မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်ပျက်ခဲ့ရပေမဲ့ သူ ခံနိုင်ရည်ရှိခဲ့

စိတ်ပျက်ခဲ့ရပေမဲ့ သူ ခံနိုင်ရည်ရှိခဲ့

သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ

စိတ်ပျက်ခဲ့ရပေမဲ့ သူ ခံနိုင်ရည်ရှိခဲ့

ရှိလောမြို့သား အတော်များများ ဝမ်းနည်းပူဆွေးနေကြတယ်။ ရှမွေလလည်း အဲဒီမြို့မှာရှိနေတဲ့အတွက် ထပ်တူခံစားရနိုင်ပါတယ်။ အမျိုးသမီးများစွာနဲ့ ကလေးတွေဟာ အိမ်ပြန်လာမှာမဟုတ်တော့တဲ့ ဖခင်တွေ၊ ခင်ပွန်းသည်တွေ၊ သားတွေ၊ အစ်ကိုတွေ၊ မောင်တွေရဲ့ သတင်းဆိုးကြောင့် ဝမ်းနည်းပူဆွေးပြီး ငိုယိုနေကြတယ်။ ဘာကြောင့်လဲ။ ဖိလိတ္တိ (ပါလက်စတိုင်း) လူတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲတစ်ပွဲမှာ အစ္စရေးစစ်သား ၄,၀၀၀ ကျရှုံးသွားတာဖြင့် သိပ်မကြာသေးဘူး၊ နောက်တိုက်ပွဲတစ်ပွဲမှာ ၃၀,၀၀၀ ခန့် ထပ်ကျရှုံးခဲ့လို့ပါ။—၁ရာ. ၄:၁၊ ၂၁၀

အဲဒါက အဖြစ်ဆိုးတွေထဲက တစ်ခုဖြစ်ပါတယ်။ ယဇ်ပုရောဟိတ်မင်း ဧလိရဲ့ သားဆိုးနှစ်ယောက်ဖြစ်တဲ့ ဟောဖနိနဲ့ ဖိနဟတ်ဟာ သေတ္တာတော်ကို ရှိလောမြို့ကနေ ယူဆောင်သွားခဲ့ကြတယ်။ ဝတ်ပြုရေးတဲတော်ထဲက အသန့်ရှင်းဆုံးအခန်းထဲမှာ ထားလေ့ရှိတဲ့ သေတ္တာတော်ဟာ ဘုရားသခင့်ရောက်ရှိမှုကို ကိုယ်စားပြုတယ်။ ဒါကြောင့် အဲဒီသေတ္တာတော်က အဆောင်လက်ဖွဲ့သဘောအနေနဲ့ အစ္စရေးစစ်သားတွေကို စစ်ပွဲမှာ အနိုင်ရအောင် လုပ်ပေးလိမ့်မယ်လို့ လူတွေက မိုက်မိုက်မဲမဲ ယူမှတ်ပြီး စစ်မြေပြင်ကို ယူဆောင်သွားကြတယ်။ ဒါပေမဲ့ ပါလက်စတိုင်းလူတွေက သေတ္တာတော်ကို သိမ်းယူသွားပြီး ဟောဖနိနဲ့ဖိနဟတ်ကို ကွပ်မျက်လိုက်ကြတယ်။—၁ရာ. ၄:၃-၁၁

ရှိလောမြို့က ဝတ်ပြုရေးတဲတော်မှာ သေတ္တာတော်ရှိနေတာ ရာစုနှစ်ပေါင်းများစွာကြာပြီ။ အခုတော့ ပါလက်စတိုင်းလူတွေလက်ထဲ ရောက်သွားပါပြီ။ အသက် ၉၈ နှစ်အရွယ် ဧလိဟာ အဲဒီသတင်းကိုလည်းကြားရော ခုံပေါ်ကနေ နောက်လှန်ကျပြီး သေဆုံးသွားတယ်။ မုဆိုးမဖြစ်သွားတဲ့ သူ့ရဲ့ချွေးမလည်း အဲဒီနေ့မှာပဲ မီးတွင်းမှာ ဆုံးသွားရှာတယ်။ သူမသေဆုံးခင်မှာ ဒီလိုပြောခဲ့တယ်– ‘ဣသရေလတင့်တယ်ခြင်း ပျောက်ခဲ့ပြီ။’ ရှိလောမြို့ရဲ့အခြေအနေတွေက အရင်လိုမဟုတ်တော့ဘဲ အကြီးအကျယ် ပြောင်းလဲသွားပါပြီ။—၁ရာ. ၄:၁၂-၂၂

ဒီလိုမျိုး စိတ်ပျက်အားလျော့ဖွယ် အခြေအနေတွေကို ရှမွေလ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။ ယေဟောဝါဘုရားသခင်ရဲ့ ကာကွယ်မှုနဲ့ မျက်နှာသာတော်ကို ဆုံးရှုံးလိုက်ရတဲ့သူတွေကို ကူညီပေးဖို့ သူ့ရဲ့ယုံကြည်ခြင်းက တောင့်ခံနိုင်ပါ့မလား။ ကနေ့အချိန်မှာလည်း အခက်အခဲတွေ၊ စိတ်ပျက်အားလျော့မှုတွေ ရင်ဆိုင်နေရတဲ့ ကျွန်ုပ်တို့အားလုံး ယုံကြည်ခြင်းစမ်းသပ်မှု ကြုံနေရပါတယ်။ ဒါကြောင့် ရှမွေလဆီကနေ ကျွန်ုပ်တို့ ဘာတွေသင်ယူနိုင်မလဲဆိုတာ ကြည့်ကြရအောင်။

“ဖြောင့်မတ်ခြင်းတရားကို ကျင့်သုံး”

ကျမ်းစာမှတ်တမ်းက ရှမွေလအကြောင်းကို ဒီလောက်နဲ့ပဲ ရပ်ထားပြီး မြင့်မြတ်တဲ့သေတ္တာတော်အကြောင်း ဆက်ဖော်ပြခဲ့တယ်။ သေတ္တာတော်ကို ယူသွားတဲ့အတွက် ပါလက်စတိုင်းလူတွေ ဘယ်လိုဒဏ်ခတ်ခံရပြီး သေတ္တာတော်ကို အတင်းပြန်ပေးခဲ့ရတဲ့အကြောင်း ဖော်ပြထားတယ်။ ရှမွေလအကြောင်းကို နောက်အနှစ် ၂၀ လောက်ကြာမှ ကျမ်းစာက ပြန်ဖော်ပြပါတယ်။ (၁ရာ. ၇:၂) အဲဒီနှစ်တွေမှာ သူဘယ်လို နေထိုင်ခဲ့သလဲ။ ကျမ်းစာမှာ ဖော်ပြပေးထားပါတယ်။

အဲဒီနှစ်တွေမတိုင်ခင်က “ရှမွေလစကားသည်လည်း ဣသရေလတစ်မျိုးလုံးသို့ [“မပြတ်၊” ကဘ] ရောက်လေသတည်း” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ရာ. ၄:၁သမ္မာ) အဲဒီအချိန်ကာလ ကုန်လွန်ပြီးတဲ့နောက်မှာလည်း ရှမွေလဟာ အစ္စရေးမြို့သုံးမြို့ကို နှစ်တိုင်းလည်ပတ်လေ့ရှိပြီး အငြင်းပွားမှုတွေ၊ ပြဿနာတွေကို ဖြေရှင်းပေးခဲ့တယ်။ အဲဒီနောက် သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ ရာမမြို့ကို ပြန်လာတယ်။ (၁ရာ. ၇:၁၅-၁၇) ရှမွေလဟာ အမြဲတမ်း အလုပ်များနေတဲ့သူဖြစ်တယ်။ အနှစ် ၂၀ ကြားကာလအတောအတွင်း သူ့မှာ လုပ်စရာတွေ အများကြီးရှိခဲ့မှာ သေချာပါတယ်။

ဧလိရဲ့သားတွေဟာ လိင်အကျင့်ယိုယွင်းပြီး အကျင့်ပျက်ခြစားတဲ့အတွက် လူတွေရဲ့ ယုံကြည်ခြင်း တိုက်စားခံခဲ့ရတယ်။ လူအတော်များများ အရုပ်တွေဘက်ကို ဦးလှည့်သွားကြတာ အဲဒါကြောင့်ဖြစ်နိုင်တယ်။ ဒါပေမဲ့ အနှစ် ၂၀ ကုန်လွန်ပြီးတဲ့နောက်မှာ လူတွေကို ရှမွေလ ဒီလိုကြေညာခဲ့တယ်– ‘သင်တို့သည် အခြားတစ်ပါးသော ဘုရားသခင်တည်းဟူသော ဗာလဘုရားသခင်၊ အာရှတရက်ဘုရားသခင်တို့ကိုပယ်၍ ထာဝရဘုရားသခင်အဖို့ သင်တို့စိတ်နှလုံးကို ပြင်ဆင်လျက်၊ ထာဝရဘုရားသခင်ထံတော်သို့ စိတ်နှလုံးအကြွင်းမဲ့ ပြန်လာသဖြင့် ထိုဘုရားသခင်ကိုသာ ဝတ်ပြုကြလျှင် ဖိလိတ္တိလူတို့လက်မှ ကယ်တင်တော်မူမည်။’—၁ရာ. ၇:၃

“ဖိလိတ္တိလူတို့” ကြောင့် အစ္စရေးလူတွေဟာ အကြီးအကျယ် ဆင်းရဲခက်ခဲလာကြတယ်။ အစ္စရေးစစ်တပ် မရှုမလှ ရှုံးနိမ့်သွားတဲ့အတွက် ပါလက်စတိုင်းလူတွေဟာ ဘုရားသခင်ရဲ့လူမျိုးတော်ကို စိတ်တိုင်းကျ နှိပ်စက်ကလူပြုခဲ့တယ်။ ဒါပေမဲ့ သူတို့သာ ဘုရားသခင်ဆီ ပြန်လှည့်လာမယ်ဆိုရင် အခြေအနေတွေ ပြောင်းလဲသွားမယ်ဆိုပြီး ရှမွေလ အာမခံခဲ့တယ်။ သူတို့ စိတ်လိုကိုယ်လျောက် ပြန်လှည့်လာခဲ့ကြသလား။ သူတို့တွေဟာ အရုပ်တွေကို လွှင့်ပစ်ပြီး ‘ထာဝရဘုရားသခင်ကိုသာ ဝတ်ပြု’ လာကြတဲ့အတွက် ရှမွေလ အားရကျေနပ်ခဲ့တယ်။ ဂျေရုဆလင်မြောက်ဘက်က တောင်တန်းထူထပ်တဲ့ မိဇပါမြို့မှာ လူတွေကိုစုရုံးဖို့ ရှမွေလ မှာလိုက်တယ်။ လူတွေ စုရုံးရောက်ရှိလာပြီး အစာရှောင်ကြတယ်၊ အရုပ်ကိုးကွယ်ခဲ့တဲ့ သူတို့ရဲ့ အပြစ်တွေအတွက် နောင်တယူခဲ့ကြတယ်။—၁ရာ. ၇:၄-၆

ဒါပေမဲ့ အဲဒီစုရုံးမှုကြီးအကြောင်း ပါလက်စတိုင်းလူတွေ ကြားသိသွားပြီး အခွင့်အရေးကို မလွတ်တမ်း အသုံးချလိုက်တယ်။ မိဇပါမြို့မှာ စုရုံးရောက်ရှိနေတဲ့ အစ္စရေးလူတွေကို ချေမှုန်းဖို့ စစ်တပ်စေလွှတ်လိုက်တယ်။ ပါလက်စတိုင်းစစ်တပ် ရောက်လာနေပြီဆိုတဲ့သတင်းကို အစ္စရေးလူတွေ သိရှိသွားတဲ့အခါ ထိတ်လန့်သွားပြီး သူတို့အတွက် ဆုတောင်းပေးဖို့ ရှမွေလကို အပူတပြင်း တောင်းဆိုခဲ့ကြတယ်။ သူတို့တောင်းဆိုတဲ့အတိုင်း ရှမွေလ ဆုတောင်းပေးတဲ့အပြင် ယဇ်လည်း ပူဇော်ပေးခဲ့တယ်။ အဲလိုယဇ်ပူဇော်နေချိန်မှာ ပါလက်စတိုင်းစစ်တပ်က မိဇပါမြို့ကိုတိုက်ခိုက်ဖို့ ရောက်ရှိလာတယ်။ အဲဒီအချိန်မှာ ရှမွေလရဲ့ ဆုတောင်းချက်ကို ဘုရားသခင် နားညောင်းပေးခဲ့တယ်။ ဘုရားသခင်ဟာ အင်မတန်ကျယ်လောင်တဲ့ မိုးခြိမ်းသံကြီးကို ဖြစ်ပေါ်စေခဲ့တယ်။ ဘုရားသခင်ဟာ “ထိုနေ့၌ ဖိလိတ္တိလူတို့အပေါ်မှာ ပြင်းစွာမိုးချုန်းစေ” ခဲ့တယ်လို့ ကျမ်းစာမှတ်တမ်းက ဆိုတယ်။—၁ရာ. ၇:၇-၁၀

ကျယ်လောင်တဲ့ မိုးခြိမ်းသံကြောင့် မိခင်တွေရဲ့အနောက်ကို အလန့်တကြား ပြေးပုန်းတဲ့ ကလေးတွေလိုမျိုး ပါလက်စတိုင်းလူတွေ ဖြစ်နေမယ်လို့ ထင်ပါသလား။ မထင်သင့်ပါဘူး။ သူတို့တွေဟာ သန်မာထွားကျိုင်းပြီး စစ်ရည်ဝနေတဲ့ စစ်သားတွေပါ။ အဲဒီမိုးခြိမ်းသံက သူတို့ကြားဖူးတဲ့ အသံနဲ့မတူဘူး။ အဲဒါက “ပြင်းစွာ” သောအသံ သက်သက်ပဲလား။ အဲဒီအသံက တိမ်ကင်းစင်နေတဲ့ ကောင်းကင်ပြာထဲက ထွက်လာတာလား။ ဒါမှမဟုတ် သူတို့ပတ်ပတ်လည်မှာရှိတဲ့ တောင်စောင်းတွေကနေ ထွက်ပေါ်လာတဲ့ ပဲ့တင်သံလား။ ဘာပဲဖြစ်ဖြစ် အဲဒီအသံကြီးကြောင့် ပါလက်စတိုင်းလူတွေဟာ စိတ်ရှုပ်ထွေးသွားပြီး ထိတ်လန့်သွားကြတယ်။ စိတ်ရှုပ်ထွေးလွန်းအားကြီးလို့ တိုက်မယ်ခိုက်မယ်ဆိုတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်က ချက်ချင်းပဲ ပြောင်းလဲသွားတယ်။ အစ္စရေးအမျိုးသားတွေဟာ မိဇပါမြို့ကနေ ထွက်လာကြပြီး ပါလက်စတိုင်းလူတွေကို ဂျေရုဆလင်မြို့ အနောက်တောင်ဘက်၊ ခရီးအတော်ဝေးဝေးရောက်တဲ့အထိ လိုက်လံတိုက်ခိုက်ခဲ့ကြတယ်။—၁ရာ. ၇:၁၁

အဲဒီစစ်ပွဲဟာ ဘုရားသခင့်လူမျိုးတော်အတွက် အရမ်းကို အရေးပါတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ တရားသူကြီးအဖြစ် ရှမွေလ အုပ်ချုပ်တဲ့ နောက်ပိုင်းနှစ်ကာလတွေမှာ ပါလက်စတိုင်းလူတွေ နောက်ကြောင်းပြန်မလှည့်လာတော့ဘူး။ သူတို့ သိမ်းပိုက်ထားတဲ့မြို့တွေကိုလည်း အစ္စရေးလူတွေကို ပြန်ပေးခဲ့ကြတယ်။—၁ရာ. ၇:၁၃၊ ၁၄

ရာစုနှစ်ပေါင်းများစွာအကြာမှာ တမန်တော်ပေါလုက ရှမွေလကို “ဖြောင့်မတ်ခြင်းတရားကို ကျင့်သုံး” ကြတဲ့ တရားသူကြီးတွေနဲ့ ပရောဖက်တွေထဲမှာ ထည့်သွင်းဖော်ပြခဲ့တယ်။ (ဟေဗြဲ ၁၁:၃၂၊ ၃၃) ရှမွေလဟာ ဖြောင့်မတ်ခြင်းတရားကို ကျင့်သုံးခဲ့တဲ့အပြင် တခြားသူတွေကိုလည်း သူ့လိုကျင့်သုံးဖို့ အားပေးကူညီခဲ့တယ်။ သူ့မှာ စိတ်ပျက်အားလျော့စရာတွေ ရှိနေပေမဲ့လည်း ကိုယ့်တာဝန်ကို တည်တည်ကြည်ကြည်ထမ်းဆောင်ရင်း ဘုရားသခင်ကို စိတ်ရှည်ရှည် စောင့်ဆိုင်းခြင်းဖြင့် ဖြောင့်မတ်ခြင်းတရားကို ဆက်ကျင့်သုံးခဲ့တယ်။ ဒါ့အပြင် သူဟာ ကျေးဇူးတင်လေးမြတ်တဲ့ စိတ်သဘောကိုလည်း ပြသခဲ့တယ်။ မိဇပါမြို့မှာ အောင်ပွဲခံပြီးတဲ့နောက် မိမိလူမျိုးကို ဘုရားသခင် ကူညီပေးခဲ့ပုံကို အောက်မေ့တဲ့အနေနဲ့ အထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို သူစိုက်ထူခဲ့တယ်။—၁ရာ. ၇:၁၂

သင်ကော “ဖြောင့်မတ်ခြင်းတရားကို ကျင့်သုံး” ချင်ပါသလား။ ကျင့်သုံးချင်တယ်ဆိုရင် ရှမွေလရဲ့ စိတ်ရှည်မှု၊ စိတ်နှိမ့်ချမှုနဲ့ ကျေးဇူးတင်လေးမြတ်မှုတို့ကို သင်ယူသင့်ပါတယ်။ အဲဒီအရည်အသွေးတွေကို မလိုအပ်တဲ့သူ ဘယ်သူမှ ရှိမှာမဟုတ်ဘူး။ ရှမွေလဟာ အဲဒီအရည်အသွေးတွေကို အသက်ခပ်ငယ်ငယ်ကတည်းက မွေးမြူပြီး ကျင့်သုံးခဲ့လို့ သူ့အတွက် ကောင်းသွားတယ်။ ဘာကြောင့်လဲဆိုတော့ သူ အသက်ကြီးရင့်လာတဲ့နောက်ပိုင်းမှာ သိပ်စိတ်ပျက်စရာကောင်းတဲ့ အရာတွေကို ကြုံတွေ့ခဲ့ရလို့ပါ။

“ကိုယ်တော်၏သားတို့သည် ကိုယ်တော်လမ်းသို့ မလိုက်ကြပါ”

ရှမွေလအကြောင်း နောက်တစ်ခေါက် ဖော်ပြချိန်မှာ သူဟာ “အသက်ကြီး” နေပါပြီ။ ဒီအချိန်မှာတော့ သူ့မှာ ယောလနဲ့ အဘိရဆိုတဲ့ အရွယ်ရောက် သားနှစ်ယောက်ရှိနေပြီ။ ရှမွေလ တရားစီရင်တဲ့အခါ အထောက်အကူရဖို့ သားနှစ်ယောက်ကိုလည်း တာဝန်ပေးထားပါတယ်။ ဒါပေမဲ့ သူယုံစားမိတာ တက်တက်စင်အောင် မှားသွားတယ်။ ရှမွေလက ရိုးသားဖြောင့်မတ်ပေမဲ့ သူ့သားတွေကတော့ သူတို့ရဲ့အခွင့်အရာကို အလွဲသုံးစားလုပ်တယ်၊ တရားမျှတမှုမရှိတဲ့အပြင် လာဘ်စားကြတယ်။—၁ရာ. ၈:၁-၃

တစ်နေ့မှာ အစ္စရေးလူမျိုးအသက်ကြီးသူတွေက သက်ကြီးရွယ်အို ရှမွေလဆီလာပြီး “ကိုယ်တော်၏သားတို့သည် ကိုယ်တော်လမ်းသို့ မလိုက်ကြပါ” လို့တိုင်တန်းကြတယ်။ (၁ရာ. ၈:၄၊ ၅) အဲဒီပြဿနာကို ရှမွေလ အရေးစိုက်ခဲ့သလား။ မှတ်တမ်းမှာ မဖော်ပြထားပါဘူး။ ဒါပေမဲ့ ရှမွေလဟာ ဧလိလိုတော့ မဟုတ်ဘူး။ သူဟာ အပြစ်ဆိုဖွယ်မရှိအောင် ကောင်းတဲ့ ဖခင်ဖြစ်ခဲ့မှာ သေချာတယ်။ သားတွေ ဆိုးသွမ်းနေတာကို မဆုံးမခဲ့တဲ့အပြင် ဘုရားသခင်ထက် သားတွေကို ပိုချီးမြှောက်တဲ့အတွက် ဧလိဟာ ဘုရားသခင်ရဲ့ ပြစ်တင်ပြောဆိုမှုနဲ့ အရေးယူမှုကို ခံခဲ့ရတယ်။ (၁ရာ. ၂:၂၇-၂၉) ရှမွေလဆီမှာ အဲလိုအပြစ်တင်စရာမျိုး ဘုရားသခင် မတွေ့ခဲ့ရဘူး။

သားတွေ အမူအကျင့်မကောင်းတာကို ရှမွေလ သိလိုက်ရတဲ့အခါမှာ ရှက်ရွံ့တာ၊ စိုးရိမ်ပူပန်တာ၊ စိတ်ပျက်အားလျော့တာမျိုး ဖြစ်သွားတယ်ဆိုတာကို မှတ်တမ်းမှာ မဖော်ပြထားပါဘူး။ ဒါပေမဲ့ ကနေ့ မိဘများစွာဟာ ရှမွေလလိုမျိုး ထပ်တူခံစားနေရမယ်ဆိုတာ မြင်ယောင်ကြည့်နိုင်ပါတယ်။ ဆိုးသွမ်းတဲ့ဒီလောကမှာ မိဘတွေရဲ့ အခွင့်အာဏာနဲ့ ဆိုဆုံးမမှုကို သားသမီးတွေ ကလန်ကဆန်လုပ်နေမှုက နေရာတကာ ပျံ့နှံ့လို့နေတယ်။ (၂ တိမောသေ ၃:၁-၅) စိတ်သောကရောက်နေကြတဲ့ မိဘတွေဟာ ရှမွေလရဲ့ပုံနမူနာကနေ နှစ်သိမ့်မှုနဲ့လမ်းညွှန်မှု အတော်အတန် ရယူနိုင်ပါတယ်။ ရှမွေလဟာ သားတွေရဲ့ ယုံကြည်ခြင်းကင်းမဲ့တဲ့ လမ်းစဉ်ကြောင့် သူ့လမ်းစဉ်ကို တစ်စက်ကလေးမှ မပြောင်းလဲခဲ့ဘူး။ သားသမီးတွေကို ပြောဆိုဆုံးမလို့ မရသည်ပဲထားဦး၊ မိဘတွေရဲ့ ပုံသက်သေက သူတို့လေးတွေရဲ့ စိတ်နှလုံးကို ထိမိကောင်းထိမိနိုင်ပါတယ်။ ရှမွေလ လုပ်ခဲ့တဲ့အတိုင်း ဘုရားသခင်ရဲ့စိတ်တော် ရွှင်လန်းအောင် လုပ်နိုင်တဲ့အခွင့်အရေး မိဘတွေမှာ အမြဲရှိပါတယ်။

“အကျွန်ုပ်တို့ကို အုပ်စိုးရသောရှင်ဘုရင်ကို ပေးပါလော့”

ရှမွေလရဲ့သားတွေဟာ သူတို့ရဲ့ လိုဘကြီးပြီး ကိုယ်ကျိုးရှာမှုက ဘယ်လောက်အထိ အကျိုးသက်ရောက်သွားမယ်ဆိုတာ မစဉ်းစားမိကြဘူး။ အစ္စရေးလူမျိုး အသက်ကြီးသူတွေက ရှမွေလကို ဒီလိုဆက်ပြောကြတယ်– “အကျွန်ုပ်တို့အား အုပ်စိုးရန် ဘုရင်ကို ခန့်ပေးပါ။ သို့မှသာလျှင် အကျွန်ုပ်တို့တွင် အခြားတိုင်းပြည်များမှာကဲ့သို့ ဘုရင်ရှိပါလိမ့်မည်။” ရှမွေလကိုမကြိုက်တော့လို့ အဲဒီလိုတောင်းဆိုကြတာလား။ တကယ်ဆိုရင် ရှမွေလဟာ တရားသူကြီးအဖြစ် ဘုရားသခင့်ကိုယ်စား အစ္စရေးလူတွေကို အုပ်စိုးလာတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပါပြီ။ အခု သူတို့ဟာ ရှမွေလလို ပရောဖက်မျိုး တောင်းဆိုနေတာမဟုတ်ဘဲ သူတို့ကိုအုပ်စိုးဖို့ ဘုရင်တစ်ဦး တောင်းဆိုနေကြတာ။ အိမ်နီးချင်းနိုင်ငံတွေမှာ ဘုရင်တွေ အုပ်ချုပ်နေကြတဲ့အတွက် အစ္စရေးလူတွေကလည်း ဘုရင်တစ်ဦးရချင်နေကြတယ်။ ရှမွေလ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ အဲဒီကိစ္စကို ရှမွေလ “မနှစ်သက်” ခဲ့ပါဘူး။—၁ရာ. ၈:၅ခမ၊

ဒီကိစ္စကို ဘုရားသခင်ဆီ ရှမွေလ ဆုတောင်းတင်ပြတဲ့အခါ ဘုရားသခင် ဒီလိုဖြေကြားပေးခဲ့တယ်– “သင့်အား လူများတို့ ပြောဆိုသမျှသောစကားကို နားထောင်လော့။ သူတို့သည် သင့်ကိုသာမပယ်၊ ငါသည် သူတို့ကို မအုပ်စိုးစေခြင်းငှာ ငါ့ကိုလည်း ပယ်ကြပြီ။” အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်ကို အစ္စရေးလူတွေ စော်ကားတာ အရမ်းကိုဆိုးရွားလှပေမဲ့ ဘုရားသခင်ရဲ့စကားကြောင့် ရှမွေလ စိတ်သက်သာရာရသွားတယ်။ အစ္စရေးလူတွေဟာ လူသားရှင်ဘုရင်တောင်းဆိုတဲ့အတွက် အကြီးအကျယ် ပေးဆပ်ရလိမ့်မယ်လို့ ရှမွေလကို ဘုရားသခင် သတိပေးခိုင်းခဲ့တယ်။ ဘုရားသခင် ပြောခိုင်းတဲ့အတိုင်း ရှမွေလ ပြောပြတဲ့အခါ အစ္စရေးလူတွေက “မဟုတ်ပါ။ အုပ်စိုးသောရှင်ဘုရင်ကို လိုချင်ပါ၏” ဆိုပြီး မရမကတောင်းဆိုခဲ့ကြတယ်။ ဘုရားသခင်ရဲ့စကားကို အမြဲနာခံခဲ့တဲ့ ရှမွေလဟာ ဘုရားသခင် ရွေးချယ်ပေးခဲ့တဲ့ အစ္စရေးအမျိုးသားဆီသွားပြီး ရှင်ဘုရင်အဖြစ် ခန့်အပ်လိုက်တယ်။—၁ရာ. ၈:၇-၁၉

ရှမွေလ ဘယ်လိုနာခံမှုပြခဲ့သလဲ။ မကျေမနပ်၊ ဝတ်ကျေတမ်းကျေလောက်သာ နာခံခဲ့တာလား။ စိတ်ပျက်အားလျော့မှုကြောင့် စိတ်ထိခိုက်ခံပြီး နာကြည်းခဲ့သလား။ တခြားသူတွေသာဆိုရင် ရှမွေလလို တုံ့ပြန်ချင်မှ တုံ့ပြန်မှာ။ ရှောလုဟာ ဘုရားသခင်ကိုယ်တိုင် ရွေးချယ်ထားတဲ့သူဖြစ်တယ်ဆိုတာ ရှမွေလ အသိအမှတ်ပြုပြီး ရှင်ဘုရင်အဖြစ် ခန့်အပ်ပေးခဲ့ပါတယ်။ ရှောလုကို ရှင်ဘုရင်အသစ်အဖြစ် လက်ခံကြိုဆိုပြီး လက်အောက်ခံတဲ့အနေနဲ့ ရှမွေလ နမ်းခဲ့တယ်။ အဲဒီနောက် အစ္စရေးလူတွေကို ရှမွေလ ဒီလိုပြောလိုက်တယ်– ‘ထာဝရဘုရားသခင် ရွေးချယ်တော်မူသောသူကို ကြည့်ကြလော့။ လူခပ်သိမ်းတို့တွင် သူနှင့်တူသောသူ တစ်စုံတစ်ယောက်မျှမရှိ။’—၁ရာ. ၁၀:၁၊ ၂၄

ရှမွေလဟာ အမှားတွေကို အာရုံစိုက်မယ့်အစား ဘုရားသခင်ရွေးချယ်ထားသူရဲ့ ကောင်းကွက်တွေကိုပဲ အာရုံစိုက်ခဲ့တယ်။ သူကိုယ်တိုင်လည်း အပြောင်းအလဲမြန်တဲ့ လူတွေရဲ့ မျက်နှာသာကိုရဖို့ထက် ဘုရားသခင်အပေါ်ထားခဲ့တဲ့ သူ့ရဲ့ တည်ကြည်မှုကိုပဲ အာရုံစိုက်ခဲ့တယ်။ (၁ရာ. ၁၂:၁-၄) မိမိရဲ့တာဝန်ကို တည်တည်ကြည်ကြည် ထမ်းဆောင်သွားခဲ့တဲ့အပြင် အစ္စရေးလူတွေ ရင်ဆိုင်ခဲ့ရတဲ့ ဘုရားသခင့်မျက်နှာသာဆုံးရှုံးမှု အန္တရာယ်တွေကို သတိပေးခဲ့တယ်။ ဒါ့အပြင် ဘုရားသခင်အပေါ် ဆက်တည်ကြည်သွားဖို့ သူတို့ကို အားပေးခဲ့တယ်။ ရှမွေလရဲ့ ဆုံးမစကားတွေကြောင့် အစ္စရေးလူတွေ စိတ်ထိမိသွားပြီး ဘုရားသခင်ဆီ သူတို့ကိုယ်စား ဆုတောင်းပေးဖို့ ရှမွေလကို တောင်းပန်ခဲ့ကြတယ်။ အဲဒီအခါ ရှမွေလက ဒီလိုပြောခဲ့တယ်– ‘ငါမူကား သင်တို့အဖို့ ဆုမတောင်းဘဲနေသဖြင့် ထာဝရဘုရားသခင်ကို ပြစ်မှားခြင်းအမှုသည် ငါနှင့်ဝေးပါစေသော။ ကောင်းမွန်ဖြောင့်မတ်သောလမ်းကိုလည်း သင်တို့အား ငါပြသဦးမည်။’—၁ရာ. ၁၂:၂၁-၂၄

အခွင့်အရေးတစ်ခုကို တခြားတစ်ယောက် ရသွားတဲ့အခါ သင် စိတ်ပျက်အားလျော့ခဲ့ဖူးသလား။ မနာလိုဖြစ်တာ၊ စိတ်နာကြည်းတာမျိုး ဘယ်တော့မှမဖြစ်ဖို့ ရှမွေလရဲ့ ပုံနမူနာက ကျွန်ုပ်တို့ကို သတိပေးနေပါတယ်။ သစ္စာရှိကျေးကျွန် တစ်ယောက်ချင်းစီအတွက် အကျိုးဖြစ်ထွန်းပြီး စိတ်ကျေနပ်ဖွယ်ကောင်းတဲ့ အလုပ်တွေ ဘုရားသခင်ဆီမှာ အများကြီးရှိပါတယ်။

“သင်သည် အဘယ်မျှကြာအောင် ရှောလုအတွက် ဝမ်းနည်းနေပါမည်နည်း”

ရှောလုရဲ့ကောင်းကွက်ကို ရှမွေလ ချက်ချင်းပဲ တွေ့မြင်ခဲ့တယ်။ ရှောလုဟာ ထူးခြားတဲ့သူဖြစ်တယ်။ အရပ်ရှည်ပြီး ရုပ်ရည်ချောမောတဲ့ ရှောလုဟာ ရဲစွမ်းသတ္တိရှိတဲ့အပြင် လုပ်ရည်ကိုင်ရည်လည်း ရှိတယ်။ အစပိုင်းမှာ သူဟာ ကျိုးနွံမှုရှိပြီး ဘဝင်မမြင့်ဘူး။ (၁ရာ. ၁၀:၂၂၊ ၂၃၂၇) သူ့မှာ အဲလိုအရည်အသွေးတွေအပြင် ကိုယ့်ဘဝကိုယ် ရွေးချယ်ဆုံးဖြတ်နိုင်စွမ်းလည်းရှိတယ်။ (တရားဟောရာ ၃၀:၁၉) အဲဒီအရည်အသွေးကို သူကောင်းစွာ အသုံးပြုခဲ့ပါသလား။

လူတစ်ယောက်ဟာ အာဏာရလာပြီဆိုရင် ကျိုးနွံမှုပျောက်သွားတာ ဝမ်းနည်းစရာပဲ။ မကြာပါဘူး ရှောလု မာနထောင်လွှားလာခဲ့တယ်။ ရှမွေလကနေတစ်ဆင့်ပေးတဲ့ ဘုရားသခင့်ညွှန်ကြားချက်တွေကို ရှောလု မလိုက်လျှောက်တော့ဘူး။ တစ်ခါကဆိုရင် ရှမွေလပဲ ယဇ်ပူဇော်ရမှာကို ရှောလု စိတ်မရှည်နိုင်ဖြစ်ပြီး နောက်ဆုံး သူကိုယ်တိုင်ပဲ ယဇ်ပူဇော်လိုက်တယ်။ အဲဒီအတွက်နဲ့ ရှောလုကို ရှမွေလ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပြီး ရှောလုရဲ့မိသားစုမှာ မင်းဆက် မတည်ရလို့ ကြိုပြောလိုက်တယ်။ ဆုံးမမှုကိုခံယူမယ့်အစား ရှောလုဟာ မနာခံတဲ့လုပ်ရပ်တွေကို ဆက်တိုက်ဆိုသလို ပြုမူခဲ့တယ်။—၁ရာ. ၁၃:၈၊ ၉၁၃၊ ၁၄

အာမလက်လူတွေနဲ့ စစ်တိုက်ရမယ်ဆိုပြီး ရှောလုကို ရှမွေလကနေတစ်ဆင့် ဘုရားသခင် ပြောခဲ့တယ်။ မင်းဆိုး အာဂတ်ကို ကွပ်မျက်ပစ်ဖို့လည်း ညွှန်ကြားခဲ့တယ်။ ဒါပေမဲ့ ရှောလုဟာ အာဂတ်မင်းကို အသက်ချမ်းသာပေးတဲ့အပြင် အကောင်းဆုံးလက်ရပစ္စည်းတွေကိုလည်း မဖျက်ဆီးဘဲ ချန်ထားခဲ့တယ်။ ရှမွေလ ရောက်လာပြီး ရှောလုရဲ့အမှားကိုထောက်တဲ့အခါ ရှောလုဟာ အရင်လိုမဟုတ်တော့ဘဲ အများကြီး ပြောင်းလဲသွားတာကို တွေ့လိုက်ရတယ်။ ရှောလုဟာ ဆုံးမမှုကို ကျိုးကျိုးနွံနွံ လက်ခံမယ့်အစား ရှာကြံအကြောင်းပြတယ်၊ ဆင်ခြေပေးတယ်၊ ရှင်းချက်ထုတ်တယ်၊ အပြစ်လွတ်အောင် ရှောင်တိမ်းပြောဆိုတဲ့အပြင် လူတွေအပေါ် အပြစ်ပုံချဖို့ ကြိုးစားလိုက်သေးတယ်။ လက်ရပစ္စည်းတချို့က ဘုရားသခင်အတွက် ယဇ်ပူဇော်ဖို့ပါလို့ ပြောခြင်းအားဖြင့် ဆုံးမပဲ့ပြင်မှုကို အလေးအနက်မထားဘဲ ငြင်းပယ်ဖို့ ရှောလုကြိုးစားခဲ့တယ်။ အဲဒီအခါ ရှမွေလက “အလိုတော်သို့လိုက်ခြင်းသည် ယဇ်မျိုးထက် သာ၍ကောင်း၏” လို့ပြောလိုက်တယ်။ ရှောလုကို ရှမွေလ ရဲရဲပြစ်တင်ပြောဆိုခဲ့ပြီး ဘုရားသခင်ရဲ့ဆုံးဖြတ်ချက်ကို ပြောပြလိုက်တယ်။ ရှင်ဘုရင်အရာကို ရှောလုဆီကနေ ဖယ်ရှားပြီး ရှောလုထက်ပိုသာတဲ့သူဆီ အပ်နှင်းမယ်ဆိုပြီး ဘုရားသခင် ဆုံးဖြတ်လိုက်တယ်။—၁ရာ. ၁၅:၁-၃၃

ရှောလုရဲ့အားနည်းချက်တွေနဲ့ပတ်သက်ပြီး ရှမွေလ အရမ်းဝမ်းနည်းခဲ့တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘုရားသခင်ဆီ တစ်ညလုံး ညည်းတွားမြည်တမ်းခဲ့တယ်။ ရှောလုအတွက်နဲ့ သူ စိတ်မသာညည်းတွားခဲ့တယ်။ ရှောလုဆီမှာ အရည်အသွေးကောင်းတွေ အများကြီးရှိနေတာကို ရှမွေလ တွေ့မြင်ခဲ့ပေမဲ့ အခုတော့ သူ့ရဲ့မျှော်လင့်ချက်တွေက တစ်စစီ ပျက်စီးသွားပါပြီ။ တစ်ချိန်တုန်းက ရှောလုဟာ ပြုပြင်ပြောင်းလဲခဲ့ပေမယ့် အခုတော့ သူ့ရဲ့အရည်အသွေးကောင်းတွေ ပျောက်ဆုံးကုန်ပြီး ဘုရားသခင်ကို ဖီဆန်ခဲ့တယ်။ ရှောလုကို ရှမွေလ ထပ်အတွေ့မခံတော့ဘူး။ ဒါပေမဲ့ အချိန်တန်တဲ့အခါ ရှမွေလကို ဘုရားသခင် ဒီလို ညင်ညင်သာသာ တည့်မတ်ပေးခဲ့တယ်– “ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့် သင်သည် အဘယ်မျှကာလပတ်လုံး စိတ်မသာညည်းတွားလျက်နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့်ပြည့်စေလော့။ ဗက်လင်မြို့သား ယေရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို ငါပြင်ဆင်ပြီ။”—၁ရာ. ၁၅:၃၄၊ ၃၅; ၁၆:၁

ဘုရားသခင့်ရည်ရွယ်ချက်က သစ္စာတည်ကြည်မှုကို အချိန်တိုင်း မပြတဲ့ မစုံလင်သူ လူသားတွေအပေါ် မူမတည်ဘူး။ လူတစ်ယောက်ဟာ သစ္စာမတည်ကြည်တော့ဘူးဆိုရင် ဘုရားသခင်က တခြားတစ်ယောက်ကို မိမိအလိုတော် ထမ်းဆောင်စေပါလိမ့်မယ်။ ဒါကြောင့် သက်ကြီးရွယ်အို ရှမွေလဟာ ရှောလုအတွက်နဲ့ ဆက်ပြီး ဝမ်းနည်းမနေတော့ဘူး။ ဘုရားသခင် ညွှန်ကြားတဲ့အတိုင်း ဗက်လင်မြို့က ယေရှဲရဲ့အိမ်ကိုသွားပြီး ယေရှဲရဲ့ သားချောအတော်များများနဲ့ တွေ့ဆုံခဲ့တယ်။ ဒါပေမဲ့ သားအကြီးဆုံးကနေစပြီး ရှမွေလကို ဘုရားသခင် ဒီလိုသတိပေးခဲ့တယ်– ‘သူ၏မျက်နှာ သူ၏အရပ်ကို မကြည့်မရှုနှင့်။ ထာဝရဘုရားသခင်သည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားသခင်မူကား နှလုံးကိုကြည့်ရှုတတ်သည်။’ (၁ရာ. ၁၆:၇) နောက်ဆုံး ယေရှဲရဲ့သားအငယ်ဆုံး ဒါဝိဒ်ကို ရှမွေလ တွေ့တဲ့အခါ သူ့ကိုပဲ ဘုရားသခင် ရွေးချယ်စေခဲ့တယ်။

ရှမွေလ မကွယ်လွန်ခင် နောက်ပိုင်းနှစ်တွေမှာ ရှောလုနေရာကို ဒါဝိဒ်နဲ့ အစားထိုးခဲ့တဲ့ ဘုရားသခင်ရဲ့ဆုံးဖြတ်ချက်က တော်မှန်ဖြောင့်မတ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရတယ်။ ရှောလုဟာ ဒါဝိဒ်ကို သတ်ပစ်ချင်လောက်တဲ့အထိ မနာလိုဖြစ်လာပြီး အယူဖောက်ပြန်တဲ့သူတောင် ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ ဒါဝိဒ်က ရဲရင့်ခြင်း၊ တည်ကြည်ခြင်း၊ ယုံကြည်ခြင်းနဲ့ သစ္စာစောင့်သိခြင်းဆိုတဲ့ အရည်အသွေးကောင်းတွေကို တင်ပြခဲ့တယ်။ ရှမွေလ ကွယ်လွန်ခါနီးလာလေ သူ့ရဲ့ယုံကြည်ခြင်းကလည်း ပိုပြီးသန်မာလာလေပဲ။ ဘုရားသခင်အတွက် စိတ်ပျက်စရာအခြေအနေက ကိုင်တွယ်ဖြေရှင်းရမခက်ဘူး၊ အဲဒီအစား ကောင်းချီးတောင် ဖြစ်သွားနိုင်တယ်ဆိုတာကို ရှမွေလ တွေ့မြင်ခဲ့ရတယ်။ ရှမွေလ ကွယ်လွန်သွားတဲ့အခါ နှစ်တစ်ရာနီးပါး ကြာညောင်းတဲ့ ထူးခြားမှတ်သားဖွယ် ဘဝမှတ်တမ်းကို ထားရစ်ခဲ့တယ်။ ကွယ်လွန်သူ သစ္စာရှိရှမွေလအတွက် အစ္စရေးတစ်မျိုးသားလုံး ဝမ်းနည်းပူဆွေးခဲ့ကြတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ကနေ့အချိန်မှာ ဘုရားသခင့်အမှုတော်ဆောင်သူတွေအနေနဲ့ ‘ငါရှမွေလရဲ့ယုံကြည်ခြင်းကိုတုပမလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးသင့်ပါတယ်။

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

အကြီးအကျယ် ဆုံးရှုံးမှုနဲ့ စိတ်ပျက်အားလျော့မှုကို အစ္စရေးလူတွေ ကိုင်တွယ်ဖြေရှင်းနိုင်အောင် ရှမွေလ ဘယ်လိုကူညီပေးနိုင်မလဲ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

သားဆိုးတွေကြောင့် စိတ်ပျက်အားလျော့ခဲ့ရတာကို ရှမွေလ ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့သလဲ