မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ထာဝရဘုရားသခင်ကို သူ တောင်းပန်ခဲ့’

‘ထာဝရဘုရားသခင်ကို သူ တောင်းပန်ခဲ့’

ဘုရားသခင်ထံ ချဉ်းကပ်ကြပါ

‘ထာဝရဘုရားသခင်ကို သူ တောင်းပန်ခဲ့’

“ကျွန်တော်နဲ့ လုံးဝမထိုက်တန်ဘူး” ဆိုပြီး အမျိုးသားတစ်ယောက်က ဆိုတယ်။ သူဟာ ငယ်ငယ်ကတည်းက သိရှိခဲ့တဲ့ ဘုရားသခင်ရဲ့စံနှုန်းတွေကို အချိန်အတော်ကြာကြာ မလိုက်လျှောက်ခဲ့ဘူး။ သူ့ရဲ့ဘဝလမ်းစဉ်ဟောင်းကို စွန့်လွှတ်ဖို့လုပ်တဲ့အချိန်မှာ သူ့ကို ဘုရားသခင် ခွင့်လွှတ်ပါ့မလားဆိုပြီး စိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအမျိုးသားဟာ ၂ ရာဇဝင်ချုပ် ၃၃:၁-၁၇ မှာမှတ်တမ်းတင်ထားတဲ့ ရှေးခေတ်အစ္စရေးဘုရင် မနာရှေရဲ့အကြောင်းကိုဖတ်မိပြီး နှစ်သိမ့်မှုရရှိသွားတယ်။ သင်လည်း အတိတ်ကအမှားကြောင့် မထိုက်တန်ဘူးလို့ ခံစားရတယ်ဆိုရင် ဘုရင်မနာရှေရဲ့ အဖြစ်အပျက်ကနေ နှစ်သိမ့်မှုရရှိနိုင်ပါတယ်။

ဘုရင်မနာရှေဟာ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့မိသားစုကနေ မွေးဖွားကြီးပြင်းလာခဲ့ပါတယ်။ သူ့ခမည်းတော် ဟေဇကိဟာ ထူးခြားထင်ရှားတဲ့ ယုဒရှင်ဘုရင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တယ်။ ဘုရင်ဟေဇကိကို ဘုရားသခင် အသက်ဆက်ရှည်ခွင့်ပေးပြီးတဲ့နောက် သုံးနှစ်ခန့်အကြာမှာ မနာရှေကို မွေးဖွားခဲ့တယ်။ (၄ ဓမ္မရာဇဝင် ၂၀:၁-၁၁) ဘုရင်ဟေဇကိဟာ သားတော်မနာရှေကို ဘုရားသခင့် သနားကြင်နာမှုကြောင့် ရလာတဲ့ ဆုလက်ဆောင်အဖြစ် ရှုမြင်ပြီး သားတော်လေး စင်ကြယ်တဲ့ဝတ်ပြုရေးကို ချစ်မြတ်နိုးတတ်လာအောင် ကြိုးစားသွန်သင်ပေးခဲ့မှာ သေချာပါတယ်။ ဒါပေမဲ့ စင်ကြယ်တဲ့ဝတ်ပြုရေးကို မြတ်နိုးတဲ့ မိဘတွေရဲ့ သားသမီးတိုင်း မိဘတွေရဲ့လမ်းစဉ်ကို မလိုက်လျှောက်ကြပါဘူး။ မနာရှေလည်း အဲဒီလိုပါပဲ။

ခမည်းတော်ကွယ်လွန်ချိန်မှာ မနာရှေရဲ့အသက်က ၁၂ လောက်ပဲရှိသေးတယ်။ ဝမ်းနည်းစရာက မနာရှေဟာ ‘ထာဝရဘုရားသခင်ရှေ့တော်၌ မကောင်းမှု’ တွေပြုခဲ့တယ်။ (အခန်းငယ် ၁၊ ၂) ငယ်ရွယ်တဲ့ဘုရင်ဟာ စစ်မှန်တဲ့ဝတ်ပြုရေးကို အလေးမထားတဲ့ အတိုင်ပင်ခံအမတ်တွေရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရလို့လား။ ဒီအကြောင်းကို သမ္မာကျမ်းစာမှာ မဖော်ပြထားပါဘူး။ ဘုရင်မနာရှေဟာ ရုပ်ပုံကိုးကွယ်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အကြီးအကျယ် ပြုလုပ်ခဲ့တယ်ဆိုတာကိုပဲ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ သူဟာ နတ်ဘုရားတွေအတွက် ယဇ်ပူဇော်ရာစင်မြင့်တွေ တည်ဆောက်ခဲ့တယ်၊ သူ့ ရဲ့သားတွေကို ယဇ်ပူဇော်ခဲ့တယ်၊ နတ်ဝိဇ္ဇာအတတ်ကို လိုက်စားခဲ့တယ်၊ ဂျေရုဆလင်မြို့မှာရှိတဲ့ ဘုရားသခင့်ဝတ်ပြုရာအိမ်တော်မှာ ရုပ်ပုံတစ်ခုကို ထွင်းထုထားရှိခဲ့တယ်။ ဘုရားသခင်ရဲ့ သနားကြင်နာမှုကြောင့် မွေးဖွားလာတဲ့ ဘုရင်မနာရှေဟာ ဘုရားသခင်ဆီက ထပ်ခါတလဲလဲ ရောက်ရှိလာတဲ့ သတိပေးချက်တွေကို မလိုက်နာတဲ့အထိ ခေါင်းကြောမာခဲ့တယ်။—အခန်းငယ် ၃-၁၀

နောက်ဆုံးမှာ ဘုရင်မနာရှေကို သံခြေချင်းခတ်ပြီး ဗာဗုလုန်နိုင်ငံ ခေါ်ဆောင်သွားဖို့ ဘုရားသခင် ခွင့်ပြုခဲ့တယ်။ တိုင်းတစ်ပါးမှာ သုံ့ပန်းအဖြစ် ရှိနေချိန်မှာ ဘုရင်မနာရှေဟာ မိမိလမ်းစဉ်ကို ပြန်ပြောင်းဆင်ခြင်နိုင်ဖို့ အခွင့်အရေးရရှိခဲ့တယ်။ တန်ခိုးမရှိတဲ့ သက်မဲ့အရုပ်တွေက သူ့ကို မကာကွယ်ပေးနိုင်ဘူးဆိုတာ အခု သူ သဘောပေါက်ပြီလား။ ကလေးဘဝတုန်းက သူ့ကို ခမည်းတော် သင်ပေးခဲ့တဲ့အရာတွေကို သူ ပြန်စဉ်းစားခဲ့သလား။ ဘာပဲဖြစ်ဖြစ် ဘုရင်မနာရှေ သဘောထား ပြောင်းသွားခဲ့တယ်။ ဘုရင်မနာရှေဟာ ‘မိမိဘုရားသခင် ယေဟောဝါကို တောင်းပန်၍ ကိုယ်ကိုအလွန်နှိမ့်ချလျက် ဆုတောင်း’ ခဲ့တယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (အခန်းငယ် ၁၂၊ ၁၃) ဒါပေမဲ့ အဲလိုကြီးလေးတဲ့အပြစ်တွေ ကျူးလွန်ခဲ့တဲ့သူတစ်ယောက်ကို ဘုရားသခင် တကယ်ပဲ ခွင့်လွှတ်ပါ့မလား။

ဘုရင်မနာရှေ စိတ်ရင်းမှန်နဲ့ နောင်တယူခဲ့တာကို ယေဟောဝါဘုရားသခင် အလွန်နှစ်သက်ခဲ့တယ်။ သူ့ရဲ့အသနားခံချက်ကို ဘုရားသခင် နားညောင်းပေးတဲ့အနေနဲ့ “မနာရှေအုပ်စိုးရင်းပြည် ယေရုရှလင်မြို့သို့ တစ်ဖန်ပို့ဆောင်တော်မူ၏” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (အခန်းငယ် ၁၃) မနာရှေကလည်း သူနောင်တရကြောင်း သက်သေထူတဲ့အနေနဲ့ မိမိအမှားတွေကို အတတ်နိုင်ဆုံး ပြုပြင်ပြောင်းလဲခဲ့တယ်၊ တိုင်းပြည်မှာရှိနေတဲ့ ရုပ်ပုံကိုးကွယ်မှုကို ဖယ်ရှားခဲ့တယ်၊ ‘ထာဝရဘုရားသခင်ကို ဝတ်ပြု’ ဖို့ တိုင်းသူပြည်သားတွေကို တိုက်တွန်းခဲ့တယ်။—အခန်းငယ် ၁၅-၁၇

အတိတ်ကအမှားတွေကြောင့် ဘုရားသခင့်ခွင့်လွှတ်မှုကို မရထိုက်ဘူးလို့ သင်ခံစားနေရတယ်ဆိုရင် ဘုရင်မနာရှေရဲ့ အဖြစ်အပျက်ကနေ အားယူပါ။ ဒီမှတ်တမ်းကို ဘုရားသခင့်စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးသားထားတာပါ။ (ရောမ ၁၅:၄) ဘုရားသခင်ဟာ “အပြစ်လွှတ်လိုသောသဘောနှင့် ပြည့်စုံ” တယ်ဆိုပြီး ကျွန်ုပ်တို့ကို အသိပေးချင်နေတာ သိသာပါတယ်။ (ဆာလံ ၈၆:၅သမ္မာ) အပြစ်ပြုသူရဲ့အမှားထက် သူ့ရဲ့နှလုံးအခြေအနေကိုပဲ ဘုရားသခင် ကြည့်ရှုပါတယ်။ နောင်တစစ်နဲ့ ဆုတောင်းပြီး၊ ကိုယ့်ရဲ့လမ်းစဉ်ဟောင်းကို စွန့်ပစ်တဲ့အပြင် မှန်ရာကို အတတ်နိုင်ဆုံးလုပ်ဆောင်မယ်လို့ ဆုံးဖြတ်ထားတဲ့ အပြစ်ပြုသူဟာ ဘုရင်မနာရှေ လုပ်ခဲ့တဲ့အတိုင်း ‘ထာဝရဘုရားသခင်ကို တောင်းပန်’ နိုင်ပါတယ်။—ဟေရှာယ ၁:၁၈; ၅၅:၆၊ ၇

ဇန်နဝါရီလအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်–

၂ ရာဇဝင်ချုပ် ၂၉-၃၆ဧဇရ ၁-၁၀