မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယခုအချိန်သည် အထူးနှစ်သက်လက်ခံဖွယ်အချိန် ဖြစ်၏”

ယခုအချိန်သည် အထူးနှစ်သက်လက်ခံဖွယ်အချိန် ဖြစ်၏”

ယခုအချိန်သည် အထူးနှစ်သက်လက်ခံဖွယ်အချိန် ဖြစ်၏”

“ယခုအချိန်သည် အထူးနှစ်သက်လက်ခံဖွယ်အချိန် ဖြစ်၏။ ကယ်တင်ရာနေ့ရက်လည်း ဖြစ်၏။” —၂ ကော. ၆:၂

၁။ ရ,ထားတဲ့အချိန်မှာ အရေးတကြီးလုပ်ဆောင်ရမယ့်အလုပ်ကို ဘာကြောင့် ပိုင်းခြားသိမြင်ဖို့လိုသလဲ။

“ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှအသီးအသီးတို့ကို ပြုရသောအချိန်ရှိ၏။” (ဒေ. ၃:၁) ထွန်ယက်စိုက်ပျိုးဖို့၊ ခရီးသွားဖို့၊ စီးပွားရေးလုပ်ဖို့၊ တခြားသူတွေနဲ့ ပြောဆိုဆက်သွယ်ဖို့စတဲ့ လုပ်သင့်လုပ်အပ်ရာတွေကို လုပ်ဆောင်ရာမှာ အသင့်တော်ဆုံးအချိန်ကို ပိုင်းခြားသိမြင်ဖို့အရေးကြီးကြောင်း ရှောလမုန် ရေးသားခဲ့တယ်။ ဒါပေမဲ့ ရ,ထားတဲ့အချိန်မှာ ဘယ်အလုပ်ကို အရေးတကြီးလုပ်ဆောင်ရမယ်ဆိုတာကိုလည်း ပိုင်းခြားသိမြင်ဖို့လိုတယ်။ နောက်တစ်မျိုးပြောရမယ်ဆိုရင် ကျွန်ုပ်တို့ ဦးစားပေးလုပ်ရမယ့်အလုပ်တွေကို နေရာမှန်မှာထားရမယ်။

၂။ ယေရှုဟောပြောချိန်အတွင်းမှာ မိမိအသက်ရှင်နေတဲ့အချိန်ရဲ့ အရေးတကြီးဖြစ်မှုကို ကိုယ်တော်သိရှိကြောင်း ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။

ယေရှု မြေကြီးပေါ်မှာရှိစဉ်တုန်းက မိမိအသက်ရှင်နေတဲ့အချိန်ရဲ့ အရေးတကြီးဖြစ်မှုနဲ့ မိမိလုပ်ဆောင်ရမယ့်အလုပ်ကို ကောင်းကောင်း သိမြင်ခဲ့တယ်။ ဒါကြောင့် နှစ်ပေါင်းကြာရှည်စွာ စောင့်ဆိုင်းခဲ့ရတဲ့ မေရှိယနဲ့ပတ်သက်တဲ့ပရောဖက်ပြုချက် ပြည့်စုံတော့မယ်ဆိုတာ ကိုယ်တော်သိခဲ့တယ်။ (၁ ပေ. ၁:၁၁; ဗျာ. ၁၉:၁၀) မိမိဟာ ကတိထားရာမေရှိယဖြစ်ကြောင်း လူတွေသိအောင် လုပ်ရမှာဖြစ်တယ်။ ဘုရားသခင့်နိုင်ငံတော်အမှန်တရားအကြောင်း စေ့စေ့စပ်စပ် သက်သေခံရမှာဖြစ်ပြီး အနာဂတ်မှာ ကိုယ်တော်နဲ့အတူ အမွေခံမယ့်သူတွေကိုလည်း စုသိမ်းရမှာဖြစ်တယ်။ မြေကြီးစွန်းတိုင်အောင် ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းကို လုပ်ဆောင်မယ့် ခရစ်ယာန်အသင်းတော်ကိုလည်း အုတ်မြစ်ချရမှာဖြစ်တယ်။—မာ. ၁:၁၅

၃။ အချိန်အခါရဲ့ အရေးကြီးမှုကို သိရှိခြင်းက ယေရှုရဲ့လုပ်ဆောင်မှုအပေါ် ဘယ်လို အကျိုးသက်ရောက်ခဲ့သလဲ။

အချိန်အခါရဲ့အရေးကြီးမှုကို သိရှိခြင်းက ခမည်းတော်ရဲ့အလိုတော်ကို စိတ်ထက်သန်စွာလုပ်ဆောင်ဖို့ ယေရှုကို လှုံ့ဆော်ခဲ့တယ်။ တပည့်တွေကို ကိုယ်တော်ဒီလိုပြောခဲ့တယ်– “စပါးရိတ်စရာ များစွာရှိ၏။ လုပ်သားတို့မူကား နည်းကြ၏။ ထို့ကြောင့် လုပ်သားများ စေလွှတ်ပေးရန် စပါးရှင်ထံ တောင်းလျှောက်ကြလော့။” (လု. ၁၀:၂; မာလ. ၄:၅၊ ၆) ယေရှုက ဦးဆုံး တပည့် ၁၂ ဦး၊ နောက်ပိုင်း တပည့်တွေထဲက ၇၀ ကိုရွေးပြီး သတ်သတ်မှတ်မှတ် ညွှန်ကြားချက်တွေပေးတယ်၊ အဲဒီနောက် “ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ” ဆိုတဲ့ စိတ်လှုပ်ရှားဖွယ်သတင်းကို ဟောပြောဖို့ စေလွှတ်ခဲ့တယ်။ ယေရှုကိုယ်တော်တိုင်နဲ့ပတ်သက်လို့တော့ ကျွန်ုပ်တို့ ဒီလိုဖတ်ရတယ်– “တပည့်တော်တစ်ဆယ့်နှစ်ပါးကို ညွှန်ကြားပြီးနောက် သူတို့၏မြို့ရွာများတွင် ဟောပြောသွန်သင်ရန် ထိုအရပ်မှ ထွက်ကြွသွားတော်မူ၏။”—မ. ၁၀:၅-၇; ၁၁:၁; လု. ၁၀:၁

၄။ ပေါလုက ဘယ်လိုနည်းနဲ့ ယေရှုခရစ်ကို အတုယူခဲ့သလဲ။

စိတ်ထက်သန်မှုနဲ့ အကြွင်းမဲ့အပ်နှံမှုမှာ ယေရှုဟာ တပည့်အားလုံးအတွက် စုံလင်တဲ့စံနမူနာရှင်ဖြစ်တယ်။ ဒီအချက်ကို ယုံကြည်သူချင်းတွေကို တမန်တော်ပေါလု တိုက်တွန်းအားပေးခဲ့ချိန်မှာ ထောက်ပြခဲ့တယ်– “ငါသည် ခရစ်တော်ကို အတုယူသကဲ့သို့ သင်တို့လည်း ငါ့ကို အတုယူကြလော့။” (၁ ကော. ၁၁:၁) ခရစ်တော်ကို ပေါလု ဘယ်လိုနည်းနဲ့ အတုယူခဲ့သလဲ။ အဓိကအနေနဲ့ သတင်းကောင်းဟောပြောခြင်းမှာ အတတ်နိုင်ဆုံး လုပ်ဆောင်ခြင်းအားဖြင့် ဖြစ်တယ်။ အသင်းတော်တွေကိုရေးတဲ့စာတွေမှာ ဒီအရေးအသားတွေကို တွေ့ရတယ်– “သင်တို့၏လုပ်ငန်းဆောင်တာများတွင် ရေသာမခိုကြနှင့်၊” ‘ယေဟောဝါကို အစေခံကြလော့၊’ “သခင်၏အမှုတော်တွင် အလုပ်များလျက်နေကြလော့၊” ‘သင်တို့ပြုလေသမျှကို ယေဟောဝါ၏ အမှုတော်ကဲ့သို့ စိတ်နှလုံးအကြွင်းမဲ့ ဆောင်ရွက်ကြလော့။’ (ရော. ၁၂:၁၁; ၁ ကော. ၁၅:၅၈; ကော. ၃:၂၃) ဒမတ်စကတ်မြို့ကိုသွားတဲ့လမ်းပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်နဲ့ အာနနိကနေတစ်ဆင့် ယေရှုပြောခဲ့တဲ့ ဒီစကားတွေကို ပေါလု ဘယ်တော့မှ မမေ့ခဲ့ဘူး– “ထိုသူသည် လူမျိုးခြားတို့နှင့် ရှင်ဘုရင်များထံသို့လည်းကောင်း၊ အစ္စရေးလူမျိုးထံသို့လည်းကောင်း ငါ၏နာမကို ပို့ဆောင်စေရန် ငါရွေးကောက်သော တန်ဆာဖြစ်၏။”—တ. ၉:၁၅; ရော. ၁:၁၊ ၅; ဂလ. ၁:၁၆

“အထူး နှစ်သက်လက်ခံဖွယ်အချိန်”

၅။ ခရစ်ယာန်ဓမ္မအမှုကို စိတ်ထက်သန်စွာလုပ်ဆောင်ဖို့ ပေါလုကို ဘာက လှုံ့ဆော်ခဲ့သလဲ။

တမန်တော်ကျမ်းကိုဖတ်တဲ့အခါ ခရစ်ယာန်ဓမ္မအမှုမှာ ပေါလုတင်ပြခဲ့တဲ့ ရဲစွမ်းသတ္တိ​နဲ့ စိတ်ထက်သန်မှုကို အထင်အရှားတွေ့မြင်ရတယ်။ (တ. ၁၃:၉၊ ၁၀; ၁၇:၁၆၊ ၁၇; ၁၈:၅) မိမိအသက်ရှင်နေတဲ့အချိန်ရဲ့ အရေးကြီးမှုကို ပေါလုသိမြင်ခဲ့ပြီး ဒီလိုပြောခဲ့တယ်– “ယခုအချိန်သည် အထူး နှစ်သက်လက်ခံဖွယ်အချိန် ဖြစ်၏။ ကယ်တင်ရာနေ့ရက်လည်း ဖြစ်၏။” (၂ ကော. ၆:၂) ဘီစီအီး ၅၃၇ တုန်းကလည်း ဗာဗုလုန်ကနေ နေရင်းပြည်ကို ပြန်သွားကြတဲ့ သုံ့ပန်းတွေအတွက် နှစ်သက်လက်ခံဖွယ်အချိန် ဖြစ်ခဲ့တယ်။ (ဟေရှာ. ၄၉:၈၊ ၉) ဒါပေမဲ့ ဒီနေရာမှာ ပေါလု ဘာကိုရည်ညွှန်းနေတာလဲ။ သူ့စိတ်ထဲမှာဘာရှိတယ်ဆိုတာ အထက်အောက်စကားတွေက ဖော်ပြတယ်။

၆၊ ၇။ ယနေ့ စွမ်းအားတော်ဖွားခရစ်ယာန်တွေကို ဘယ်အရေးကြီးတဲ့တာဝန် အပ်နှင်းထားသလဲ၊ ယနေ့ စွမ်းအားတော်ဖွားတွေနဲ့အတူ ဘယ်သူတွေ ပူးပေါင်းလုပ်ဆောင်နေကြသလဲ။

ဒီအကြောင်းမရေးခင်မှာ ပေါလုက သူနဲ့ စွမ်းအားတော်ဖွားခရစ်ယာန်ချင်းတွေ ရရှိခဲ့တဲ့ အရေးကြီးတာဝန်တစ်ခုအကြောင်း ဖော်ပြခဲ့တယ်။ (၂ ကောရိန္သု ၅:၁၈-၂၀ ကိုဖတ်ပါ။) လူတွေကို “ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်အောင်ပြု” လုပ်ဖို့ တောင်းပန်တဲ့ “ပြန်လည်သင့်မြတ်စေသည့်လုပ်ငန်း” ကိုလုပ်ဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်အတွက် ဘုရားသခင်ရဲ့ ခေါ်တော်မူခြင်းခံရတယ်လို့ သူရှင်းပြခဲ့တယ်။ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိအောင် ပြန်လည်ပြုလုပ်ခြင်း ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်။

ဧဒင်မှာပုန်ကန်မှုဖြစ်ပြီးတဲ့အချိန်ကစပြီး လူသားထုတစ်ရပ်လုံးက ယေဟောဝါနဲ့ မိတ်ပျက်ပြီး ဝေးကွာသွားခဲ့တယ်။ (ရော. ၃:၁၀၊ ၂၃) အဲဒီလိုဝေးကွာသွားခြင်းကြောင့် လူသားတွေဟာ ဘုရားသခင်နဲ့ ကိုယ်တော့်ရည်ရွယ်ချက်တွေကို လျစ်လျူရှုတဲ့ ပုံဆောင်အမှောင်ထုထဲ ကျရောက်သွားပြီး အဲဒါက ဆင်းရဲဒုက္ခနဲ့ သေခြင်းကို ခံစားရစေတယ်။ ပေါလုက “ဖန်ဆင်းခံအရာရှိသမျှသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဝေဒနာခံစားနေရသည်ကို ငါတို့သိကြ၏” လို့ရေးခဲ့တယ်။ (ရော. ၈:၂၂) ဒါပေမဲ့ ဘုရားသခင်က မိမိနဲ့ပြန်လည်သင့်မြတ်အောင်လုပ်ဖို့ လူသားတွေကို တိုက်တွန်း၊ တကယ်ဆို တောင်းပန်ခဲ့ခြင်းဖြစ်တယ်။ ဒါက ပေါလုနဲ့ သူ့ခေတ်က စွမ်းအားတော်ဖွားခရစ်ယာန်တွေကို အပ်နှင်းခဲ့တဲ့ လုပ်ငန်းဖြစ်တယ်။ ယေရှုကိုယုံကြည်ကြောင်း တင်ပြသူတွေအတွက် “နှစ်သက်လက်ခံဖွယ်အချိန်” က “ကယ်တင်ရာနေ့ရက်” ဖြစ်နိုင်တယ်။ စွမ်းအားတော်ဖွားခရစ်ယာန်အားလုံးနဲ့ သူတို့ရဲ့အပေါင်းပါ “အခြားသိုး” တွေဟာ အတူတကွလုပ်ဆောင်နေကြပြီး “နှစ်သက်လက်ခံဖွယ်အချိန်” ကနေ အကျိုးခံစားရဖို့ လူတွေကို ဆက်ဖိတ်ခေါ်နေကြတယ်။—ယော. ၁၀:၁၆

၈။ ပြန်လည်သင့်မြတ်အောင်ပြုလုပ်ခြင်း ဖိတ်ခေါ်ချက်က ဘာကြောင့် မှတ်သားစရာဖြစ်သလဲ။

ဧဒင်မှာပုန်ကန်မှုဖြစ်ခဲ့ပြီး ဘုရားသခင်နဲ့ဆက်ဆံရေးပြတ်တောက်သွားတာက လူသားတွေရဲ့အပြစ်ကြောင့်ဖြစ်ပေမဲ့ မိမိနဲ့ပြန်လည်သင့်မြတ်ဖို့ ယေဟောဝါကိုယ်တော်တိုင် အစပြုလုပ်ဆောင်ခြင်းက အလွန်မှတ်သားစရာဖြစ်တယ်။ (၁ ယော. ၄:၁၀၊ ၁၉) ကိုယ်တော် ဘာလုပ်ခဲ့သလဲ။ ပေါလု ဒီလိုအဖြေပေးခဲ့တယ်– “ဘုရားသခင်သည် ခရစ်တော်အားဖြင့် လောကကို မိမိနှင့်ပြန်လည်သင့်မြတ်စေတော်မူ၍ သူတို့၏အပြစ်များကို မှတ်တော်မမူခြင်းဖြစ်၏။ ပြန်လည်သင့်မြတ်ခြင်းတရားကိုလည်း ငါတို့၌ လွှဲအပ်တော်မူ၏။”—၂ ကော. ၅:၁၉; ဟေရှာ. ၅၅:၆

၉။ ဘုရားသခင်ရဲ့ သနားကြင်နာမှုကို တန်ဖိုးထားလေးမြတ်ကြောင်း ပေါလုဘယ်လိုတင်ပြခဲ့သလဲ။

ယေဟောဝါက ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို စီစဉ်ပေးခြင်းအားဖြင့် ၎င်းကိုယုံကြည်ကြောင်းတင်ပြသူတွေ အပြစ်ခွင့်လွှတ်ခံရဖို့နဲ့ ကိုယ်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးပြန်ရရှိဖို့ ပြုလုပ်ပေးခဲ့တယ်။ ဒါ့အပြင် နေရာတိုင်းမှာရှိတဲ့သူတွေ အချိန်ရှိခိုက်မှာ ကိုယ်တော်နဲ့ ပြန်လည်သင့်မြတ်လာအောင်လုပ်ဖို့ တိုက်တွန်းတဲ့ ကိုယ်တော့်တမန်တွေကို စေလွှတ်ခဲ့တယ်။ (၁ တိမောသေ ၂:၃-၆ ကိုဖတ်ပါ။) ဘုရားသခင့်အလိုတော်နဲ့ မိမိအသက်ရှင်နေတဲ့အချိန်ရဲ့အရေးကြီးမှုကို သိရှိခြင်းကြောင့် ပေါလုက “ပြန်လည်သင့်မြတ်စေသည့်လုပ်ငန်း” မှာ မမောနိုင်မပန်းနိုင် ပါဝင်ခဲ့တယ်။ ယေဟောဝါရဲ့ အလိုတော်က မပြောင်းလဲဘူး။ ကျွန်ုပ်တို့အချိန်အထိ ကိုယ်တော်လက်ကမ်းကြိုဆိုနေဆဲဖြစ်တယ်။ “ယခုအချိန်သည် အထူးနှစ်သက်လက်ခံဖွယ်အချိန်ဖြစ်၏၊” “ကယ်တင်ရာနေ့ရက်လည်းဖြစ်၏” ဆိုတဲ့ ပေါလုရဲ့စကားတွေက ယနေ့အချိန်အထိ သက်ဆိုင်နေဆဲဖြစ်တယ်။ ယေဟောဝါဘုရားသခင်ဟာ တကယ့်ကိုသနားကြင်နာပြီး ထောက်ထားစာနာတဲ့ အရှင်ဖြစ်တယ်။—ထွ. ၃၄:၆၊ ၇

“ရည်ရွယ်ချက်ကို အချည်းနှီးမဖြစ်စေ” နှင့်

၁၀။ အတိတ်နဲ့ မျက်မှောက်ခေတ် စွမ်းအားတော်ဖွားခရစ်ယာန်တွေအတွက် “ကယ်တင်ရာနေ့ရက်” က ဘာအဓိပ္ပာယ်ရှိသလဲ။

၁၀ ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်ခွင့်ရတဲ့ ဦးဆုံးပုဂ္ဂိုလ်တွေက “ခရစ်တော်နှင့် တစည်းတလုံးတည်းရှိ” သူတွေဖြစ်တယ်။ (၂ ကော. ၅:၁၇၊ ၁၈) သူတို့အတွက် “ကယ်တင်ရာနေ့ရက်” က စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ အစပြုတယ်။ အဲဒီအချိန်ကစပြီး သူတို့တွေက “ပြန်လည်သင့်မြတ်ခြင်းတရား” ကိုကြွေးကြော်ဖို့ တာဝန်အပ်နှင်းခံခဲ့ရတယ်။ ယနေ့ စွမ်းအားတော်ဖွားအကြွင်းအကျန်တွေဟာ “ပြန်လည်သင့်မြတ်စေသည့်လုပ်ငန်း” ကို လုပ်ဆောင်နေဆဲဖြစ်တယ်။ တမန်တော်ယောဟန်မြင်ခဲ့တဲ့ ပရောဖက်ပြုချက်အဆင်းအာရုံအရ ကောင်းကင်တမန်လေးပါးက ‘မြေကြီးပေါ် လေမတိုက်စေရန် မြေကြီး၏ လေးမျက်နှာလေတို့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထား’ တယ်ဆိုတာကို သူတို့သိထားကြတယ်။ ဒါကြောင့် ယခုအချိန်အထိ “ကယ်တင်ရာနေ့ရက်” နဲ့ “အထူးနှစ်သက်လက်ခံဖွယ်အချိန်” ဖြစ်နေဆဲဖြစ်တယ်။ (ဗျာ. ၇:၁-၃) ဒါကြောင့် ၂၀ ရာစုအစပိုင်းကစပြီး စွမ်းအားတော်ဖွားအကြွင်းအကျန်တွေဟာ “ပြန်လည်သင့်မြတ်စေသည့်လုပ်ငန်း” ကို မြေကြီးစွန်းတိုင်အောင် ဇွဲထက်သန်စွာ လုပ်ဆောင်နေကြတယ်။

၁၁၊ ၁၂။ ၂၀ ရာစုအစောပိုင်းမှာ အသက်ရှင်ခဲ့တဲ့ စွမ်းအားတော်ဖွားခရစ်ယာန်တွေဟာ အချိန်ကာလရဲ့အရေးကြီးမှုကို သိရှိကြောင်း ဘယ်လိုပြသခဲ့သလဲ။ (စာမျက်နှာ ၁၅ ပါ ရုပ်ပုံကိုကြည့်ပါ။)

၁၁ ဥပမာ၊ ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ စာအုပ်မှာဖော်ပြထားတဲ့အတိုင်း ၂၀ ရာစု အကူးအပြောင်းကာလကိုရောက်တဲ့အခါ “စီ တီ ရပ်စယ်လ် နဲ့ သူ့ရဲ့အပေါင်းပါတွေက အခုအချိန်ဟာ ရိတ်သိမ်းချိန်ဖြစ်တယ်ဆိုတာနဲ့ လူတွေဟာ လွတ်မြောက်စေတဲ့အမှန်တရားကို ကြားဖို့လိုတယ်ဆိုတာ အခိုင်အမာယုံကြည်ခဲ့ကြတယ်။” ဒါကြောင့် သူတို့ဘာလုပ်ခဲ့ကြသလဲ။ မိမိတို့ဟာ ရိတ်သိမ်းချိန်ဖြစ်တဲ့ “အထူးနှစ်သက်လက်ခံဖွယ်အချိန်” မှာ အသက်ရှင်နေရတယ်ဆိုတာကို သိထားကြတဲ့အတွက် ညီအစ်ကိုတွေဟာ လူတွေကို ဝတ်ပြုအစည်းအဝေးတွေတက်ဖို့ ဖိတ်ခေါ်ရုံနဲ့ ကျေနပ်မနေကြဘူး။ ဒါက ခရစ်ယာန်ဘောင်ဓမ္မဆရာတွေ နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့နည်းဖြစ်တယ်။ စွမ်းအားတော်ဖွားခရစ်ယာန်တွေက အဲဒီလိုလုပ်မယ့်အစား သတင်းကောင်းပျံ့နှံ့ဖို့ လက်တွေ့ကျနည်းလမ်းတွေကို ရှာဖွေလုပ်ဆောင်ခဲ့ကြတယ်။ နည်းလမ်းတစ်ခုကတော့ သူတို့ရဲ့လုပ်ငန်းကိုတိုးချဲ့ဖို့ နောက်ဆုံးပေါ်နည်းပညာတွေကို ပညာရှိရှိအသုံးပြုခဲ့ခြင်းဖြစ်တယ်။

၁၂ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ပျံ့နှံ့ဖို့အတွက် စိတ်ထက်သန်တဲ့ ခရစ်ယာန်ဓမ္မအမှုဆောင်အုပ်စုငယ်လေးဟာ ဝေစာ၊ လက်ကမ်းစာစောင်၊ မဂ္ဂဇင်းနဲ့ စာအုပ်တွေကို အသုံးပြုခဲ့တယ်။ သောင်းနဲ့ချီတဲ့သတင်းစာတွေမှာ ဟောပြောချက်တွေ၊ ဆောင်းပါးတွေကို ရေးသားဖော်ပြခဲ့တယ်။ ပြည်တွင်း၊ ပြည်ပ အသံလွှင့်ရုံတွေမှာ ကျမ်းစာအစီအစဉ်တွေကို အသံလွှင့်ခဲ့တယ်။ အသံထွက်ရုပ်ရှင်လုပ်ငန်း မပေါ်ခင်ကတည်းက အသံတိတ်ရုပ်ရှင်တွေကို အသံနဲ့တွဲဖက်ပြီး ပြသခဲ့တယ်။ အဲဒီဇွဲထက်သန်မှုကြောင့် ဘာရလဒ်ရခဲ့ပါသလဲ။ ယနေ့ ခုနစ်သန်းကျော်သောသူတွေဟာ “ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်အောင် ပြုကြလော့” ဆိုတဲ့သတင်းကို တုံ့ပြန်ပြီး အဲဒီသတင်း ကြေညာခြင်းလုပ်ငန်းမှာ ပူးပေါင်းပါဝင်နေကြတယ်။ အဲဒီအစောပိုင်း ယေဟောဝါရဲ့ကျေးကျွန်တွေဟာ လူနည်းပေမဲ့၊ အတွေ့အကြုံသိပ်မရှိပေမဲ့ စိတ်ထက်သန်မှုဆိုင်ရာ ပုံသက်သေကောင်းပြခဲ့သူတွေဖြစ်တယ်။

၁၃။ ဘုရားသခင်ရဲ့ ဘယ်ရည်ရွယ်ချက်ကို ကျွန်ုပ်တို့ စိတ်စွဲမှတ်ထားသင့်သလဲ။

၁၃ “ယခုအချိန်သည် အထူးနှစ်သက်လက်ခံဖွယ်အချိန်ဖြစ်၏” ဆိုတဲ့ ပေါလုရဲ့စကားက မှန်ကန်နေဆဲဖြစ်တယ်။ ယေဟောဝါရဲ့ မဟာကရုဏာကိုခံစားရတဲ့ ကျွန်ုပ်တို့က ပြန်လည်သင့်မြတ်ခြင်းသတင်းစကားကို ကြားပြီး လက်ခံခွင့်ရခဲ့တဲ့အတွက် ကျေးဇူးတင်လေးမြတ်ကြပါတယ်။ အဲဒီအတွက် မိမိကိုယ်ကို ကျေနပ်အားရနေမယ့်အစား ပေါလုရဲ့ဒီစကားကို စိတ်စွဲမှတ်ထားရမှာဖြစ်တယ်– ‘ဘုရားသခင်၏ မဟာကရုဏာတော်ကို လက်ခံပြီး ယင်း၏ရည်ရွယ်ချက်ကို အချည်းနှီးမဖြစ်စေရန် သင်တို့ကို တောင်းပန်ပါ၏။’ (၂ ကော. ၆:၁) ဘုရားသခင့်မဟာကရုဏာရဲ့ ရည်ရွယ်ချက်က “ခရစ်တော်အားဖြင့် လောကကို မိမိနှင့်ပြန်လည်သင့်မြတ်စေ” ရန်ဖြစ်တယ်။—၂ ကော. ၅:၁၉

၁၄။ ဒေသများစွာမှာ အခြေအနေတွေ ဘယ်လိုပြောင်းလဲနေသလဲ။

၁၄ စာတန်ကြောင့် ဉာဏ်မျက်စိကွယ်နေတဲ့ လူသားထုအများစုဟာ ဘုရားသခင်နဲ့ ဝေးကွာနေပြီး ကိုယ်တော့်မဟာကရုဏာရဲ့ရည်ရွယ်ချက်ကို လျစ်လျူရှုနေဆဲဖြစ်တယ်။ (၂ ကော. ၄:၃၊ ၄; ၁ ယော. ၅:၁၉) ဒါပေမဲ့ ပိုဆိုးလာတဲ့ကမ္ဘာ့အခြေအနေတွေကြောင့် များစွာသောသူတို့က လူသားတွေခံစားနေရတဲ့ မကောင်းမှုတွေနဲ့ ဆင်းရဲဒုက္ခတွေက ဘုရားသခင်နဲ့ဝေးကွာနေလို့ ဖြစ်ရတယ်ဆိုတာ သိလာတဲ့အခါ တုံ့ပြန်လာကြတယ်။ ကျွန်ုပ်တို့ဟောပြောတဲ့ သတင်းကောင်းကို လျစ်လျူရှုသူအများစု နေထိုင်တဲ့ဒေသတွေမှာတောင် များစွာသောသူတွေက သတင်းကောင်းကိုလက်ခံပြီး ဘုရားသခင်နဲ့ပြန်လည်သင့်မြတ်ဖို့ လုပ်ဆောင်လာကြတယ်။ ဒါကြောင့် “ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်အောင်ပြုကြလော့” ဆိုတဲ့ တောင်းပန်ချက်ကို ကြွေးကြော်ရာမှာ အရင်ကထက် ပိုပြီးဇွဲထက်သန်စွာ ပါဝင်ရမယ့်အချိန်က အခုအချိန်ပဲမဟုတ်လား။

၁၅။ လူ့အကြိုက်ကိုပဲ ဟောမယ့်အစား ကျွန်ုပ်တို့က လူတွေကို ဘာအကြောင်းကြားစေလိုသလဲ။

၁၅ ကျွန်ုပ်တို့ရဲ့တာဝန်က လူတွေဘုရားသခင်ထံပြန်လှည့်လာရင် သူတို့ရဲ့ပြဿနာရှိသမျှကို ဘုရားသခင်က ကူညီဖြေရှင်းပေးမှာဖြစ်ပြီး ပျော်ရွှင်လာမယ်လို့ ပြောရုံသက်သက်ပဲမဟုတ်ဘူး။ လူများစွာက အဲဒါအတွက် ချာ့ခ်ျကိုသွားကြပြီး ချာ့ခ်ျတွေကလည်း ပရိသတ်အကြိုက်ကိုပဲ ဟောပြောကြတယ်။ (၂ တိ. ၄:၃၊ ၄) ဒါက ကျွန်ုပ်တို့ခရစ်ယာန်ဓမ္မအမှုရဲ့ ရည်ရွယ်ချက်မဟုတ်ဘူး။ ကျွန်ုပ်တို့ဟောပြောတဲ့ သတင်းကောင်းက ယေဟောဝါဟာ မိမိရဲ့မေတ္တာကြောင့် ခရစ်တော်အားဖြင့် အပြစ်တွေကိုခွင့်လွှတ်ဖို့ တလိုတလားရှိတယ်ဆိုတာ ဖြစ်တယ်။ ဒါကြောင့် တစ်ဦးချင်းစီက ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်ပြီး ရင်းနှီးနိုင်ပါတယ်။ (ရော. ၅:၁၀; ၈:၃၂) ဒါပေမဲ့ “အထူးနှစ်သက်လက်ခံဖွယ်အချိန်” ကုန်ဆုံးပါတော့မယ်။

“စွမ်းအားတော်ဖြင့် စိတ်ထက်သန်ကြလော့”

၁၆။ ရဲစွမ်းသတ္တိ​နဲ့ စိတ်ထက်သန်မှုတင်ပြနိုင်ဖို့ ပေါလုကို ဘာက ကူညီပေးခဲ့သလဲ။

၁၆ စစ်မှန်တဲ့ဝတ်ပြုရေးအတွက် စိတ်ထက်သန်မှုရှိဖို့၊ အဲဒါကို ဆက်ထိန်းသိမ်းဖို့ ကျွန်ုပ်တို့ ဘယ်လိုလုပ်ဆောင်နိုင်သလဲ။ တချို့သူတွေက ပင်ကိုအားဖြင့် ရှက်ကြောက်၊ စကားနည်းပြီး တခြားသူတွေနဲ့ ရင်းရင်းနှီးနှီးပြောဆိုဖို့ အခက်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ စိတ်ထက်သန်မှုဆိုတာက စိတ်ခံစားချက်ကို ထုတ်ဖော်ပြသရုံပဲမဟုတ်သလို ပင်ကိုအရည်အသွေးတွေပေါ်မှာလည်း မမူတည်ဘူး။ ပေါလုက ယုံကြည်သူချင်းတွေကို “စွမ်းအားတော်ဖြင့် စိတ်ထက်သန်ကြလော့” ဆိုပြီး တိုက်တွန်းတဲ့အခါ အဓိကအချက်ကို ဖော်ပြခဲ့တယ်။ (ရော. ၁၂:၁၁) ဟောပြောခြင်းလုပ်ငန်းမှာ ရဲစွမ်းသတ္တိရှိရှိ၊ ခံနိုင်ရည်ရှိရှိ လုပ်ဆောင်ဖို့ တမန်တော်ကို ယေဟောဝါရဲ့ စွမ်းအားတော်က အဓိကကူညီပေးခဲ့တယ်။ ယေရှုရဲ့ခေါ်ဖိတ်ချက်ကို လက်ခံခဲ့တဲ့အချိန်ကစပြီး ရောမမြို့မှာ အကျဉ်းချခံရ၊ ယုံကြည်ချက်အတွက် အသတ်ခံရတဲ့အချိန်အထိ အနှစ် ၃၀ ကျော်ကာလအတွင်း ပေါလုရဲ့စိတ်ထက်သန်မှုက တစ်ခါမှမလျော့နည်းခဲ့ဘူး။ စွမ်းအားတော်အားဖြင့် သူလိုအပ်တဲ့ခွန်အားပေးခဲ့တဲ့ ဘုရားသခင်ကို အမြဲမျှော်ကိုးခဲ့တယ်။ “ငါ့ကို တန်ခိုးပေးတော်မူသော ကိုယ်တော်အားဖြင့် အရာခပ်သိမ်းကို ငါတတ်စွမ်းနိုင်၏” လို့ သူပြောခဲ့တယ်။ (ဖိ. ၄:၁၃) ပေါလုရဲ့ပုံသက်သေကိုလေ့လာခြင်းကနေ ကျွန်ုပ်တို့ ဘယ်လိုအကျိုးကျေးဇူးရနိုင်သလဲ။

၁၇။ ကျွန်ုပ်တို့က ဘယ်လိုနည်းနဲ့ “စွမ်းအားတော်ဖြင့်စိတ်ထက်သန်” နိုင်သလဲ။

၁၇ “စိတ်ထက်သန်” လို့ပြန်ဆိုတဲ့ ဂရိစကားလုံးက စာသားအရ “ဆူပွက်ခြင်း” လို့ အဓိပ္ပာယ်ရတယ်။ ရေနွေးအိုး ဆူပွက်နေစေဖို့ အဆက်မပြတ် မီးထိုးနေဖို့လိုတယ်။ အလားတူပဲ “စွမ်းအားတော်ဖြင့် စိတ်ထက်သန်” နေဖို့ ဘုရားသခင့်စွမ်းအားတော် အဆက်မပြတ်စီးဆင်းနေဖို့လိုတယ်။ အဲဒီလိုဖြစ်နိုင်အောင် ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်း သန်စွမ်းနေဖို့ ဘုရားသခင်ပြင်ဆင်ပေးထားရာအားလုံးကို အသုံးပြုရမှာဖြစ်တယ်။ အဲဒါတွေက ကျွန်ုပ်တို့ရဲ့ မိသားစုနဲ့ အသင်းတော်ဝတ်ပြုမှုဖြစ်တဲ့ ကိုယ်ပိုင်နဲ့ မိသားစုလေ့လာမှု မှန်မှန်ပြုလုပ်ခြင်း၊ မှန်မှန်ဆုတောင်းခြင်းနဲ့ ကျွန်ုပ်တို့ရဲ့ခရစ်ယာန်ချင်းတွေနဲ့ မှန်မှန်စည်းဝေးခြင်းတွေ ဖြစ်တယ်။ “ဆူပွက်” နေဖို့ “မီး” ကပြုလုပ်ပေးသလို အဲဒီလုပ်ဆောင်မှုတွေက “စွမ်းအားတော်ဖြင့်စိတ်ထက်သန်” ဖို့ ကူညီပေးမှာဖြစ်တယ်။—တမန်တော် ၄:၂၀; ၁၈:၂၅ တို့ကိုဖတ်ပါ။

၁၈။ အပ်နှံထားတဲ့ခရစ်ယာန်တွေအနေနဲ့ ဘယ်ရည်ရွယ်ချက်ကို အာရုံစိုက်သင့်သလဲ။

၁၈ အပ်နှံထားတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ရည်ရွယ်ချက်တစ်ခုတည်းအပေါ် လုံးလုံးအာရုံစိုက်ပြီး အဲဒီရည်ရွယ်ချက်အတိုင်းလုပ်ဆောင်ရာမှာ အလွယ်တကူ အာရုံပျံ့လွင့်ခြင်း ဒါမှမဟုတ် စိတ်ပျက်အားလျော့ခြင်း မရှိဘူး။ အပ်နှံထားတဲ့ခရစ်ယာန်တွေအနေနဲ့ ကျွန်ုပ်တို့ရဲ့ရည်ရွယ်ချက်က ယေဟောဝါ လုပ်စေလိုရာမှန်သမျှကို ယေရှုလိုပဲ လုပ်ဆောင်ဖို့ဖြစ်တယ်။ (ဟေဗြဲ ၁၀:၇) ယနေ့အချိန်မှာ ယေဟောဝါရဲ့အလိုတော်က လူများနိုင်သမျှများများ ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်ဖို့ဖြစ်တယ်။ ဒါကြောင့် ယေရှုနဲ့ပေါလုကိုတုပပြီး ယနေ့အရေးတကြီးလုပ်ဆောင်ရမယ့်အလုပ်ကို စိတ်ထက်သန်စွာလုပ်ဆောင်ကြပါစို့။

သင် မှတ်မိသလား

• ပေါလုနဲ့ အခြားစွမ်းအားတော်ဖွားခရစ်ယာန်တွေကို အပ်နှင်းခဲ့တဲ့ “ပြန်လည်သင့်မြတ်စေသည့်လုပ်ငန်း” က ဘာလဲ။

• စွမ်းအားတော်ဖွား အကြွင်းအကျန်တွေက “အထူး နှစ်သက်လက်ခံဖွယ်အချိန်” ကို ဘယ်လိုကောင်းစွာ အသုံးပြုနေကြသလဲ။

• ခရစ်ယာန်ဓမ္မအမှုဆောင်တွေဟာ ဘယ်လိုနည်းနဲ့ “စွမ်းအားတော်ဖြင့်စိတ်ထက်သန်” နိုင်ကြသလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၂ ပါပုံစာ]

ဒမတ်စကတ်မြို့ကိုသွားတဲ့လမ်းပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကို ပေါလု ဘယ်တော့မှမမေ့ခဲ့