မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဧဒင်ဥယျာဉ် တကယ်ရှိခဲ့သလား

ဧဒင်ဥယျာဉ် တကယ်ရှိခဲ့သလား

ဧဒင်ဥယျာဉ် တကယ်ရှိခဲ့သလား

အာဒံ၊ ဧဝနဲ့ ဧဒင်ဥယျာဉ်မှတ်တမ်းကို သင် သိပါသလား။ ဒီမှတ်တမ်းကို ကမ္ဘာတစ်ဝန်းလုံး သိကြပါတယ်။ အဲဒီမှတ်တမ်းကို သင်ကိုယ်တိုင် ဖတ်ကြည့်ရင် မကောင်းဘူးလား။ သမ္မာကျမ်းစာရဲ့ ကမ္ဘာဦးကျမ်း ၁:၂၆–၃:၂၄ မှာ ဖော်ပြထားပါတယ်။ မှတ်တမ်းအကျဉ်းချုပ်က ဒီလိုပါ–

ယေဟောဝါဘုရားသခင် * ဟာ မြေမှုန့်ကနေ လူကိုဖန်ဆင်းပြီး အာဒံလို့ အမည်ပေးလိုက်တယ်။ ပြီးတော့ ဧဒင်အရပ်မှာရှိတဲ့ ဘုရားသခင်ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တဲ့ ဥယျာဉ်ထဲမှာ သူ့ကို နေထိုင်စေခဲ့တယ်။ အဲဒီဥယျာဉ်က ရေပေါများတဲ့နေရာဖြစ်ပြီး လှပတဲ့ သစ်သီးပင်တွေလည်း အလျှံပယ် ပေါကြွယ်ဝလှတယ်။ ဥယျာဉ်အလယ်မှာ “ကောင်းမကောင်းသိကျွမ်းရာအပင်” ရှိတယ်။ အဲဒီအပင်က အသီးကိုမစားဖို့၊ စားရင် သေမယ်ဆိုပြီး လူကို ဘုရားသခင် တားမြစ်ထားတယ်။ အချိန်တန်တော့ ဘုရားသခင်ဟာ အာဒံရဲ့ နံရိုးတစ်ချောင်းကိုယူပြီး သူ့ရဲ့အဖော်အဖက်အဖြစ် ဧဝလို့ခေါ်တဲ့ လူမိန်းမကို ပြုလုပ်ပေးခဲ့တယ်။ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်ဖို့ သူတို့ကို ဘုရားသခင် တာဝန်ပေးခဲ့ပြီး ကမ္ဘာမြေကြီးပြည့်တဲ့အထိ သားသမီးတွေ မွေးဖွားဖို့လည်း မိန့်မှာခဲ့တယ်။

ဧဝတစ်ယောက်တည်း ရှိနေတဲ့အချိန်မှာ မြွေတစ်ကောင် သူ့ဆီရောက်လာပြီး မင်းကို ဘုရားသခင် လိမ်နေတာ၊ ဘုရားသခင်လိုဖြစ်လာစေမယ့် ကောင်းတဲ့အရာတစ်ခုခုကို သူ ထိမ်ချန်ထားတယ်လို့ပြောပြီး တားမြစ်ထားတဲ့အသီးကိုစားဖို့ သွေးဆောင်ခဲ့တယ်။ သွေးဆောင်မှုကို ဧဝ မလွန်ဆန်နိုင်တော့ဘဲ တားမြစ်ထားတဲ့အသီးကိုစားလိုက်တယ်။ အာဒံလည်း သူ့ဇနီးဘက်ပါသွားပြီး ဘုရားသခင်ရဲ့စကားကို နားမထောင်ဘဲ တားမြစ်ထားတဲ့အသီးကို ယူစားလိုက်တယ်။ ဒါကြောင့် အာဒံ၊ ဧဝနဲ့ မြွေကို ဘုရားသခင် စီရင်ချက်ချလိုက်တယ်။ အာဒံနဲ့ဧဝကို သာယာလှပတဲ့ ဧဒင်ဥယျာဉ်ကနေ နှင်ထုတ်လိုက်ပြီးတဲ့နောက် သူတို့ပြန်မဝင်လာနိုင်အောင် ကောင်းကင်တမန်တွေက ဥယျာဉ်ဝင်ပေါက်ကို ပိတ်ထားလိုက်ကြတယ်။

တစ်ချိန်တုန်းက ကျမ်းပညာရှင်တွေ၊ ပညာတတ်တွေနဲ့ သမိုင်းပညာရှင်တွေဟာ ကမ္ဘာဦးကျမ်းမှာ ဖော်ပြထားတဲ့ ဖြစ်ရပ်တွေက မှန်ကန်ပြီး သမိုင်းဝင်ဖြစ်တယ်ဆိုတာကို ထောက်ခံခဲ့ကြပါတယ်။ ကနေ့ခေတ်မှာတော့ အဲဒီဖြစ်ရပ်တွေကို အယုံအကြည်မရှိကြတော့ပါဘူး။ အာဒံ၊ ဧဝ၊ ဧဒင်ဥယျာဉ်နဲ့ပတ်သက်တဲ့ ကမ္ဘာဦးကျမ်းမှတ်တမ်းကို သံသယဖြစ်ရတဲ့ အကြောင်းရင်းက ဘာဖြစ်မလဲ။ သံသယဖြစ်ရတဲ့ အကြောင်းရင်းလေးခုကို ဆန်းစစ်ကြည့်ကြရအောင်။

၁။ ဧဒင်ဥယျာဉ် တကယ်ရှိခဲ့သလား။

ဒါနဲ့ပတ်သက်ပြီး ဘာကြောင့် သံသယဖြစ်ရတာလဲ။ သံသယဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ လူ့အတွေးအခေါ်ပညာလည်း တစ်ခုအပါအဝင် ဖြစ်နိုင်ပါတယ်။ ဧဒင်ဥယျာဉ်က တစ်နေရာရာမှာ ရှိနေတုန်းပဲဆိုပြီး အမည်ခံခရစ်ယာန်ဓမ္မပညာရှင်တွေက ထင်ကြေးပေးခဲ့ကြတာ ရာစုနှစ်ချီရှိနေပြီ။ ဒါပေမဲ့ အမည်ခံခရစ်ယာန်တွေဟာ ပလေတိုနဲ့ အရစ္စတိုတယ်စတဲ့ ဂရိအတွေးအခေါ်ပညာရှင်တွေရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတယ်။ ကမ္ဘာမြေကြီးပေါ်မှာ ပြည့်ဝစုံလင်တဲ့အရာ ဘာတစ်ခုမှမရှိဘူး၊ ကောင်းကင်မှာပဲ စုံလင်မှုရှိနိုင်တယ်ဆိုပြီး အဲဒီအတွေးအခေါ်ပညာရှင်တွေက ယူဆခဲ့ကြတယ်။ ဒါကြောင့် ဧဒင်ဥယျာဉ်ဟာ ကောင်းကင်နဲ့နီးနီးလေးမှာ ရှိခဲ့ရမယ်လို့ အမည်ခံခရစ်ယာန်ဓမ္မပညာရှင်တွေက တွေးဆခဲ့ကြတယ်။ * တချို့က ဧဒင်ဥယျာဉ်ဟာ နိမ့်ကျတဲ့ ကမ္ဘာမြေကြီးရဲ့အထက် အင်မတန်မြင့်မားတဲ့ တောင်တစ်တောင်ရဲ့ထိပ်ဖျားမှာ တည်ရှိခဲ့တယ်လို့ ဆိုကြတယ်။ တချို့ကတော့ မြောက်ဝင်ရိုးစွန်း ဒါမှမဟုတ် တောင်ဝင်ရိုးစွန်းမှာ ရှိတယ်လို့ ဆိုကြလေရဲ့။ လပေါ်မှာ ဒါမှမဟုတ် လရဲ့အနီးမှာရှိတယ်လို့ ဆိုတဲ့သူကလည်း ရှိသေး။ ဧဒင်ဥယျာဉ်နဲ့ပတ်သက်ပြီး အဲဒီလိုအမျိုးမျိုး ကြံဖန်ပြောဆိုကြတာ အဆန်းတော့မဟုတ်ပါဘူး။ ကနေ့ခေတ် ကျမ်းပညာရှင်တချို့ဆိုရင် ဧဒင်ဥယျာဉ်ဆိုတာ အလကားပါ၊ အဲလိုနေရာမျိုး တစ်ခါမှ မရှိခဲ့ဖူးပါဘူးဆိုပြီး အခိုင်အမာတောင် ဆိုလိုက်ကြသေးတယ်။

ဒါပေမဲ့ သမ္မာကျမ်းစာမှာတော့ ဧဒင်ဥယျာဉ်အကြောင်းကို အဲလို မဖော်ပြထားဘူး။ အဲဒီဥယျာဉ်နဲ့ပတ်သက်ပြီး အသေးစိတ် ဖော်ပြထားပါတယ်။ (ကမ္ဘာဦး ၂:၈-၁၄) အဲဒီဥယျာဉ်ဟာ ဧဒင်အရပ်ရဲ့ အရှေ့ပိုင်းမှာ တည်ရှိပါတယ်။ အဲဒီအရပ်ဟာ မြစ်ကြီးတစ်စင်း မြစ်ဖျားခံရာအရပ် ဖြစ်ပြီး အဲဒီမြစ်ကြီးကနေ မြစ်လေးစင်း ထပ်ကွဲသွားတယ်။ အဲဒီမြစ်လေးစင်းရဲ့အမည်၊ မြစ်စီးဆင်းရာလမ်းကြောင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း အတိုချုပ်ဖော်ပြထားတယ်။ အဲဒီအချက်အလက်တွေကို ကျမ်းပညာရှင်တွေ ဘဝင်မကျခဲ့တာ အတော်ကြာပြီ၊ သူတို့အထဲက အများစုဟာ ဧဒင်အရပ်ရဲ့ လက်ရှိတည်နေရာနဲ့ပတ်သက်ပြီး သဲလွန်စတွေရဖို့ ကမ္ဘာဦးကျမ်းပိုင်းကို စေ့စေ့စပ်စပ် ရှာဖွေလေ့လာခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့အမြင်တွေက တစ်ယောက်တစ်ပေါက်ဖြစ်နေပြီး ကွဲလွဲချက်တွေကလည်း များမှများ။ ဒါဆိုရင် ဧဒင်အရပ်၊ အဲဒီမှာရှိတဲ့ ဥယျာဉ်၊ မြစ်လေးစင်းတို့နဲ့ပတ်သက်တဲ့ သဘာဝအသွင်အပြင်တွေက မှားနေတယ် ဒါမှမဟုတ် ဒဏ္ဍာရီဖြစ်တယ်ဆိုတဲ့ သဘောလား။

ဒီအချက်ကို သုံးသပ်ကြည့်ပါ– ဧဒင်ဥယျာဉ်က ဖြစ်ရပ်တွေဟာ လွန်ခဲ့တဲ့ အနှစ် ၆,၀၀၀ လောက်က ဖြစ်ပျက်ခဲ့တာပါ။ အဲဒီအဖြစ်အပျက်တွေကို မောရှေက မှတ်တမ်းတင်ခဲ့တယ်၊ သူဟာ ပါးစပ်ရာဇဝင်တွေကို မှီငြမ်းခဲ့တာဖြစ်နိုင်သလို ရှေးကျတဲ့ မှတ်တမ်းမှတ်ရာတွေကိုလည်း မှီငြမ်းခဲ့တာဖြစ်နိုင်တယ်။ မောရှေဟာ အဲဒီဖြစ်ရပ်တွေ ဖြစ်ပြီးတဲ့နောက် အနှစ် ၂,၅၀၀ လောက်မှ ရေးသားခဲ့တယ်။ အဲဒီကတည်းက ဧဒင်ဟာ ရှေးကျတဲ့ သမိုင်းဝင်ဖြစ်နေပါပြီ။ အခုကော၊ ဧဒင်အရပ်ရဲ့ အမှတ်အသားတွေဖြစ်တဲ့ မြစ်လေးစင်းဟာ ရာစုနှစ်ပေါင်းများစွာ ကုန်လွန်လာတာနဲ့အမျှ ပြောင်းလဲသွားနိုင်သလား။ ကမ္ဘာ့မြေမျက်နှာသွင်ပြင်ဟာ အမြဲတမ်း ရွေ့လျားပြောင်းလဲနေပါတယ်။ ဧဒင်ဥယျာဉ် တည်ရှိခဲ့ဖွယ်ရှိတဲ့ အဲဒီအရပ်ဒေသဟာ မြေငလျင်ရပ်ဝန်းဒေသ ဖြစ်ပါတယ်။ ကနေ့ဆိုရင် အဲဒီဒေသဟာ ကမ္ဘာ့အပြင်းထန်ဆုံး မြေငလျင်တွေရဲ့ ၁၇ ရာခိုင်နှုန်းလောက် လှုပ်တဲ့နေရာတစ်ခုလည်းဖြစ်တယ်။ အဲလိုမြေငလျင်လှုပ်တဲ့နေရာတွေမှာ မြေနေရာအပြောင်းအလဲတွေက သာမန်ပါ။ အဲဒီလိုပဲ နောဧခေတ် ရေလွှမ်းမိုးဘေးကြောင့် ကမ္ဘာ့မြေမျက်နှာသွင်ပြင်က ကနေ့ ကျွန်ုပ်တို့မသိနိုင်တဲ့နည်းတွေနဲ့ ပြောင်းလဲသွားတာ မဖြစ်နိုင်ဘူးလား။ *

ဒါပေမဲ့ ကျွန်ုပ်တို့သိထားတဲ့ အချက်အလက်တချို့ ရှိပါတယ်။ အဲဒါကတော့ ကမ္ဘာဦးကျမ်းမှတ်တမ်းမှာ ဧဒင်ဥယျာဉ်ကို တကယ်တည်ရှိခဲ့တဲ့နေရာအဖြစ် ဖော်ပြထားတာပါ။ အဲဒီမှတ်တမ်းမှာ ဖော်ပြထားတဲ့ မြစ်လေးစင်းထဲက နှစ်စင်းဖြစ်တဲ့ ယူဖရေးတီးစ်မြစ်နဲ့ တိုက်ဂရစ်မြစ် (ဟိဒကေလမြစ်) တို့ဟာ ကနေ့အချိန်အထိ စီးဆင်းနေတုန်းဖြစ်ပါတယ်။ အဲဒီမြစ်တွေရဲ့ မြစ်ဖျားခံရာအရပ်တွေကလည်း နီးကပ်စွာရှိနေတာကို တွေ့ရတယ်။ အဲဒီမြစ်တွေ ဖြတ်သန်းစီးဆင်းရာ နိုင်ငံတွေရဲ့ အမည်တွေ၊ အဲဒီနိုင်ငံတွေက အဓိကထွက်ရှိတဲ့ သယံဇာတတွေကိုပါ တိတိကျကျ ဖော်ပြထားတယ်။ အဲဒီမှတ်တမ်းကို ဦးဆုံးဖတ်ရှုခဲ့တဲ့ ရှေးခေတ်အစ္စရေးလူတွေအတွက် အဲဒီအချက်အလက်တွေက မှတ်သားစရာဖြစ်ခဲ့ပါတယ်။

ဒဏ္ဍာရီတွေမှာ အဲဒီလိုမျိုး တိကျတဲ့ အချက်အလက်တွေပါသလား။ မှန်မမှန် စစ်ဆေးလို့ရတဲ့ အသေးစိတ်အချက်အလက်တွေ ပါသလား။ ဒဏ္ဍာရီပုံပြင်တွေကို “ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ” ဆိုတဲ့စကားနဲ့ အစပြုတတ်ကြတယ်။ ဒါပေမဲ့ ဧဒင်မှတ်တမ်းလို သမိုင်းဝင်မှတ်တမ်းတွေမှာတော့ သက်ဆိုင်တဲ့အချက်အလက်တွေ ပါတတ်တယ်။

၂။ ဘုရားသခင်က အာဒံကို မြေမှုန့်နဲ့ဖန်ဆင်းပြီး ဧဝကိုတော့ အာဒံရဲ့နံရိုးနဲ့ ဖန်ဆင်းခဲ့တယ်ဆိုတာ တကယ်လက်ခံနိုင်စရာလား။

လူ့ခန္ဓာကိုယ်မှာ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်နဲ့ ကာဗွန်စတဲ့ မြေကြီးထဲမှာတွေ့ရတဲ့ ဒြပ်စင်အမျိုးမျိုး ပါဝင်နေတယ်ဆိုတာကို ကနေ့ခေတ်သိပ္ပံပညာက အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ လူ့ခန္ဓာကိုယ်ထဲမှာ အဲဒီဒြပ်စင်တွေ ဘာဖြစ်လို့ ရှိနေရတာလဲ။

အသက်ဟာ သူ့ဘာသာသူ ဖြစ်ပေါ်လာတယ်၊ အဲဒီအသက်ဟာ အင်မတန်ရိုးရှင်းတဲ့ပုံစံနဲ့ အစပြုခဲ့ပြီး နှစ်ပေါင်း သန်းနဲ့ချီကြာလာတာနဲ့အမျှ တဖြည်းဖြည်း ပိုရှုပ်ထွေးလာတယ်ဆိုပြီး သိပ္ပံပညာရှင်အတော်များများက ယူဆခဲ့ကြတယ်။ ဒါပေမဲ့ “ရိုးရှင်း” ဆိုတဲ့အသုံးအနှုန်းကို တလွဲယူမှတ်သွားနိုင်စရာရှိတယ်။ ဘာကြောင့်လဲဆိုတော့ သက်ရှိအားလုံး၊ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ ဆဲလ်တစ်ခုတည်းရှိ သက်ရှိတွေတောင် အရမ်းကို ရှုပ်ထွေးနေလို့ပါ။ ဘယ်သက်ရှိမဆို မတော်တဆ ဖြစ်ပေါ်လာတယ် ဒါမှမဟုတ် ဖြစ်ပေါ်လာနိုင်စရာရှိတယ်ဆိုတဲ့ အထောက်အထား တစ်ခုမှမရှိဘူး။ ကျွန်ုပ်တို့ထက် ပိုပြီးဉာဏ်ပညာကြီးမားလွန်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်က သက်ရှိအားလုံးကို ပုံစံပြုထားတယ်ဆိုတာ သိသာထင်ရှားနေပါတယ်။ *ရောမ ၁:၂၀

သင်ဟာ သံစုံတေးသွားတစ်ခုကို နားထောင်နေတယ် ဒါမှမဟုတ် အင်မတန်လှပတဲ့ ပန်းချီကားတစ်ချပ်ကို တအံ့တဩ ရှုစားနေတယ် ဒါမှမဟုတ် နည်းပညာတစ်ခုရဲ့ အထမြောက်မှုကို အံ့သြမိန်းမောနေတယ်လို့ မြင်ယောင်ကြည့်ပြီး အဲဒီအရာတွေကို ပြုလုပ်တဲ့သူမရှိဘူးလို့ ပြောနိုင်ပါသလား။ လုံးဝမပြောနိုင်ပါဘူး။ အပြောင်မြောက်ဆုံးလက်ရာတွေဟာ ရှုပ်ထွေးလှပပြီး ကျွမ်းကျင်လိမ္မာစွာ ဖန်တီးထားတဲ့ လူ့ခန္ဓာကိုယ်ရဲ့ ဒီဇိုင်းကိုတောင် မမီသေးပါဘူး။ ဒါနဲ့ပတ်သက်ပြီး ဖန်ဆင်းရှင်မရှိဘူးလို့ ကျွန်ုပ်တို့ ဘယ်လိုလုပ်ပြီး ပြောနိုင်မှာလဲ။ ဒါ့အပြင် ကမ္ဘာ့သက်ရှိအားလုံးထဲမှာ လူသတ္တဝါတွေပဲ ဘုရားသခင့်ပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းခံရတယ်ဆိုပြီး ကမ္ဘာဦးကျမ်းမှတ်တမ်းမှာ ရှင်းပြထားတယ်။ (ကမ္ဘာဦး ၁:၂၆) လူသားတွေမှာပဲ ဘုရားသခင်ဆီမှာရှိတဲ့ ဖန်တီးလိုတဲ့စိတ်ဆန္ဒတွေ ရှိနေတယ်။ ဒါကြောင့်လည်း လူတွေဟာ အရမ်းကို အထင်ကြီးစွဲမက်ဖွယ်ကောင်းတဲ့ တေးသီချင်းတွေ၊ အနုပညာလက်ရာတွေ၊ နည်းပညာတွေကို ဖန်တီးနိုင်ကြတာပါ။ ဖန်တီးတဲ့နေရာမှာ ဘုရားသခင်က ကျွန်ုပ်တို့ထက် ပိုတော်နေတာကို အံ့သြသင့်ပါသလား။

လူယောက်ျားရဲ့နံရိုးကိုအသုံးပြုပြီး လူမိန်းမကို ဖန်ဆင်းဖို့ဆိုတာ ဘုရားသခင်အတွက် ဘာခက်လို့လဲ။ * ဘုရားသခင်ဟာ တခြားနည်းလမ်းတွေကို အသုံးပြုပြီး လူမိန်းမကို ဖန်ဆင်းလို့ရပါတယ်။ ဒါပေမဲ့ နံရိုးတစ်ချောင်းကိုအသုံးပြုပြီး လူမိန်းမကို ပညာသားပါပါ ဖန်ဆင်းခဲ့တာက အဓိပ္ပာယ်အတော်လေးနက်တယ်။ ဘုရားသခင်ဟာ လူယောက်ျားနဲ့လူမိန်းမကို လက်ထပ်စေပြီး “တစ်သားတစ်ကိုယ်တည်း” ဖြစ်နေတဲ့အလား ရင်းနှီးတဲ့နှောင်ကြိုး ဖွဲ့စေလိုတယ်။ (ကမ္ဘာဦး ၂:၂၄) ဒီလိုနဲ့ ယောက်ျားနဲ့မိန်းမဟာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်အကျိုးပြုပြီး ခိုင်မြဲတဲ့နှောင်ကြိုး ရစ်တွယ်နိုင်တာက အမြော်အမြင်ကြီးမားတဲ့ မေတ္တာရှင်ဘုရားသခင် ရှိတယ်ဆိုတာကို အခိုင်အမာ သက်သေထူလိုက်တာပဲ။

ဒါ့အပြင် လူသားအားလုံးဟာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ဆီကနေပဲ ဆင်းသက်လာနိုင်ဖွယ်ရှိတယ်ဆိုပြီး ကနေ့ခေတ် မျိုးရိုးဗီဇပညာရှင်တွေက အသိအမှတ်ပြုခဲ့ကြတယ်။ ဒါဆိုရင် ကမ္ဘာဦးကျမ်းမှတ်တမ်းက ယုတ္တိမရှိဘူးလို့ ပြောလို့ရသေးသလား။

၃။ ကောင်းမကောင်းသိကျွမ်းရာအပင်နဲ့ အသက်ပင်တို့က ဒဏ္ဍာရီဆန်နေသလား။

အဲဒီသစ်ပင်တွေမှာ ထူးခြားဆန်းကြယ်တဲ့အစွမ်းတွေ အလိုအလျောက် ရှိနေတယ်ဆိုပြီး ကမ္ဘာဦးကျမ်းမှတ်တမ်းမှာ မဖော်ပြထားဘူး။ တကယ်ဆိုရင် အဲဒီသစ်ပင်တွေဟာ သာမန်သစ်ပင်တွေဖြစ်ပြီး ဘုရားသခင်က အဲဒီသစ်ပင်တွေကို ပုံဆောင်အဓိပ္ပာယ်ပေးထားတာ ဖြစ်ပါတယ်။

လူသားတွေလည်း ပုံဆောင်အဓိပ္ပာယ်တွေ တစ်ခါတလေ အသုံးပြုတတ်ကြပါတယ်။ ဥပမာ၊ တရားရုံးတော်ကို မထီမဲ့မြင်ပြုမှုအတွက် တရားသူကြီးက သတိပေးမှာဖြစ်တယ်။ တကယ်တော့ တရားသူကြီးက တရားခွင်မှာရှိတဲ့ ပရိဘောဂတွေ၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ နံရံတွေကိုမဟုတ်ဘဲ တရားရုံးကို ကိုယ်စားပြုတဲ့ တရားရေးစနစ်ကို မခန့်လေးစားပြုခြင်းကနေ ကာကွယ်ချင်လို့ဖြစ်ပါတယ်။ ရှင်ဘုရင်တွေလည်း သူတို့ရဲ့ အကြွင်းမဲ့အာဏာပိုင်ဖြစ်မှုကို ပုံဆောင်တဲ့ ရာဇလှံတံတွေ၊ သရဖူတွေကို အသုံးပြုခဲ့ကြပါတယ်။

ဒါဖြင့်ရင် အဲဒီသစ်ပင်နှစ်ပင်က ဘာကိုပုံဆောင်သလဲ။ အဲဒါနဲ့ပတ်သက်ပြီး ပညာရှင်တွေဟာ အရမ်းရှုပ်ထွေးတဲ့ အယူအဆတွေ အဆိုပြုခဲ့ကြတယ်။ စစ်မှန်တဲ့အဖြေက ရိုးရှင်းနေမယ်ဆိုရင်တောင် အဓိပ္ပာယ်ပြည့်၀ပြီး အရမ်းကိုလေးနက်ပါတယ်။ ကောင်းမကောင်းသိကျွမ်းရာအပင်က ဘုရားသခင်တစ်ဦးတည်းသာ အကောင်းအဆိုးကို သတ်မှတ်ပိုင်ခွင့်ရှိတယ်ဆိုတာကို ပုံဆောင်တယ်။ (ယေရမိ ၁၀:၂၃) ဒါကြောင့်မို့ အဲဒီသစ်ပင်ကအသီးကို ခိုးစားတာဟာ ရာဇဝတ်မှုဖြစ်တယ်။ အသက်ပင်ကတော့ ဘုရားသခင်တစ်ဦးတည်းသာ ပေးသနားနိုင်တဲ့ ဆုကျေးဇူးဖြစ်တဲ့ ထာဝရအသက်ကို ပုံဆောင်ပါတယ်။—ရောမ ၆:၂၃

၄။ စကားပြောတဲ့မြွေက ဒဏ္ဍာရီထဲကလား။

ကမ္ဘာဦးကျမ်းမှတ်တမ်းရဲ့ ဒီအဖြစ်အပျက်က စိတ်ရှုပ်ထွေးစရာပဲ။ အထူးသဖြင့် တခြားကျမ်းစောင်တွေကို ဆက်မလေ့လာဘူးဆိုရင် ပိုပြီးတော့ စိတ်ရှုပ်ထွေးသွားနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းပြီး နက်နဲတဲ့ ဒီအကြောင်းအရာကို သမ္မာကျမ်းစာက တဖြည်းဖြည်း ရှင်းလင်းလာစေပါတယ်။

အဲဒီမြွေ စကားပြောနေတဲ့ပုံမျိုးထွက်အောင် ဘယ်သူက ဒါမှမဟုတ် ဘာက ဖန်တီးပေးခဲ့တာလဲ။ ရှေးခေတ်က အစ္စရေးလူတွေဟာ အဲဒီမြွေနဲ့ပတ်သက်တဲ့ တခြားအချက်အလက်တွေကိုလည်း သူတို့သိရှိခဲ့ရတယ်။ ဥပမာ၊ တိရစ္ဆာန်တွေဟာ စကားမပြောတတ်ပေမဲ့ ဝိညာဉ်သတ္တဝါတစ်ယောက်က တိရစ္ဆာန်စကားပြောနေတဲ့ပုံမျိုးထွက်အောင် လုပ်နိုင်တယ်ဆိုတာ သူတို့သိထားကြတယ်။ ဗာလမ်နဲ့ပတ်သက်တဲ့ မှတ်တမ်းကိုလည်း မောရှေကပဲ ရေးသားခဲ့တယ်။ ဘုရားသခင်ဟာ ကောင်းကင်တမန်တစ်ဦးကို စေလွှတ်ပြီး ဗာလမ်ရဲ့ မြည်းကို လူလိုစကားပြောနိုင်အောင် လုပ်ပေးခဲ့တယ်။—တောလည်ရာ ၂၂:၂၆-၃၁; ၂ ပေတရု ၂:၁၅၊ ၁၆

ဘုရားသခင့်ရန်သူတွေဖြစ်တဲ့ ဝိညာဉ်သတ္တဝါဆိုးတွေအပါအဝင် တခြားဝိညာဉ်သတ္တဝါတွေလည်း အံ့ဖွယ်အမှုတွေ လုပ်နိုင်ပါသလား။ တောင်ဝှေးကို မြွေဖြစ်အောင်လုပ်ခြင်းစတဲ့ ဘုရားသခင်ပြုခဲ့တဲ့ အံ့ဖွယ်အမှုတချို့ကို အီဂျစ်မှော်ဆရာတွေလည်း လုပ်နိုင်ကြတာကို မောရှေတွေ့မြင်ခဲ့တယ်။ အဲလိုအံ့ဖွယ်အမှုတွေ လုပ်နိုင်တဲ့တန်ခိုးဟာ ဝိညာဉ်ဘုံမှာရှိတဲ့ ဘုရားသခင့်ရန်သူ ဝိညာဉ်သတ္တဝါဆိုးတွေဆီက လာတာပဲဖြစ်ရမယ်ဆိုတာ ရှင်းနေပါတယ်။—ထွက်မြောက်ရာ ၇:၈-၁၂

ယောဘကျမ်းကိုလည်း မောရှေ ရေးသားခဲ့တယ်ဆိုတာ ထင်ရှားတယ်။ အဲဒီကျမ်းထဲမှာ ဘုရားသခင့်အဓိကရန်သူ စာတန်အကြောင်းကို အများကြီး ဖော်ပြထားတယ်။ စာတန်ဟာ ဘုရားသခင့်ကျေးကျွန်အားလုံးရဲ့ တည်ကြည်မှုနဲ့ပတ်သက်ပြီး စောဒကတက်ခဲ့တယ်။ (ယောဘ ၁:၆-၁၁; ၂:၄၊ ၅) ဒါကြောင့် စာတန်ဟာ ဘုရားသခင်အပေါ်ထားရှိတဲ့ ဧဝရဲ့တည်ကြည်မှုကို ချိုးဖျက်ဖို့ မြွေစကားပြောနေတဲ့ပုံမျိုးထွက်အောင် အလိမ္မာသုံးပြီး ဧဝကို လှည့်ဖြားခဲ့တယ်လို့ ရှေးခေတ်အစ္စရေးလူတွေ ဆင်ခြင်ခဲ့ဖွယ်ရှိပါတယ်။

အဲဒီမြွေကို စာတန် လိမ်လည်ပြောဆိုစေခဲ့တာလား။ စာတန်ကို ‘လိမ်လည်သူ’၊ ‘လိမ်လည်မှု၏အဖ’ လို့ ယေရှု ခေါ်ဆိုခဲ့ပါတယ်။ (ယောဟန် ၈:၄၄) ‘လိမ်လည်မှု၏အဖ’ ဆိုတော့ ပြောခဲ့သမျှ လိမ်လည်မှုတွေထဲမှာ ဦးဆုံးလိမ်လည်ခဲ့သူပဲဖြစ်ရမယ်။ စာတန်ကလွဲရင် တခြားဘယ်သူ ဖြစ်နိုင်ပါဦးမလဲ။ ဧဝကိုပြောခဲ့တဲ့ မြွေရဲ့စကားတွေထဲမှာ ပထမဆုံးလိမ်လည်မှုကို တွေ့နိုင်ပါတယ်။ တားမြစ်ထားတဲ့အသီးကိုစားရင် သေမယ်ဆိုတဲ့ ဘုရားသခင့်သတိပေးချက်နဲ့ဆန့်ကျင်ပြီး မြွေက “သင်တို့သည် ဧကန်အမှန် သေရမည်မဟုတ်” လို့ပြောခဲ့တယ်။ (ကမ္ဘာဦး ၃:၄) စာတန်ဟာ မြွေကို အလိမ္မာသုံးခဲ့တယ်ဆိုတာ ယေရှု ကောင်းကောင်းသိထားတယ်။ တမန်တော်ယောဟန်ကို ယေရှုပေးခဲ့တဲ့ နောက်ဆုံးကျမ်းစောင်ထဲမှာ စာတန်ကို “မူလမြွေ” လို့ ရှင်းရှင်းလင်းလင်း ခေါ်ဆိုထားတယ်။—ဗျာ. ၁:၁၊ ၁၂:၉

အစွမ်းတန်ခိုးရှိတဲ့ ဝိညာဉ်သတ္တဝါတစ်ယောက်က မြွေကို လူလိုစကားပြောနိုင်တဲ့ပုံမျိုးထွက်အောင် အလိမ္မာသုံးနိုင်တယ်ဆိုတာ ယုံရမခက်ပါဘူး။ ဝိညာဉ်သတ္တဝါတွေလောက် အစွမ်းတန်ခိုးမရှိတဲ့ လူသားတွေတောင်မှ အရုပ်တစ်ရုပ်ကို အသုံးပြုပြီး အဲဒီအရုပ် တကယ်စကားပြောနေတဲ့ပုံမျိုး ဖန်တီးပြီး ဖျော်ဖြေတတ်ကြတယ်။ ကွန်ပျူတာတွေကို အသုံးပြုပြီး အပြင်မှာတကယ်မဖြစ်တဲ့အရာကို ရုပ်ရှင်ဇာတ်ကားတွေမှာ တကယ်ဖြစ်နေတဲ့ပုံမျိုးထွက်အောင် အထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးပြသနိုင်သေးတာပဲ။

စိတ်အချရဆုံးအထောက်အထား

ကမ္ဘာဦးကျမ်းမှတ်တမ်းကို အယုံအကြည်မရှိဘူးလို့ ပြောတာက အခြေအမြစ်မရှိဘူးဆိုတာ သင် လက်ခံမှာပါ။ ဒီမှတ်တမ်းက သမိုင်းစစ်ဖြစ်တယ်ဆိုတာ ခိုင်လုံတဲ့ အထောက်အထားရှိပါတယ်။

ဥပမာ၊ ယေရှုခရစ်ကို “သစ္စာရှိ၍ စစ်မှန်သောသက်သေ” လို့ကျမ်းစာမှာ ခေါ်ဆိုထားပါတယ်။ (ဗျာ. ၃:၁၄) စုံလင်သူယေရှုဟာ တစ်ခါမှ မလိမ်ခဲ့ဖူးသလို အမှန်တရားကို တစ်နည်းနည်းနဲ့ ပုံမှားရိုက်တာလည်း တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ ဒါ့အပြင် လူသားတစ်ယောက်အနေနဲ့ ယေရှု ကမ္ဘာပေါ်မကြွလာခင် ကြာမြင့်စွာကတည်းက တည်ရှိခဲ့ပါတယ်။ “ဤလောကမတည်မီ” ခမည်းတော် ယေဟောဝါဘုရားသခင်နဲ့အတူ ရှိနေခဲ့တယ်ဆိုပြီး ယေရှုပြောပြခဲ့ပါတယ်။ (ယောဟန် ၁၇:၅) ဒါကြောင့် ကမ္ဘာပေါ် အသက် စတင်ချိန်မှာ ယေရှုက သက်ရှိထင်ရှား ရှိနှင့်နေပါပြီ။ သက်သေရှိသမျှထဲမှာ စိတ်အချရဆုံး သက်သေက ဘယ်လိုပြောခဲ့သလဲ။

အာဒံနဲ့ဧဝတို့ကို တကယ်အသက်ရှင်ခဲ့တဲ့ လူတွေအဖြစ် ယေရှု ပြောခဲ့တယ်။ သူတို့ရဲ့ အိမ်ထောင်မင်္ဂလာကို ရည်ညွှန်းပြီး ဘုရားသခင်ချမှတ်ထားတဲ့ တစ်လင်တစ်မယားစနစ်ကို ယေရှု ရှင်းပြခဲ့တယ်။ (မဿဲ ၁၉:၃-၆) အာဒံနဲ့ဧဝတို့က တစ်ခါမှ မတည်ရှိခဲ့ဘူး၊ သူတို့နေထိုင်ခဲ့တဲ့ ဧဒင်ဥယျာဉ်လည်း ဒဏ္ဍာရီပဲဖြစ်တယ်လို့ပြောရင် ယေရှုဟာ လိမ်လည်သူ ဒါမှမဟုတ် အလိမ်ခံရသူ ဖြစ်သွားပြီ။ ယေရှုဟာ လိမ်လည်သူလည်းမဟုတ်သလို အလိမ်ခံရသူလည်း မဟုတ်ဘူး။ ဧဒင်ဥယျာဉ်ထဲက ကြေကွဲဖွယ်ဖြစ်ရပ်ကို ကောင်းကင်ကနေ ယေရှု တွေ့မြင်ခဲ့ပါတယ်။ ဒါထက် ပိုပြီးယုံကြည်စိတ်ချရတဲ့သက်သေ ရှိနိုင်ပါဦးမလား။

ကမ္ဘာဦးကျမ်းမှတ်တမ်းကို အယုံအကြည်မရှိဘူးဆိုရင် ယေရှုကိုလည်း အယုံအကြည်မရှိရာ ရောက်သွားနိုင်တယ်။ ဒါ့အပြင် အဲလိုယုံကြည်ခြင်းကင်းမဲ့နေမယ်ဆိုရင် သမ္မာကျမ်းစာရဲ့ အဓိကအကြောင်းအရာတချို့နဲ့ စိတ်အချရဆုံး ကတိတော်တွေကို နားလည်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ အကြောင်းရင်းကို ဆက်သုံးသပ်ကြည့်ကြရအောင်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 သမ္မာကျမ်းစာတွင် ယေဟောဝါဟူသည် ဘုရားသခင်၏ ကိုယ်ပိုင်အမည်ဖြစ်သည်။

^ အပိုဒ်၊ 7 ယင်းအယူအဆသည် ကျမ်းစာနှင့်မကိုက်ညီချေ။ ဘုရားသခင့်ဖန်ဆင်းခြင်းလက်ရာအားလုံး လိုလေသေးမရှိအောင် ပြည့်စုံကြောင်း၊ ယိုယွင်းဖောက်ပြန်မှုက အခြားတစ်ပါးမှ လာကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။ (တရားဟောရာ ၃၂:၄၊ ၅) ဘုရားသခင်သည် မြေကြီးကို ဖန်ဆင်းခြင်းအမှု လက်စသတ်ချိန်တွင် မိမိဖန်ဆင်းသမျှသောအရာများ “အလွန်ကောင်းသည်” ဟု ကြေညာခဲ့၏။—ကမ္ဘာဦး ၁:၃၁

^ အပိုဒ်၊ 9 ဘုရားသခင် ကျရောက်စေခဲ့သော ရေလွှမ်းမိုးဘေးကြောင့် ဧဒင်ဥယျာဉ်နှင့်ပတ်သက်သည့် သဲလွန်စမှန်သမျှ ပျောက်ပျက်သွားကုန်သည်မှာ ထင်ရှားပါသည်။ သမ္မာကျမ်းစာအရ၊ “ဧဒင်သစ်ပင်တို့” သည် ဘီစီအီး ခုနစ်ရာစုကတည်းက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ (ယေဇကျေလ ၃၁:၁၈) ယင်းနောက်ပိုင်းနှစ်များတွင် ဧဒင်ဥယျာဉ်ကို ရှာဖွေနေပါက သဲထဲရေသွန်သကဲ့သို့ အချည်းနှီးဖြစ်သွားပေမည်။

^ အပိုဒ်၊ 14 ယေဟောဝါသက်သေများ ထုတ်ဝေသည့် သက်ရှိများ၏မူလအစ—မေးသင့်မေးထိုက်သော မေးခွန်းငါးခု စာစောင် [အင်္ဂလိပ်]တွင် ဖတ်ကြည့်ပါ။

^ အပိုဒ်၊ 16 နံရိုးတွင် ၎င်းဘာသာ၎င်း ကုသနိုင်သည့် အစွမ်းရှိသည်ဟူသော ထူးခြားချက်ကို ယနေ့ခေတ် ဆေးသိပ္ပံပညာက တွေ့ရှိခဲ့သည်မှာ စိတ်ဝင်စားစရာပင်။ တခြားအရိုးများနှင့်မတူသည်မှာ နံရိုးတွင်ရှိသော တွယ်ဆက်တစ်ရှူး၏ အမြှေးပါး ခြေရာလက်ရာမပျက်ရှိနေပါက အရိုးသစ်ပြန်ထွက်လာနိုင်ခြင်းဖြစ်သည်။