မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်မှန်သောဝတ်ပြုရေးအတွက် စိတ်ထက်သန်ပါ

စစ်မှန်သောဝတ်ပြုရေးအတွက် စိတ်ထက်သန်ပါ

စစ်မှန်သောဝတ်ပြုရေးအတွက် စိတ်ထက်သန်ပါ

“စပါးရိတ်စရာ များစွာရှိ၏။ လုပ်သားတို့မူကား နည်းကြ၏။”—မ. ၉:၃၇

၁။ အရေးကြီးနေတဲ့အခါ သင် ဘယ်လိုလုပ်မလဲ။

ဒီနေ့မကုန်ခင် တစ်ယောက်ယောက်က သင့်အတွက် လုပ်ဆောင်ပေးရမယ့် စာရွက်စာတမ်းကိစ္စတစ်ခု ရှိနေတယ်။ သင် ဘာလုပ်မလဲ။ “အရေးကြီးနေလို့၊ ချက်ချင်းလုပ်ပေးပါ” လို့ သင်ပြောမှာဖြစ်တယ်။ အရေးကြီးတဲ့ချိန်းဆိုမှုတစ်ခုကို သင်သွားနေတယ်၊ ဒါပေမဲ့ သင်နောက်ကျနေပြီ။ ဘာလုပ်မလဲ။ ကားသမားကို “အရေးကြီးနေလို့၊ ကျေးဇူးပြု၍ မြန်မြန်မောင်းပါ” လို့ သင်ပြောမှာဖြစ်တယ်။ သင့်မှာ ပြီးအောင်လုပ်ရမယ့်အလုပ်တစ်ခုရှိနေပြီး သတ်မှတ်ထားတဲ့အချိန်ကလည်း ကုန်တော့မယ်ဆိုရင် သင် စိတ်လောနေပြီး မြန်နိုင်သမျှမြန်မြန် ကြိုးစားလုပ်မှာဖြစ်တယ်။

၂။ ဒီအချိန်မှာ ခရစ်ယာန်စစ်တွေအတွက် အရေးကြီးဆုံးအလုပ်က ဘာလဲ။

ယနေ့၊ ခရစ်ယာန်စစ်တွေအတွက် လူမျိုးအပေါင်းကလူတွေကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းထက် ပိုအရေးကြီးတဲ့အလုပ်မရှိဘူး။ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) ယေရှုပြောတာကိုကိုးကားပြီး တပည့်ဖြစ်သူမာကုက အဆုံးမရောက်မီ ဒီလုပ်ငန်းကို “ဦးစွာ” လုပ်ရမယ်လို့ ရေးခဲ့တယ်။ (မာ. ၁၃:၁၀) ဒီလိုလုပ်ဖို့ တကယ်ပဲ သင့်လျော်လှပါတယ်။ ဘာကြောင့်လည်းဆိုတော့ ယေရှုက “စပါးရိတ်စရာ များစွာရှိ၏။ လုပ်သားတို့မူကား နည်းကြ၏” လို့ပြောခဲ့တယ်။ ရိတ်သိမ်းတာကို အချိန်ဆွဲလို့မရဘူး၊ အချိန်မလွန်ခင် စုသိမ်းရမှာဖြစ်တယ်။—မ. ၉:၃၇

၃။ ဟောပြောဖို့ အရေးတကြီးလိုအပ်နေတာကို လူများစွာ ဘယ်လိုတုံ့ပြန်နေကြသလဲ။

ဟောပြောခြင်းလုပ်ငန်းက ဒီလောက်တောင် အရေးကြီးတဲ့အတွက် ကျွန်ုပ်တို့ရဲ့အချိန်နဲ့ ခွန်အားကို အတတ်နိုင်ဆုံး သုံးသင့်တယ်။ ချီးမွမ်းစရာကောင်းတာက လူများစွာဟာ ဒီလိုလုပ်ဆောင်နေကြတယ်။ တချို့က ရှေ့ဆောင်၊ ခရစ်ယာန်သာသနာပြုနဲ့ ဗေသလအိမ်တွေမှာ အချိန်ပြည့်အမှုဆောင်နိုင်ဖို့ သူတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို ရိုးရှင်းစေခဲ့တယ်။ သူတို့ရဲ့အသက်တာက အလွန် အလုပ်များလှပါတယ်။ သူတို့မှာ စွန့်လွှတ်စရာတွေလည်းများပြီး အခက်အခဲတွေလည်း များစွာရှိပါတယ်။ ဒါပေမဲ့ ယေဟောဝါ သူတို့ကို ကြွယ်ဝစွာကောင်းချီးပေးတယ်။ သူတို့အတွက် ကျွန်ုပ်တို့ ဝမ်းမြောက်ပါတယ်။ (လုကာ ၁၈:၂၈-၃၀ ကိုဖတ်ပါ။) အချိန်ပြည့်ကြွေးကြော်သူအဖြစ် မလုပ်ဆောင်နိုင်တဲ့ တခြားသူတွေကတော့ မိမိတို့ရဲ့ကလေးတွေ ကယ်တင်ခံရဖို့ ကူညီပေးခြင်းအပါအဝင် အသက်ကယ်လုပ်ငန်းမှာ အတတ်နိုင်ဆုံး ပါဝင်နေကြတယ်။—တရား. ၆:၆၊ ၇

၄။ တချို့သူတွေရဲ့ အရေးတကြီးသဘောထား ဘာကြောင့် ပျောက်ဆုံးသွားနိုင်သလဲ။

ကျွန်ုပ်တို့သိမြင်ခဲ့တဲ့အတိုင်း အရေးတကြီးသဘောထားက ကန့်သတ်ထားတဲ့အချိန်အတိုင်းအတာတစ်ခု၊ သတ်မှတ်ထားတဲ့အချိန်တစ်ခု၊ အဆုံးနဲ့ ဆက်စပ်လေ့ရှိတယ်။ ကျွန်ုပ်တို့ဟာ ဆုံးခန်းချိန်မှာ အသက်ရှင်နေတယ်ဆိုတာ ကျမ်းစာအထောက်အထားအပါအဝင် သမိုင်းအထောက်အထားများစွာ ရှိတယ်။ (မ. ၂၄:၃၊ ၃၃; ၂ တိ. ၃:၁-၅) ဒါပေမဲ့ အဆုံးရောက်လာမယ့် အချိန်အတိအကျကို ဘယ်သူမှ မသိဘူး။ “လောကစနစ်နိဂုံးပိုင်း၏နိမိတ်” နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ပြောတဲ့အချိန်မှာ ယေရှု ဒီလို တိတိကျကျပြောခဲ့တယ်– ‘ထိုနေ့ရက်နှင့် အချိန်နာရီကိုကား မည်သူမျှမသိ။ ကောင်းကင်တမန်တို့လည်း မသိ။ သားတော်လည်း မသိ။ ခမည်းတော်တစ်ဦးတည်းသာ သိတော်မူ၏။’ (မ. ၂၄:၃၆) ဒါကြောင့် နှစ်တွေကုန်လွန်လာတာနဲ့အမျှ အရေးတကြီးသဘောထားကို ဆက်ထိန်းသိမ်းဖို့ တချို့သူတွေ အခက်တွေ့လာနိုင်တယ်၊ အထူးသဖြင့် နှစ်ရှည်လများ စောင့်ခဲ့တဲ့သူတွေဖြစ်တယ်။ (သု. ၁၃:၁၂) တစ်ခါတလေ သင်လည်း ဒီလိုခံစားရသလား။ ယေဟောဝါဘုရားသခင်နဲ့ ယေရှုခရစ် ကျွန်ုပ်တို့ကို လုပ်ဆောင်စေလိုတဲ့ တာဝန်နဲ့ပတ်သက်လို့ အရေးတကြီးသဘောထားကိုမွေးမြူပြီး ဆက်ထိန်းသိမ်းထားဖို့ ဘာက ကူညီပေးနိုင်သလဲ။

ကျွန်ုပ်တို့ရဲ့စံနမူနာရှင် ယေရှု

၅။ ဘုရားသခင့်အမှုတော်မှာ အရေးတကြီးသဘောထားရှိကြောင်း ယေရှု ဘယ်လို တင်ပြခဲ့သလဲ။

ဘုရားသခင့်အမှုတော်အတွက် အရေးတကြီးသဘောထား တင်ပြခဲ့သူတွေထဲမှာ ယေရှုခရစ်က အကောင်းဆုံး စံနမူနာရှင်ဖြစ်တယ်။ ကိုယ်တော် အရေးတကြီးသဘောထားတင်ပြရတဲ့ အကြောင်းရင်းတစ်ခုက သုံးနှစ်ခွဲအတွင်းမှာ လုပ်ဆောင်စရာများစွာ ရှိလို့ဖြစ်တယ်။ စစ်မှန်တဲ့ဝတ်ပြုရေးအတွက် တခြားသူတွေလုပ်ဆောင်ပြီးမြောက်ခဲ့တာထက် ယေရှုက ပိုပြီး လုပ်ဆောင်ခဲ့တယ်။ ခမည်းတော်ရဲ့နာမနဲ့ ရည်ရွယ်ချက်ကို သိရှိစေခဲ့တယ်၊ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောခဲ့တယ်၊ ဝတ်ပြုရေးခေါင်းဆောင်တွေရဲ့ အရေခြုံမှုနဲ့ သွန်သင်ချက်အမှားတွေကို ဖော်ထုတ်ခဲ့တယ်၊ ယေဟောဝါရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သေဆုံးချိန်အထိ ထောက်ခံခဲ့တယ်။ ကိုယ်တော်ရောက်တဲ့နေရာတိုင်းမှာ လူတွေကို သွန်သင်၊ ကူညီ၊ ကုသပေးခဲ့တယ်။ (မ. ၉:၃၅) ဒီလောက်အချိန်တိုလေးအတွင်းမှာ ဘယ်သူမှ ယေရှုလောက် မလုပ်ဆောင်နိုင်ဘူး။ ကိုယ်တော် အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်ခဲ့တယ်။—ယော. ၁၈:၃၇

၆။ ယေရှုရဲ့အသက်တာမှာ ဘာကိုပဲ အဓိကအာရုံစိုက် လုပ်ဆောင်ခဲ့သလဲ။

မိမိမြေကြီးပေါ်အမှုဆောင်ချိန်အတွင်းမှာ မမောနိုင်မပန်းနိုင်လုပ်ဆောင်ဖို့ ယေရှုကို ဘာက လှုံ့ဆော်ခဲ့သလဲ။ ကိုယ်တော်ဟာ ဒံယေလပရောဖက်ပြုချက်ကနေ ယေဟောဝါရဲ့ အချိန်ဇယားမှာ မိမိအလုပ်လုပ်ဖို့ အချိန်ဘယ်လောက်ရတယ်ဆိုတာ သိခဲ့တယ်။ (ဒံ. ၉:၂၇) ကျမ်းစာဖော်ပြချက်အရ မိမိရဲ့မြေကြီးပေါ်အမှုဆောင်ချိန်က “သီတင်းတစ်ဝက်” ဒါမှမဟုတ် သုံးနှစ်ခွဲအပြီးမှာ အဆုံးသတ်မှာဖြစ်တယ်။ စီအီး ၃၃၊ နွေဦးမှာ အောင်ပွဲခံဘုရင်တစ်ပါးအဖြစ် ဂျေရုဆလင်မြို့ထဲဝင်ပြီး မကြာမီမှာ ယေရှုက “လူသားဘုန်းထင်ရှားရမည့်အချိန် ကျရောက်လာပြီ” လို့ပြောခဲ့တယ်။ (ယော. ၁၂:၂၃) မိမိသေဆုံးရတော့မယ့်အချိန် နီးကပ်လာပြီဆိုတာ ယေရှုသိပေမဲ့ ဒီအပေါ်မှာပဲ အာရုံရောက်နေမယ့်အစား သူလုပ်ရမယ့်အလုပ်ကိုပဲ အာရုံစိုက်ခဲ့တယ်။ ခမည်းတော်ရဲ့အလိုတော်ဆောင်ဖို့နဲ့ လူသားချင်းတွေကို မေတ္တာပြဖို့ အခွင့်အရေးမှန်သမျှကို အသုံးချခဲ့တယ်။ တပည့်တွေကို ရွေးချယ်၊ လေ့ကျင့်ပေးပြီး ဟောပြောခြင်းလုပ်ငန်းအတွက် စေလွှတ်ဖို့ ဒီမေတ္တာက လှုံ့ဆော်ခဲ့တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တပည့်တွေဟာ ကိုယ်တော်အစပြုခဲ့တဲ့လုပ်ငန်းကို ဆက်လုပ်ပြီး ကိုယ်တော်လုပ်ခဲ့တာထက် ပိုကြီးမားတဲ့အတိုင်းအတာနဲ့ ပြီးမြောက်နိုင်မှာဖြစ်တယ်။—ယောဟန် ၁၄:၁၂ ကိုဖတ်ပါ။

၇၊ ၈။ ဝတ်ပြုရာအိမ်တော်မှာ ယေရှုလုပ်ဆောင်ခဲ့ရာတွေက တပည့်တွေကို ဘယ်အချက်ကို သတိရစေသလဲ။ ယေရှု ဘာကြောင့် အဲဒီလိုလုပ်ခဲ့တာလဲ။

ယေရှုအသက်တာရဲ့ အဖြစ်အပျက်တစ်ခုမှာ ကိုယ်တော်ရဲ့ စိတ်ထက်သန်မှုကို အထင်အရှားတွေ့ရတယ်။ အဲဒါက ကိုယ်တော့်မြေကြီးပေါ်အမှုဆောင်ခြင်းအစပိုင်း စီအီး ၃၀၊ ပသခါပွဲရာသီမှာဖြစ်တယ်။ ယေရှုနဲ့ ကိုယ်တော့်တပည့်တွေက ဂျေရုဆလင်မြို့ကို ရောက်လာတဲ့အခါ ဝတ်ပြုရာအိမ်တော်မှာ “သိုး၊ နွား၊ ချိုးငှက်ရောင်းသောသူတို့နှင့် ငွေလဲသောသူတို့ ထိုင်နေကြ” တာကို တွေ့ခဲ့တယ်။ ယေရှု ဘယ်လိုတုံ့ပြန်ခဲ့သလဲ၊ အဲဒီတုံ့ပြန်ပုံကိုကြည့်ပြီး တပည့်တွေ ဘာကိုသတိရခဲ့ကြသလဲ။—ယောဟန် ၂:၁၃-၁၇ ကိုဖတ်ပါ။

အဲဒီတုန်းက ယေရှုပြောဆိုလုပ်ဆောင်ခဲ့ရာတွေက တပည့်တွေရဲ့စိတ်ထဲ ဆာလံဆရာဒါဝိဒ်ပြောခဲ့တဲ့ “ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ် [“စိတ်ထက်သန်ခြင်း၊” ကဘ] သည် အကျွန်ုပ်ကိုစားပါ၏” ဆိုတဲ့ပရောဖက်ပြုချက်စကားကို သတိရစေတယ်။ (ဆာ. ၆၉:၉) အကြောင်းကတော့ အရမ်းအန္တရာယ်များတဲ့ကြားထဲက ယေရှုလုပ်ဆောင်ခဲ့လို့ဖြစ်တယ်။ ဝတ်ပြုရာအိမ်တော်မှာ အာဏာရှိတဲ့ ယဇ်ပုရောဟိတ်တွေ၊ ကျမ်းတတ်တွေနဲ့ အခြားသူတွေက အဲဒီအမြတ်ကြီးစားစီးပွားရေးလုပ်ငန်းကို နောက်ကွယ်ကနေ ကြိုးကိုင်ထားကြတယ်။ သူတို့ရဲ့လုပ်ရပ်ကို ဖော်ထုတ်ပြီး စီးပွားပျက်စေခြင်းက အဲဒီအချိန်က ဝတ်ပြုရေးခေါင်းဆောင်တွေကို ရန်စလိုက်တာနဲ့တူတယ်။ တပည့်တွေ မှန်ကန်စွာကောက်ချက်ချခဲ့သလို ‘ဘုရားသခင့်အိမ်တော်အတွက် စိတ်ထက်သန်မှု’ ဒါမှမဟုတ် စစ်မှန်တဲ့ဝတ်ပြုရေးအတွက် စိတ်ထက်သန်မှုကို အထင်အရှားတွေ့ခဲ့ရတယ်။ ဒါဆိုရင် စိတ်ထက်သန်ခြင်းဆိုတာ ဘာလဲ။ အဲဒါက အရေးတကြီးသဘောထားနဲ့ ကွာခြားသလား။

အရေးတကြီးသဘောထားနဲ့ စိတ်ထက်သန်မှုရဲ့ ကွာခြားချက်

၉။ စိတ်ထက်သန်မှုကို ဘယ်လိုရှင်းပြနိုင်သလဲ။

အဘိဓာန်တစ်အုပ်က “စိတ်ထက်သန်မှု” ကို “အရာတစ်ခုခုကို အပူတပြင်းလုပ်ဆောင်ခြင်း၊ အားတက်သရောလုပ်ဆောင်ခြင်း” လို့ အဓိပ္ပာယ်ဖွင့်ဆိုပြီး သူ့ရဲ့ကြောင်းတူသံကွဲစကားလုံးတွေက စိတ်ဇော၊ ထက်သန်တက်ကြွ၊ စိတ်အဟုန် စတာတွေဖြစ်တယ်။ ယေရှုမြေကြီးပေါ်အမှုဆောင်ခြင်းကို အဲဒီစကားလုံးအားလုံးနဲ့ ဖော်ပြနိုင်တယ်ဆိုတာ သေချာတယ်။ ခေတ်သုံးမြန်မာသမ္မာကျမ်းက ဒီကျမ်းချက်ကို ‘ကိုယ်တော်၏ ဝတ်ပြုရာအိမ်တော်ကို စွဲလမ်းမှုသည် ကျွန်တော်မျိုး၏ စိတ်အတွင်း၌ မီးကဲ့သို့ ဟုန်းဟုန်းတောက်လောင်လျက်ရှိပါ၏’ လို့ပြန်ဆိုတယ်။ စိတ်ဝင်စားစရာက အရှေ့တိုင်းဘာသာစကားတချို့မှာ “စိတ်ထက်သန်မှု” ကို စိတ်နှလုံးမှာ မီးလောင်နေသလို “ပူသောစိတ်နှလုံး” ဆိုပြီး စကားလုံးနှစ်လုံးကို ပေါင်းထားတယ်။ ဝတ်ပြုရာအိမ်တော်မှာ ယေရှုရဲ့လုပ်ဆောင်မှုကိုတွေ့တဲ့အခါ တပည့်တွေ ဒါဝိဒ်ရဲ့စကားကို သတိရကြတာက အံ့ဩစရာမဟုတ်ဘူး။ စိတ်နှလုံးတောက်လောင်သလို ခံစားရစေဖို့၊ အဲဒီလိုနည်းနဲ့တုံ့ပြန်ဖို့ ယေရှုကို ဘာက လှုံ့ဆော်ခဲ့တာလဲ။

၁၀။ သမ္မာကျမ်းစာမှာအသုံးပြုထားတဲ့ “စိတ်ထက်သန်မှု” ဆိုတဲ့စကားလုံးက ဘာအဓိပ္ပာယ်ရှိသလဲ။

၁၀ ဒါဝိဒ်ရဲ့ဆာလံကျမ်းမှာပါတဲ့ “စိတ်ထက်သန်မှု” က “ဝန်တိုမှု” လို့လည်းပြန်ဆိုတဲ့ ဟေဗြဲစကားလုံးက ဆင်းသက်လာတာဖြစ်တယ်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းမှာ အဲဒီစကားလုံးကို ‘ဝန်တို’ လို့လည်းပြန်ဆိုတယ်။ (၂ ကောရိန္သု ၁၁:၂ ကိုဖတ်ပါ။) ကျမ်းစာအဘိဓာန်တစ်အုပ်က “အဲဒီစကားလုံးကို အိမ်ထောင်ဆက်ဆံရေးနဲ့ ဆက်နွှယ်အသုံးပြုလေ့ရှိတယ်လို့ ဖော်ပြတယ်။ . . . အကြောင်းကတော့ ဇနီးမောင်နှံတွေက တစ်ဦးကိုတစ်ဦး ပိုင်ဆိုင်တဲ့အတွက် ဝန်တိုနိုင်တဲ့ အခွင့်အရေးရှိတယ်။ ဘုရားသခင်လည်း မိမိပိုင်ဆိုင်တဲ့ ဝတ်ပြုသူတွေရဲ့ အကြွင်းမဲ့ဝတ်ပြုမှုနဲ့ပတ်သက်ပြီး ဝန်တိုပိုင်ခွင့်ရှိတယ်။” ဒါကြောင့် ဒါဝိဒ်ရဲ့ စိတ်ထက်သန်မှုက အပြုသဘောဆောင်ပြီး ယှဉ်ပြိုင်မှု၊ စော်ကားပြောဆိုမှုကို သည်းမခံတာ၊ နာမည်ကောင်းကိုကာကွယ်ဖို့၊ လွဲမှားနေတာတွေကို ပြုပြင်တည့်မတ်ပေးဖို့ စိတ်အားကြီးခြင်းဖြစ်တယ်။

၁၁။ စိတ်ထက်သန်စွာလုပ်ဆောင်ဖို့ ယေရှုကို ဘာက လှုံ့ဆော်ခဲ့သလဲ။

၁၁ တပည့်တွေက ဝတ်ပြုရာအိမ်တော်မှာ ယေရှုလုပ်ခဲ့တဲ့လုပ်ရပ်ကို ဒါဝိဒ်ရဲ့စကားတွေနဲ့ ဆက်စပ်ခဲ့တာ မှန်ကန်ပါတယ်။ အချိန်အကန့်အသတ်ကြောင့်သာမဟုတ်ဘဲ ခမည်းတော်ရဲ့နာမတော်၊ စင်ကြယ်တဲ့ဝတ်ပြုရေးအတွက် ယေရှု စိတ်ထက်သန်၊ ဝန်တိုခဲ့တာဖြစ်တယ်။ ဘုရားသခင့်နာမတော် ကဲ့ရဲ့ရှုတ်ချခံနေရတာတွေကို မြင်ရတဲ့အခါ တော်မှန်တဲ့စိတ်ထက်သန်မှုနဲ့ ဝန်တိုမှုပေါ်လာပြီး အခြေအနေကို ပြုပြင်တည့်မတ်ပေးခဲ့တယ်။ နိမ့်ကျတဲ့သူတွေကို ဂျူးဝတ်ပြုရေးခေါင်းဆောင်တွေ ဖိနှိပ်တာ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်တာကို မြင်တွေ့ရတဲ့အခါ သူတို့ရဲ့ မတရားဖိနှိပ်မှုကို ဖော်ထုတ်ဖို့နဲ့ လူတွေကို လွတ်မြောက်အောင်လုပ်ပေးဖို့ ကိုယ်တော်ရဲ့စိတ်ထက်သန်မှုက လှုံ့ဆော်ခဲ့တယ်။—မ. ၉:၃၆; ၂၃:၂၊ ၄၊ ၂၇၊ ၂၈၊ ၃၃

စစ်မှန်တဲ့ဝတ်ပြုရေးအတွက် စိတ်ထက်သန်ပါ

၁၂၊ ၁၃။ ယနေ့ ခရစ်ယာန်ဘောင် ဘာသာရေးခေါင်းဆောင်တွေက (က) ဘုရားသခင့်နာမတော် (ခ) ဘုရားသခင့်နိုင်ငံတော်နဲ့ပတ်သက်ပြီး ဘာတွေလုပ်ဆောင်နေကြသလဲ။

၁၂ ယနေ့ ဘုရားသခင်ကိုဝတ်ပြုပါတယ်လို့ ပြောတဲ့သူတွေရဲ့ သဘောထားနဲ့ အပြုအမူတွေက ယေရှုခေတ်ကလူတွေရဲ့ အခြေအနေနဲ့ အတူတူပဲ။ ဥပမာ၊ ယေရှုက မိမိရဲ့နောက်လိုက်တွေကို ဆုတောင်းဖို့သင်ပေးတဲ့အခါ ဦးဆုံးအနေနဲ့ ဘုရားသခင့်နာမတော်နဲ့ပတ်သက်ပြီး “ကိုယ်တော်၏နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ” ဆိုပြီး သင်ပေးခဲ့တာကို သတိရပါ။ (မ. ၆:၉) ဝတ်ပြုရေးခေါင်းဆောင်တွေ အထူးသဖြင့် ခရစ်ယာန်ဘောင်ဓမ္မဆရာတွေက ဘုရားသခင့်နာမတော်ကို လူတွေသိရှိဖို့၊ သန့်ရှင်းမြင့်မြတ်စေဖို့ ဒါမှမဟုတ် ဂုဏ်တင်ဖို့သင်ပေးတာကို သင် တွေ့ရသလား။ အဲဒီအစား သုံးပါးပေါင်းတစ်ဦးဘုရားသခင်၊ မသေနိုင်တဲ့ဝိညာဉ်၊ မီးငရဲ စတဲ့အကြောင်းအရာတွေကို သွန်သင်ပေးခြင်းအားဖြင့် ဘုရားသခင်ကို လျှို့ဝှက်နက်နဲရာ၊ နားမလည်နိုင်တဲ့အရာ၊ ရက်စက်ကြမ်းကြုတ်တဲ့အရှင်အဖြစ် ထင်မြင်သွားစေတယ်။ သူတို့ရဲ့ ကျော်မကောင်းကြားမကောင်းလုပ်ရပ်တွေ၊ အရေခြုံဟန်ဆောင်မှုတွေအားဖြင့် ဘုရားသခင့်နာမတော်ကို ရှုတ်ချနေကြတယ်။ (ရောမ ၂:၂၁-၂၄ ကိုဖတ်ပါ။) ဘုရားသခင့်ကိုယ်ပိုင်နာမတော်ကို လူတွေမသိနိုင်အောင် နည်းလမ်းမျိုးစုံနဲ့လုပ်ဆောင်ခဲ့ပြီး အဲဒီနာမတော်ကို ဘာသာပြန်ကျမ်းစာတွေကနေ ဖယ်ရှားတဲ့အထိ ပြုလုပ်ခဲ့ကြတယ်။ လူတွေဘုရားသခင်ထံမချဉ်းကပ်နိုင်အောင်၊ ကိုယ်တော်နဲ့ ကောင်းတဲ့ဆက်ဆံရေးမရှိနိုင်အောင် ပြုလုပ်ခဲ့ကြတယ်။—ယာ. ၄:၇၊ ၈

၁၃ ယေရှုက မိမိရဲ့နောက်လိုက်တွေကို “နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ” လို့ ဘုရားသခင့်နိုင်ငံတော်နဲ့ပတ်သက်ပြီး ဆုတောင်းဖို့ကိုလည်း သင်ပေးခဲ့တယ်။ (မ. ၆:၁၀) ခရစ်ယာန်ဘောင် ဘာသာရေးခေါင်းဆောင်တွေက ဒီဆုတောင်းချက်ကို အထပ်ထပ် ရွတ်ဆိုနေကြပေမဲ့ နိုင်ငံရေးနဲ့ တခြားလူ့အဖွဲ့အစည်းတွေကို ထောက်ခံဖို့ လူတွေကို အားပေးအားမြှောက်ပြုကြတယ်။ ဒါ့အပြင် ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောသက်သေခံနေတဲ့သူတွေကို အထင်အမြင်သေးကြတယ်။ ဒါကြောင့် ခရစ်ယာန်လို့ အမည်ခံထားသူတွေက ဘုရားသခင့်နိုင်ငံတော်အကြောင်း မပြောဆိုကြတော့တဲ့အပြင် ယုံလည်းမယုံကြတော့ဘူး။

၁၄။ ခရစ်ယာန်တရားဟောဆရာတွေက ဘုရားသခင့်စကားတော်ကို ဘယ်လိုနည်းနဲ့ လျစ်လျူရှုကြသလဲ။

၁၄ ဘုရားသခင်ထံ ယေရှုဆုတောင်းတဲ့အခါ “ကိုယ်တော်၏တရားစကားတော်သည် အမှန်တရားဖြစ်ပါ၏” ဆိုပြီး ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်။ (ယော. ၁၇:၁၇) ယေရှု မြေကြီးပေါ်ရှိစဉ်က မိမိရဲ့လူမျိုးတွေကို ပုံဆောင်အစာကျွေးမွေးဖို့ “သစ္စာနှင့်သတိပညာရှိသောကျွန်” ကိုခန့်အပ်မယ်လို့ ပြောခဲ့တယ်။ (မ. ၂၄:၄၅) သမ္မာကျမ်းစာအကြောင်း လူတွေကိုသွန်သင်ပေးနေပါတယ်လို့ပြောတဲ့ ခရစ်ယာန်တရားဟောဆရာတွေက သခင်အပ်နှင်းခဲ့တဲ့အလုပ်ကို သစ္စာရှိရှိလုပ်ဆောင်နေကြသလား။ မလုပ်ဆောင်ကြပါဘူး။ သူတို့က သမ္မာကျမ်းစာပါအကြောင်းအရာတွေကို ပုံပြင်ဒဏ္ဍာရီအလား လူတွေထင်မြင်ယူဆအောင် ပြုလုပ်နေကြတယ်။ ခရစ်ယာန်တရားဟောဆရာတွေက သူတို့ရဲ့သိုးတွေကို ကျမ်းစာသွန်သင်ချက်တွေနဲ့ နှစ်သိမ့်အားပေးမယ့်အစား သူတို့ရဲ့နောက်လိုက်တွေအကြိုက် လူ့အတွေးအခေါ်တွေကိုသာ ပြောဆိုခြင်းအားဖြင့် နားယားပြေစေကြတယ်။ ဒါ့အပြင် ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ ကျမ်းစာစံနှုန်းတွေကို လျစ်လျူရှုပြီး ကိုယ်ကျင့်တရားအသစ်လို့ သူတို့ခေါ်ဆိုတဲ့အရာတွေကို သွန်သင်ပေးကြတယ်။—၂ တိ. ၄:၃၊ ၄

၁၅။ ဘုရားသခင့်နာမတော်ကို ခုတုံးလုပ်ပြီး လုပ်ဆောင်နေတဲ့ ခရစ်ယာန်တရားဟောဆရာတွေရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး သင်ဘယ်လိုခံစားရသလဲ။

၁၅ သမ္မာကျမ်းစာမှာပါတဲ့ ဘုရားသခင့်နာမတော်ကို ခုတုံးလုပ်ပြီး ခရစ်ယာန်တရားဟောဆရာတွေ ပြုလုပ်နေတဲ့အရာတွေကြောင့် စိတ်နှလုံးရိုးဖြောင့်သူတွေက စိတ်ပျက်လာပြီး ဘုရားသခင်နဲ့ သမ္မာကျမ်းစာအပေါ် အယုံအကြည်လုံးဝမရှိတော့ဘဲ စာတန်နဲ့ ဆိုးယုတ်တဲ့စနစ်ရဲ့ သားကောင်တွေဖြစ်သွားကြတယ်။ အဲဒီလိုအဖြစ်အပျက်တွေ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတာကို သင်မြင်ရ၊ ကြားရတဲ့အခါ ဘယ်လိုခံစားရသလဲ။ ယေဟောဝါရဲ့ကျေးကျွန်တစ်ဦးအနေနဲ့ ဘုရားသခင့်နာမတော် ရှုတ်ချခံနေရတာကို မြင်တဲ့အခါ အဲဒါကိုဖြေရှင်းဖို့ သင်လုပ်ဆောင်နိုင်ရာကို လုပ်ဆောင်ဖို့ လှုံ့ဆော်ခံရတယ် မဟုတ်လား။ စိတ်ရင်းမှန်တဲ့သူတွေ၊ စိတ်နှလုံးရိုးဖြောင့်သူတွေ လှည့်စားခံရပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်ခံနေရတာကို သင်တွေ့တဲ့အခါ ဖိနှိပ်ခံနေရတဲ့သူတွေကို နှစ်သိမ့်ပေးဖို့ လှုံ့ဆော်ခံရတယ် မဟုတ်လား။ မိမိခေတ်ကလူတွေ “အရေဆုတ်ခြင်း၊ ပစ်ထားခြင်းခံရသည့် ထိန်းသူမဲ့သိုးများကဲ့သို့” ဖြစ်နေတာကို ယေရှုမြင်တွေ့ရတဲ့အခါ သနားရုံလောက်ပဲမဟုတ်ဘူး။ ကိုယ်တော် သူတို့ကို “များစွာသွန်သင်” ပေးခဲ့တယ်။ (မ. ၉:၃၆; မာ. ၆:၃၄) ကျွန်ုပ်တို့လည်း စစ်မှန်တဲ့ဝတ်ပြုရေးအတွက် ယေရှုလို စိတ်ထက်သန်ဖို့ အကြောင်းရင်းများစွာရှိပါတယ်။

၁၆၊ ၁၇။ (က) ခရစ်ယာန်ဓမ္မအမှုမှာ ကျွန်ုပ်တို့ကြိုးစားပါဝင်ဖို့ ဘယ်အရာက လှုံ့ဆော်ပေးသင့်သလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာအကြောင်းဆွေးနွေးကြမလဲ။

၁၆ ကျွန်ုပ်တို့ရဲ့ခရစ်ယာန်ဓမ္မအမှုမှာ စိတ်ထက်သန်မှုရှိတဲ့အခါ ၁ တိမောသေ ၂:၃၊ ၄ မှာပါတဲ့ တမန်တော်ပေါလုရဲ့စကားတွေက ပိုပြီးအဓိပ္ပာယ်ရှိလာတယ်။ (ဖတ်ပါ။) ကျွန်ုပ်တို့ ခရစ်ယာန်ဓမ္မအမှုမှာ ကြိုးစားပါဝင်နေတာက နောက်ဆုံးကာလမှာ အသက်ရှင်နေရတယ်ဆိုတာကို သိလို့ပဲမဟုတ်ဘူး၊ အဲဒါက ကိုယ်တော့်အလိုတော်ဖြစ်တယ်ဆိုတာ သိထားတဲ့အတွက်ကြောင့်လည်းဖြစ်တယ်။ လူတွေ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ပြီး ကောင်းချီးခံစားရဖို့ အမှန်တရားနဲ့ဆိုင်တဲ့ အသိပညာကိုသိရှိဖို့ ကိုယ်တော်အလိုရှိတယ်။ ခရစ်ယာန်ဓမ္မအမှုမှာ ကျွန်ုပ်တို့ကြိုးစားပါဝင်နေတာက အချိန်သိပ်မကျန်တော့တဲ့အတွက်ကြောင့်ပဲမဟုတ်ဘူး၊ ဘုရားသခင့်နာမတော်ကို ဂုဏ်တင်လိုပြီး လူတွေကို ကိုယ်တော့်အလိုတော်အကြောင်း သိရှိအောင် ကူညီပေးလိုတဲ့အတွက်ဖြစ်တယ်။ စစ်မှန်တဲ့ဝတ်ပြုရေးအတွက် ကျွန်ုပ်တို့စိတ်ထက်သန်ကြတယ်။—၁ တိ. ၄:၁၆

၁၇ ယေဟောဝါရဲ့လူမျိုးအနေနဲ့ ကျွန်ုပ်တို့ဟာ လူသားတွေနဲ့ ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်အကြောင်း အမှန်တရားကိုသိရှိထားကြတယ်။ ဒါကြောင့် လူသားတွေ ပျော်ရွှင်မှုခံစားရပြီး အနာဂတ်နဲ့ပတ်သက်တဲ့ သေချာတဲ့မျှော်လင့်ချက်အကြောင်းသိရှိဖို့ ကူညီပေးနိုင်တဲ့အနေအထား ကျွန်ုပ်တို့မှာရှိတယ်။ စာတန့်စနစ်အပေါ် ဖျက်ဆီးခြင်းဘေးကျရောက်တဲ့အခါ သူတို့ကာကွယ်ခံရနိုင်မယ့်နည်းလမ်းကို ကျွန်ုပ်တို့ညွှန်ပြပေးနိုင်ကြတယ်။ (၂ သက်. ၁:၇-၉) ယေဟောဝါရဲ့နေ့ နှောင့်နှေးနေပုံပေါက်တဲ့အတွက် စိတ်ပျက်အားလျော့နေမယ့်အစား စစ်မှန်တဲ့ဝတ်ပြုရေးအတွက် စိတ်ထက်သန်မှုပြဖို့ အချိန်ရနေသေးတဲ့အတွက် ကျွန်ုပ်တို့ဝမ်းမြောက်သင့်ပါတယ်။ (မိ. ၇:၇; ဟဗ. ၂:၃) ကျွန်ုပ်တို့ရဲ့ စိတ်ထက်သန်မှုကို ဘယ်လိုတိုးပွားစေနိုင်မလဲ။ ဒီအကြောင်းကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

သင် ရှင်းပြနိုင်သလား

• ခရစ်ယာန်ဓမ္မအမှုမှာ မမောနိုင်မပန်းနိုင်လုပ်ဆောင်ဖို့ ယေရှုကို အဘယ်အရာက လှုံ့ဆော်ပေးခဲ့သလဲ။

• သမ္မာကျမ်းစာမှာ အသုံးပြုထားတဲ့ စိတ်ထက်သန်မှုက ဘာအဓိပ္ပာယ်ရှိသလဲ။

• ယနေ့ ကျွန်ုပ်တို့တွေ့မြင်နေရတဲ့ ဘယ်အရာတွေက စစ်မှန်တဲ့ဝတ်ပြုရေးမှာ စိတ်ထက်သန်စွာပါဝင်ဖို့ လှုံ့ဆော်ပေးသင့်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၈ ပါရုပ်ပုံ]

ခမည်းတော်ရဲ့အလိုတော်ကို လုပ်ဆောင်ဖို့နဲ့ လူသားချင်းအပေါ် မေတ္တာပြဖို့ ယေရှု အဓိကအာရုံစိုက်ခဲ့

[စာမျက်နှာ ၁၀ ပါရုပ်ပုံ]

စစ်မှန်တဲ့ဝတ်ပြုရေးအတွက် စိတ်ထက်သန်ဖို့ ကျွန်ုပ်တို့မှာ အကြောင်းရင်းများစွာရှိ