုရမယ့်အသက်အရွယ်မရောက်သေးလို့ ရည်းစားမထားဘူး။ တကယ်တော့ အိမ်ထောင်ပြုလို့ရတဲ့ အရွယ်ရောက်တဲ့သူတွေမှ ရည်းစားထားသင့်တယ်။

သီတာ- ရည်းစားထားတာနဲ့ အိမ်ထောင်ပြုတာ ဘာဆိုင်လို့လဲ။ ရည်းစားထားတာ အပြစ်မှမဟုတ်တာ။

ကေသီ- သမီးရည်းစားတွေ လက်မထပ်ခင်မှာ ဘယ်လိုဖြစ်တတ်ကြတယ်ဆိုတာ နင်လည်း ကြားဖူးမှာပါ။ ချိန်းတွေ့ရာကနေ လွန်လွန်ကျူးကျူးတွေဖြစ်သွားကြတယ်။ လွန်လွန်ကျူးကျူးဖြစ်ရာကနေ ရောဂါဆိုးတွေ၊ မလိုချင်တဲ့ကိုယ်ဝန်တွေ ရလာနိုင်တယ်။ နောက်ပြီး ချိန်းတွေ့တာအချိန်လွန်သွားလို့ အိမ်မပြန်ရဲတာနဲ့ ခိုးရာလိုက်သွားကြတယ်။

သီတာ- ရည်းစားထားတဲ့သူတိုင်း အဲဒီလိုမဖြစ်ကြပါဘူး။

ကေသီ- ဟုတ်ပါတယ်။ ရည်းစားထားတဲ့သူတိုင်း အဲဒီလိုမဖြစ်ပေမဲ့ လူတွေရဲ့အမြင်မှာ ကိုယ်က မျက်နှာများတဲ့သူဖြစ်သွားနိုင်ပြီး ကိုယ်တကယ် အိမ်ထောင်ပြုမယ့်အချိန်ကျရင် ဒါတွေက အမည်းစက်ဖြစ်နိုင်တယ်။

သီတာ- နင်ပြောတာလည်း ဟုတ်သလိုလိုပဲ။

ကေသီ- ငါဘာကြောင့် ရည်းစားမထားသလဲဆိုတဲ့ ကျမ်းဆိုင်ရာအကြောင်းပြချက်ရှိတယ်။ နင်သိချင်တယ်ဆိုရင် နေ့လယ်ထမင်းစားချိန်မှာ ငါပြောပြမယ်။

ဆေးလိပ်

ဇော်မိုး- ဆေးလိပ်သောက်ကြည့်ပါလား။

ရန်နိုင်- ငါမသောက်ဘူး။ မင်းက ဘာဖြစ်လို့ ဆေးလိပ်သောက်တာလဲ။

ဇော်မိုး- ဘာမဆို စမ်းကြည့်ရတယ်။ ဒါမှ ယောက်ျားပီသတာကွ။

ရန်နိုင်- ဒီဆေးလိပ်သောက်တာ မင်းဘာအကျိုးရလို့လဲ။ ဆေးလိပ်ရဲ့ဆိုးကျိုးတွေကိုကော မင်းသိရဲ့လား။ မင်းဆေးလိပ်သောက်တာ မင်းမိဘတွေသိသလား။

ဇော်မိုး- ဒါတွေကို ငါမစဉ်းစားဘူး။

ရန်နိုင်- ငါဘာလို့ဆေးလိပ်မသောက်လဲဆိုတာ ခိုင်လုံတဲ့အကြောင်းပြချက်ရှိတယ်။ မင်းသိချင်လား။

ဇော်မိုး- မသိချင်ဘူး။

ရန်နိုင်- ကောင်းပါပြီ၊ မင်းသိချင်တဲ့အချိန်ကျရင် ငါပြောပြဖို့အသင့်ပါပဲ။

[ရုပ်ပုံ]

“ဟေ့၊ ကျော်ကျော်။ ငါ့မွေးနေ့ပွဲကို လာခဲ့နော်”

[စာမျက်နှာ ၃ ပါရုပ်ပုံ]

“မင်းဘာဖြစ်လို့ ဆေးလိပ်မသောက်တာလဲ”