မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါအား တေးသီကျူးကြ

ယေဟောဝါအား တေးသီကျူးကြ

ယေဟောဝါအား တေးသီကျူးကြ

“အသက်တည်သမျှကာလပတ်လုံး ငါ၏ဘုရားသခင်ကို ထောမနာသီချင်းဆိုပါမည်။”—ဆာ. ၁၄၆:၂၊ သမ္မာ။

၁။ ဆာလံသီချင်းတချို့ စပ်ဆိုဖို့ လူငယ်ဒါဝိဒ်ကို ဘာက လှုံ့ဆော်ခဲ့သလဲ။

ဒါဝိဒ်ငယ်စဉ်တုန်းက ဘက်သလီဟင်မြို့အနီးကွင်းပြင်မှာ သူ့ဖခင်ရဲ့သိုးတွေကို ထိန်းကျောင်းရင်းနဲ့ အချိန်များစွာ ကုန်လွန်ခဲ့တယ်။ ဒါဝိဒ်ဟာ သိုးကျောင်းနေရင်း ယေဟောဝါရဲ့ ရင်သပ်ရှုမောဖွယ်ဖန်ဆင်းရာတွေဖြစ်တဲ့ ကြယ်အတိပြီးတဲ့ကောင်းကင်၊ “မြေတိရစ္ဆာန်” နဲ့ “မိုးကောင်းကင်ငှက်” တွေကို မြင်တွေ့ခဲ့မှာဖြစ်တယ်။ ဒါဝိဒ်ဟာ သူတွေ့မြင်ခဲ့ရာတွေကြောင့် ဖန်ဆင်းရှင်ကိုချီးမွမ်းတဲ့ သီချင်းတွေကို စပ်ဆိုဖို့ လှုံ့ဆော်ခံခဲ့ရတယ်။ ဒါဝိဒ်စပ်ဆိုခဲ့တဲ့သီချင်းများစွာကို ဆာလံကျမ်းမှာ တွေ့ရတယ်။ *ဆာလံ ၈:၃၊ ၄၊ ၇-၉ ကိုဖတ်ပါ။

၂။ (က) တေးဂီတက လူတစ်ဦးအပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲ။ ဥပမာပေးပါ။ (ခ) ဆာလံ ၃၄:၇၊ ၈; ၁၃၉:၂-၈ ကနေ ယေဟောဝါနဲ့ ဒါဝိဒ်ရဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ဘာသိရသလဲ။

သူ့ဘဝရဲ့ ဒီအချိန်ကာလအတွင်းမှာ ဒါဝိဒ်ဟာ ထူးချွန်တဲ့ တေးဂီတပညာရှင်တစ်ဦး ဖြစ်လာခဲ့ပုံရတယ်။ သူက အလွန်ထူးချွန်တဲ့သူဖြစ်ခဲ့လို့ ဘုရင်ရှောလုကို စောင်းနဲ့ဖျော်ဖြေဖို့ ဆင့်ခေါ်ခံရတယ်။ (သု. ၂၂:၂၉) ယနေ့ သာယာနာပျော်ဖွယ်ကောင်းတဲ့ တေးဂီတလိုပဲ ဒါဝိဒ်ရဲ့ဂီတသံက စိတ်ကယောက်ကယက်ဖြစ်နေတဲ့ဘုရင်ကို စိတ်တည်ငြိမ်စေခဲ့တယ်။ ဒါဝိဒ်စောင်းတီးတဲ့အခါတိုင်း “ရှောလုသည် သက်သာလျက်၊ ပကတိကျန်းမာလျက်ရှိတတ်” တယ်။ (၁ ရာ. ၁၆:၂၃) ဘုရားသခင်ကိုကြောက်ရွံ့တဲ့ တေးဂီတပညာရှင်၊ သီချင်းရေးဆရာရဲ့ သီချင်းတွေက ဒီနေ့အထိ အဖိုးတန်နေဆဲဖြစ်တယ်။ ဒီအချက်ကို စဉ်းစားကြည့်ပါ– ဒါဝိဒ်မွေးဖွားခဲ့တာ အနှစ် ၃,၀၀၀ ကျော်ကြာခဲ့ပြီဖြစ်တဲ့ ယနေ့အချိန်မှာ ဘ၀အခြေအနေအမျိုးမျိုးရှိပြီး ကမ္ဘာ့ဒေသအသီးသီးမှာ နေထိုင်ကြတဲ့ သန်းနဲ့ချီတဲ့သူတွေဟာ နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက်အတွက် ဒါဝိဒ်ရဲ့ဆာလံကျမ်းကို မှန်မှန်ဖတ်ရှုနေကြတယ်။—၆ ရာ. ၇:၆; ဆာလံ ၃၄:၇၊ ၈; ၁၃၉:၂-၈ တို့ကိုဖတ်ပါ; အာ. ၆:၅

စစ်မှန်တဲ့ဝတ်ပြုရေးမှာ တေးဂီတရဲ့အရေးပါတဲ့အခန်းကဏ္ဍ

၃၊ ၄။ ဒါဝိဒ်လက်ထက်တုန်းက ဝတ်ပြုရေးမှာ တေးဂီတပါဝင်စေဖို့ ဘယ်လိုစီစဉ်ခဲ့သလဲ။

ဒါဝိဒ်က ပါရမီရှိသူဖြစ်ပြီး ယေဟောဝါကို ဂုဏ်တင်ရာမှာ သူ့ပါရမီကို အကောင်းဆုံးအသုံးပြုခဲ့တယ်။ သူ အစ္စရေးဘုရင်ဖြစ်လာတဲ့အခါ တဲတော်ဝတ်ပြုရေးအစီအစဉ်မှာ တေးဂီတထည့်သွင်းဖို့ စီစဉ်ခဲ့တယ်။ ဝတ်ပြုရာအိမ်တော်မှာအမှုဆောင်တဲ့ လေဝိသား ၃၈,၀၀၀ ရှိတယ်။ သူတို့ထဲက ၄,၀၀၀ ကို “ဂုဏ်တော်ကိုချီးမွမ်း” သူတွေအဖြစ် တာဝန်ပေးခဲ့ပြီး အဲဒီအထဲကမှ ၂၈၈ ယောက်ဟာ ‘ယေဟောဝါ၏သီချင်းကို သင်၍လေ့ကျက်သော’ သူများဖြစ်ကြတယ်။—၅ ရာ. ၂၃:၃၊ ၅; ၂၅:၇

လေဝိသားတွေ သီဆိုတီးမှုတ်တဲ့ သီချင်းများစွာကို ဒါဝိဒ်ကိုယ်တိုင် ရေးစပ်ခဲ့တာဖြစ်တယ်။ ဒါဝိဒ်ရဲ့ဆာလံကို သီဆိုနေစဉ်မှာ ရှိနေခွင့်ရတဲ့ ဘယ်အစ္စရေးလူမဆို သူတို့ကြားခဲ့ရာကြောင့် အလွန်စိတ်ကြည်နူး ရွှင်လန်းခဲ့ကြမှာဖြစ်တယ်။ နောက်ပိုင်း ပဋိညာဉ်သေတ္တာကို ဂျေရုဆလင်မြို့ကို သယ်ဆောင်လာတဲ့အချိန်မှာ “လေဝိသားအကြီးအကဲတို့သည် စောင်း၊ တယော၊ ခွက်ကွင်းအစရှိသောတူရိယာမျိုးနှင့် သီချင်းဆိုတတ်သောညီအစ်ကိုတို့ကို ဝမ်းမြောက်စွာ အသံပြိုင်ဆိုစေခြင်းငှာ ခန့်ထားရမည်အကြောင်း” ဒါဝိဒ် အမိန့်ထုတ်ခဲ့တယ်။—၅ ရာ. ၁၅:၁၆

၅၊ ၆။ (က) ဒါဝိဒ်လက်ထက်တုန်းက ဘာကြောင့် တေးဂီတကို အဲဒီလောက်အထိ အလေးထားခဲ့တာလဲ။ (ခ) ရှေးခေတ်အစ္စရေးလူတွေအချိန်က ၀တ်ပြုရေးမှာ တေးဂီတဟာ အရေးပါတဲ့ကဏ္ဍဖြစ်ကြောင်း ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။

ဒါဝိဒ်လက်ထက်တုန်းက ဘာကြောင့် တေးဂီတကို အဲဒီလောက်အထိ အလေးထားခဲ့တာလဲ။ ဘုရင်က တေးဂီတပညာရှင်ဖြစ်နေတဲ့အတွက်ကြောင့်ပဲလား။ မဟုတ်ပါဘူး။ တခြားအကြောင်းရင်းရှိပါသေးတယ်။ ရာစုနှစ်အတော်ကြာပြီးတဲ့နောက် ဖြောင့်မတ်တဲ့ဘုရင်ဟေဇကိ ဝတ်ပြုရာအိမ်တော်မှာ ဝတ်ပြုရေးနဲ့ဆိုင်တဲ့အစီအစဉ်တွေ ပြန်လုပ်ဆောင်တဲ့အခါ ဒီအချက်ကို ဖော်ပြခဲ့တယ်။ ၂ ရာဇဝင်ချုပ် ၂၉:၂၅ မှာ ဒီလိုဖတ်ရတယ်– ‘ဒါဝိဒ်မင်းကြီးနှင့် သူ၏ပရောဖက်ဂဒ်၊ ပရောဖက်နာသန်တို့စီရင်သည်အတိုင်း ခွက်ကွင်း၊ စောင်း၊ တယောနှင့် တီးမှုတ်သောလေဝိသားတို့ကို ဝတ်ပြုရာအိမ်တော်၌ [ဟေဇကိ] ခန့်ထားတော်မူ၏။ ထိုသို့ယေဟောဝါသည် ပရောဖက်တို့အားဖြင့် စီရင်တော်မူသတည်း။’

မှန်ပါတယ်၊ ယေဟောဝါဟာ မိမိကို သီချင်းနဲ့ချီးမွမ်းဖို့ မိမိရဲ့ပရောဖက်တွေကတစ်ဆင့် ဝတ်ပြုသူတွေကို ညွှန်ကြားခဲ့တယ်။ ယဇ်ပုရောဟိတ်အနွယ်ထဲက သီချင်းသည်တွေဟာ တခြားလေဝိသားတွေ ထမ်းဆောင်ရတဲ့တာဝန်တွေကနေ ကင်းလွတ်ကြတယ်။ အကြောင်းကတော့ သီချင်းတွေရေးစပ်သီကုံးဖို့နဲ့ ဖြစ်နိုင်တာက အစမ်းလေ့ကျင့်ဖို့အတွက် အချိန်အလုံအလောက်ရစေဖို့ဖြစ်တယ်။—၅ ရာ. ၉:၃၃

၇၊ ၈။ ချီးမွမ်းသီချင်းသီဆိုတဲ့အခါ ကျွမ်းကျင်မှုထက် အရေးကြီးတာက ဘာလဲ။

သင် ဒီလိုပြောမိနိုင်တယ်– “အဲဒီအချိန်မှာသာ ငါအသက်ရှင်ခဲ့မယ်ဆိုရင် တဲတော်မှာသီချင်းဆိုတဲ့ ကျွမ်းကျင်သူတွေထဲမှာ ငါ ပါမှာမဟုတ်ဘူး။” ဒါပေမဲ့ သီချင်းဆိုတဲ့လေဝိသားအားလုံးက ကျွမ်းကျင်ပညာရှင်တွေချည်းပဲ မဟုတ်ပါဘူး။ ၁ ရာဇဝင်ချုပ် ၂၅:၈ အရ သင်ယူသူ “တပည့်” တွေလည်းပါတယ်။ စိတ်ဝင်စားစရာက တခြားအစ္စရေးအနွယ်တွေမှာလည်း တေးဂီတပညာရှင်နဲ့ သီချင်းသည်တွေ ရှိနိုင်ပေမဲ့ တေးဂီတနဲ့ပတ်သက်လို့ ယေဟောဝါက လေဝိသားတွေကိုပဲ တာဝန်ပေးခဲ့တယ်။ ဒါကြောင့် ကျွမ်းကျင်သူ “ဆရာ” တွေပဲဖြစ်ဖြစ်၊ သင်ယူသူ “တပည့်” ပဲဖြစ်ဖြစ် သစ္စာရှိလေဝိသားအားလုံးက သူတို့တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ လုပ်ဆောင်ကြမယ်ဆိုတာ သေချာပါတယ်။

ဒါဝိဒ်က တေးဂီတကို ချစ်မြတ်နိုးပြီး ဂီတပညာရှင်တစ်ဦးလည်းဖြစ်တယ်။ ဒါပေမဲ့ ပါရမီရှိတာကိုပဲ ယေဟောဝါ အလေးထားသလား။ ဆာလံ ၃၃:၃ မှာ ဒါဝိဒ် ဒီလိုရေးခဲ့တယ်– “တံပိုးမှုတ်ခြင်းနှင့်တကွ သာယာစွာ [“အတတ်နိုင်ဆုံး၊” ကဘ] တီးကြလော့။” အဖြေကတော့ ရှင်းပါတယ်။ ယေဟောဝါအလေးထားတာက ကိုယ်တော့်ကိုချီးမွမ်းတဲ့နေရာမှာ “အတတ်နိုင်ဆုံး” ပါဝင်ခြင်းဖြစ်တယ်။

ဒါဝိဒ်ခေတ်နောက်ပိုင်း တေးဂီတရဲ့အခန်းကဏ္ဍ

၉။ ရှောလမုန်နန်းစံချိန်က ဝတ်ပြုရာအိမ်တော်အပ်နှံပွဲကို တက်ရောက်ခဲ့မယ်ဆိုရင် သင် ဘယ်အရာတွေကို ကြားရ၊ မြင်ရမလဲဆိုတာ ပြောပြပါ။

ရှောလမုန်နန်းစံချိန်အတွင်း စင်ကြယ်တဲ့ဝတ်ပြုရေးမှာ တေးဂီတက အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်။ ဝတ်ပြုရာအိမ်တော်အပ်နှံချိန်မှာ သံစုံတီးဝိုင်းပါဝင်ပြီး အဲဒီအဖွဲ့ရဲ့ လေမှုတ်တူရိယာအပိုင်းမှာ တံပိုးမှုတ်သူ ၁၂၀ ပါဝင်ခဲ့တယ်။ (၂ ရာဇဝင်ချုပ် ၅:၁၂ ကိုဖတ်ပါ။) ဒီအချက်ကို ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘တံပိုးမှုတ်သော ယဇ်ပုရောဟိတ် တစ်ရာ့နှစ်ဆယ်တို့သည်လည်း သီချင်းဆိုသောသူတို့နှင့်ဝိုင်းလျှင် ယေဟောဝါ၏ကျေးဇူးတော်ကို ချီးမွမ်း၍ ထောမနာပြုခြင်းငှာ တညီတညွတ်တည်းအသံပြိုင်လျက် “ကောင်းမြတ်တော်မူသည်။ ကရုဏာတော်အစဉ်အမြဲတည်သည်” ဟု တံပိုး၊ ခွက်ကွင်းအစရှိသော တူရိယာမျိုးနှင့်တကွ အသံကိုလွှင့်၍ ယေဟောဝါ၏ဂုဏ်တော်ကို ချီးမွမ်းကြသောအခါ ယေဟောဝါ၏အိမ်တော်သည် မိုးတိမ်နှင့်ပြည့်၏။’ ဒါက ယေဟောဝါနှစ်သက်ကြောင်း ဖော်ပြခြင်းဖြစ်တယ်။ ထောင်နဲ့ချီတဲ့သီချင်းသည်တွေနဲ့ တံပိုးမှုတ်သူတွေ တစ်ပြိုင်တည်း သီဆို၊ တီးမှုတ်သံကို ကြားရခြင်းက ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာ၊ ဘဝင်လှိုက်စရာ ကောင်းလိုက်မလဲ။—၆ ရာ. ၅:၁၂ခ၊ ၁၃

၁၀၊ ၁၁။ အစောပိုင်းခရစ်ယာန်တွေ ဝတ်ပြုရေးမှာ တေးဂီတကိုအသုံးပြုကြောင်း ဘာကဖော်ပြသလဲ။

၁၀ အစောပိုင်းခရစ်ယာန်တွေရဲ့ ဝတ်ပြုရေးမှာလည်း တေးဂီတပါဝင်ခဲ့တယ်။ ပထမရာစုခရစ်ယာန်တွေဟာ ဝတ်ပြုရာအိမ်တော်မှာ၊ တဲတော်မှာမဟုတ်ဘဲ ကိုယ်ပိုင်အိမ်တွေမှာ ဝတ်ပြုခဲ့ကြတယ်။ နှိပ်စက်ညှဉ်းပန်းမှုနဲ့ တခြားအခက်အခဲတွေရှိပေမဲ့ သူတို့တွေက ဘုရားသခင်ကို သီချင်းနဲ့ ချီးမွမ်းခဲ့ကြတယ်။

၁၁ ကောလောသဲမြို့က ခရစ်ယာန်ညီအစ်ကိုတွေကို တမန်တော်ပေါလု ဒီလိုတိုက်တွန်းခဲ့တယ်– ‘ဆာလံသီချင်းများ၊ ဘုရားသခင်အား ချီးမွမ်းသည့်သီချင်းများ၊ စိတ်နူးညွတ်စေသော ဓမ္မသီချင်းများဖြင့် အချင်းချင်း သတိပေးဆုံးမကြလော့။’ (ကော. ၃:၁၆) ပေါလုနဲ့သိလ ထောင်ချခံရချိန်မှာ သူတို့မှာ သီချင်းစာအုပ်မရှိပေမဲ့ “ဆုတောင်း၍ ဘုရားသခင်ကို ချီးမွမ်းလျက် သီချင်းဆို” ခဲ့ကြတယ်။ (တ. ၁၆:၂၅) သင် ထောင်ချခံရမယ်ဆိုရင် ချီးမွမ်းသီချင်းဘယ်နှစ်ပုဒ်ကို အလွတ်ဆိုနိုင်မလဲ။

၁၂။ ချီးမွမ်းသီချင်းတွေကို တန်ဖိုးထားလေးမြတ်ကြောင်း ဘယ်လိုတင်ပြနိုင်သလဲ။

၁၂ ကျွန်ုပ်တို့ရဲ့ဝတ်ပြုရေးမှာ တေးဂီတက အရေးပါတဲ့အတွက် မိမိကိုယ်ကိုယ် ဒီလိုမေးသင့်ပါတယ်– ‘ချီးမွမ်းသီချင်းကို ငါတန်ဖိုးထားလေးမြတ်သလား။ အစည်းအဝေးတွေ၊ စည်းဝေးပွဲတွေနဲ့ စည်းဝေးကြီးတွေမှာ ညီအစ်ကိုညီအစ်မတွေနဲ့အတူ အဖွင့်သီချင်းဆိုဖို့ အချိန်မီရောက်အောင် အတတ်နိုင်ဆုံးကြိုးစားသလား၊ ခံစားချက်နဲ့သီဆိုသလား။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းနဲ့ လုပ်ငန်းတော်အစည်းအဝေးအကြား၊ လူထုဟောပြောချက်နဲ့ ကင်းမျှော်စင်သင်တန်းအကြား သီချင်းဆိုချိန်မှာ မလိုအပ်ပဲ နေရာကနေထွက်မသွားဖို့၊ ခြေလက်အညောင်းအညာဖြေဖို့ အခွင့်အရေးဆိုပြီး မရှုမြင်ဖို့ ကလေးတွေကို သင်ပေးသလား။ ချီးမွမ်းသီချင်းသီဆိုခြင်းက ဝတ်ပြုရေးရဲ့ အပိုင်းတစ်ပိုင်းဖြစ်တယ်။ ကျွန်ုပ်တို့က ကျွမ်းကျင်သူ “ဆရာ” ပဲဖြစ်ပါစေ၊ သင်ယူသူ “တပည့်” ပဲဖြစ်ပါစေ ကျွန်ုပ်တို့အားလုံး ယေဟောဝါကိုချီးမွမ်းဖို့ ကျွန်ုပ်တို့ရဲ့အသံကို ပေါင်းစည်းသင့်ပါတယ်။—၂ ကောရိန္သု ၈:၁၂ နဲ့နှိုင်းယှဉ်ပါ။

အချိန်တွေကပြောင်း စာသားတွေကဟောင်း

၁၃၊ ၁၄။ အသင်းတော်အစည်းအဝေးမှာ လှိုက်လှိုက်လှဲလှဲသီချင်းသီဆိုခြင်းက ဘာအကျိုးဖြစ်စေသလဲ။ ဥပမာပေးပါ။

၁၃ လွန်ခဲ့တဲ့အနှစ် ၁၀၀ ကျော်က ဇိအုန်ကင်းမျှော်စင်မှာ ချီးမွမ်းသီချင်းတွေရဲ့ အရေးပါတဲ့အကြောင်းရင်းတစ်ခုကို ရှင်းပြခဲ့တယ်။ အဲဒီမှာ ဒီလိုဖော်ပြထားတယ်– “အမှန်တရားအကြောင်း သီချင်းဆိုခြင်းက ဘုရားသခင့်လူမျိုးရဲ့စိတ်နှလုံးထဲ အမှန်တရားရောက်ရှိစေတဲ့ နည်းလမ်းကောင်းဖြစ်တယ်။” ချီးမွမ်းသီချင်းမှာပါတဲ့ စာသားတွေက ကျမ်းစာစကားတွေကို အခြေခံပြီး စပ်ဆိုထားတာဖြစ်လို့ သီချင်းတချို့ကို အလွတ်မှတ်မိအောင်သင်ယူထားခြင်းက ကျွန်ုပ်တို့ရဲ့နှလုံးထဲ အမှန်တရား နက်နက်ရှိုင်းရှိုင်းရောက်ရှိစေနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့အစည်းအဝေးကို ပထမအကြိမ်တက်ရောက်သူတွေက အစည်းအဝေးမှာ သီချင်းတွေကို နှလုံးပါပါသီဆိုနေတာကိုကြားရလို့ စိတ်နှလုံးထိမိခဲ့ကြတယ်။

၁၄ ၁၈၆၉ ခုနှစ်၊ တစ်ညနေခင်းမှာ စီ တီ ရပ်စယ်လ် အလုပ်ကနေအိမ်ပြန်လာတဲ့အခါ မြေအောက်ခန်းကနေ သီချင်းဆိုသံကို ကြားခဲ့ရတယ်။ အဲဒီအချိန်မှာ သူက အမှန်တရားကို ဘယ်တော့မှ ရှာတွေ့နိုင်မှာမဟုတ်ဘူးလို့ထင်ပြီး လူတွေကို ဘုရားသခင်အကြောင်းသိအောင် မကူညီပေးနိုင်ရင်တောင် ငွေရှာနိုင်ရင် အနည်းဆုံးတော့ လူတွေကို ကာယရေးအရကူညီပေးနိုင်တယ်လို့ စဉ်းစားပြီး စီးပွားရေးလုပ်ငန်းကို ဇောက်ချလုပ်ဖို့ ဆုံးဖြတ်ထားတဲ့အချိန်ဖြစ်တယ်။ ညစ်ပတ်ပြီး အလင်းမှိန်ပျပျသာရှိတဲ့အခန်းထဲ ညီအစ်ကို ရပ်စယ်လ်ဝင်သွားတဲ့အခါ ဝတ်ပြုစည်းဝေးပွဲလုပ်နေတာကိုတွေ့လို့ ထိုင်ပြီးနားထောင်လိုက်တယ်။ “သမ္မာကျမ်းစာက ဘုရားသခင်ဆီကလာတယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး ယိုင်နဲ့နေတဲ့သူ့ရဲ့ယုံကြည်ခြင်းကို ဘုရားသခင့်အကူအညီနဲ့ ပြန်ခိုင်ခံ့အောင်လုပ်ဖို့ အဲဒီညမှာကြားရတဲ့အရာက လှုံ့ဆော်မှုဖြစ်ခဲ့တယ်” လို့ နောက်ပိုင်းမှာ သူရေးခဲ့တယ်။ အဲဒီအစည်းအဝေးကိုတက်ဖို့ ညီအစ်ကိုရပ်စယ်လ်ကိုဆွဲဆောင်ခဲ့တာက သီချင်းသံဖြစ်တယ်ဆိုတာကို သတိပြုပါ။

၁၅။ ဘယ်သိနားလည်မှုတွေကြောင့် သီချင်းစာအုပ်ကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်လာရသလဲ။

၁၅ အချိန်ကုန်လွန်လာတာနဲ့အမျှ သမ္မာကျမ်းစာနဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့ သိနားလည်မှုကို ပြုပြင်ပြောင်းလဲဖို့လိုအပ်လာတယ်။ နယပုံပြင် ၄:၁၈ က ဒီလိုပြောတယ်– “ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သောအရုဏ်ကဲ့သို့ဖြစ်၍ နေထွက်သည်တိုင်အောင် တိုးပွားထွန်းလင်းတတ်၏။” တိုးတက်ထွန်းလင်းလာတဲ့အလင်းကြောင့် ‘အမှန်တရားအကြောင်း စပ်ဆိုထားတဲ့သီချင်း’ စာသားတွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်လာတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်လုံးလုံး နိုင်ငံများစွာမှာရှိတဲ့ ယေဟောဝါသက်သေတွေက ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း သီချင်းစာအုပ်ကို သုံးခဲ့ကြတယ်။ * အဲဒီစာအုပ်ကို ထုတ်ဝေပြီးတဲ့နောက်ပိုင်း နှစ်တွေတစ်လျှောက်မှာ အကြောင်းအရာအတော်များများနဲ့ပတ်သက်ပြီး အလင်းပိုထွန်းလင်းလာတဲ့အတွက် ဒီစာအုပ်မှာပါတဲ့ အသုံးအနှုန်းတချို့ကို အခုအချိန်မှာ မသုံးတော့ဘူး။ ဥပမာ၊ “ဝိညာဉ်အသီး” လို့မခေါ်တော့ဘဲ “ဘုရားသခင့်စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသောအရည်အသွေး” လို့ ခေါ်တယ်။ ယေဟောဝါရဲ့နာမ “သံသယကင်းရှင်း” တယ်လို့မသုံးတော့ဘဲ “သန့်ရှင်းမြင့်မြတ်” တယ်လို့ သုံးတယ်။ ကျွန်ုပ်တို့ရဲ့သီချင်းစာအုပ်ကို အယူဝါဒပိုင်းဆိုင်ရာ နောက်ဆုံးနားလည်မှုနဲ့အညီ ပြုပြင်ဖို့ လိုအပ်လာတယ်ဆိုတာ ထင်ရှားပါတယ်။

၁၆။ ဧဖက် ၅:၁၉ မှာတွေ့ရတဲ့ ပေါလုရဲ့ တိုက်တွန်းချက်ကို လိုက်လျှောက်နိုင်ဖို့ သီချင်းစာအုပ်အသစ်က ကျွန်ုပ်တို့ကို ဘယ်လိုကူညီပေးမလဲ။

၁၆ ဒီအချက်နဲ့ တခြားအချက်တွေကြောင့် အုပ်ချုပ်ရေးအဖွဲ့က ယေဟောဝါအားတေးသီကျူးကြ သီချင်းစာအုပ်သစ်ကို ထုတ်ဝေဖို့ ခွင့်ပြုခဲ့တယ်။ သီချင်းစာအုပ်အသစ်မှာ သီချင်း ၁၃၅ ပုဒ်အထိ လျှော့ထားတယ်။ သင်ယူရမယ့် သီချင်းအရေအတွက်နည်းသွားတဲ့အတွက် သီချင်းအသစ်တချို့ကို အလွတ်ရဖို့ ကြိုးစားသင့်တယ်။ ဒါက ဧဖက် ၅:၁၉ (ဖတ်ပါ။) မှာမှတ်တမ်းတင်ထားတဲ့ ပေါလုရဲ့ တိုက်တွန်းချက်နဲ့ကိုက်ညီပါတယ်။

သင့်တန်ဖိုးထားလေးမြတ်မှုကို တင်ပြနိုင်

၁၇။ အသင်းတော်မှာသီချင်းဆိုတဲ့အခါ ရှက်ရွံ့တွန့်ဆုတ်တဲ့စိတ်ကို အောင်မြင်ကျော်လွှားနိုင်ဖို့ ဘာကကူညီပေးနိုင်သလဲ။

၁၇ ခရစ်ယာန်အစည်းအဝေးတွေမှာ သီချင်းဆိုဖို့ ကျွန်ုပ်တို့ ရှက်ရွံ့တွန့်ဆုတ်နေသင့်ပါသလား။ ဒီအချက်ကို စဉ်းစားကြည့်ပါ– စကားပြောဆိုတာနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့အားလုံးဟာ “ကြိမ်ဖန်များစွာ မှားတတ်ကြ” တယ်မဟုတ်လား။ (ယာ. ၃:၂) ကျွန်ုပ်တို့စကားပြောတဲ့အခါ အမှားပါလို့ဆိုပြီး ယေဟောဝါကိုချီးမွမ်းဖို့ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုမှာ မပါဝင်ဘဲမနေကြဘူး။ ဒါကြောင့် ကျွန်ုပ်တို့က သီချင်းသိပ်မဆိုတတ်တာနဲ့ပဲ ယေဟောဝါကို ချီးမွမ်းသီချင်းဆိုဖို့ တွန့်ဆုတ်မနေသင့်ဘူး။ ‘လူ၏နှုတ်ကိုဖန်ဆင်း’ တဲ့ ယေဟောဝါက ကိုယ်တော့်ကိုချီးမွမ်းသီချင်းဆိုတဲ့အသံကို ကြားတဲ့အခါ ဝမ်းမြောက်မှာဖြစ်တယ်။—ထွ. ၄:၁၁

၁၈။ သီချင်းသစ်တွေကို သင်ယူဖို့ ဘယ်အရာက ညီအစ်ကိုညီအစ်မတွေအတွက် အထောက်အကူဖြစ်စေသလဲ။

၁၈ ယေဟောဝါအားတေးသီကျူးကြ—စန္ဒရားတေးသံဖြင့် စီဒီချပ်က သီချင်းအသစ်သင်ယူရာမှာ ညီအစ်ကိုညီအစ်မများစွာအတွက် အထောက်အကူဖြစ်ခဲ့တယ်။ တေးသံကိုနားထောင်ခြင်းက စိတ်ကြည်နူးစေတယ်။ အိမ်မှာ သင် မကြာခဏနားထောင်တဲ့အခါ သီချင်းစာအုပ်ကြည့်ပြီး လိုက်ဆိုခြင်းက သင့်ကို စာသားတွေနဲ့အကျွမ်းတဝင်ရှိစေပြီး အသင်းတော်မှာဆိုတဲ့အခါ ရဲရဲဝံ့ဝံ့ဆိုနိုင်မှာဖြစ်တယ်။

၁၉။ ချီးမွမ်းသီချင်းတွေကို သံစုံတီးဝိုင်းနဲ့တီးခတ်ဖို့ ဘယ်လို အဆင့်ဆင့်ပြင်ဆင်ရသလဲ။

၁၉ အထူး၊ တိုက်နယ်စည်းဝေးပွဲတွေနဲ့ စည်းဝေးကြီးတွေမှာ ဖွင့်တဲ့တေးသံသာတွေကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။ ဒီတေးသံသာတွေကိုပြင်ဆင်ဖို့ အများကြီးကြိုးစားလုပ်ဆောင်ရတယ်။ တေးသံသာအတွက် သီချင်းရွေးပြီးတဲ့အခါ ကင်းမျှော်စင်သံစုံတီးဝိုင်းမှာပါတဲ့ အဖွဲ့ဝင် ၆၄ ယောက် တီးခတ်မယ့်ဂီတသင်္ကေတတွေကို သေချာပြန်ရေးရတယ်။ ဂီတပညာရှင်တွေက သူတို့တီးခတ်ရမယ့်အပိုင်းကို နာရီပေါင်းများစွာ အထပ်ထပ်လေ့ကျင့်ပြီး နယူးယောက်၊ ပက်တာစင်မှာရှိတဲ့အသံသွင်းခန်းမှာ အသံသွင်းကြတယ်။ ဒီအဖွဲ့ထဲက အဖွဲ့ဝင်ဆယ်ယောက်က အမေရိကန်နိုင်ငံက မဟုတ်ဘူး။ သူတို့အားလုံးက စည်းဝေးပွဲတွေနဲ့ စည်းဝေးကြီးတွေမှာဖွင့်တဲ့ သာယာနာပျော်ဖွယ်တေးသံသာတွေအတွက် ပါဝင်လုပ်ဆောင်ရတာကို အခွင့်ထူးအဖြစ် ယူမှတ်ကြတယ်။ သူတို့ရဲ့မေတ္တာပါကြိုးစားအားထုတ်မှုကို ကျွန်ုပ်တို့ တန်ဖိုးထားလေးမြတ်ကြောင်း တင်ပြနိုင်ကြတယ်။ ဒါကြောင့် စည်းဝေးပွဲတွေနဲ့ စည်းဝေးကြီးတွေမှာ သဘာပတိက မေတ္တာနဲ့ပြင်ဆင်ထားတဲ့ တေးသံသာကိုနားထောင်ဖို့ ဖိတ်ခေါ်တဲ့အခါ ချက်ချင်းနေရာယူပြီး တိတ်တိတ်ဆိတ်ဆိတ် နားထောင်ကြစို့။

၂၀။ သင်ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသလဲ။

၂၀ ကျွန်ုပ်တို့ရဲ့ ချီးမွမ်းသီချင်းသီဆိုသံကို ယေဟောဝါ နားထောင်တော်မူတယ်။ ဒီသီချင်းသံတွေက ကိုယ်တော့်အတွက် အရေးပါတယ်။ ဝတ်ပြုစည်းဝေးတဲ့အခါတိုင်း စိတ်နှလုံးအပြည့်နဲ့သီဆိုခြင်းအားဖြင့် ကိုယ်တော့်စိတ်တော်ကို ပျော်ရွှင်စေနိုင်ပါတယ်။ မှန်ပါတယ်၊ ကျွန်ုပ်တို့ဟာ ကျွမ်းကျင်သူပဲဖြစ်ပါစေ၊ သင်ယူသူပဲဖြစ်ပါစေ “ယေဟောဝါအား သီချင်းဆို” ကြပါစို့။—ဆာ. ၁၀၄:၃၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 1 စိတ်ဝင်စားစရာက ဒါဝိဒ်သေဆုံးပြီး အနှစ်တစ်ထောင်ခန့်မှာ ကောင်းကင်တမန်များစွာက ဘက်သလီဟင်မြို့အနီးကွင်းပြင်မှာ သိုးကျောင်းနေတဲ့ သိုးထိန်းတွေကို မေရှိယမွေးဖွားခြင်းအကြောင်း ကြေညာခဲ့တယ်။—လု. ၂:၄၊ ၈၊ ၁၃၊ ၁၄

^ အပိုဒ်၊ 15 သီချင်း ၂၂၅ ပုဒ်ပါတဲ့ သီချင်းစာအုပ်ကို ဘာသာစကား ၁၀၀ ကျော်နဲ့ ထုတ်ဝေခဲ့တယ်။

သင် ဘယ်လိုထင်သလဲ

• ဝတ်ပြုရေးမှာ တေးဂီတက အရေးပါတယ်ဆိုတာ ကျမ်းစာခေတ်က ဘယ်ပုံနမူနာတွေက ဖော်ပြ သလဲ။

မဿဲ ၂၂:၃၇ မှာပါတဲ့ ယေရှုရဲ့အမိန့်ကိုနာခံခြင်းနဲ့ ချီးမွမ်းသီချင်းတွေကို စိတ်နှလုံးအပြည့် သီဆိုခြင်းက ဘယ်လိုဆက်စပ်သလဲ။

• ချီးမွမ်းသီချင်းတွေကို တန်ဖိုးထားလေးမြတ်ကြောင်း ဘယ်လိုနည်းတွေနဲ့ တင်ပြနိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါရုပ်ပုံ]

သီချင်းဆိုနေစဉ်မှာ မလိုအပ်ဘဲ နေရာကနေထွက်မသွားဖို့ သင့်ကလေးတွေကို သင်ပေးသလား

[စာမျက်နှာ ၂၄ ပါရုပ်ပုံ]

သီချင်းသစ်တွေကို သင် အိမ်မှာလေ့ကျင့်သလား