မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရိုသေလေးစားမှုရှိအောင် သင့်ကလေးတွေကို သင်ပေးပါ

ရိုသေလေးစားမှုရှိအောင် သင့်ကလေးတွေကို သင်ပေးပါ

ရိုသေလေးစားမှုရှိအောင် သင့်ကလေးတွေကို သင်ပေးပါ

“ဦးထုပ်ချွတ်၍ လက်မှာကိုင်၊ နေရာအနှံ့ လျှောက်သွားနိုင်” ဆိုတဲ့ ဂျာမန်စကားပုံတစ်ခုရှိတယ်။ ယဉ်ကျေးမှုများစွာမှာ တစ်ယောက်ယောက်ရဲ့အိမ်ထဲကိုဝင်တဲ့အခါ ဒါမှမဟုတ် အပြန်အလှန်နှုတ်ဆက်တဲ့အခါမှာ ဦးထုပ်ချွတ်တာကို ယဉ်ကျေးတဲ့အမူအရာအဖြစ် ယူဆကြတယ်။ ဒါကြောင့် ဒီစကားပုံက လူတွေဟာ ယဉ်ကျေးတဲ့သူတွေကို ပိုပြီးနှစ်သက်သဘောကျတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။

လူငယ်တွေ အမူအကျင့်ကောင်းတင်ပြနေတာကို တွေ့မြင်ရတာက ဘယ်လောက် စိတ်ကြည်နူးစရာကောင်းလိုက်သလဲ။ တစ်အိမ်မှတစ်အိမ် သတင်းကောင်းဟောပြောရာမှာ အသက်အရွယ်အသီးသီးရှိတဲ့သူတွေနဲ့ တွဲအမှုဆောင်ခဲ့တဲ့ ဟွန်ဒူးရပ်စ်က တိုက်နယ်ကြီးကြပ်မှူးတစ်ဦး ဒီလိုပြောခဲ့တယ်– “ကျွန်တော်ပြောတဲ့စကားတွေထက် ရိုသေလေးစားတတ်အောင် ကောင်းကောင်းလေ့ကျင့်ခံထားရတဲ့ ကလေးတစ်ဦးကို အိမ်ရှင်က ပိုစိတ်ဝင်စားတယ်ဆိုတာကို ကျွန်တော်တွေ့ရတယ်။”

မထီလေးစားပြုမှုတွေတိုးများလာတဲ့ ဒီနေ့အချိန်မှာ သူတစ်ပါးကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ သိထားခြင်းက လက်တွေ့ကျပြီး အကျိုးရှိပါတယ်။ ဒါထက် သမ္မာကျမ်းစာက “ခရစ်တော်အကြောင်း သတင်းကောင်းနှင့်ထိုက်တန်စွာ ကျင့်ကြံပြုမူကြလော့” လို့ ကျွန်ုပ်တို့ကို တိုက်တွန်းထားတယ်။ (ဖိ. ၁:၂၇; ၂ တိ. ၃:၁-၅) ကျွန်ုပ်တို့ရဲ့ကလေးတွေကို သူတစ်ပါးကို ရိုသေလေးစားတတ်အောင် သင်ပေးဖို့ အရေးကြီးတယ်။ ဟန်ဆောင်ယဉ်ကျေးပြတာမဟုတ်ဘဲ အမှန်တကယ်လေးစားတတ်အောင် ဘယ်လို သင်ပေးနိုင်သလဲ။ *

ပုံသက်သေဖြင့် သင်ပေးပါ

ကလေးတွေက အတုမြင် အတတ်သင်ကြတယ်။ ဒါကြောင့် မိဘတွေ သူတို့သားသမီးတွေကို အမူအကျင့်ကောင်းရှိအောင် သင်ပေးရာမှာ အခြေခံကျတဲ့အချက်က မိဘတွေကိုယ်တိုင် ပုံသက်သေကောင်းပြခြင်းဖြစ်တယ်။ (တရား. ၆:၆၊ ၇) ယဉ်ကျေးမှုရှိဖို့သင်ပေးတာက အရေးကြီးပါတယ်၊ ဒါပေမဲ့ အပြောနဲ့တင် မလုံလောက်ဘူး။ ပုံသက်သေကောင်းပြဖို့လည်း အရေးကြီးတယ်။

ကြင်ဖော်မဲ့မိခင်တစ်ဦးရဲ့ လေ့ကျင့်မှုနဲ့ ခရစ်ယာန်မိသားစုမှာ ကြီးပြင်းခဲ့တဲ့ ပေါ်လာ *အကြောင်း သုံးသပ်ကြည့်ပါ။ တခြားသူတွေကို ရိုသေလေးစားမှုတင်ပြတာက သူ့ရဲ့ပင်ကိုစရိုက်လိုဖြစ်လာတယ်။ အကြောင်းရင်းကို သူ ဒီလိုပြောပြတယ်– “အမေက ပုံသက်သေပြလို့ ရိုသေလေးစားမှုကို ကျွန်မတို့အလိုလို ပြတတ်လာတယ်။” ခရစ်ယာန်တစ်ဦးဖြစ်တဲ့ ဝေါ်တာက သူ့သားတွေကို မယုံကြည်တဲ့မိခင်ကို ရိုသေလေးစားဖို့ သင်ပေးခဲ့တယ်။ သူ ဒီလိုပြောတယ်– “ကျွန်တော့်ဇနီးကို ဘယ်တော့မှ ရင့်သီးရိုင်းပျစွာမပြောခြင်းအားဖြင့် ကျွန်တော့်ပုံသက်သေနဲ့ သားတွေ မိခင်ဖြစ်သူကို ရိုသေလေးစားတတ်အောင် သင်ပေးတယ်။” ဝေါ်တာက သူ့သားတွေကို ကျမ်းစာနဲ့အညီ ဆက်သွန်သင်လေ့ကျင့်ပေးပြီး အကူအညီအတွက် ယေဟောဝါထံ ဆုတောင်းတယ်။ အခု သားတစ်ယောက်က ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးတစ်ခုမှာ အမှုဆောင်နေပြီး နောက်တစ်ယောက်က ရှေ့ဆောင်လုပ်နေတယ်။ သူ့သားတွေက မိဘနှစ်ပါးစလုံးကို ချစ်ခင်ရိုသေလေးစားကြတယ်။

သမ္မာကျမ်းစာမှာ ‘ဘုရားသခင်သည် စည်းစနစ်မရှိသောဘုရားသခင်မဟုတ်၊ သင့်တင့်ငြိမ်သက်ခြင်းရှိသော ဘုရားသခင်ဖြစ်တော်မူ၏’ လို့ဖော်ပြထားတယ်။ (၁ ကော. ၁၄:၃၃) ယေဟောဝါလုပ်ဆောင်လေသမျှက စည်းစနစ်ရှိတယ်။ ခရစ်ယာန်တွေဟာ ဒီအရည်အသွေးကို တုပဖို့ ကြိုးစားသင့်ပြီး အိမ်ကို သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်းထားသင့်တယ်။ မိဘတချို့က သူတို့ရဲ့ကလေးတွေကို ကျောင်းမသွားခင် နေ့တိုင်း အိပ်ရာသိမ်းဖို့၊ အဝတ်အစားတွေကို သူ့နေရာနဲ့သူထားဖို့၊ အိမ်မှုကိစ္စတွေကို ဝိုင်းကူလုပ်ပေးဖို့ သင်ပေးကြတယ်။ တစ်အိမ်လုံးက သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်းဖြစ်နေတာကို ကလေးတွေမြင်တဲ့အခါ သူတို့လည်း သူတို့ရဲ့အခန်းနဲ့ သူတို့ရဲ့ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်ထားကြမှာဖြစ်တယ်။

ကျောင်းမှာသင်ကြားပေးတာကို သင့်ကလေးတွေ ဘယ်လိုသဘောထားကြသလဲ။ သူတို့ရဲ့ဆရာ/ဆရာမတွေ သင်ပေးတာတွေကို ကျေးဇူးတင်လေးမြတ်ကြောင်း သူတို့တင်ပြကြသလား။ မိဘတစ်ဦးအနေနဲ့ သင် ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြသလား။ သင် အဲဒီလိုဖော်ပြမယ်ဆိုရင် သင့်ကလေးတွေလည်း ကျောင်းစာနဲ့ သူတို့ရဲ့ဆရာ/ဆရာမတွေအပေါ် ထပ်တူသဘောထားမျိုး တင်ပြပါလိမ့်မယ်။ သူတို့ရဲ့ဆရာ/ဆရာမတွေကို ကျေးဇူးတင်ကြောင်းပြောတတ်ဖို့ အားပေးပါ။ ဆရာ/ဆရာမ၊ ဆရာဝန်၊ ဆိုင်ပိုင်ရှင်နဲ့ တခြားဘယ်သူ့ကိုမဆို သူတို့လုပ်ဆောင်ပေးတာတွေအတွက် ကျေးဇူးတင်ကြောင်း ပြောပြခြင်းက ရိုသေလေးစားမှုရှိကြောင်းတင်ပြတဲ့ နည်းလမ်းကောင်းဖြစ်တယ်။ (လု. ၁၇:၁၅၊ ၁၆) ခရစ်ယာန်လူငယ်တွေဟာ ကျောင်းနေဖက်တွေကြားမှာ သူတို့ရဲ့ယဉ်ကျေးရည်မွန်မှု၊ အမူအကျင့်ကောင်းတွေကြောင့် ထူးခြားနေတာက ချီးမွမ်းဖွယ်ကောင်းပါတယ်။

ခရစ်ယာန်အသင်းတော်မှာရှိတဲ့သူတွေဟာ အမူအကျင့်နဲ့ပတ်သက်ပြီး ပုံသက်သေကောင်းပြသင့်ပါတယ်။ အသင်းတော်မှာရှိတဲ့လူငယ်တွေက “ကျေးဇူးပြု၍၊” “ကျေးဇူးတင်ပါတယ်” စတဲ့စကားတွေပြောခြင်းအားဖြင့် ယဉ်ကျေးရည်မွန်ကြောင်းပြတာကို မြင်တွေ့ရတာ အလွန်ကောင်းပါတယ်။ လူကြီးတွေက အစည်းအဝေးမှာ တင်ဆက်နေတာကို အာရုံစိုက်ခြင်းအားဖြင့် ယေဟောဝါကို ရိုသေလေးစားကြောင်း တင်ပြတဲ့အခါ လူငယ်တွေက သူတို့ကိုတုပဖို့ အားပေးခံရကြတယ်။ ဝတ်ပြုရာခန်းမမှာ အမူအကျင့်ကောင်းတဲ့ပုံသက်သေတွေကို တွေ့မြင်တဲ့အခါ ကလေးတွေက လူလူချင်းကို ရိုသေလေးစားဖို့ သင်ယူကြမှာဖြစ်တယ်။ ဥပမာ၊ လေးနှစ်ပဲရှိသေးတဲ့ အင်ဒရူးလေးက လူကြီးတွေရှေ့ဖြတ်သွားတဲ့အခါ ယဉ်ယဉ်ကျေးကျေးနဲ့ “ဖြတ်သွားခွင့်ပြုပါ” လို့ပြောတတ်နေပြီ။

အမူအကျင့်ကောင်းနဲ့ပတ်သက်ပြီး မိဘတွေ နောက်ထပ် ဘယ်လိုသင်ပေးနိုင်သေးသလဲ။ မိဘတွေက အချိန်ယူပြီး ကလေးတွေကို သမ္မာကျမ်းစာမှာပါတဲ့ ပုံသက်သေများစွာမှာတွေ့ရတဲ့ သင်ခန်းစာတွေကို သင်ပေးနိုင်ပြီး သင်ပေးသင့်တယ်။—ရော. ၁၅:၄

သမ္မာကျမ်းစာပါနမူနာများနဲ့ သင်ပေးပါ

ယာကုပ်နဲ့သူ့မိသားစု ခါနန်ပြည်ကိုအပြန်မှာ ဧသောကိုတွေ့တဲ့အခါ ဦးညွှတ်ဖို့ သူ့ကလေးတွေကို ယာကုပ် သင်ပေးထားပုံရတယ်။ (က. ၃၃:၃၊ ၆၊ ၇) သင်လည်း သင့်ကလေးတွေကို “မင်္ဂလာပါ၊” “နေကောင်းလား” ဒါမှမဟုတ် သင့်ဒေသရဲ့ ထုံးစံအတိုင်း နှုတ်ဆက်တတ်ဖို့ လေ့ကျင့်ပေးနိုင်ပါတယ်။ အမူအကျင့်ကောင်းတဲ့ ကလေးတွေက ယေဟောဝါကို ဂုဏ်တင်ပြီး မိဘတွေအတွက် ဂုဏ်ယူစရာဖြစ်တယ်။

ရိုသေလေးစားမှုနဲ့ မထီလေးစားလုပ်ခြင်းအကြောင်း အလေးပေးဖော်ပြတဲ့ ကျမ်းစာမှတ်တမ်းတွေကို အသုံးပြုပါ။ ဥပမာ၊ သစ္စာမဲ့ အစ္စရေးဘုရင်အာခဇိက ပရောဖက်ဧလိယကို တွေ့လိုတဲ့အခါ ‘လူငါးကျိပ်ကိုအုပ်တဲ့တပ်မှူးနဲ့ လူငါးကျိပ်’ ကိုစေလွှတ်ပြီး ဧလိယကို ခေါ်လာခိုင်းတယ်။ တပ်မှူးက ပရောဖက်ကို သူတို့နဲ့အတူလိုက်ခဲ့ဖို့ အမိန့်ပေးခဲ့တယ်။ ဘုရားသခင့်ကိုယ်စားလှယ်တစ်ဦးကို ဒီလို မဆက်ဆံသင့်ဘူး။ ဧလိယ ဘယ်လိုအဖြေပေးခဲ့သလဲ။ “ငါသည် ဘုရားသခင်၏လူမှန်လျှင် ကောင်းကင်ကမီးကျ၍ သင်နှင့်သင်၏လူငါးကျိပ်တို့ကို လောင်ပါစေ” လို့ ပြောလိုက်တယ်။ အဲဒီအတိုင်းဖြစ်ပျက်ခဲ့တယ်။ “ကောင်းကင်ကမီးကျ၍ သူနှင့်သူ၌ပါသောလူငါးကျိပ်တို့ကို လောင်လေ၏။”—၄ ရာ. ၁:၉၊ ၁၀

ဧလိယကိုခေါ်ဖို့ ဒုတိယတပ်မှူးကို လွှတ်လိုက်ပြန်တယ်။ သူလည်း ဧလိယကို သူနဲ့အတူလိုက်ခဲ့ဖို့ အမိန့်ပေးခဲ့တယ်။ ဒီတစ်ခါလည်း ကောင်းကင်က မီးကျလာတယ်။ အဲဒီနောက် တတိယတပ်မှူး ဧလိယဆီရောက်လာတယ်။ သူက ရိုသေလေးစားကြောင်း တင်ပြခဲ့တယ်။ ဧလိယကို အမိန့်ပေးမယ့်အစား ဒူးထောက်ပြီး ဒီလိုတောင်းပန်ခဲ့တယ်– “အိုဘုရားသခင်၏လူ ကျွန်တော်အသက်နှင့် ကိုယ်တော်ကျွန်ဤလူငါးကျိပ်တို့၏အသက်ကို နှမြောတော်မူပါ။ ကောင်းကင်ကမီးကျ၍ အခြားသောတပ်မှူးနှစ်ယောက်နှင့် သူတို့၌ပါသောလူတစ်ရာကိုလောင်သော်လည်း ကျွန်တော်အသက်ကို နှမြောတော်မူပါ။” စိုးရွံ့ထိတ်လန့်နေပေမဲ့ ရိုသေလေးစားမှုနဲ့ပြောခဲ့တဲ့ တပ်မှူးကိုဖျက်ဆီးဖို့ ဘုရားသခင့်ပရောဖက်က ကောင်းကင်ကနေ မီးကျစေမလား။ မဖြစ်နိုင်ပါဘူး။ အဲဒီအစား ယေဟောဝါရဲ့ ကောင်းကင်တမန်က ဒီတပ်မှူးနဲ့လိုက်သွားဖို့ ဧလိယကိုပြောခဲ့တယ်။ (၄ ရာ. ၁:၁၁-၁၅) ဒါက ရိုသေလေးစားကြောင်းတင်ပြခြင်းရဲ့ အကျိုးကိုဖော်ပြနေခြင်း မဟုတ်ပါလား။

ဝတ်ပြုရာအိမ်တော်မှာ ရောမတပ်မှူးတွေရဲ့ ဖမ်းဆီးခြင်းကို တမန်တော်ပေါလုခံရတဲ့အခါ သူ့မှာစကားပြောပိုင်ခွင့်ရှိတယ်လို့ မယူဆခဲ့ဘူး။ ဒါကြောင့် သူက “ကျွန်ုပ်သည် စစ်သူကြီးကို စကားပြောခွင့်ရှိပါသလော” လို့ ရိုသေလေးစားစွာ မေးခဲ့တယ်။ ရလဒ်အနေနဲ့ ပေါလုက မိမိကိုယ်ကိုကာကွယ်ဖို့ စကားပြောခွင့်ရခဲ့တယ်။—တ. ၂၁:၃၇-၄၀

ယေရှု စုံစမ်းစစ်ဆေးခံရချိန်မှာ ပါးရိုက်ခံခဲ့ရတယ်။ ယေရှုက “ငါ၏စကားသည် မှားလျှင် မှားကြောင်းကို သက်သေပြလော့။ မှန်လျှင် ငါ့ကို အဘယ်ကြောင့် ရိုက်သနည်း” လို့ ပြန်ပြောခဲ့တယ်။ ယေရှုရဲ့ပြောဆိုပုံနဲ့ပတ်သက်လို့ အပြစ်ထောက်ပြစရာမရှိခဲ့ဘူး။—ယော. ၁၈:၂၂၊ ၂၃

ပြင်းပြင်းထန်ထန်ဆုံးမခံရချိန်မှာ ဘယ်လိုတုံ့ပြန်နိုင်ကြောင်း၊ အတိတ်ကအမှားကို ဘယ်လို တလေးတစားဝန်ခံနိုင်ကြောင်းကိုလည်း သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (က. ၄၁:၉-၁၃; တ. ၈:၂၀-၂၄) ဥပမာ၊ အဘိဂဲလက ခင်ပွန်းဖြစ်သူနာဗလ ဒါဝိဒ်ကို စော်ကားပြောဆိုခဲ့တဲ့အတွက် တောင်းပန်ခဲ့တယ်။ အဲဒီအပြင် စားစရာများစွာကိုလည်း လက်ဆောင်အဖြစ် ပို့ပေးခဲ့တယ်။ အဘိဂဲလရဲ့လုပ်ရပ်ကို ဒါဝိဒ် အထင်ကြီးလေးစားခဲ့ပြီး နာဗလသေဆုံးပြီးတဲ့နောက် သူ့ကို ဇနီးအဖြစ်ထိမ်းမြားခဲ့တယ်။—၁ ရာ. ၂၅:၂၃-၄၁

ခက်ခဲတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ သာမန်အချိန်မှာပဲဖြစ်ဖြစ် ရိုသေလေးစားမှုနဲ့ အမူအကျင့်ကောင်းတင်ပြတတ်အောင် သင့်ကလေးကိုသင်ပေးဖို့ အရေးကြီးပါတယ်။ ကျွန်ုပ်တို့ရဲ့ကောင်းတဲ့အကျင့်တွေကို တခြားသူတွေမြင်ပြီး ကျွန်ုပ်တို့ရဲ့ ကောင်းကင်ခမည်းတော်ကို ချီးမွမ်းစေဖို့ ကျွန်ုပ်တို့ရဲ့အလင်းကို လူတွေရှေ့မှာ လင်းနိုင်ကြပါစေ။—မ. ၅:၁၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 လူကြီးတွေကို ရိုသေလေးစားတာနဲ့ ကိုယ့်ကို အန္တရာယ်ပြုမယ့်သူကို ခေါင်းငုံ့ခံတာ မတူဘူးဆိုတာ ကလေးတွေ ခွဲခြားသိမြင်အောင် မိဘတွေ ကူညီပေးဖို့လိုတယ်။ နိုးလော့! အောက်တိုဘာ၊ ၂၀၀၇၊ စာမျက်နှာ ၃-၁၁ ကိုကြည့်ပါ။

^ အပိုဒ်၊ 7 အမည်အချို့ကိုပြောင်းထား။