မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ညည်းတွားမှုတွေအတွက် အဖြေရှာခြင်း

ညည်းတွားမှုတွေအတွက် အဖြေရှာခြင်း

ညည်းတွားမှုတွေအတွက် အဖြေရှာခြင်း

အိမ်ထောင်ရေးဆိုတာ ပန်းခင်းတဲ့လမ်းလို အမြဲ အဆင်ပြေချောမွေ့မှာ မဟုတ်ဘူးလို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ အိမ်ထောင်သည်တွေဟာ ‘နေ့စဉ် တွေ့ကြုံကြရမည့် ခက်ခဲမှု’ တွေနဲ့ ရင်ဆိုင်ကြရလိမ့်မယ်လို့ တမန်တော်ပေါလုက ကျမ်းစာမှာ ဖော်ပြခဲ့တယ်။ (၁ ကောရိန္သု ၇:၂၈၊ ခမ) ဒါပေမဲ့ အိမ်ထောင်သည်တွေဟာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ လျော့နည်းသွားအောင်၊ တစ်ယောက်ကိုတစ်ယောက် ပိုပြီးချစ်မြတ်နိုးလာအောင် လုပ်ဆောင်နိုင်ကြပါတယ်။ လင်မယားစပ်ကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ညည်းတွားမှု ခြောက်ခုကို အောက်မှာ ဖော်ပြထားပြီး ကျမ်းစာမူတွေက ဘယ်လိုကူညီပေးနိုင်သလဲဆိုတာ ကြည့်ကြရအောင်။

ညည်းတွားမှု–

“ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် အစေးမကပ်တော့ဘူး။”

ကျမ်းစာမူ–

“သာ၍အရေးကြီးသောအရာများကို သေချာစွာသိစေ”ပါ။ဖိလိပ္ပိ ၁:၁၀

သင့်ဘဝမှာ အရေးကြီးဆုံးအရာတွေထဲက တစ်ခုကတော့ သင့်ရဲ့အိမ်ထောင်ရေးပါ။ ဦးစားပေးရမယ့် အရာတွေထဲမှာ အိမ်ထောင်ရေးလည်း ပါဝင်တယ်။ ဒါကြောင့် သင့်ရဲ့အစီအစဉ်တွေကြောင့် ပြဿနာတက်နေတာလားဆိုပြီး စစ်ဆေးကြည့်ပါ။ နေ့စဉ်လုပ်ငန်းဆောင်တာတွေကြောင့် သင်တို့လင်မယားနှစ်ယောက် ခွဲနေရတာမျိုး လုံးဝမဖြစ်စေပါနဲ့။ ဝမ်းစာရှာလုပ်ငန်းကြောင့်၊ မလွှဲမရှောင်သာတဲ့ တခြားကိစ္စရပ်တွေကြောင့် တစ်ခဏ ခွဲနေရတာမျိုးတော့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဝါသနာပါရာတွေကို လုပ်ဆောင်နေတာ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အချိန်ဖြုန်းနေတာတွေကိုတော့ ကန့်သတ်ထားရပါမယ်။

ဒါပေမဲ့ အိမ်ထောင်သည်တချို့ဟာ အလုပ်ပိုတွေ၊ ဝါသနာပါရာတွေကို လုပ်ဆောင်နေကြတဲ့အတွက် ကိုယ့်အိမ်ထောင်ဖက်ကို အချိန်မပေးနိုင်ကြဘူး။ သူတို့ဟာ ကိုယ့်အိမ်ထောင်ဖက်နဲ့ “ခွဲ” နေကြတာတော့ မဟုတ်ပါဘူး။ အဲဒီအစား ပြဿနာကို မရင်ဆိုင်ဘဲ ရှောင်လွှဲနေကြတာပါ။ သင် ဒါမှမဟုတ် သင့်အိမ်ထောင်ဖက်က အဲဒီလိုဖြစ်နေမယ်ဆိုရင် ပြဿနာဖြစ်ရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်။ သင့်အိမ်ထောင်ဖက်နဲ့ပဲ အချိန်ကို အသုံးပြုမယ်ဆိုရင် သင်တို့နှစ်ယောက်စလုံး အစေးကပ်လာပြီး “တစ်သားတစ်ကိုယ်တည်း” တကယ်ဖြစ်လာမှာပါ။—ကမ္ဘာဦး ၂:၂၄

အိမ်ထောင်သည်တချို့ ကျမ်းစာအကြံပြုချက်ကို လက်တွေ့ကျင့်သုံးခဲ့ကြပုံ– ဩစတြေးလျနိုင်ငံသား ဇနီးမောင်နှံ အင်ဒရူး *နဲ့ တန်ဂျီတို့ရဲ့ အိမ်ထောင်သက်တမ်းက ဆယ်နှစ်ရှိပါပြီ။ “အလုပ်တွေအရမ်းလုပ်၊ ပြီးရင် လူမှုရေးတွေနဲ့ပဲ အချိန်ကုန်နေတာက အိမ်ထောင်ရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ ကျွန်တော်သိလာရတယ်။ ဒါကြောင့် ကျွန်တော်တို့လင်မယားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တမင်တကာ အချိန်ပေးပြီး စကားပြောကြတယ်၊ ရင်ဖွင့်ကြတယ်” လို့အင်ဒရူးက ပြောတယ်။

အမေရိကန်နိုင်ငံက အိမ်ထောင်သက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ ဒေ့ဗ်နဲ့ ဂျိန်းကတော့ ညနေတိုင်း အိမ်ပြန်ရောက်တာနဲ့ ဘာမှမလုပ်ခင် နာရီဝက်လောက် သူတို့ရဲ့ အတွေ့အကြုံတွေ၊ ယူဆချက်တွေကို ဝေမျှကြပါတယ်။ “အဲဒီအချိန်က အရေးကြီးတဲ့အချိန်ဖြစ်လို့ တခြားဘယ်အရာကိုမှ အနှောင့်အယှက်ပေးခွင့်မပြုဘူး” လို့ ဂျိန်းက ဆိုတယ်။

ညည်းတွားမှု–

“အိမ်ထောင်ရေးက ငါ့ကို ဘာပျော်စရာမှ မပေးတော့ဘူး။”

ကျမ်းစာမူ–

“လူအသီးသီးတို့သည် ကိုယ့်အကျိုးကိုမရှာဘဲ သူတစ်ပါး၏အကျိုးကို ရှာကြစေ။”၁ ကောရိန္သု ၁၀:၂၄

အိမ်ထောင်ရေးမှာ ကိုယ်ကျိုးပဲကြည့်တဲ့သူဟာ အိမ်ထောင်ဘယ်နှစ်ဆက်ပဲ ထူထောင်ပါစေ စစ်မှန်တဲ့ပျော်ရွှင်မှု ခံစားရမှာမဟုတ်ပါဘူး။ အိမ်ထောင်သည်တွေဟာ ရယူဖို့ထက် ပေးဆက်ဖို့ကိုပဲ အဓိကထားမယ်ဆိုရင် အိမ်ထောင်ရေးသာယာလာမှာ ဖြစ်ပါတယ်။ အကြောင်းရင်းကို ယေရှု ဒီလိုဖော်ပြခဲ့တယ်– “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်။”—တမန်တော် ၂၀:၃၅

အိမ်ထောင်သည်တချို့ ကျမ်းစာအကြံပြုချက်ကို လက်တွေ့ကျင့်သုံးခဲ့ကြပုံ– မက္ကဆီကိုနိုင်ငံက မာရီယာနဲ့ မာတင်တို့ရဲ့ အိမ်ထောင်သက်တမ်းက ၃၉ နှစ်ရှိပါပြီ။ ဒါပေမဲ့ သူတို့ရဲ့အိမ်ထောင်ရေးက အမြဲသာယာချမ်းမြေ့နေတာတော့ မဟုတ်ဘူး။ သူတို့မှာ ခက်ခဲတဲ့ အချိန်အခါတွေလည်း ရှိပါတယ်။ “စကားအကြီးအကျယ် များနေတဲ့အချိန်မှာဆိုရင် ကျွန်မ မာတင်ကို လေးလေးစားစား မဆက်ဆံဘူး။ အဲဒီအခါ သူ စိတ်ဆိုးလာပါလေရော။ ကျွန်မ ဝမ်းနည်းလွန်းလို့ ပြောမိတာပါလို့ ကြိုးစားရှင်းပြပေမဲ့လည်း သူ နားမထောင်တော့ဘူး” လို့မာရီယာက ပြောပြတယ်။ “အဲလိုစကားများလာပြီဆိုရင် ဘယ်လိုမှ လက်တွဲလို့မဖြစ်တော့ဘူး၊ အိမ်ထောင်ရေးကို အဆုံးသတ်လိုက်တော့မယ်ဆိုပြီး စဉ်းစားမိတယ်” လို့မာတင်က ပြောပြတယ်။

မာတင်က ရိုသေလေးစားမှုကို ခံယူချင်တယ်။ မာရီယာကျတော့ သူ့ကို နားလည်ပေးစေချင်တယ်။ သူတို့နှစ်ယောက်စလုံး ကိုယ်လိုချင်တာ မရခဲ့ကြပါဘူး။

ပြဿနာကို သူတို့ ဘယ်လိုကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သလဲ။ “ကျွန်တော့်စိတ်ကို တည်ငြိမ်အောင်လုပ်လိုက်တယ်။ ပြီးတော့ ကျမ်းစာပေးတဲ့ အကြံပြုချက်အတိုင်း ကျွန်တော်တို့ နှစ်ယောက်စလုံး အပြန်အလှန် လေးစားမှုရှိဖို့၊ ကြင်နာဖို့ ဆုံးဖြတ်လိုက်ကြတယ်။ နှစ်တွေကုန်လွန်လာတာနဲ့အမျှ ပြဿနာ ဘယ်လောက်ပဲတက်ပါစေ အကူအညီအတွက် ဘုရားသခင်ဆီ ဆုတောင်းမယ်၊ ကျမ်းစာအကြံပြုချက်တွေကို လိုက်နာမယ်ဆိုရင် အောင်မြင်ကျော်လွှားနိုင်မယ်ဆိုတာ သိလာရတယ်” လို့မာတင်က ပြောပြတယ်။—ဟေရှာယ ၄၈:၁၇၊ ၁၈; ဧဖက် ၄:၃၁၊ ၃၂

ညည်းတွားမှု–

“ကိုယ့်တာဝန်ကိုယ်မကျေဘူး။”

ကျမ်းစာမူ–

“ငါတို့အသီးသီးသည် ဘုရားသခင်ထံ စာရင်းရှင်းကြရလိမ့်မည်။”ရောမ ၁၄:၁၂

အိမ်ထောင်ရေး အောင်မြင်ဖို့ဆိုတာ အိမ်ထောင်ဖက်တစ်ယောက်တည်းနဲ့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အိမ်ထောင်ဖက်တွေဟာ ကိုယ့်တာဝန်ကိုယ် လျစ်လျူရှုမယ်၊ တစ်ယောက်ကိုတစ်ယောက် အပြစ်ဖို့နေမယ်ဆိုရင် အခြေအနေက ပိုဆိုးသွားပါလိမ့်မယ်။

သင့်အိမ်ထောင်ဖက်ကပဲ ဘာလုပ်သင့်တယ်၊ ညာလုပ်သင့်တယ်ဆိုပြီး တစ်ချိန်လုံး အာရုံစိုက်နေမယ်ဆိုရင် သင် စိတ်ပျက်ရလိမ့်မယ်။ အထူးသဖြင့် သင့်အိမ်ထောင်ဖက်က သူ့ဝတ္တရားမကျေတဲ့အတွက် သင်လည်း ကိုယ့်ဝတ္တရားကျေစရာမလိုဘူးလို့ တွေးထင်ထားရင် ပိုပြီးစိတ်ပျက်ရလိမ့်မယ်။ တကယ်လို့ သင်ဟာ ခင်ပွန်းကောင်း ဒါမှမဟုတ် ဇနီးကောင်းဖြစ်ဖို့ ကြိုးစားမယ်ဆိုရင်တော့ သင်တို့ရဲ့ အိမ်ထောင်ရေး တိုးတက်လာနိုင်စရာရှိပါတယ်။ (၁ ပေတရု ၃:၁-၃) အဲဒီလိုဆိုရင် ဘုရားသခင်ချမှတ်ထားတဲ့ အိမ်ထောင်ရေးအစီအစဉ်ကို သင်ဂုဏ်တင်ကြောင်း သက်သေထူရာရောက်တဲ့အပြင် သင့်ရဲ့လုပ်ဆောင်မှုတွေက ဘုရားသခင်ရဲ့စိတ်တော်ကိုလည်း အလွန်ရွှင်လန်းစေပါလိမ့်မယ်။—၁ ပေတရု ၂:၁၉

အိမ်ထောင်သည်တချို့ ကျမ်းစာအကြံပြုချက်ကို လက်တွေ့ကျင့်သုံးခဲ့ကြပုံ– ကိုရီးယားနိုင်ငံက ကင်မ်တို့ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်တမ်းက ၃၈ နှစ်ရှိပါပြီ။ ကင်မ်က ဒီလိုပြောပြတယ်– “တစ်ခါတလေ ကျွန်မခင်ပွန်းက ကျွန်မကို စိတ်ခုပြီး စကားမပြောဘူး။ ဘာကြောင့်မှန်းတောင် ကျွန်မ မသိလိုက်ရဘူး။ ကျွန်မကို မချစ်တော့ဘူးလားလို့ ခံစားရတယ်။ ‘ကျွန်မကို နားလည်ပေးဖို့ သူကြိုးစားရမယ့်အစား ဘာကြောင့် သူ့ကို နားလည်ပေးစေချင်ရတာလဲ’ လို့ ကျွန်မ စဉ်းစားမိတယ်။”

ဒီလိုမတရားတဲ့ အခြေအနေနဲ့ ခင်ပွန်းသည် မလုပ်ဆောင်တဲ့အပိုင်းအပေါ်မှာပဲ ကင်မ် အာရုံစိုက်မိနိုင်ပါတယ်။ ဒါပေမဲ့ ကင်မ် အဲလိုမလုပ်ခဲ့ပါဘူး။ “ဝမ်းနည်းနေမယ့်အစား ငြိမ်သက်မှုရဖို့အတွက် ကိုယ့်ဘက်ကပဲ အစပြုလုပ်ဆောင်လိုက်တာက အကောင်းဆုံးဆိုတာ ကျွန်မ သိလာရတယ်။ နောက်ပိုင်းမှာ ကျွန်မတို့နှစ်ယောက်စလုံး စိတ်ငြိမ်သက်မှုရလာပြီး အေးအေးဆေးဆေး စကားပြောဆိုနိုင်ခဲ့တယ်” လို့ကင်မ်က ပြောပြတယ်။—ယာကုပ် ၃:၁၈

ညည်းတွားမှု–

“ကျွန်တော့်ဇနီးက လက်အောက်မခံတတ်ဘူး။”

ကျမ်းစာမူ–

‘ယောက်ျားတိုင်း၏ဦးခေါင်းကား ခရစ်တော်ဖြစ်၏။’၁ ကောရိန္သု ၁၁:၃

ကိုယ့်ဇနီးက လက်အောက်မခံတတ်ဘူးလို့ ခံစားရတဲ့ ခင်ပွန်းသည်အနေနဲ့ ကိုယ်ကရော ကိုယ့်ရဲ့ဦးခေါင်းဖြစ်တဲ့ ယေရှုခရစ်ကို လက်အောက်ခံဖို့ တလိုတလားရှိရဲ့လားဆိုပြီး ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ဆန်းစစ်သင့်ပါတယ်။ ခင်ပွန်းသည်ဟာ ယေရှုရဲ့စံနမူနာကို လိုက်လျှောက်ခြင်းအားဖြင့် ကိုယ့်ရဲ့လက်အောက်ခံမှုကို ပြသနိုင်ပါတယ်။

“ခင်ပွန်းဖြစ်သူတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်သဖြင့် အသင်းတော်အတွက် အသက်စွန့်တော်မူသကဲ့သို့ သင်တို့၏ဇနီးကို ဆက်၍ချစ်နေကြလော့” ဆိုပြီး တမန်တော်ပေါလု ရေးသားခဲ့တယ်။ (ဧဖက် ၅:၂၅) ယေရှုဟာ တပည့်တွေအပေါ် “အာဏာ” မပြခဲ့ဘူး။ (မာကု ၁၀:၄၂-၄၄) မိမိရဲ့နောက်လိုက်တွေကို ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေပေးပြီး လိုအပ်ရင် သူတို့ကို တည့်မတ်ပေးခဲ့တယ်။ ဒါပေမဲ့ သူတို့ကို ဘယ်တော့မှ ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံခဲ့ဘူး။ သူတို့ကို ကြင်ကြင်နာနာ ဆက်ဆံတဲ့အပြင် သူတို့ရဲ့ကန့်သတ်ချက်တွေကိုလည်း နားလည်ပေးခဲ့တယ်။ (မဿဲ ၁၁:၂၉၊ ၃၀; မာကု ၆:၃၀၊ ၃၁; ၁၄:၃၇၊ ၃၈) ကိုယ့်အရေးထက် တပည့်တွေရဲ့အရေးကို ယေရှု အမြဲဦးစားထားခဲ့တယ်။—မဿဲ ၂၀:၂၅-၂၈

ခင်ပွန်းသည်တွေဟာ ‘ဦးစီးမှုနဲ့အမျိုးသမီးတွေအပေါ် ထားရှိတဲ့ ငါ့ရဲ့အမြင်က ကျမ်းစာအကြံပြုချက်တွေ၊ စံနမူနာတွေထက် ဓလေ့ထုံးတမ်းတွေရဲ့ လွှမ်းမိုးမှုကိုခံနေရသလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးဖို့ လိုအပ်ပါတယ်။ ဥပမာ၊ ခင်ပွန်းသည်နဲ့ သဘောထားချင်းမတိုက်ဆိုင်ပေမဲ့လည်း ကိုယ့်ရဲ့အမြင်ကို ပြတ်ပြတ်သားသား၊ တစ်ချိန်တည်းမှာ လေးလေးစားစား ထုတ်ဖော်ပြောဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို သင် ဘယ်လိုရှုမြင်မလဲ။ သမ္မာကျမ်းစာမှာ အာဗြဟံရဲ့ဇနီး စာရာကို လက်အောက်ခံတတ်တဲ့ဇနီးအဖြစ် စံနမူနာအနေနဲ့ ဖော်ပြထားတယ်။ (၁ ပေတရု ၃:၁၊) စာရာဟာ မိသားစုအတွင်း ပြဿနာတက်စေနိုင်တဲ့ ကိစ္စတချို့ကို အာဗြဟံ မမြင်တဲ့အခါမျိုးမှာ သူ့ရဲ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့တယ်။—ကမ္ဘာဦး ၁၆:၅; ၂၁:၉-၁၂

စာရာ မပြောရဲမဆိုရဲဖြစ်အောင် အာဗြဟံမလုပ်ခဲ့ဘူးဆိုတာ ထင်ရှားနေပါတယ်။ အာဗြဟံဟာ နိုင်ထက်စီးနင်း ပြုမူတတ်တဲ့သူ မဟုတ်ဘူး။ အဲဒီလိုပဲ ကျမ်းစာအကြံပြုချက်ကို လိုက်နာတဲ့ ခင်ပွန်းသည်တစ်ယောက်ဟာ ကိုယ်စိတ်ကူးပေါက်ရာအတိုင်း ကိုယ့်ရဲ့ဇနီးသည်ကို အတင်းအကျပ် လက်အောက်ခံခိုင်းမှာ မဟုတ်တဲ့အပြင် နိုင်ထက်စီးနင်း ပြုမူဆက်ဆံမှာလည်း မဟုတ်ပါဘူး။ ခင်ပွန်းသည်ဟာ ကိုယ့်ရဲ့ ဦးစီးမှုကို စာနာမှုရှိရှိ ကျင့်သုံးမယ်ဆိုရင် ဇနီးသည်ရဲ့ လေးစားမှုကို ရရှိမှာဖြစ်ပါတယ်။

အိမ်ထောင်သည်တချို့ ကျမ်းစာအကြံပြုချက်ကို လက်တွေ့ကျင့်သုံးခဲ့ကြပုံ– အင်္ဂလန်နိုင်ငံက အိမ်ထောင်သက် ရှစ်နှစ်ရှိပြီဖြစ်တဲ့ ဂျိမ်းစ်က ဒီလိုပြောပြတယ်– “ကျွန်တော့်ဇနီးနဲ့မတိုင်ပင်ဘဲ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမချမိဖို့ သင်ယူနေပါတယ်။ ကိုယ့်အတွက်ပဲ မစဉ်းစားဖို့၊ ကိုယ့်အရေးထက် သူ့လိုအပ်ရာတွေကို ဦးစားပေးတတ်ဖို့ ကြိုးစားတယ်။”

အမေရိကန်နိုင်ငံက အိမ်ထောင်သက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ ဂျော့ရှ်က ဒီလိုပြောပြတယ်– “ကျွန်တော့်ဇနီးကို ဘယ်တော့မှ နှိမ်ပြီး မဆက်ဆံဘူး။ အဲဒီအစား အသိဉာဏ်ရှိပြီး အစွမ်းအစရှိတဲ့ လက်တွဲဖော်လို သဘောထားပြီး ဆက်ဆံတယ်။”—သု. ၃၁:၁၀

ညည်းတွားမှု–

“ကျွန်မရဲ့ခင်ပွန်းက မဦးစီးတတ်ဘူး။”

ကျမ်းစာမူ–

“ပညာရှိသောမိန်းမသည် မိမိအိမ်ကို တည်ဆောက်တတ်၏။ မိုက်သောမိန်းမမူကား ကိုယ်လက်နှင့် ဖြိုဖျက်တတ်၏။”သု. ၁၄:၁

အကယ်၍ သင့်ခင်ပွန်းက ဆုံးဖြတ်ချက်ချဖို့ ဒါမှမဟုတ် အိမ်ထောင်စီမံခန့်ခွဲရေးမှာ ဦးဆောင်ဖို့ တွန့်ဆုတ်နေမယ်ဆိုရင် သင့်မှာ ရွေးချယ်စရာ အနည်းဆုံး သုံးခုရှိပါတယ်။ (၁) သူ့ရဲ့ ချွတ်ယွင်းချက်တွေကို မကြာခဏ ထောက်ပြနိုင်တယ် (၂) ဦးစီးမှုတာဝန်ကို ကြားဖြတ်ယူနိုင်တယ် (၃) သူ့ရဲ့လုပ်ဆောင်မှုတွေကို စိတ်ရင်းမှန်နဲ့ ချီးမွမ်းပေးနိုင်တယ်။ ပထမအချက်နဲ့ ဒုတိယအချက်ကို သင်ရွေးချယ်ခဲ့မယ်ဆိုရင် သင့်ရဲ့အိမ်ကို သင့်ရဲ့လက်နဲ့ ဖြိုဖျက်ရာရောက်သွားပါလိမ့်မယ်။ တတိယအချက်ကို သင်ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ သင့်အိမ်ထောင်ရေးကို ခိုင်မြဲအောင် တည်ဆောက်ပေးရာရောက်မယ်။

အမျိုးသားအများစုဟာ သူတို့ကို ချစ်တာထက် သူတို့ကိုလေးစားတာ ပိုပြီးတန်ဖိုးထားတတ်ကြတယ်။ ဒါကြောင့် သင့်ခင်ပွန်းသည်က သင့်ရဲ့လေးစားမှုကို ခံစားရမယ်ဆိုရင် သူ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ပါလိမ့်မယ်။ ဥပမာ၊ ခင်ပွန်းသည်ရဲ့ ဦးစီးဦးဆောင်မှုတွေက မိသားစုအတွက် အကျိုးရှိတယ်၊ တန်ဖိုးထားခံရတယ်လို့ သူ့ကိုခံစားစေပါ။ တစ်ခါတလေ ကိစ္စရပ်တစ်ခုနဲ့ပတ်သက်ပြီး ခင်ပွန်းသည်နဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့ အချိန်အခါတွေ ရှိနိုင်ပါတယ်။ အဲလိုအချိန်အခါမျိုးမှာ နှစ်ယောက်စလုံး ဆွေးနွေးဖို့လိုအပ်ပါတယ်။ (သု. ၁၈:၁၃) ဒါပေမဲ့ သင်တို့ရွေးချယ်ပြောဆိုတဲ့ စကားတွေ၊ လေသံတွေက သင်တို့ရဲ့အိမ်ထောင်ရေးကို ဖြိုဖျက်ရာရောက်စေနိုင်သလို တည်ဆောက်ပေးရာလည်း ရောက်စေနိုင်တယ်။ (သု. ၂၁:၉; ၂၇:၁၅) သင့်ရဲ့ခံစားချက်ကို လေးလေးစားစား ထုတ်ဖော်ပြောဆိုမယ်ဆိုရင် သင့်ရဲ့ခင်ပွန်းသည်က မိသားစုကို လိုလိုလားလား ဦးစီးသွားနိုင်ဖွယ်ရှိတယ်။

အိမ်ထောင်သည်တချို့ ကျမ်းစာအကြံပြုချက်ကို လက်တွေ့ကျင့်သုံးခဲ့ကြပုံ– အမေရိကန်နိုင်ငံက အိမ်ထောင်သက် အနှစ် ၃၀ ရှိပြီဖြစ်တဲ့ မာရှယ်က ဒီလိုပြောပြတယ်– “ကျွန်မနဲ့ ကျွန်မရဲ့ ညီမလေးနှစ်ယောက်ကို အမေက ယောက်ျားရဲ့အထောက်အပံ့မပါဘဲ ကျွေးမွေးပြုစုခဲ့လို့ အမေဟာ စိတ်ဓာတ်ကြံ့ခိုင်ပြီး အမှီအခိုကင်းကင်းနဲ့ နေတတ်တယ်။ ကျွန်မမှာလည်း အဲဒီဉာဉ်တွေရှိတတ်တယ်။ ဒါကြောင့် လက်အောက်ခံတတ်ဖို့ အမြဲကြိုးစားရတယ်။ ဥပမာ၊ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ချက်တွေမချခင် ကျွန်မရဲ့ခင်ပွန်းသည်နဲ့ တိုင်ပင်ဆွေးနွေးဖို့ သင်ယူခဲ့ရတယ်။”

ဩစတြေးလျနိုင်ငံက မာ့ခ်နဲ့အိမ်ထောင်ကျတာ ၂၁ နှစ်ရှိပြီဖြစ်တဲ့ ရေချယ်လ်လည်း မိသားစုနောက်ခံရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတယ်။ “ကျွန်မအမေဟာ ကျွန်မအဖေကို ဘယ်တော့မှ လက်အောက်မခံတတ်ဘူး။ ဒါကြောင့် သူတို့နှစ်ယောက်ကြားမှာ စကားများတာ၊ တစ်ယောက်ကိုတစ်ယောက် လေးလေးစားစား မဆက်ဆံတာက အမြဲ ဖြစ်နေကျ။ အိမ်ထောင်သက်တမ်း အစပိုင်းမှာ အမေ့ကို ကျွန်မ အတုခိုးခဲ့တယ်။ ဒါပေမဲ့ နှစ်တွေကုန်လွန်လာတာနဲ့အမျှ လေးစားမှုပြပါဆိုတဲ့ ကျမ်းစာအကြံပြုချက်ကို ကျင့်သုံးတာက တန်ဖိုးရှိတယ်ဆိုတာ သိလာခဲ့ရတယ်။ အခု ကျွန်မတို့ရဲ့အိမ်ထောင်ရေးက ပိုပြီးသာယာလာနေပါပြီ။”

ညည်းတွားမှု–

“သူ့ရဲ့အကျင့်တွေကို ဆက်ပြီး သည်းမခံနိုင်တော့ဘူး။”

ကျမ်းစာမူ–

“တစ်ဦးနှင့်တစ်ဦး မကျေနပ်စရာအကြောင်းရှိလျှင် အချင်းချင်း ဆက်၍သည်းခံလျက် အကြွင်းမဲ့ ခွင့်လွှတ်ကြလော့။”ကောလောသဲ ၃:၁၃

သမီးရည်းစားဖြစ်နေတဲ့ကာလမှာ သင်ဟာ ကိုယ့်အိမ်ထောင်ဖက်လောင်းရဲ့ အပြစ်အနာအဆာတွေထက် သူ့ရဲ့ အရည်အသွေးကောင်းတွေကိုပဲ အာရုံစိုက်မိနိုင်ပါတယ်။ လက်ရှိအိမ်ထောင်သည်ဖြစ်နေချိန်ကော အဲဒီလိုလုပ်နိုင်သေးသလား။ သင့်အိမ်ထောင်ဖက်ကြောင့် သင့်မှာ ညည်းတွားစရာအကြောင်းတွေရှိမှာ သေချာပါတယ်။ ဒါပေမဲ့ ‘သူ့ရဲ့ ဘယ်အရည်အသွေးတွေကို ငါအာရုံစိုက်ရမလဲ။ အကောင်းကိုလား၊ အဆိုးကိုလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးပါ။

တခြားသူတွေရဲ့ အပြစ်အနာအဆာတွေကို လျစ်လျူရှုပစ်ဖို့ လိုတယ်ဆိုတာကို ယေရှု ပုံဥပမာသုံးပြီး ဖော်ပြခဲ့တယ်။ “သင်၏မျက်စိရှိ တံကျင်ကို မဆင်ခြင်ဘဲ သင့်ညီအစ်ကိုမျက်စိရှိ အမှိုက်စကို အဘယ်ကြောင့် ကြည့်ရှုနေရသနည်း။” (မဿဲ ၇:၃) တံကျင်နဲ့ အမှိုက်စက အရွယ်အစားချင်း မတူပါဘူး။ တံကျင်က အမှိုက်စထက် အရွယ်အစား ပိုပြီးကြီးမားပါတယ်။ ဒီနေရာမှာ ယေရှု ဘာကိုဆိုလိုနေတာလဲ။ သူများမှာ အမှိုက်စလို အမှားသေးသေးလေးရှိပေမဲ့ ကိုယ့်မှာကျတော့ တံကျင်လို အမှားအကြီးကြီးရှိနေနိုင်တယ်။ ဒါကြောင့် ယေရှုက “ကိုယ်မျက်စိရှိ တံကျင်ကို ဦးစွာထုတ်ပစ်လော့။ ထို့နောက်မှ ညီအစ်ကို၏မျက်စိ၌ရှိသော အမှိုက်စကိုထုတ်ရန် ရှင်းလင်းစွာ မြင်ရလိမ့်မည်” ဆိုပြီး ပြောခဲ့တယ်။—မဿဲ ၇:၅

အဲဒီပုံဥပမာကို လေးနက်တဲ့ သတိပေးချက်တစ်ခုနဲ့ ယေရှု အစပြုခဲ့တယ်။ “သင်တို့သည် စီရင်ခြင်း မခံရမည်အကြောင်း စီရင်ခြင်းကို မပြုကြနှင့်တော့။ သင်တို့သည် ကိုယ်စီရင်သည့်နည်းအတိုင်း စီရင်ခြင်းကို ခံကြရမည်” ဆိုပြီး ယေရှုမိန့်ဆိုခဲ့တယ်။ (မဿဲ ၇:၁၊ ၂) ဘုရားသခင်ကို သင့်ရဲ့ အပြစ်အနာအဆာ အမှတ်မထားစေချင်ဘူးဆိုရင် သင်လည်း သင့်အိမ်ထောင်ဖက်ရဲ့ အပြစ်အနာအဆာတွေကို အမှတ်မထားဖို့ လိုအပ်ပါတယ်။—မဿဲ ၆:၁၄၊ ၁၅

အိမ်ထောင်သည်တချို့ ကျမ်းစာအကြံပြုချက်ကို လက်တွေ့ကျင့်သုံးခဲ့ကြပုံ– အင်္ဂလန်နိုင်ငံက ဆိုင်မန်နဲ့လက်ထပ်ခဲ့တာ ကိုးနှစ်ရှိပြီဖြစ်တဲ့ ဂျန်းနီက ဒီလိုပြောပြပါတယ်– “ကျွန်မခင်ပွန်းကို မကြာခဏ စိတ်တိုမိတာကတော့ ကြိုတင်ပြင်ဆင်မှုမရှိတာ၊ အနားကပ်မှပဲ ထလုပ်တတ်တာကိုပါ။ ရည်းစားဘဝတုန်းကတော့ သူ့ရဲ့အဲဒီအကျင့်ကို ကျွန်မနှစ်သက်ခဲ့ဖူးတာ အံ့သြမိပါရဲ့။ ကျွန်မမှာလည်း အားနည်းချက်တွေရှိတယ်၊ ခြယ်လှယ်တတ်တယ်ဆိုတာ အသိအမှတ်ပြုပါတယ်။ တစ်ယောက်ရဲ့မစုံလင်မှုကို တစ်ယောက်က လျစ်လျူရှုပစ်လိုက်ဖို့ ကျွန်မတို့နှစ်ယောက်စလုံး သင်ယူနေပါတယ်။”

မာရှယ်လ်နဲ့ လက်ထပ်ခဲ့တဲ့ ကာ့တ်က ဒီလိုပြောပြတယ်– “ကိုယ့်အိမ်ထောင်ဖက်ရဲ့ အပြစ်အနာအဆာတွေကိုပဲ အာရုံစိုက်နေမယ်ဆိုရင် အဲဒါတွေက ပိုပြီးများလာသလို ဖြစ်နေမယ်။ မာရှယ်လ်ကို ချစ်မိသွားစေခဲ့တဲ့ အရည်အသွေးတွေကိုပဲ ကျွန်တော်ပိုအာရုံစိုက်လိုက်တယ်။”

အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်

အိမ်ထောင်ရေးပဋိပက္ခမပြေလည်မှုတွေကို ရှောင်လွှဲလို့မရပေမဲ့ မကျော်လွှားနိုင်တဲ့အရာတွေ မဟုတ်ဘူးဆိုတာ အထက်ပါဥပမာအနည်းငယ်က ဖော်ပြပါတယ်။ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်က ဘာလဲ။ ဘုရားသခင်ကိုချစ်တဲ့စိတ်နဲ့ သမ္မာကျမ်းစာမှာပါတဲ့ အကြံပြုချက်တွေကို ကျင့်သုံးလိုတဲ့စိတ်ကို ပြုစုပျိုးထောင်ပေးဖို့ ဖြစ်ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံက အိမ်ထောင်သက် အနှစ် ၂၀ ကျော်ရှိပြီဖြစ်တဲ့ အဲလက်စ်နဲ့ အီတိုဟန်တို့ဟာ အဲဒီလျှို့ဝှက်ချက်ကို သင်ယူသိရှိခဲ့ကြတယ်။ အဲလက်စ်က ဒီလိုပြောပြတယ်– “ကျမ်းစာမူတွေကို ဇနီးမောင်နှံနှစ်ယောက်စလုံး ကျင့်သုံးမယ်ဆိုရင် ဘယ်အိမ်ထောင်ရေးပြဿနာကိုမဆို ဖြေရှင်းနိုင်တယ်ဆိုတာ ကျွန်တော်သိလာခဲ့ရတယ်။” သူ့ဇနီးက ဒီလိုပြောပြတယ်– “အတူတကွ မှန်မှန်ဆုတောင်းဖို့၊ တစ်ယောက်ကိုတစ်ယောက် အမှန်တကယ် ချစ်မြတ်နိုးပြီး စိတ်ရှည်ဖို့၊ ကျမ်းစာအကြံပြုချက်တွေကို ကျင့်သုံးဖို့ အရေးကြီးတယ်ဆိုတာ ကျွန်မတို့ သိလာခဲ့ရတယ်။ အခုဆိုရင် အိမ်ထောင်ပြုခါစတုန်းကလောက် ပြဿနာမရှိတော့ပါဘူး။”

သမ္မာကျမ်းစာမှာပါတဲ့ လက်တွေ့ကျ အကြံပြုချက်တွေက သင့်မိသားစုကို ဘယ်လိုအကျိုးပြုနိုင်သလဲဆိုတာ ပိုပြီးသိချင်ပါသလား။ သိချင်တယ်ဆိုရင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ရဲ့ အခန်း ၁၄ ကို ယေဟောဝါသက်သေတွေနဲ့အတူ ဆွေးနွေးနိုင်ပါတယ်။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 နာမည်တချို့ကို ပြောင်းထားပါသည်။

^ အပိုဒ်၊ 63 ယေဟောဝါသက်သေများ ထုတ်ဝေသည်။

[စာမျက်နှာ ၄ ပါရုပ်ပုံ]

တစ်ယောက်ကိုတစ်ယောက် အချိန်ပေးသလား

[စာမျက်နှာ ၅ ပါရုပ်ပုံ]

ရယူဖို့ထက် ပေးဆက်ဖို့ ကြိုးစားသလား

[စာမျက်နှာ ၆ ပါရုပ်ပုံ]

အငြင်းပွားမှုတွေကို ကိုယ့်ဘက်က အစပြုပြီး ဖြေရှင်းသလား

[စာမျက်နှာ ၇ ပါရုပ်ပုံ]

ဆုံးဖြတ်ချက်မချခင် ဇနီးသည်ရဲ့ ထင်မြင်ချက်ကို ထည့်စဉ်းစားသလား

[စာမျက်နှာ ၉ ပါရုပ်ပုံ]

ကိုယ့်အိမ်ထောင်ဖက်ရဲ့ အရည်အသွေးကောင်းတွေကို အာရုံစိုက်နေသလား