မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

အဆဲကလည်း သန်၊ အရက်ကိုလည်း တရားလွန်သောက်၊ မူးယစ်ဆေးဝါးနဲ့လည်းမကင်းတဲ့ ယမကာဆိုင် စားပွဲထိုးအမျိုးသမီးတစ်ယောက်က ဘယ်လိုလုပ်ပြီး သူ့ဘဝပုံစံကို ပြောင်းလဲနိုင်ခဲ့သလဲ။ ဘာသာရေးကို စိတ်မဝင်စားတဲ့ နိုင်ငံရေးသမားဟောင်းတစ်ယောက်က ဘယ်လိုကြောင့် ခရစ်ယာန်ဓမ္မအမှုဆောင်တဲ့သူ ဖြစ်သွားရတာလဲ။ ရုရှားရဲတပ်ဖွဲ့ တိုက်ခိုက်ရေးနည်းပြတစ်ယောက်က ယေဟောဝါသက်သေတစ်ယောက်ဖြစ်လာဖို့ ဘယ်လိုစိန်ခေါ်ချက်တွေကို ရင်ဆိုင်ကျော်လွှားခဲ့ရသလဲ။ သူတို့ပြောပြကြတဲ့စကားတွေကို ဖတ်ကြည့်ပါ။

“ကျွန်မအမေနဲ့ ဆက်ဆံရေး ပြန်ကောင်းလာပါပြီ။”—နာတာလီ ဟမ်

မွေးဖွားတဲ့ခုနှစ်– ၁၉၆၅

နေရင်းနိုင်ငံ– ဩစတြေးလျ

နောက်ခံ– မူးယစ်ဆေးဝါး သုံးစွဲခဲ့

အတိတ်- ဩစတြေးလျနိုင်ငံတောင်ပိုင်းက ငါးဖမ်းလုပ်ငန်းလုပ်ကိုင်တဲ့ ရို့ဘ်ဆိုတဲ့ မြို့ငယ်လေးမှာ ကျွန်မ ကြီးပြင်းလာခဲ့ပါတယ်။ အဲဒီလိုမြို့ငယ်လေးတွေမှာ လူတိုင်း လာပျော်ပါးလို့ရတဲ့ အရက်ဘားဆိုင်တွေ ရှိတတ်တယ်။ မိဘတွေဟာ အဲဒီလိုဆိုင်တွေမှာ အချိန်ဖြုန်းနေတတ်တာကြောင့် သူတို့ရဲ့ကလေးတွေလည်း မူးယစ်သောက်စား၊ ဆဲဆို၊ ဆေးလိပ်မီးခိုးငွေ့ တလူလူကြားမှာပဲ ကြီးပြင်းလာခဲ့ရတယ်။

ကျွန်မအသက် ၁၂ နှစ်အရွယ်မှာ ဆေးလိပ်သောက်တတ်လာတဲ့အပြင် ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေလည်း မျိုးစုံပြောတတ်လာတယ်။ ကျွန်မအမေနဲ့လည်း တစ်ချိန်လုံး တကျက်ကျက်ပဲ။ ကျွန်မအသက် ၁၅ နှစ်အရွယ်ရောက်တော့ ကျွန်မမိဘတွေက ခွဲနေလိုက်ပြီ။ ၁၈ လအကြာမှာ ကျွန်မလည်း အိမ်ကနေ ထွက်လာလိုက်တယ်။ အရက်တွေသောက်၊ မူးယစ်ဆေးဝါးသုံး၊ အကျင့်ပျက်တဲ့ဘဝမှာ ကျွန်မကျင်လည်ခဲ့တယ်။ ကျွန်မဟာ ဒေါသတွေထွက်နေပြီး ယောင်ချာချာဖြစ်နေပေမဲ့ ကိုယ်ခံပညာနဲ့ အမျိုးသမီး ခုခံကာကွယ်ရေးသင်တန်းကို ငါးနှစ် သင်ကြားထားတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်နိုင်မယ် ထင်ပါတယ်။ ဒါပေမဲ့ ကျွန်မ တစ်ယောက်တည်းရှိနေတဲ့အခါ ကိုယ့်ဘဝအကြောင်းကို စဉ်းစားမိပြီး ဝမ်းနည်းလာတယ်။ ဒါနဲ့ ကျွန်မကို ကူညီပေးပါဆိုပြီး ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ “ဒါပေမဲ့ ဘုရားရှိခိုးကျောင်းကိုတော့ မသွားခိုင်းပါနဲ့” လို့ဘုရားသခင်ကို ပြောခဲ့တယ်။

နောက်ပိုင်းမှာ ဘာသာတရားကိုင်းရှိုင်းပေမဲ့ ဘယ်ခရစ်ယာန်အသင်းသားမှမဟုတ်တဲ့ မိတ်ဆွေတစ်ယောက်က ကျွန်မကို ကျမ်းစာတစ်အုပ် ပေးခဲ့တယ်။ တခြားသူတွေလိုပဲ သူလည်း မူးယစ်ဆေးဝါးသုံးစွဲတယ်။ ဒါပေမဲ့ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်တယ်ဆိုရင် နှစ်ခြင်းခံသင့်တယ်လို့ ကျွန်မကို စည်းရုံးခဲ့တယ်။ ဒါနဲ့ ကျွန်မကို ရေကန်တစ်ကန်ခေါ်သွားပြီး နှစ်ခြင်းပေးလိုက်တယ်။ အဲဒီအချိန်ကစပြီး ဘုရားသခင်နဲ့ အထူးဆက်ဆံရေးရှိတယ်လို့ ကျွန်မ ခံစားလာရတယ်။ ဒါပေမဲ့ ကျမ်းစာဖတ်ဖို့ ကျွန်မတစ်ခါမှ အချိန်မပေးခဲ့ဘူး။

သမ္မာကျမ်းစာက ကျွန်မဘဝကို ပြောင်းလဲစေခဲ့ပုံ- ၁၉၈၈ ခုနှစ်မှာ ကျွန်မရဲ့အိမ်ကို ယေဟောဝါသက်သေနှစ်ယောက် ရောက်လာကြတယ်။ “ဘုရားသခင်ရဲ့နာမည်ကို သိသလား” ဆိုပြီး တစ်ယောက်က မေးတယ်။ ပြီးတော့ ‘[ယေဟောဝါ] ဟူ၍ နာမတော်ရှိသော ကိုယ်တော်တစ်ဦးတည်းသာလျှင် မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားသခင် ဖြစ်တော်မူကြောင်းကို သိကြပါစေသော’ ဆိုတဲ့ ဆာလံ ၈၃:၁၈ ကို ကျမ်းစာထဲကနေ ဖတ်ပြတယ်။ ကျွန်မ အရမ်းအံ့သြသွားတယ်။ သူတို့လည်း ထွက်သွားပြီးရော ၃၅ မိုင်အကွာမှာရှိတဲ့ ခရစ်ယာန်စာအုပ်ဆိုင်ကို ကျွန်မ ကားမောင်းသွားလိုက်တယ်။ အဲဒီဆိုင်က တခြားဘာသာပြန်ကျမ်းတွေကို စစ်ဆေးကြည့်ပြီး ဘုရားသခင့်နာမည်ကို အဘိဓာန်မှာ ရှာကြည့်လိုက်တယ်။ ဘုရားသခင့်နာမည်က ယေဟောဝါဖြစ်တယ်ဆိုတာ ကိုယ်တိုင်တွေ့လိုက်ရတော့ ကျွန်မ မသိခဲ့တဲ့ တခြားဘာတွေများရှိနေဦးမလဲဆိုပြီး တွေးမိတယ်။

ယေဟောဝါသက်သေတွေဟာ လူထူးလူဆန်းတွေလို့ ကျွန်မကို အမေပြောပြဖူးတယ်။ သူတို့အကြောင်း အဲလောက်ကလေးပဲ သိထားတာလေးနဲ့တင် သူတို့ဟာ အရမ်းကို ခေတ်နောက်ကျပြီး ဘယ်လိုပျော်ရမယ်ဆိုတာ မသိတဲ့သူတွေလို့ ကျွန်မ ယူမှတ်လိုက်တယ်။ ကျွန်မဆီကို သူတို့ရောက်လာရင် ပုန်းနေလိုက်မယ်လို့ စဉ်းစားထားတယ်။ ဒါပေမဲ့ သူတို့ရောက်လာတဲ့အခါ ကျွန်မ စိတ်ပြောင်းသွားတယ်။ သူတို့ကို အိမ်ထဲပေးဝင်လိုက်ပြီး ကျမ်းစာလေ့လာဖို့ ချက်ချင်းလက်ခံလိုက်တယ်။

ကျမ်းစာလေ့လာလို့ ပြီးသွားတိုင်း ကျွန်မရဲ့ရည်းစား ခရက်ခ်ကို သိရှိခဲ့တာတွေ ဝေမျှတယ်။ သူ တဖြည်းဖြည်း စိတ်အနှောင့်အယှက်ဖြစ်လာပြီး သူကိုယ်တိုင်သိချင်လာတာနဲ့ ကျွန်မလေ့လာနေတဲ့စာအုပ်ကို ယူဖတ်လိုက်တယ်။ သုံးပတ်အတွင်းမှာပဲ ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို သူတွေ့ပြီဆိုပြီး ကောက်ချက်ချလိုက်တယ်။ ခရက်ခ်နဲ့ကျွန်မတို့ မူးယစ်ဆေးဝါးနဲ့ အရက်ကို ဖြတ်လိုက်ကြပြီး ကျွန်မလည်း အလုပ်ကနေ ထွက်လိုက်တယ်။ ကျမ်းစာစံနှုန်းတွေနဲ့အညီ အသက်ရှင်ချင်တဲ့အတွက် ကျွန်မတို့ တရားဝင်အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်ကြတယ်။

အကျိုးကျေးဇူးရရှိခဲ့ပုံ- ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစမလေ့လာခင်တုန်းက ခရက်ခ်နဲ့ကျွန်မ လမ်းခွဲခါနီးပါပဲ။ အခုဆိုရင် ခရက်ခ်က အရမ်းကောင်းတဲ့ ခင်ပွန်းတစ်ယောက်ပါ။ ကျွန်မတို့မှာ ချစ်စရာကောင်းတဲ့ သားအမြွှာနှစ်ယောက်လည်း ရှိနေပါပြီ။ ဒါ့အပြင် ကျွန်မတို့နဲ့ ယုံကြည်ချက်ချင်းတူပြီး အလွန်ချစ်ခင်မြတ်နိုးရတဲ့ မိတ်ဆွေကောင်းတွေလည်း ရှိတယ်။

အစပိုင်းမှာ ကျွန်မအမေက ယေဟောဝါသက်သေတွေနဲ့ ကျွန်မပေါင်းသင်းနေတာကို သိသွားတော့ စိတ်ဆိုးတယ်။ ဒါပေမဲ့ အမေက နားလည်မှုလွဲနေတာပါ။ အခုတော့ ကျွန်မအမေနဲ့ ဆက်ဆံရေးပြန်ကောင်းလာပါပြီ။ ကျွန်မမှာ အရင်လို ဟာတာတာဖြစ်နေတာမျိုး မခံစားရတော့ဘူး။ အဲဒီအစား ဘဝရည်ရွယ်ချက်နဲ့ပန်းတိုင် ကျွန်မမှာ ရှိလာပြီ။ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့ဆိုတဲ့ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းနိုင်ခဲ့ပြီ။—မဿဲ ၅:၃

“သမ္မာကျမ်းစာကနေ အံ့ဩစရာတွေ အများကြီး သင်ယူခဲ့ရတယ်။”—အီဇာကလာ ပါအီနူ

မွေးဖွားသည့်ခုနှစ်– ၁၉၃၉

နေရင်းနိုင်ငံ– တူဗာလူ

နောက်ခံ– နိုင်ငံရေးသမား

အတိတ်- နူကူလီလီ ဆိုတဲ့ အရမ်းလှတဲ့ ပစိဖိတ်ကျွန်းတစ်ကျွန်းမှာ ကျွန်တော် မွေးဖွားခဲ့တယ်။ အခု အဲဒီကျွန်းက တူဗာလူနိုင်ငံပိုင် ဖြစ်သွားပြီ။ ဆာမိုအာကျွန်းမှာ ခရစ်ယာန်ဓမ္မပညာသင်ကျောင်းတက်ခဲ့တဲ့ ခရစ်ယာန်ဓမ္မဆရာတွေက ကျွန်တော်တို့ရဲ့ကျွန်းပေါ်မှာ ကြီးစိုးနေကြတယ်။ ကျွန်းသူကျွန်းသားတွေဟာ အဲဒီခရစ်ယာန်ဓမ္မဆရာတွေနဲ့ သူတို့ရဲ့မိသားစု စားဝတ်နေရေးအတွက် တာဝန်ယူရတဲ့အပြင် သူတို့ကို ဘာမဆို အကောင်းဆုံးပဲပေးရတယ်။ ကျွန်းသူကျွန်းသားတွေဟာ ကိုယ့်မိသားစုအတွက် စားစရာ အလုံအလောက်မရှိရင်တောင် ခရစ်ယာန်ဓမ္မဆရာတွေကို မဖြစ်မနေ ထောက်ပံ့ပေးဖို့ တာဝန်ရှိတယ်လို့ ခံယူထားကြတယ်။

ကျွန်တော်နေထိုင်တဲ့ကျွန်းပေါ်က စာသင်ကျောင်းကို ခရစ်ယာန်ဓမ္မဆရာတစ်ယောက်က ဦးစီးဖွင့်လှစ်ထားပြီး ဘာသာရေး၊ သင်္ချာဘာသာနဲ့ ပထဝီဘာသာရပ်တွေကို သင်ကြားပေးတယ်။ အဲဒီခရစ်ယာန်ဓမ္မဆရာဟာ ကျောင်းသားတွေကို သွေးထွက်တဲ့အထိ ရက်ရက်စက်စက် ရိုက်နှက်တာကို ကျွန်တော်တွေ့မြင်ခဲ့ရတယ်။ ဒါပေမဲ့ မိဘတွေအပါအဝင် ဘယ်သူကမှ သူ့ကို မပြောရဲကြဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်းသူကျွန်းသားတွေဟာ အဲဒီခရစ်ယာန်ဓမ္မဆရာကို ဘုရားသခင်လိုသဘောထားပြီး ကြည်ညိုကြလို့ပါပဲ။

ကျွန်တော့်အသက် ဆယ်နှစ်အရွယ်မှာ တခြားကျွန်းမှာရှိတဲ့ အစိုးရကျောင်းမှာပဲ စာသင်ဖို့ အိမ်ကထွက်သွားလိုက်တယ်။ ဘွဲ့ရပြီးတော့ အစိုးရဝန်ထမ်းလုပ်ခဲ့တယ်။ အဲဒီတုန်းက ပစိဖိတ်ကျွန်းတွေဟာ ဗြိတိသျှကိုလိုနီပိုင်နက်ဖြစ်ပြီး ဂီလ်ဘာ့တ်နဲ့ အဲလစ်ဆိုပြီး နာမည်မှည့်ထားတယ်။ အစိုးရထုတ် ပတ်စဉ်သတင်းစာရဲ့ အယ်ဒီတာမဖြစ်ခင် ဌာနမျိုးစုံမှာ အလုပ်လုပ်ခဲ့တယ်။ ဝေလမင်းသားရဲ့ အလည်အပတ်ခရီးအတွက် ငွေကြေးသုံးစွဲတာကို ဝေဖန်ခဲ့တဲ့ စာဖတ်ပရိသတ်တစ်ယောက်ဆီက စာတစ်စောင်ကို ထုတ်ဝေတဲ့အချိန်အထိတော့ အရာရာအဆင်ပြေနေတယ်။ စာရေးသူက နာမည်ဝှက်သုံးထားတဲ့အတွက် ကျွန်တော့်အထက်လူကြီးက အဲဒီလူရဲ့ နာမည်အရင်းကို ပြောပြဖို့ တောင်းဆိုတယ်။ ကျွန်တော် ငြင်းလိုက်တော့ ကျွန်တော်တို့နှစ်ယောက်ကြား ဆက်ဆံရေးတင်းမာသွားတာကို လူတွေသိကုန်တယ်။

အဲဒီလိုဖြစ်ပြီးတဲ့နောက် မကြာခင်မှာပဲ ကျွန်တော် အလုပ်ကနေထွက်ပြီး နိုင်ငံရေးထဲ ဝင်လိုက်တယ်။ နူကူလီလီရွေးကောက်ပွဲမှာ ကျွန်တော် အနိုင်ရသွားပြီး ကုန်သွယ်ရေးနဲ့သဘာဝအရင်းအမြစ်ဆိုင်ရာ ဝန်ကြီးအဖြစ် ခန့်အပ်ခံရတယ်။ နောက်ပိုင်းမှာ ကီရာဘာတီ (ယခင် ဂီလ်ဘာ့တ်) နဲ့ တူဗာလူ (ယခင် အဲလစ်) ကျွန်းတွေက လူတွေဟာ ဗြိတိန်လက်အောက်ကနေ လွတ်လပ်ရေးရသွားတဲ့အခါ တူဗာလူနိုင်ငံကို အုပ်ချုပ်ဖို့ ဘုရင်ခံက ကျွန်တော့်ကို ကမ်းလှမ်းတယ်။ ဒါပေမဲ့ ကိုလိုနီအုပ်ချုပ်ရေးနဲ့ မပတ်သက်ချင်တဲ့အတွက် အဲဒီကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပြီး အထွေထွေရွေးကောက်ပွဲမှာ ဘာအကူအညီမှမယူဘဲ ဝန်ကြီးရာထူးအတွက် ဝင်ရောက်အရွေးခံခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ရှုံးနိမ့်သွားတယ်။ အဲဒီလိုဖြစ်ပြီးတဲ့နောက်မှာ ကျွန်တော့်ဇနီးနဲ့အတူ ဇာတိကျွန်းကို ပြန်လာပြီး သာမန်ကျွန်းသားဘဝနဲ့နေထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့ပုံ- ကျွန်းပေါ်မှာ တနင်္ဂနွေနေ့ဥပုသ်နေ့ဖြစ်ပြီး အဲဒီနေ့ကို ကျွန်တော်ကလွဲရင် လူတိုင်းက သန့်ရှင်းတဲ့နေ့အဖြစ် သတ်မှတ်ကြတယ်။ အဲဒီနေ့ဆိုရင် ကျွန်တော်က ရွက်လွှင့်ပြီး ငါးမျှားတယ်။ ကျွန်တော့်ကို ဘာသာရေးသမားလို့ မထင်စေချင်ဘူး။ ကျွန်တော့်ရဲ့လုပ်ရပ်ကြောင့် အဖေရော၊ တခြားသူတွေကပါ ကျွန်တော့်ကို စိတ်ပျက်တယ်ဆိုပြီး အဖေကပြောတယ်။ ဒါပေမဲ့ ကျွန်တော်က ဘုရားရှိခိုးကျောင်းရဲ့လွှမ်းမိုးမှုကို မခံဘူးလို့ ဆုံးဖြတ်ထားတာ။

တူဗာလူနိုင်ငံရဲ့ မြို့တော်တည်ရှိတဲ့ ဖူနာဖူတီကျွန်းကို ကျွန်တော်သွားလည်တော့ ကျွန်တော့်ညီက ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတစ်ခုကို သူနဲ့လိုက်တက်ဖို့ ခေါ်တယ်။ နောက်ပိုင်းမှာ ခရစ်ယာန်သာသနာပြုတစ်ယောက်က ကျွန်တော်ဖတ်ဖို့ ကင်းမျှော်စင်နဲ့ နိုးလော့မဂ္ဂဇင်းတွေ တစ်ပုံကြီးပေးလိုက်တယ်။ ဒါ့အပြင် အမည်ခံခရစ်ယာန်အသင်း အတော်များများက သွန်သင်ပေးနေတဲ့ အယူဝါဒတွေက အယူမှားဝတ်ပြုရေးကနေ ဆင်းသက်လာတဲ့အကြောင်း ဖော်ထုတ်ထားတဲ့ စာအုပ်တစ်အုပ်လည်း ပေးသေးတယ်။ အဲဒီစာအုပ်ကို ကျွန်တော် အကြိမ်ကြိမ် ဖတ်ခဲ့တယ်။ ခရစ်ယာန်တွေဟာ အပတ်စဉ် ဥပုသ်စောင့်ဖို့မလိုဘူးဆိုတဲ့ အချက်အပါအဝင် တခြားအံ့သြစရာကောင်းတဲ့အချက် အတော်များများကို ကျမ်းစာကနေ ကျွန်တော်သိလာခဲ့ရတယ်။ * အဲဒီအကြောင်းတွေကို ကျွန်တော့်ဇနီးကို ဝေမျှတဲ့အခါ ချက်ချင်းပဲ ဘုရားရှိခိုးကျောင်းမတက်တော့ဘူး။

ဒါပေမဲ့ ကျွန်တော်ဟာ ဘယ်ဘာသာရေးနဲ့မှ မပတ်သက်ချင်သေးဘူး။ နှစ်နှစ်နီးပါး ကြာပြီးတဲ့နောက်မှာလည်း ကျွန်တော်သိထားတဲ့အရာတွေကို မမေ့နိုင်သေးဘူးဖြစ်နေတယ်။ နောက်ဆုံးတော့ ကျွန်တော် ပြောင်းလဲဖို့ အသင့်ဖြစ်နေပြီဆိုတဲ့အကြောင်း ဖူနာဖူတီကျွန်းက ခရစ်ယာန်သာသနာပြုဆီ စာရေးလိုက်တယ်။ အဲဒီအခါ သူက ကြုံရာလှေနဲ့ ကူးလာပြီး ကျွန်တော် ကျမ်းစာအကြောင်းပိုသိလာအောင် ကူညီပေးခဲ့တယ်။ ကျွန်တော် ယေဟောဝါသက်သေတစ်ယောက် ဖြစ်ချင်တယ်ဆိုတာကို အဖေသိသွားတော့ အရမ်းစိတ်ဆိုးတယ်။ ဒါပေမဲ့ သက်သေခံတွေဆီကနေ ကျမ်းစာအကြောင်းတွေ အများကြီး သိလာခဲ့ရတဲ့အကြောင်း၊ သက်သေခံလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း အဖေ့ကို ပြောပြလိုက်တယ်။

အကျိုးကျေးဇူးရရှိခဲ့ပုံ- ၁၉၈၆ ခုနှစ်မှာ ယေဟောဝါသက်သေအဖြစ် ကျွန်တော် နှစ်ခြင်းခံလိုက်ပြီး ကျွန်တော်ဇနီးက နောက်တစ်နှစ်ကြာမှ နှစ်ခြင်းခံတယ်။ ကျွန်တော့်သမီးနှစ်ယောက်လည်း ကျမ်းစာလေ့လာကြပြီး ယေဟောဝါသက်သေဖြစ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

အခုဆိုရင် ပထမရာစုခရစ်ယာန်တွေလိုပဲ ခရစ်ယာန်ဓမ္မဆရာအတန်းအစား၊ လူဝတ်ကြောင်အတန်းအစားဆိုပြီး ခွဲခြားထားခြင်းမရှိတဲ့ ဘာသာရေးအုပ်စုအဝင်ဖြစ်ရတာကို ကျွန်တော်ပျော်တယ်။ (မဿဲ ၂၃:၈-၁၂) သူတို့တွေဟာ ယေရှုရဲ့စံနမူနာကို နှိမ့်ချစွာ လိုက်လျှောက်ပြီး ဘုရားသခင့်နိုင်ငံတော်အကြောင်း တခြားသူတွေကို ပြောပြကြတယ်။ (မဿဲ ၄:၁၇) ယေဟောဝါဘုရားသခင်၊ ကိုယ်တော့်လူမျိုးတော်နဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း ကျွန်တော့်ကို သိခွင့်ပေးတဲ့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်လိုက်တာ။

“သက်သေခံတွေက ကျွန်တော့်ကို မျက်စိစုံမှိတ် မယုံခိုင်းဘူး။”—အလစ်စန်ဒါ စော့စကော့ဗ်

မွေးဖွားသည့်ခုနှစ်– ၁၉၇၁

နေရင်းနိုင်ငံ– ရုရှား

နောက်ခံ– တိုက်ခိုက်ရေးနည်းပြ

အတိတ်- ကျွန်တော့်ကို ယခင် ဆိုဗီယက်ပြည်ထောင်စုနိုင်ငံရဲ့ မြို့တော် မော်စကိုမြို့မှာ မွေးခဲ့တယ်။ ကျွန်တော်တို့မိသားစုဟာ တိုက်ခန်းတွဲအိမ်ရာကြီးတစ်ခုမှာ နေထိုင်ကြတယ်။ ကျွန်တော်တို့အိမ်နီးချင်း အတော်များများဟာ စက်ရုံတစ်ရုံတည်းမှာပဲ အတူတူ အလုပ်လုပ်ကြတယ်။ ကျွန်တော်က အရမ်းသောင်းကျန်းတဲ့ ကလေးဖြစ်လို့ စောစောသေရင်သေ၊ ဒါမှမဟုတ် ထောင်နန်းစံရလိမ့်မယ်ဆိုပြီး လူတွေ ဟောကိန်းထုတ်ကြတာကို မှတ်မိသေးတယ်။ အသက် ဆယ်နှစ်ရောက်တော့ ကျွန်တော်ဟာ ရဲတွေရဲ့ အမှုတွဲစာရင်းမှာ ပါပြီးသွားပြီ။

အသက် ၁၈ နှစ်ရောက်တော့ ဥပဒေအရ စစ်ထဲဝင်လိုက်ရပြီး နယ်ခြားစောင့်စစ်သားအဖြစ် အမှုထမ်းခဲ့တယ်။ နှစ်နှစ်ကြာပြီးတဲ့နောက် အိမ်ပြန်လာပြီး စက်ရုံတစ်ရုံမှာ အလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအလုပ်ကို အရမ်းငြီးငွေ့တာပဲ။ ဒါနဲ့ မော်စကို အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ထဲ ဝင်လိုက်ပြီး အနီးကပ်တိုက်ခိုက်ရေးနည်းပြအဖြစ် အလုပ်လုပ်ခဲ့တယ်။ မော်စကိုမြို့မှာရှိတဲ့ ရာဇဝတ်သားတွေကို လိုက်ဖမ်းတယ်။ ပြီးတော့ နိုင်ငံရေးတင်းမာမှုတွေဖြစ်တဲ့ နေရာတွေဆီ ခရီးသွားခဲ့ရတယ်။ ကျွန်တော့်စိတ်တွေ တင်းကျပ်လွန်းလို့ ပေါက်ကွဲလုမတတ်ပါဘဲ။ အိမ်ပြန်ရောက်တဲ့အခါ တစ်ခါတလေ ကျွန်တော့်ဇနီးနဲ့ အတူတူမအိပ်ဘူး။ အတူတူအိပ်ရင် စိတ်ဖိစီးမှုတွေကြောင့် အိပ်နေရင်း ကျွန်တော့်ဇနီးကို ထရိုက်မိမှာစိုးလို့ပါ။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့ပုံ- ကျွန်တော် ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာတဲ့အခါ ကျွန်တော့်ရဲ့ဘဝပုံစံက ကျမ်းစာစံနှုန်းနဲ့မကိုက်ညီဘူးဆိုတာ သိလိုက်ရတယ်။ ဒါ့အပြင် ဆေးလိပ်ဖြတ်ဖို့၊ အရက်လျှော့သောက်ဖို့ လိုတယ်ဆိုတာကိုလည်း သိလာရတယ်။ ဒါပေမဲ့ မိသားစုကို ကျွေးမွေးထောက်ပံ့ဖို့ တခြားအလုပ် မလုပ်တတ်တဲ့အတွက် လက်ရှိအလုပ်ကို မစွန့်လွှတ်နိုင်ဘူးလို့ ကျွန်တော်ဆင်ခြင်ခဲ့တယ်။ ပြီးတော့ သက်သေခံတွေလို ဟောပြောနိုင်မှာလည်း မဟုတ်ဘူး။

ကျမ်းစာမှတ်တမ်းတွေက တိကျမှန်ကန်တယ်ဆိုတာကို နောက်ဆုံးတော့ ယုံကြည်လက်ခံခဲ့ရတယ်။ ‘မတရားသောသူသည် မိမိပြုမိသမျှသော မကောင်းမှုတို့ကို ကြဉ်ရှောင်လျက် . . .  ပြုမိသမျှသော မကောင်းမှုတို့ကို သူ့တစ်ဖက်၌ မမှတ်ရ’ ဆိုတဲ့ ယေဇကျေလ ၁၈:၂၁၊ ၂၂ မှာပါတဲ့ စကားကြောင့် ကျွန်တော် နှစ်သိမ့်မှုရခဲ့တယ်။

ကျွန်တော်သင်ယူနေတဲ့အရာကို မျက်စိစုံမှိတ် မယုံခိုင်းဘဲ ကျိုးကြောင်းဆင်ခြင်ကြည့်ဖို့ ကူညီပေးတဲ့အတွက် သက်သေခံတွေကို ကျွန်တော် သဘောကျတယ်။ သူတို့ဆီကနေ မဂ္ဂဇင်းစောင်ရေ ၄၀ ထက်မက ယူလာပြီး သုံးပတ်အတွင်းမှာ ဖတ်လိုက်တယ်။ ဖတ်ပြီးတဲ့နောက်မှာ စစ်မှန်တဲ့ဘာသာကို တွေ့ပြီဆိုပြီး ကျွန်တော် လက်ခံလိုက်တယ်။

အကျိုးကျေးဇူးရရှိခဲ့ပုံ- ကျမ်းစာမလေ့လာခင်တုန်းက ကျွန်တော့်ဇနီးနဲ့ကျွန်တော်တို့ ကွာရှင်းခါနီးပဲ။ အခုတော့ ကျွန်တော်တို့အိမ်ထောင်ရေးက တိုးတက်လာပါပြီ။ ကျွန်တော် ကျမ်းစာလေ့လာတဲ့အခါ ကျွန်တော့်ဇနီးလည်း လေ့လာပြီး ယေဟောဝါဘုရားသခင်ကို ဝတ်ပြုဖို့ ကျွန်တော်တို့နှစ်ယောက်စလုံး ဆုံးဖြတ်လိုက်ကြတယ်။ အခုဆိုရင် ကျွန်တော်တို့ရဲ့ဆက်ဆံရေး ပိုကောင်းလာတယ်။ ကျမ်းစာမူတွေနဲ့ မငြိစွန်းတဲ့ အလုပ်လည်း ကျွန်တော် ရှာတွေ့သွားပါပြီ။

တစ်အိမ်ဝင်တစ်အိမ်ထွက် ဟောပြာခြင်းမှာ ဦးဆုံးအကြိမ် ပါဝင်ခဲ့တုန်းက ကျွန်တော် အရမ်းစိတ်ဖိစီးခဲ့တာ။ ကျွန်တော် ရန်သူတွေကို အလစ်ဝင်ဖမ်းခါနီးလေးမှာ ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုမျိုး ပြန်ခံစားရတယ်။ အခုဆိုရင် တစ်ယောက်ယောက်က ကျွန်တော့်ကို ရန်စရင်တောင် စိတ်ကိုထိန်းနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ရှိလာတယ်။ အချိန်ကုန်လွန်လာတာနဲ့အမျှ လူတွေကို စိတ်ရှည်သည်းခံတတ်လာတယ်။ ကျွန်တော့်ဘဝမှာ အချိန်အများကြီး ဖြုန်းခဲ့တာကို နောင်တရမိပေမဲ့ အခုတော့ အသက်ရှင်ရကျိုးနပ်တယ်လို့ ခံစားရတယ်။ ယေဟောဝါဘုရားသခင်ရဲ့အမှုတော်ကို ထမ်းဆောင်ခြင်းနဲ့ တခြားသူတွေကို ကူညီပေးခြင်းမှာ အစွမ်းကုန် ပါဝင်လုပ်ဆောင်နေပါတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 24 ပိုမိုသိလိုပါက ၂၀၁၀၊ ဖေဖော်ဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၁၁-၁၅ မှာပါရှိသည့် “သတ္တမနေ့ကို စောင့်ထိန်းသင့်ပါသလော” ဆောင်းပါးကို ဖတ်ကြည့်ပါ။