မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ အမှန်တရားရဲ့အစွမ်းတန်ခိုးကို ကျွန်တော်မြင်တွေ့ခဲ့

သမ္မာကျမ်းစာ အမှန်တရားရဲ့အစွမ်းတန်ခိုးကို ကျွန်တော်မြင်တွေ့ခဲ့

သမ္မာကျမ်းစာ အမှန်တရားရဲ့အစွမ်းတန်ခိုးကို ကျွန်တော်မြင်တွေ့ခဲ့

ဗစ်တို ဖရေဇီ ပြောပြတယ်

ထရန်တီနာရာ ဆိုတဲ့နာမည်ကို သင်တို့ကြားဖူးချင်မှ ကြားဖူးမယ်။ အဲဒါက အီတလီနိုင်ငံ နေပယ်မြို့တောင်ဘက်မှာရှိတဲ့ မြို့ငယ်လေးတစ်မြို့ဖြစ်တယ်။ အဲဒါက ကျွန်တော့်မိဘနဲ့ ကျွန်တော့်အစ်ကို အန်ဂျလိုရဲ့ ဇာတိချက်ကြွေမွေးရပ်မြေဖြစ်တယ်။ အန်ဂျလိုကိုမွေးပြီးနောက် ကျွန်တော့်မိဘက အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ် ရော်ချက်စတာကို ပြောင်းရွှေ့ခဲ့ပြီး ၁၉၂၆ ခုနှစ်မှာ အဲဒီမှာ ကျွန်တော်ကို မွေးခဲ့တယ်။ ၁၉၂၂ ခုနှစ်မှာ အဖေက အဲဒီတုန်းက ကျမ်းစာကျောင်းသားလို့ခေါ်တဲ့ ယေဟောဝါသက်သေတွေနဲ့ စတွေ့ပြီး သိပ်မကြာခင်မှာ အဖေနဲ့အမေက ကျမ်းစာကျောင်းသားတွေဖြစ်လာတယ်။

အဖေက တည်ငြိမ်အေးဆေးပြီး စဉ်းစားချင့်ချိန်တတ်သူဖြစ်ပေမဲ့ မတရားတာတွေ့ရင်တော့ သည်းမခံတတ်ဘူး။ ခရစ်ယာန်ဓမ္မဆရာတွေက လူတွေကို လျစ်လျူရှုထားတာကို သည်းမခံနိုင်လို့ အခွင့်အရေးရတိုင်း လူတွေကို ကျမ်းစာအမှန်တရားအကြာင်း ပြောပြတယ်။ အငြိမ်းစားယူပြီးတဲ့နောက် အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ခဲ့တယ်။ ကျန်းမာရေးချို့တဲ့လာပြီး အအေးဒဏ်မခံနိုင်တော့တဲ့ အသက် ၇၄ နှစ်အထိ ဆက်လုပ်ဆောင်ခဲ့တယ်။ အဲဒီနောက်ပိုင်း အသက် ၉၀ ကျော်အထိ လတိုင်း နာရီ ၄၀ ကနေ ၆၀ ကြား ဆက်ဟောပြောခဲ့တယ်။ အဖေ့ရဲ့ပုံသက်သေက ကျွန်တော့်အပေါ် အရမ်းအကျိုးသက်ရောက်ခဲ့တယ်။ အဖေက ဟာသဉာဏ်ရှိပေမဲ့ လေးနက်တည်ကြည်သူဖြစ်တယ်။ “အမှန်တရားက အရေးကြီးတဲ့အတွက် အလေးအနက်ထားသင့်တယ်” လို့ အဖေပြောလေ့ရှိတယ်။

အဖေနဲ့အမေက ကျွန်တော်တို့ မောင်နှမငါးယောက်စလုံးကို သမ္မာကျမ်းစာအကြောင်း ကြိုးစားသင်ပေးတယ်။ ကျွန်တော်က ၁၉၄၃၊ ဩဂုတ် ၂၃ မှာနှစ်ခြင်းခံခဲ့ပြီး ၁၉၄၄၊ ဇွန်လမှာ ရှေ့ဆောင်စလုပ်တယ်။ ကျွန်တော့်အစ်မ ခါမယ်လာက နယူးယောက်၊ ဂျီနီဗာမှာ သူ့ရဲ့ သွက်လက်ထက်သန်တဲ့တွဲဖက်ဖြစ်တဲ့ ဖမ်နဲ့အတူ ရှေ့ဆောင်လုပ်နေတယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော် ဒီမိန်းကလေးနဲ့အတူ တစ်ဘဝလုံးလက်တွဲသွားချင်တယ်ဆိုတာ သိလာတယ်။ ဒါနဲ့ ၁၉၄၆၊ ဩဂုတ်လမှာ ကျွန်တော်တို့ လက်ထပ်လိုက်ကြတယ်။

ခရစ်ယာန်သာသနာပြုလုပ်ငန်း

ကျွန်တော်တို့နှစ်ယောက် အထူးရှေ့ဆောင်တွေအနေနဲ့ တာဝန်ရခဲ့တဲ့နေရာတွေက နယူးယောက်ပြည်နယ်မှာရှိတဲ့ ဂျီနီဗာနဲ့ နော်ဝစ်ခ်ျဖြစ်တယ်။ ၁၉၄၈၊ ဩဂုတ်လမှာ ၁၂ ကြိမ်မြောက် ဂိလဒ်ကျောင်းတက်ခွင့်ရခဲ့တယ်။ အဲဒီနောက် ကျွန်တော်တို့ဟာ ခရစ်ယာန်သာသနာပြုမောင်နှံဖြစ်တဲ့ ခါးလ်နဲ့ ဂျိုအန်း ရစ်ခ်ျဝေးတို့နဲ့အတူ အီတလီနိုင်ငံ၊ နေပယ်မြို့မှာ တာ၀န်ခန့်အပ်ခံရတယ်။ အဲဒီအချိန်တုန်းက နေပယ်မြို့ဟာ စစ်အပျက်အယွင်းတွေကြားမှာ နာလန်ထူဖို့ ရုန်းကန်နေရတယ်။ အိမ်ရဖို့အရမ်းခက်လို့ ကျွန်တော်တို့ဟာ အခန်းနှစ်ခန်းပါတဲ့ တိုက်ခန်းကျဉ်းလေးမှာ နေခဲ့ကြတယ်။

အဖေနဲ့အမေက အိမ်မှာ နေပယ်မြို့သားတွေသုံးတဲ့ အီတလီစကားကိုပြောတဲ့အတွက် နားယဉ်နေလို့ ကျွန်တော့်ရဲ့ အီတလီစကားက အမေရိကန်အသံပါနေပေမဲ့ နားလည်နိုင်တယ်။ ဖမ်အတွက်ကတော့ ဘာသာစကား အခက်အခဲရှိတယ်။ ဒါပေမဲ့ မကြာခင် သူ ကျွန်တော့်လောက်ကိုပြောလာနိုင်ပြီး ကျွန်တော့်ထက်တောင် ပိုကျွမ်းသွားမယ်ဆိုတာ ကျွန်တော်ပြောနိုင်တယ်။

ဦးဆုံး နေပယ်မှာ မိသားစုလေးယောက်ရှိတဲ့အိမ်ထောင်က စိတ်ဝင်စားမှုပြခဲ့တယ်။ သူတို့က စီးကရက်မှောင်ခိုရောင်းတယ်။ အလုပ်လုပ်တဲ့ရက်တိုင်းမှာ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဖရေဇာက မျက်လှည့်ပြသလိုပဲ။ မနက်ဆိုရင် သူ့စကတ်ရဲ့အိတ်ကပ်တွေအများကြီးထဲမှာ စီးကရက်တွေအပြည့်သိပ်ထည့်ထားလို့ ဝတုတ်ကြီးပုံထွက်နေတယ်။ ဒါပေမဲ့ ညနေကျတော့ ဝါးခြမ်းပြားလိုပဲ ပိန်ကပ်သွားတယ်။ အမှန်တရားက ဒီမိသားစုကို လုံးလုံးပြောင်းလဲစေခဲ့တယ်။ နောက်ဆုံး သူတို့မိသားစုထဲက ၁၆ ယောက်က သက်သေခံတွေဖြစ်လာတယ်။ အခုဆိုရင် နေပယ်မြို့မှာ သက်သေခံ ၃,၇၀၀ နီးပါးရှိနေပြီ။

ဆန့်ကျင်မှုကြုံရ

နေပယ်မြို့ကိုရောက်တာ ကိုးလပဲရှိသေးတယ်၊ အာဏာပိုင်တွေက ကျွန်တော်တို့လေးယောက်ကို မြို့ကနေ ထွက်သွားခိုင်းတယ်။ ကျွန်တော်တို့ ဆွစ်ဇလန်နိုင်ငံမှာ တစ်လနေပြီး ကမ္ဘာလှည့်ခရီးသွားပြည်ဝင်ခွင့်နဲ့ အီတလီကို ပြန်လာခဲ့တယ်။ ဖမ်နဲ့ ကျွန်တော်က တူရင်မြို့မှာ တာဝန်ကျတယ်။ အစပိုင်းမှာ အမျိုးသမီးတစ်ဦးက ကျွန်တော်တို့ကို အခန်းတစ်ခန်းငှားပေးပြီး သူ့ရဲ့ရေချိုးခန်းနဲ့ မီးဖိုချောင်ကို သုံးခွင့်ပေးတယ်။ ရစ်ခ်ျဝေးမောင်နှံ တူရင်ကိုရောက်လာတဲ့အခါ ကျွန်တော်တို့ တိုက်ခန်းတစ်ခန်း ငှားလိုက်တယ်။ နောက်တော့ အဲဒီအိမ်မှာ ခရစ်ယာန်သာသနာပြုစုံတွဲငါးတွဲ နေထိုင်ခဲ့တယ်။

၁၉၅၅ ခုနှစ်မှာ အာဏာပိုင်တွေက ကျွန်တော်တို့ကို တူရင်ကနေထွက်သွားခိုင်းတဲ့အခါ အသင်းတော်အသစ် လေးခုအတွက် အုတ်မြစ်ချပြီးနေပြီ။ အရည်အချင်းပြည့်မီတဲ့ ဒေသခံညီအစ်ကိုတွေက အခုဆိုရင် ဒီအသင်းတော်တွေကို ကောင်းကောင်းကြည့်ရှုနိုင်ပြီ။ အာဏာပိုင်တွေက ကျွန်တော်တို့ကို ဒီလိုပြောတယ်– “မင်းတို့အမေရိကန်တွေအားလုံးထွက်သွားတာနဲ့ မင်းတို့လုပ်ခဲ့တာတွေ တစ်စစီဖြစ်သွားမယ်ဆိုတာ သေချာတယ်။” ဒါပေမဲ့ နောက်ပိုင်းတိုးတက်မှုတွေက အောင်မြင်မှုဟာ ဘုရားသခင်ပေါ်မှာမူတည်တယ်ဆိုတာ ဖော်ပြတယ်။ ယနေ့ တူရင်မှာ အသင်းတော် ၅၆ ခု၊ သက်သေခံ ၄,၆၀၀ ကျော်ရှိနေပြီ။

ထူးခြားထင်ရှားတဲ့ ဖလောရင့်စ်မြို့

ကျွန်တော်တို့ နောက်တာဝန်ကျတဲ့နေရာက ဖလောရင့်စ်မြို့ဖြစ်တယ်။ အဲဒီမြို့မှာ ခရစ်ယာန်သာသနာပြုအဖြစ် အမှုဆောင်နေတဲ့ ကျွန်တော့်အစ်မ ခါမယ်လာနဲ့ သူ့ခင်ပွန်း မာလင် ဟာဇ်လာတို့ဆီကနေ အဲဒီမြို့အကြောင်း ကြားဖူးနေတယ်။ ထင်ရှားကျော်ကြားတဲ့နေရာတွေဖြစ်တဲ့ ပီယာဇာ ဒဲလာ စင်ညော်ရီယာ ရင်ပြင်၊ ပွန်တေ ပစ်ကီရို တံတား၊ ပီယာဇာလေ မီကေလန်ဂျီလို ရင်ပြင်၊ ပလာဇို ပီတီနန်းတော်တွေရှိတဲ့ ထူးခြားတဲ့မြို့မှာ နေရတာကို မြင်ယောင်ကြည့်ပါ။ ဒါ့အပြင် ဖလောရင့်စ်မြို့သားတွေကလည်း သတင်းကောင်းကို လက်ခံတုံ့ပြန်တဲ့အတွက် ဝမ်းသာစရာပဲ။

မိသားစုတစ်စုကို ကျွန်တော်တို့ ကျမ်းစာသင်ပေးပြီး မိဘတွေက နှစ်ခြင်းခံခဲ့ကြတယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူက ဆေးလိပ်ချိုးဖြစ်တယ်။ ၁၉၇၃ ခုနှစ်မှာ ကင်းမျှော်စင်က ဆေးလိပ်သောက်တာက မသန့်ရှင်းတဲ့အကျင့်ဖြစ်လို့ ဖြတ်ဖို့ အားပေးခဲ့တယ်။ ကလေးအကြီးတွေက ဆေးလိပ်ဖြတ်ဖို့ အဖေကို တောင်းဆိုကြတယ်။ အဖေက ဖြတ်မယ်လို့ ကတိပေးပေမဲ့ မဖြတ်နိုင်ခဲ့ဘူး။ တစ်ညနေမှာ မိခင်ဖြစ်သူက ကိုးနှစ်သားအမြွှာကလေးနှစ်ယောက်ကို ဆုမတောင်းပေးဘဲ အိပ်ရာဝင်ခိုင်းလိုက်တယ်။ နောက်တော့ မဖြစ်သေးပါဘူးဆိုပြီး ကလေးတွေနဲ့အတူ ဆုတောင်းဖို့သွားတဲ့အခါ ကလေးတွေက သူတို့ဆုတောင်းပြီးပြီလို့ပြောတယ်။ “ဘာတွေတောင်းလဲ” လို့ အမေကမေးတော့ “ယေဟောဝါ၊ အဖေ ဆေးလိပ်ဖြတ်နိုင်အောင် ကူညီပေးပါလို့တောင်းတယ်” ဆိုပြီး ပြန်ဖြေတယ်။ ဇနီးသည်က “ရှင့်ကလေးတွေ ဘာဆုတောင်းလဲဆိုတာ လာနားထောင်ကြည့်ပါဦး” ဆိုပြီး ခင်ပွန်းဖြစ်သူကို ခေါ်လိုက်တယ်။ အဲဒီအကြောင်းကြားတော့ ခင်ပွန်းက ငိုပြီး “ငါ နောက်ဘယ်တော့မှ ဆေးလိပ်မသောက်တော့ဘူး” လို့ ပြောခဲ့တယ်။ သူကတိတည်ခဲ့ပြီး အခုဆိုရင် သူတို့မိသားစုထဲက ၁၅ ယောက်ကျော်က သက်သေခံဖြစ်နေပြီ။

အာဖရိကမှာ အမှုဆောင်ခြင်း

၁၉၅၉ ခုနှစ်မှာ ကျွန်တော်တို့ဟာ နောက်ထပ်ခရစ်ယာန်သာသနာပြုနှစ်ဦးဖြစ်တဲ့ အာချူရို လာဗဲရစ်၊ ကျွန်တော့်အစ်ကို အန်ဂျလိုတို့နဲ့အတူ ဆိုမားလီးယားနိုင်ငံ မိုဂါဒစ်ရှူးကို ပြောင်းရွှေ့ခဲ့ရတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ နိုင်ငံရေးအခြေအနေက တင်းမာနေတယ်။ ဆိုမားလီးယားနိုင်ငံ လွတ်လပ်ရေးရအောင် ကူညီပေးဖို့ ယူအဲန်က အီတလီအစိုးရကို အမိန့်ပေးပေမဲ့ အခြေအနေက ပိုဆိုးလာတယ်။ ကျွန်တော်တို့ကျမ်းစာသင်ပေးတဲ့ အီတလီလူမျိုးတချို့က ဆိုမားလီးယားကနေထွက်သွားကြလို့ အသင်းတော်တစ်ခုဖွဲ့စည်းဖို့ မဖြစ်နိုင်ခဲ့ဘူး။

အဲဒီအချိန်အတွင်းမှာ ဇုန်ကြီးကြပ်မှူးက သူ့ကိုကူညီပေးဖို့ ကျွန်တော့်ကို ပြောတယ်။ ဒါနဲ့ အနီးအနားနိုင်ငံတွေကို စတင်လည်ပတ်ခဲ့ကြတယ်။ ကျွန်တော်တို့နဲ့ကျမ်းစာလေ့လာသူတချို့က ကောင်းစွာတိုးတက်လာကြပေမဲ့ ဆန့်ကျင်မှုတွေကြောင့် နေရင်းတိုင်းပြည်ကနေ ထွက်ပြေးကြရတယ်။ ထွက်မပြေးတဲ့သူတွေကတော့ ဆင်းရဲဒုက္ခများစွာ ခံခဲ့ရတယ်။ * ယေဟောဝါကိုချစ်တဲ့ သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ခံနိုင်ရည်တွေကို ပြန်တွေးမိတိုင်း မျက်ရည်လည်တုန်းပဲ။

ဆိုမားလီးယားနဲ့ အဲရိထရိအာနိုင်ငံတွေရဲ့ အပူရှိန်က အရမ်းပြင်းတယ်။ ဒေသခံဟင်းလျာတချို့က စပ်လွန်းလို့ ပိုပူတယ်လို့ ခံစားရတယ်။ ကျမ်းစာသင်သားတစ်ယောက်ရဲ့အိမ်မှာ အဲဒီလိုဟင်းကို ဦးဆုံးအကြိမ်စားတုန်းက ကျွန်တော့်ဇနီးက “နားတွေတောင်ထူပူသွားတယ်” လို့ပြောခဲ့တယ်။

အန်ဂျလိုနဲ့ အာချူရိုက တခြားနေရာကို ပြောင်းသွားတော့ ကျွန်တော်တို့နှစ်ယောက်ပဲ ကျန်ခဲ့တယ်။ အားပေးမယ့်သူတစ်ယောက်မှမရှိတော့ အားငယ်တယ်။ ဒါပေမဲ့ အဲဒီလိုအခြေအနေက ယေဟောဝါနဲ့ပိုရင်းနှီးဖို့၊ ကိုယ်တော့်ကို အပြည့်အဝယုံကြည်အားကိုးဖို့ အကူအညီဖြစ်စေတယ်။ ပိတ်ပင်ထားတဲ့နိုင်ငံတွေကို လည်ပတ်ခြင်းကလည်း ကျွန်တော်တို့ကို အားရှိစေတယ်။

ဆိုမားလီးယားမှာ အခက်အခဲအမျိုးမျိုး ကြုံရတယ်။ ကျွန်တော်တို့မှာ ရေခဲသေတ္တာမရှိတဲ့အတွက် အသားနဲ့ ဒေသထွက်အသီးအနှံတွေဖြစ်တဲ့ သရက်သီး၊ သင်္ဘောသီး၊ စပျစ်သီး၊ အုန်းသီး၊ ငှက်ပျောသီးတွေကို တစ်ရက်စာပဲဝယ်ရတယ်။ အင်းဆက်ပိုးတွေရဲ့ဒဏ်ကိုလည်း ခံရတယ်။ တစ်ခါတလေ ကျွန်တော်တို့ ကျမ်းစာသင်နေတဲ့အချိန်မှာ ကျွန်တော်တို့လည်ပင်းမှာ လာနားတယ်။ ကျွန်တော်တို့မှာ အပေါ့စားဆိုင်ကယ်လေးတစ်စီးရှိလို့ တော်သေးတယ်၊ ဒါကြောင့် ချစ်ချစ်တောက်ပူတဲ့နေရောင်အောက်မှာ နာရီနဲ့ချီပြီး လမ်းလျှောက်စရာမလိုဘူး။

အီတလီသို့အပြန်

ရက်ရောတဲ့မိတ်ဆွေတွေရဲ့ ကျေးဇူးနဲ့ တူရင်မြို့မှာကျင်းပတဲ့ ၁၉၆၁ ခုနှစ် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို တက်ရောက်ဖို့ ငှက်ပျောသီးတင်တဲ့ သင်္ဘောကိုစီးပြီး အီတလီကို ပြန်ခဲ့ကြတယ်။ အဲဒီကိုရောက်တော့ အီတလီမှာ ပြန်တာဝန်ကျတယ်ဆိုတာ သိခဲ့ရတယ်။ ၁၉၆၂၊ စက်တင်ဘာမှာ ကျွန်တော်တို့ အီတလီကို ပြန်ခဲ့ကြပြီး တိုက်နယ်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ခဲ့တယ်။ ကျွန်တော်တို့ ကားလေးတစ်စီးဝယ်လိုက်ပြီး အဲဒီကားနဲ့ တိုက်နယ်နှစ်ခုကို ငါးနှစ်ကြာလည်ပတ်ခဲ့တယ်။

အာဖရိကရဲ့ အပူဒဏ်ပြီးတော့ အသည်းခိုက်အောင်အေးတဲ့ အအေးဒဏ်ကို ခံရပြန်တယ်။ ဦးဆုံးဆောင်းတွင်းမှာ အဲလ်ပ်တောင်ခြေမှာရှိတဲ့ အသင်းတော်တစ်ခုကို လည်ပတ်ခဲ့ကြတယ်။ မြက်ခြောက်စင်အပေါ်ထပ်မှာရှိတဲ့ အေးစက်နေတဲ့အခန်းမှာ ကျွန်တော်တို့ ညအိပ်ခဲ့ရတယ်။ အေးလွန်းလို့ ကုတ်အင်္ကျီကိုမချွတ်ဘဲ အိပ်ရတယ်။ အဲဒီညမှာ အအေးဒဏ်ကြောင့် ကြက်မ လေးကောင်နဲ့ ခွေးနှစ်ကောင်သေသွားတယ်။

နောက်ပိုင်းမှာ ခရိုင်ကြီးကြပ်မှူးအဖြစ်လည်း အမှုဆောင်ခဲ့ရတယ်။ အဲဒီနှစ်တွေအတွင်း အီတလီအနှံ့ ခရီးဆန့်ခဲ့ကြတယ်။ ခါလာဗရီးယားနဲ့ စစ္စလီစတဲ့ နေရာတွေကိုလည်း အခေါက်ခေါက်အခါခါ ရောက်ခဲ့တယ်။ လူငယ်တွေကို အသင်းတော်အကြီးအကဲ၊ နယ်လှည့်ဓမ္မအမှုဆောင်၊ ဗေသလအိမ်သားစတဲ့ ပန်းတိုင်တွေချပြီး တိုးတက်အောင်ကြိုးစားကြဖို့ အားပေးခဲ့တယ်။

ယေဟောဝါရဲ့အမှုတော်ကို နှလုံးအကြွင်းမဲ့ သစ္စာရှိရှိလုပ်ဆောင်နေကြတဲ့ မိတ်ဆွေတွေဆီက များစွာသင်ယူခဲ့ကြရတယ်။ သူတို့ ယေဟောဝါအပေါ်အကြွင်းမဲ့သစ္စာစောင့်သိတာ၊ ရက်ရောတာ၊ ညီအစ်ကိုတွေကို ချစ်မြတ်နိုးတာ၊ အလိုက်အထိုက်နေတတ်တာနဲ့ ကိုယ်ကျိုးစွန့်တာတွေကို ကျွန်တော်တို့ တန်ဖိုးထားလေးမြတ်ခဲ့တယ်။ ဝတ်ပြုရာခန်းမတွေမှာ အစိုးရအသိအမှတ်ပြု ဓမ္မအမှုဆောင်တစ်ဦး လက်ထပ်ပွဲကျင်းပပေးတဲ့ မင်္ဂလာပွဲတွေကိုလည်း တက်ရောက်ခွင့်ရခဲ့တယ်၊ လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ အဲဒီလိုဖြစ်လာမယ်လို့ တစ်ခါမှ မထင်ခဲ့ဘူး။ တူရင်မှာလုပ်ခဲ့သလို ညီအစ်မတစ်ဦးရဲ့မီးဖိုချောင်မှာ ဒါမှမဟုတ် ပျဉ်ပြားတွေပေါ်မှာထိုင်ပြီး စည်းဝေးလုပ်စရာမလိုတော့ဘူး။ အသင်းတော်အများစုက တင့်တယ်လှပတဲ့ခန်းမတွေမှာ စည်းဝေးနိုင်ပြီဖြစ်လို့ ယေဟောဝါရဲ့ဂုဏ်တော်ကို ထင်ရှားစေတယ်။ စည်းဝေးပွဲတွေကို ဟောင်းနွမ်းညစ်ထေးနေတဲ့ပြဇာတ်ရုံတွေမှာ ကျင်းပစရာမလိုတော့ဘဲ ကျယ်ဝန်းတဲ့ စည်းဝေးပွဲခန်းမတွေမှာ ကျင်းပနိုင်ပြီ။ ကြေညာသူအရေအတွက် ၂၄၃,၀၀၀ ကျော်အထိတိုးတက်လာလို့ ဝမ်းသာစရာပဲ။ ကျွန်တော်တို့ အီတလီကို ရောက်စတုန်းက ၄၉၀ ပဲရှိတယ်။

ကျွန်တော်တို့ရဲ့ ရွေးချယ်မှုမှန်ကန်

အိမ်ကိုလွမ်းတာနဲ့ ဖျားနာတာအပါအဝင် အခက်အခဲတချို့ကို ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတယ်။ ဖမ်ကတော့ ပင်လယ်ကြီးကိုမြင်တိုင်း အိမ်ကိုလွမ်းတော့တာပဲ။ သူက အကြီးစားခွဲစိတ်မှုသုံးကြိမ် ခံခဲ့ရတယ်။ တစ်ခါက ကျမ်းစာသင်အံမှုသွားနေတုန်း ဆန့်ကျင်သူတစ်ဦးက သူ့ကို ကောက်ဆွနဲ့ထိုးလိုက်တယ်။ အဲဒီတုန်းကလည်း သူ့ကို ဆေးရုံပို့လိုက်ရတယ်။

ခြေကုန်လက်ပန်းကျနေပြီလို့ ခံစားရတဲ့အခါတွေရှိပေမဲ့ ယေရမိမြည်တမ်းစကား ၃:၂၄ မှာပါတဲ့အတိုင်း ကျွန်တော်တို့ ‘ယေဟောဝါကို မျှော်လင့်’ ခဲ့ကြတယ်။ ကိုယ်တော်က နှစ်သိမ့်မှုပေးတဲ့ဘုရားသခင်ဖြစ်တယ်။ တစ်ခါက အရမ်းစိတ်ဓာတ်ကျနေတဲ့အချိန်မှာ ညီအစ်ကို နေသန်နောရ်ဆီက အားပေးစာတစ်စောင် ဖမ်ဆီရောက်လာတယ်။ သူက ဖမ်ရှေ့ဆောင်စလုပ်ခဲ့တဲ့နေရာဖြစ်တဲ့ ပဲင်စီလ်ဘေးနီးယား၊ ဗက်သလီဟင်အနားမှာ မွေးဖွားခဲ့တဲ့အတွက် ဖမ်လို ပဲင်စီလ်ဘေးနီးယားက ဂျာမန်နွယ်ဖွားအမျိုးသမီးတွေက ကြံ့ခိုင်သန်မာတယ်ဆိုတာ သူကောင်းကောင်းသိတယ်လို့ ရေးထားတယ်။ သူပြောတာ မှန်ခဲ့တယ်။ နှစ်တွေတစ်လျှောက်မှာ ကျွန်တော်တို့ဟာ လူများစွာဆီက အားပေးမှုအမျိုးမျိုးကို ရရှိခဲ့တယ်။

ကျွန်တော်တို့ဟာ အခက်အခဲတွေကြား ခရစ်ယာန်ဓမ္မအမှုမှာ ဇွဲထက်သန်နေဖို့ ကြိုးစားခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ဇွဲကို အမြှုပ်တစီစီထနေတဲ့ အရသာရှိလှတဲ့ အီတလီဝိုင်တစ်မျိုးနဲ့နှိုင်းယှဉ်ပြီး ဖမ်က ဟာသနှောပြီး ဒီလိုပြောတယ်– “ကျွန်မတို့ရဲ့ဇွဲကို အမြဲအမြှုပ်တစီစီထနေအောင်လုပ်ရမယ်။” တိုက်နယ်နဲ့ ခရိုင်လုပ်ငန်းမှာ အနှစ် ၄၀ ကျော်ခရီးလှည့်လည်ပြီးတဲ့နောက် အီတလီစကားအပြင် တခြားဘာသာစကားပြောအုပ်စုနဲ့ အသင်းတော်တွေကိုလည်း လည်ပတ်ဖို့ တာဝန်ရရှိခဲ့တယ်။ ဒီအုပ်စုတွေက ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အဲရိထရိအာ၊ အီသီယိုးပီးယား၊ ဂါနာ၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ဖိလစ်ပိုင်၊ သီရိလင်္ကာနဲ့ တခြားနိုင်ငံကလာတဲ့လူတွေကို ဟောပြောကြတယ်။ ဘုရားသခင်ရဲ့ ကရုဏာတော်ကို မြည်းစမ်းခဲ့တဲ့လူတွေရဲ့အသက်တာကို ပြောင်းလဲနိုင်တဲ့ သမ္မာကျမ်းစာ အမှန်တရားရဲ့အစွမ်းတန်ခိုးကတော့ စာဖွဲ့လို့တောင် ကုန်မှာမဟုတ်ဘူး။—မိ. ၇:၁၈၊ ၁၉

ခရစ်ယာန်ဓမ္မအမှုမှာ ဆက်ပါဝင်နိုင်ဖို့ လိုအပ်တဲ့ စိတ်ပိုင်းနဲ့ ကာယပိုင်းခွန်အားဆက်ပေးဖို့ ကျွန်တော်တို့ နေ့တိုင်းဆုတောင်းတယ်။ ဘုရားသခင်ပေးတဲ့ရွှင်လန်းမှုက ကျွန်တော်တို့အတွက် ခွန်အားပဲ။ အဲဒါက ကျွန်တော်တို့ရဲ့ မျက်လုံးတွေကို တောက်ပနေစေပြီး ကျွန်တော်တို့ဘ၀မှာ သမ္မာကျမ်းစာအမှန်တရားဟောပြောဖို့ ရွေးချယ်ခဲ့တာမှန်တယ်ဆိုတာ ယုံကြည်စိတ်ချစေတယ်။—ဧ. ၃:၇; ကော. ၁:၂၉

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 18 ၁၉၉၂ ယေဟောဝါသက်သေများ၏ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၉၅-၁၈၄ [အင်္ဂလိပ်] ကိုကြည့်ပါ။

[စာမျက်နှာ ၂၇၊ ၂၉ ပါဇယားနှင့်ရုပ်ပုံ]

(ကားချပ်အပြည့်အစုံများကို စာစောင်တွင်ကြည့်ပါ)

ကျွန်တော့်မိဘနှစ်ပါး၊ ရော်ချက်စတာ၊ နယူးယောက်မှာ

၁၉၄၈

၁၂ ကြိမ်မြောက်ဂိလဒ်သင်တန်းတက်တုန်းက လဲန်စင်းတောင်ပိုင်းမှာ

၁၉၄၉

အီတလီကိုသွားခါနီး ဖမ်နဲ့ကျွန်တော်

ကာဘရီ၊ အီတလီ

၁၉၅၂

တူရင်နဲ့ နေပယ်မှာ တခြားသာသနာပြုတွေနဲ့အတူ

၁၉၆၃

ဖမ်နဲ့ကျမ်းစာသင်သားတချို့

“ကျွန်မတို့ရဲ့ဇွဲကို အမြဲအမြှုပ်တစီစီထနေအောင်လုပ်ရမယ်”