မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ကမ္ဘာဦး ၆:၃ မှာ ဒီလိုဖတ်ရတယ်– “ငါ့ဝိညာဉ်သည် လူတို့တွင် အစဉ်မဆုံးမရ။ အကြောင်းမူကား လူတို့သည်အသားဖြစ်၏။ သူ၏အသက်တမ်းသည်လည်း အနှစ်တစ်ရာနှစ်ဆယ်ဖြစ်စေ။” ဘုရားသခင်က လူ့သက်တမ်းကိုအနှစ် ၁၂၀ လို့သတ်မှတ်လိုက်တာလား။ ဒါမှမဟုတ် ရောက်လာတော့မယ့် ရေလွှမ်းမိုးဘေးအကြောင်းကို နောဧ အဲဒီလောက်ကြာအောင် ဟောခဲ့တာလား။

မေးခွန်းနှစ်ခုစလုံးကို မဟုတ်ဘူးလို့ ဖြေရမှာဖြစ်တယ်။

ရေလွှမ်းမိုးဘေးမတိုင်ခင် လူများစွာဟာ အသက်ရာနဲ့ချီ အသက်ရှင်ခဲ့ကြတယ်။ ရေလွှမ်းမိုးဘေးကျရောက်ချိန်မှာ နောဧအသက်က ၆၀၀ ဖြစ်ပြီး အသက် ၉၅၀ အထိ အသက်ရှင်ခဲ့တယ်။ (က. ၇:၆; ၉:၂၉) ရေလွှမ်းမိုးဘေးနောက်ပိုင်း တချို့လူတွေဟာ အနှစ် ၁၂၀ ထက်မက အသက်ရှင်ခဲ့တယ်။ အာဖာဇဒ်က အသက် ၄၃၈ နှစ် အသက်ရှင်ခဲ့ပြီး ရှာလက ၄၃၃ နှစ်အသက်ရှင်ခဲ့တယ်။ (က. ၁၁:၁၀-၁၅) ဒါပေမဲ့ မောရှေခေတ်ရောက်လာတဲ့အခါ လူတွေရဲ့သက်တမ်းဟာ အနှစ် ၇၀၊ ၈၀ အထိတိုသွားတယ်။ (ဆာ. ၉၀:၁၀) ဒါကြောင့် ကမ္ဘာဦး ၆:၃ မှာဖော်ပြထားတဲ့ အနှစ် ၁၂၀ ဆိုတာက အများဆုံးလူ့သက်တမ်း ဒါမှမဟုတ် ပျမ်းမျှ လူ့သက်တမ်းကို သတ်မှတ်တာမဟုတ်ဘူး။

ဒါဆိုရင် ဒီကျမ်းချက်မှာပါတဲ့စကားတွေက နောက်အနှစ် ၁၂၀ ကြာရင် ရေလွှမ်းမိုးဘေးလာမယ်လို့ လူတွေကိုသတိပေးဖို့ ဘုရားသခင် နောဧကိုပြောခဲ့တာလား။ မဟုတ်ပါဘူး။ အဖြစ်အပျက်အတော်များများမှာတော့ ဘုရားသခင်က နောဧကို စကားပြောခဲ့တယ်။ ဒီစကားကိုပြောပြီး နောက်ထပ်အခန်းငယ် ဆယ်ခုမြောက်မှာ “ဘုရားသခင်သည် နောဧအားမိန့်တော်မူသည်ကား ‘သတ္တဝါအပေါင်းတို့၏အဆုံးသည် ငါ့မျက်မှောက်တွင်ပေါ်လာပြီ။ သူတို့ကြောင့်မြေကြီးသည် အဓမ္မအမှုနှင့်ပြည့်စုံလေ၏’” လို့ ဖော်ပြထားတယ်။ နောက်ပိုင်းနှစ်တွေမှာ နောဧဟာ အလွန်ကြီးလေးတဲ့တာဝန်ဖြစ်တဲ့ သင်္ဘောဆောက်တဲ့အလုပ် ပြီးစီးသွားတဲ့အခါ ‘ယေဟောဝါဘုရားသခင်သည် နောဧကိုတစ်ဖန်မိန့်တော်မူပြန်သည်ကား “သင်၏အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ သင်္ဘောထဲသို့ဝင်ကြလော့”’ လို့ ဖော်ပြထားတယ်။ (က. ၆:၁၃; ၇:၁) ဒါ့အပြင် အကြောင်းအရာတချို့နဲ့ပတ်သက်ပြီး ယေဟောဝါ နောဧကို စကားပြောခဲ့တဲ့ တခြားအထောက်အထားတွေလည်း ရှိသေးတယ်။—က. ၈:၁၅; ၉:၁၊ ၈၊ ၁၇

ဒါပေမဲ့ ကမ္ဘာဦး ၆:၃ မှာဖော်ပြထားတဲ့အချက်က အဲဒါတွေနဲ့ မတူဘူး။ အဲဒီကျမ်းချက်မှာ နောဧဆိုတဲ့အမည်လည်း မပါသလို ဘုရားသခင် သူ့ကိုပြောတယ်လို့လည်း မဖော်ပြထားဘူး။ ဒါက ဘုရားသခင့်ရည်ရွယ်ချက် ဒါမှမဟုတ် စိတ်ပိုင်းဖြတ်ချက်ကို ထုတ်ဖော်ပြခြင်းသာဖြစ်တယ်လို့ နားလည်နိုင်တယ်။ (ကမ္ဘာဦး ၈:၂၁ နဲ့နှိုင်းယှဉ်ပါ။) အာဒံကိုမဖန်ဆင်းခင် နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကို မှတ်တမ်းတင်တဲ့အခါမှာ ‘အမိန့်တော်ရှိ၏’ ဆိုတဲ့ဖော်ပြချက်တွေကို ကျွန်ုပ်တို့တွေ့ရတယ်။ (က. ၁:၆၊ ၉၊ ၁၄၊ ၂၀၊ ၂၄) ကမ္ဘာပေါ်မှာ လူကိုမဖန်ဆင်းရသေးတဲ့အတွက် ယေဟောဝါက လူတစ်ဦးနဲ့စကားပြောနေတာမဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။

ဒါကြောင့် ကမ္ဘာဦး ၆:၃ က မြေကြီးပေါ်က ဆိုးညစ်တဲ့စနစ်ကို အဆုံးတိုင်စေဖို့ ဘုရားသခင့်ဆုံးဖြတ်ချက်ကို ဖော်ပြခြင်းဖြစ်တယ်လို့ ကျိုးကြောင်းဆီလျော်စွာ ကောက်ချချက်နိုင်ပါတယ်။ ယေဟောဝါက အနှစ် ၁၂၀ ကြိုပြီး တရားစီရင်ချက် ချခဲ့တာဖြစ်တယ်၊ ဒီအချက်ကို နောဧမသိခဲ့ဘူး။ ဘာဖြစ်လို့ ဒီလိုကန့်သတ်ရတာလဲ။ ဘာဖြစ်လို့ ဒီလောက်ကြာအောင် စောင့်ခဲ့တာလဲ။

တမန်တော်ပေတရုက “နောဧခေတ်တွင် လူအနည်းငယ်ဖြစ်သော လူရှစ်ဦးကို ရေထဲမှကယ်တင်ရန် သင်္ဘောဆောက်လုပ်စဉ် ဘုရားသခင် စိတ်ရှည်စွာစောင့်ဆိုင်းတော်မူ” တယ်ဆိုပြီး အကြောင်းရင်းကို ဖော်ပြခဲ့တယ်။ (၁ ပေ. ၃:၂၀) မှန်ပါတယ်၊ အနှစ် ၁၂၀ လို့ ကိုယ်တော်သတ်မှတ်ပြီးတဲ့နောက် လုပ်စရာများစွာရှိနေသေးတယ်။ နောက်အနှစ် ၂၀ ခန့်အကြာမှာ နောဧနဲ့သူဇနီး ကလေးတွေရလာတယ်။ (က. ၅:၃၂; ၇:၆) သူတို့ရဲ့သားသုံးယောက်ဟာ ကြီးပြင်းလာပြီး အိမ်ထောင်ပြုခဲ့ကြတဲ့အတွက် သူတို့မိသားစုမှာ “လူရှစ်ဦး” အထိတိုးများလာတယ်။ အဲဒီနောက် နောဧမိသားစုမှာရှိတဲ့လူဦးရေနဲ့ မြန်မြန်ပြီးအောင် ဆောက်လို့မရတဲ့သင်္ဘောကြီးကို ဆောက်ရမှာဖြစ်တယ်။ ဘုရားသခင် အနှစ် ၁၂၀ စိတ်ရှည်ခဲ့တဲ့အတွက် အဲဒီအရာတွေကို ပြီးစီးအောင်လုပ်ဆောင်နိုင်ခဲ့ပြီး သစ္စာရှိတဲ့လူရှစ်ဦးကို “ရေထဲမှကယ်တင်” ခြင်းဖြင့် အသက်ဆက်တည်ရှိစေနိုင်ခဲ့တယ်။

ရေလွှမ်းမိုးဘေးကျရောက်တော့မယ့်အကြောင်း နောဧကို ယေဟောဝါ ဘယ်နှစ်မှာ အသိပေးခဲ့တယ်ဆိုတာ ကျမ်းစာမှာမဖော်ပြထားဘူး။ နောဧရဲ့သားတွေ မွေးဖွားလာဖို့၊ ကြီးပြင်းလာပြီး အိမ်ထောင်ပြုဖို့ဆိုရင် ရေလွှမ်းမိုးဘေးမတိုင်ခင် အနှစ် ၄၀၊ ၅၀ လောက်ဖြစ်နိုင်တယ်။ အဲဒီအချိန်မှာ ယေဟောဝါက နောဧကို “သတ္တဝါအပေါင်းတို့၏အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ” လို့မိန့်တော်မူခဲ့တယ်။ ဒါ့အပြင် နောဧက သင်္ဘောကြီးကိုဆောက်ရမှာဖြစ်ပြီး မိသားစုနဲ့အတူ အဲဒီအထဲကို ဝင်ရမယ်လို့လည်း ကိုယ်တော်မိန့်တော်မူခဲ့တယ်။ (က. ၆:၁၃-၁၈) ကျန်တဲ့ဆယ်စုနှစ်တွေမှာ နောဧဟာ သူ့အသက်တာမှာ ဖြောင့်မတ်ကြောင်း ပုံသက်သေကောင်းပြရုံထက်မက လုပ်ဆောင်ခဲ့တယ်။ ဘုရားသခင်ကိုမကြောက်တဲ့သူတွေကို ဖျက်ဆီးတော့မယ်ဆိုတဲ့ ဘုရားသခင်ရဲ့စိတ်ပိုင်းဖြတ်ချက်ကိုကြေညာဖို့ “ဖြောင့်မတ်ခြင်းတရားဟောပြောသူ” အဖြစ် လုပ်ဆောင်ခဲ့တယ်။ ရေလွှမ်းမိုးဘေး ဘယ်အချိန်ရောက်မယ်ဆိုတာ နောဧ အချိန်အကြာကြီး ကြိုမသိခဲ့ဘူး၊ ဒါပေမဲ့ အမှန်တကယ်ဖြစ်လာမယ်ဆိုတာ သူသိခဲ့တယ်။ အဲဒီအတိုင်းဖြစ်ပျက်ခဲ့တယ်ဆိုတာ သင်လည်းသိပါတယ်။—၂ ပေ. ၂:၅