မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“နားထောင်ခြင်းသည် သိုးထီးဆီဥထက် သာ၍ကောင်း၏”

“နားထောင်ခြင်းသည် သိုးထီးဆီဥထက် သာ၍ကောင်း၏”

“နားထောင်ခြင်းသည် သိုးထီးဆီဥထက် သာ၍ကောင်း၏”

ရှေးအစ္စရေးနိုင်ငံရဲ့ ဦးဆုံးဘုရင်က ရှောလုဖြစ်တယ်။ သူ့ကို စစ်မှန်တဲ့ဘုရားသခင် ရွေးချယ်ခဲ့တာဖြစ်ပေမဲ့ ရှောလုဟာ နောက်ပိုင်းမှာ ဘုရားသခင်ကို မနာခံခဲ့ဘူး။

ရှောလု ဘာအမှားတွေ ကျူးလွန်ခဲ့သလဲ။ အဲဒီအမှားကို သူရှောင်လို့ကော ရနိုင်သလား။ သူ့ရဲ့ပုံနမူနာကို သုံးသပ်ကြည့်ခြင်းကနေ ဘာအကျိုးရရှိနိုင်သလဲ။

မိမိရွေးချယ်တဲ့ဘုရင်ကို ယေဟောဝါကြေညာ

ရှောလု ဘုရင်မဖြစ်ခင် ပရောဖက်ရှမွေလက အစ္စရေးနိုင်ငံမှာ ဘုရားသခင့်ကိုယ်စားလှယ်အနေနဲ့ အမှုဆောင်နေတယ်။ အခုဆိုရင် ရှမွေလက အသက်ကြီးနေပြီဖြစ်ပြီး သူ့သားတွေကလည်း သစ္စာမရှိကြဘူး။ တစ်ချိန်တည်းမှာ အစ္စရေးလူမျိုးက ရန်သူတွေရဲ့ ခြိမ်းခြောက်မှုခံနေရတယ်။ အစ္စရေးလူမျိုးအသက်ကြီးသူတွေက ရှမွေလဆီလာပြီး သူတို့ကို တရားစီရင်ဖို့နဲ့ တိုက်ပွဲမှာဦးဆောင်ဖို့ ဘုရင်တစ်ပါးခန့်အပ်ပေးဖို့ တောင်းဆိုကြတယ်။ ယေဟောဝါက ခေါင်းဆောင်အဖြစ် ရှောလုကိုခန့်အပ်ဖို့ ရှမွေလကို ညွှန်ကြားပြီး ဒီလိုမိန့်တော်မူခဲ့တယ်– “သူသည် ငါ၏လူတို့ကို ဖိလိတ္တိလူတို့လက်မှ ကယ်တင်ရလိမ့်မည်။”—၁ ရာ. ၈:၄-၇၊ ၂၀; ၉:၁၆

ရှောလုက “ငယ်ရွယ်ပြီး အဆင်းလှသောသူ” ဖြစ်တယ်။ ဒါ့အပြင် ရှောလုမှာ တခြားအရည်အသွေးကောင်းတွေလည်းရှိတယ်။ သူက နှိမ့်ချသူဖြစ်တယ်။ ဥပမာ၊ ရှောလုက ရှမွေလကို ဒီလိုပြောခဲ့တယ်– “အကျွန်ုပ်သည် ဣသရေလအမျိုးသားတို့တွင် အငယ်ဆုံးသောအမျိုး၊ ဗင်ယာမိန်အမျိုးသားဖြစ်ပါသည်မဟုတ်လော။ အကျွန်ုပ်အဆွေအမျိုးသည် ဗင်ယာမိန်အဆွေအမျိုးအပေါင်းတို့တွင် အငယ်ဆုံးဖြစ်ပါသည်မဟုတ်လော။ ကိုယ်တော်သည် အကျွန်ုပ်အား အဘယ်ကြောင့်ဤသို့ပြောပါသနည်း။” ရှောလုရဲ့ဖခင် ကိရှက “အလွန်ကြွယ်ဝချမ်းသာသူ” ဖြစ်ပေမဲ့ ရှောလုက သူနဲ့ သူမိသားစုနဲ့ပတ်သက်ပြီး နှိမ့်ချတဲ့ သဘောထားရှိခဲ့တယ်။—၁ ရာ. ၉:၁၊ ၂၂၁

အစ္စရေးဘုရင်အဖြစ် ရှောလုကို ယေဟောဝါရွေးချယ်ကြောင်း လူထုရှေ့ကြေညာတဲ့အခါမှာလည်း သူ့ရဲ့တုံ့ပြန်ပုံကို သုံးသပ်ကြည့်ပါ။ ရှမွေလက ရှောလုကို သီးသန့်ခေါ်ပြီး ဆီမွှေးလောင်းခန့်အပ်ခဲ့ချိန်မှာ “အဆင်သင့်သည်အတိုင်းပြုလော့။ ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူ၏” လို့ပြောခဲ့တယ်။ အဲဒီနောက်ပိုင်း ပရောဖက်က ယေဟောဝါရဲ့ရွေးချယ်မှုကို လူသိရှင်ကြားကြေညာဖို့ လူတွေကို စုရုံးလိုက်တယ်။ ဒါပေမဲ့ ဘုရင်အဖြစ်ခန့်အပ်ခံရသူက ရှောလုဖြစ်တယ်လို့ ကြေညာလိုက်တဲ့အခါ သူ့ကို မတွေ့တော့ဘူး။ ရှက်လို့ ပုန်းနေခဲ့တယ်။ ဘယ်မှာရှိတယ်ဆိုတာ ယေဟောဝါညွှန်ပြခဲ့ပြီးနောက် ရှောလု ဘုရင်ဖြစ်တယ်လို့ ကြေညာခဲ့တယ်။—၁ ရာ. ၁၀:၇၊ ၂၀-၂၄

စစ်မြေပြင်တွင်

မကြာခင်မှာပဲ ရှောလုက သူ့အရည်အချင်းနဲ့ပတ်သက်ပြီး သံသယဝင်နေတဲ့သူတွေကို သက်သေပြခဲ့တယ်။ အမ္မုန်လူတွေက အစ္စရေးလူမျိုးကို ခြိမ်းခြောက်လာတဲ့အခါ ရှောလုအပေါ် ‘ဘုရားသခင်၏ စွမ်းအားတော် သက်ရောက်’ ခဲ့တယ်။ ရှောလုက အစ္စရေးစစ်သားတွေကို အခွင့်အာဏာနဲ့ ဆင့်ခေါ်၊ ဖွဲ့စည်းပြီး အောင်ပွဲခံခဲ့တယ်။ ဒါပေမဲ့ ရှောလုက ဒီအောင်ပွဲနဲ့ပတ်သက်ပြီး ‘ယေဟောဝါသည် ယနေ့ ဣသရေလအမျိုးကို ကယ်တင်တော်မူပြီ’ လို့ ပြောခဲ့တယ်။—၁ ရာ. ၁၁:၁-၁၃

ရှောလုမှာ အရည်အချင်းကောင်းတွေနဲ့ ဘုရားသခင့်ကောင်းချီးရှိခဲ့တယ်။ သူက ယေဟောဝါရဲ့တန်ခိုးကိုလည်း အသိအမှတ်ပြုခဲ့တယ်။ ဒါပေမဲ့ အစ္စရေးလူမျိုးနဲ့ သူတို့ရဲ့ဘုရင် ဆက်ပြီးအောင်ပွဲခံနိုင်ဖို့က အလွန်အရေးကြီးတဲ့အချက်တစ်ချက်အပေါ် မူတည်တယ်။ ရှမွေလက အစ္စရေးလူတွေကို ဒီလိုပြောခဲ့တယ်– ‘သင်တို့သည် ယေဟောဝါကိုကြောက်ရွံ့၍ ဝတ်ပြုခြင်းနှင့်တကွ အာဏာတော်ကိုမဆန်၊ စကားတော်ကိုနားထောင်လျှင် သင်တို့နှင့် သင်တို့ကိုအုပ်စိုးသောရှင်ဘုရင်သည် သင်တို့၏ဘုရားသခင် ယေဟောဝါနောက်တော်သို့ အမြဲလိုက်ကြလိမ့်မည်။’ အစ္စရေးလူမျိုးက ဘုရားသခင်ကို သစ္စာရှိမယ်ဆိုရင် သူတို့ ဘာကိုယုံကြည်စိတ်ချနိုင်သလဲ။ ရှမွေလက ‘ယေဟောဝါသည် မဟာနာမတော်ကိုထောက်၍ မိမိလူတို့ကိုစွန့်တော်မမူ။ ယေဟောဝါသည် သင်တို့ကို မိမိလူအရာ၌ခန့်ထားခြင်းငှာ အလိုရှိတော်မူပြီ’ လို့ပြောခဲ့တယ်။—၁ ရာ. ၁၂:၁၄၊ ၂၂

နာခံခြင်းက ဘုရားသခင့် နှစ်သက်လက်ခံမှုရစေတဲ့ အဓိကအချက်ဖြစ်ခဲ့သလို အခုထိလည်း ဖြစ်နေဆဲပဲ။ ယေဟောဝါရဲ့ကျေးကျွန်တွေ ကိုယ်တော့်ပညတ်ကို နာခံတဲ့အခါ ကိုယ်တော် သူတို့ကို ကောင်းချီးပေးခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်ကို မနာခံရင်ကော ဘာဖြစ်မလဲ။

“သင်သည် မှားပြီ”

ရှောလုရဲ့လုပ်ရပ်ကြောင့် ဖိလိတ္တိလူတွေ ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ကြတယ်။ “သမုဒ္ဒရာသဲလုံးနှင့်အမျှရှိသောလူများ” ဟာ ရှောလုကိုတိုက်ဖို့ စစ်ချီလာကြတယ်။” “ဣသရေလအမျိုးသားတို့သည် အလွန်ဆင်းရဲခံရသဖြင့် မိမိတို့ကျဉ်းမြောင်းလျက်ရှိသည်ကို သိမြင်သောအခါ ဥမင်၊ တောအုံ၊ ကျောက်ကြား၊ တောင်ထိပ်၊ မြေတွင်းတို့၌ ပုန်းရှောင်၍နေကြ” တယ်။ (၁ ရာ. ၁၃:၅၊ ၆) ရှောလု ဘာလုပ်မလဲ။

ရှမွေလက ရှောလုကို ဂိလဂါလမြို့မှာ စောင့်ဖို့ပြောလိုက်တယ်၊ အဲဒီမှာ ပရောဖက်က ယဇ်ပူဇော်မှာဖြစ်တယ်။ ရှောလုစောင့်နေခဲ့ပေမဲ့ ရှမွေလ နောက်ကျတဲ့အတွက် ရှောလုရဲ့စစ်တပ်က ကစဉ့်ကလျားဖြစ်ကုန်တယ်။ ဒါနဲ့ ရှောလုက ကိုယ်တိုင်ထပြီး ယဇ်ပူဇော်ခဲ့တယ်။ သူယဇ်ပူဇော်ပြီးတာနဲ့ ရှမွေလရောက်လာတယ်။ ရှောလု ယဇ်ပူဇော်ပြီးတဲ့အကြောင်းကို ရှမွေလကြားတဲ့အခါ ဒီလိုပြောတယ်– ‘သင်သည် မှားပြီ။ သင်၏ဘုရားသခင် ယေဟောဝါမှာထားတော်မူသော ပညတ်တရားကို မစောင့်ပါတကား။ စောင့်မိလျှင် ယေဟောဝါသည် ဣသရေလအမျိုး၌ သင်၏အာဏာကို ယခုမှစ၍ အစဉ်အမြဲတည်စေတော်မူပြီ။ ယခုမူကား သင်၏အာဏာမတည်ရ။ ယေဟောဝါသည် စိတ်နှလုံးတော်နှင့်ညီညွတ်သောသူကို ရှာတော်မူ၏။ ထိုသူသည် လူမျိုးတော်အပေါ်မှာ မင်းဖြစ်စေခြင်းငှာ ယေဟောဝါမိန့်တော်မူပြီ။ အကြောင်းမူကား သင်သည် ယေဟောဝါမှာထားတော်မူသည်အတိုင်း မကျင့်။’—၁ ရာ. ၁၀:၈; ၁၃:၈၊ ၁၃၊ ၁၄

ရှောလု ယုံကြည်ခြင်းကင်းမဲ့တဲ့အတွက် ယဇ်ပူဇော်ဖို့ ရှမွေလကိုစောင့်ပါဆိုတဲ့ ဘုရားသခင့်အမိန့်တော်ကို မနာခံဖို့ ရောင့်တက်စွာ ဆုံးဖြတ်ခဲ့တယ်။ ရှောလုရဲ့လုပ်ရပ်က ယခင်က အစ္စရေးစစ်တပ်ရဲ့ခေါင်းဆောင် ဂိဒေါင်ရဲ့လုပ်ရပ်နဲ့ တခြားစီပဲ။ ယေဟောဝါက ဂိဒေါင်ကို သူ့ရဲ့စစ်သား ၃၂,၀၀၀ ကို ၃၀၀ အထိလျှော့ချဖို့ ညွှန်ကြားခဲ့တာကို ဂိဒေါင် နာခံခဲ့တယ်။ အကြောင်းကတော့ ဂိဒေါင်က ယေဟောဝါကို ယုံကြည်တဲ့အတွက်ဖြစ်တယ်။ ဘုရားသခင့်အကူအညီနဲ့ ကျူးကျော်သူ ၁၃၅,၀၀၀ ကို သူအနိုင်ရခဲ့တယ်။ (သူကြီး. ၇:၁-၇၊ ၁၇-၂၂; ၈:၁၀) ယေဟောဝါက ရှောလုကိုလည်း ကူညီပေးနိုင်တယ်။ ဒါပေမဲ့ ရှောလုရဲ့မနာခံမှုကြောင့် ဖိလိတ္တိလူတွေက အစ္စရေးလူတွေကို လုယူတိုက်ခိုက်ခဲ့တယ်။—၁ ရာ. ၁၃:၁၇၊ ၁၈

ကျွန်ုပ်တို့ အခက်အခဲတွေနဲ့ ကြုံရတဲ့အခါ ဆုံးဖြတ်ချက် ဘယ်လိုချကြမလဲ။ ယုံကြည်ခြင်းကင်းမဲ့သူတွေက ဘုရားသခင့်မူတွေကို လျစ်လျူရှုတာက လက်တွေ့ကျတယ်လို့ ရှုမြင်နိုင်တယ်။ ရှမွေလရောက်မလာလို့ ရှောလုက မိမိရဲ့လုပ်ရပ်မှန်တယ်လို့ ယူမှတ်ခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင့်မျက်နှာသာရဖို့ စိတ်ပိုင်းဖြတ်ထားကြတဲ့သူတွေအတွက်ကတော့ ဆုံးဖြတ်ရမယ့်ကိစ္စနဲ့သက်ဆိုင်တဲ့ ကျမ်းစာမူတွေကိုလိုက်နာခြင်းက တစ်ခုတည်းသော အကောင်းဆုံးလမ်းစဉ်ဖြစ်တယ်။

ယေဟောဝါ ရှောလုကို ငြင်းပယ်

အာမလက်လူတွေကို တိုက်ခိုက်ချိန်အတွင်းမှာ ရှောလုက နောက်ထပ်ကြီးလေးတဲ့အမှားကို ကျူးလွန်ခဲ့တယ်။ အာမလက်လူတွေကို ယေဟောဝါအပြစ်စီရင်ရတာက သူတို့က အစ္စရေးလူမျိုး အီဂျစ်ပြည်ကနေထွက်လာတုန်းက အကြောင်းမရှိဘဲ တိုက်ခိုက်ခဲ့ကြလို့ဖြစ်တယ်။ (ထွ. ၁၇:၈; တရား. ၂၅:၁၇၊ ၁၈) ဒါ့အပြင် တရားသူကြီးတွေခေတ်တုန်းကလည်း အာမလက်လူတွေက တခြားလူမျိုးနဲ့ပူးပေါင်းပြီး ဘုရားသခင့်လူမျိုးကို တိုက်ခိုက်ခဲ့ကြတယ်။ (သူကြီး. ၃:၁၂၊ ၁၃; ၆:၁-၃၊ ၃၃) ဒါကြောင့် သူတို့ကို တရားစီရင်တဲ့အနေနဲ့ သူတို့ကိုသုတ်သင်ရှင်းလင်းဖို့ ရှောလုကို ယေဟောဝါ မိန့်မှာခဲ့ခြင်းဖြစ်တယ်။—၁ ရာ. ၁၅:၁-၃

အာမလက်လူအားလုံးနဲ့ သူတို့ရဲ့ပိုင်ဆိုင်ရာတွေအားလုံးကို သုတ်သင်ဖို့ ယေဟောဝါ ရှောလုကို မိန့်မှာခဲ့ပေမဲ့ ရှောလုက အာမလက်ဘုရင်နဲ့ အကောင်းဆုံးတိရစ္ဆာန်တွေကို ဖမ်းလာခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှမွေလက ရှောလုကို မေးခွန်းထုတ်တဲ့အခါ ဘာဖြစ်ခဲ့သလဲ။ ရှောလုက ‘လူများတို့သည် ယေဟောဝါအား ယဇ်ပူဇော်လိုသောငှာ အကောင်းဆုံးသောသိုး နွားတို့ကိုနှမြော၏’ လို့ပြန်ပြောပြီး တခြားသူတွေအပေါ် အပြစ်လွှဲချဖို့ ကြိုးစားခဲ့တယ်။ ဒီတိရစ္ဆာန်တွေကို ယဇ်ပူဇော်ဖို့ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ဒါက မနာခံမှုဖြစ်တယ်။ ရှောလုက အခု “ကိုယ်အထင်အတိုင်း ငယ်သောသူ” မဟုတ်တော့ဘူး။ ဒါကြောင့် ဘုရားသခင့်ပရောဖက်က ရှောလုဟာ ဘုရားသခင်ကို မနာခံခြင်းဖြစ်တယ်လို့ ထောက်ပြခဲ့တယ်။ ပြီးတဲ့နောက် ရှမွေလ ဒီလိုပြောတယ်– ‘ယေဟောဝါ၏အမိန့်တော်ကိုနားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးတို့ကိုပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက် သာ၍ကောင်း၏။ သင်သည် ယေဟောဝါ၏စကားတော်ကိုပယ်သောကြောင့် ယေဟောဝါသည် ရှင်ဘုရင်အရာကိုနုတ်၍ သင့်ကိုပယ်တော်မူပြီ။’—၁ ရာ. ၁၅:၁၅၊ ၁၇၊ ၂၂၊ ၂၃

ယေဟောဝါက ရှောလုဆီကနေ ကိုယ်တော်ရဲ့သန့်ရှင်းသောစွမ်းအားတော်နဲ့ ကောင်းချီးတွေကို ရုပ်သိမ်းလိုက်တဲ့အခါ အစ္စရေးနိုင်ငံရဲ့ဦးဆုံးဘုရင်အပေါ် ‘ဆိုးသောစိတ်သဘောထား’ စပြီးလွှမ်းမိုးလာတယ်။ နောက်ပိုင်း ဘုရင်အဖြစ် ယေဟောဝါခန့်အပ်မယ့်ဒါဝိဒ်အပေါ် ရှောလု သံသယစိတ်၊ မနာလိုစိတ်တွေ ဝင်လာတယ်။ ရှောလုက ဒါဝိဒ်ကိုသတ်ဖို့ တစ်ကြိမ်ထက်မက ကြိုးစားခဲ့တယ်။ ‘ယေဟောဝါသည် ဒါဝိဒ်နှင့်အတူရှိကြောင်း’ မြင်ရတဲ့အခါ ရှောလုက “ဒါဝိဒ်ကို အစဉ်အမြဲ ရန်ငြိုးဖွဲ့” တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ ရှောလုက ဒါဝိဒ်ကိုသတ်ဖို့ကြိုးစားရာမှာ ယဇ်ပုရောဟိတ် ၈၅ ယောက်နဲ့ တခြားသူတွေကိုတောင် သတ်ဖို့ အမိန့်ပေးခဲ့တယ်။ ရှောလုကို ယေဟောဝါငြင်းပယ်ခဲ့တာ အံ့ဩစရာမဟုတ်ပါဘူး။—၁ ရာ. ၁၆:၁၄; ၁၈:၁၁၊ ၂၅၊ ၂၈၊ ၂၉; ၁၉:၁၀၊ ၁၁; ၂၀:၃၂၊ ၃၃; ၂၂:၁၆-၁၉

ဖိလိတ္တိလူတွေက အစ္စရေးလူတွေကို နောက်တစ်ခါ ပြန်တိုက်ခိုက်တဲ့အခါ ရှောလုက အကူအညီမပေးနိုင်တဲ့ နတ်ဝင်သည်ထံသွားခဲ့တယ်။ နောက်တစ်နေ့တိုက်ပွဲမှာ ရှောလု အပြင်းအထန်ဒဏ်ရာရပြီး မိမိကိုယ်ကို အဆုံးစီရင်ခဲ့တယ်။ (၁ ရာ. ၂၈:၄-၈; ၃၁:၃၊ ၄) အစ္စရေးနိုင်ငံရဲ့ ဦးဆုံးဘုရင်ရဲ့ မနာခံမှုနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘ထိုသို့ရှောလုသည် ယေဟောဝါ၏စကားတော်ကိုနားမထောင်၊ လွန်ကျူး၍ ယေဟောဝါကို ပြစ်မှားသောကြောင့်လည်းကောင်း၊ ယေဟောဝါကိုမမေးမြန်းဘဲ နတ်ဝင်မိန်းမကို ရှာဖွေမေးမြန်းသောကြောင့်လည်းကောင်း ယေဟောဝါသည် သူ့ကိုကွပ်မျက်တော်မူ၏။’—၅ ရာ. ၁၀:၁၃၊ ၁၄

ရှောလုရဲ့ မကောင်းတဲ့ပုံနမူနာက ယေဟောဝါကိုနာခံခြင်းက ဘယ်ပူဇော်ရာယဇ်ထက်မဆို ပိုကောင်းတယ်ဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်းဖော်ပြတယ်။ တမန်တော်ယောဟန် ဒီလိုရေးခဲ့တယ်– “ဘုရားသခင်ကို ချစ်ခြင်းဟူသည် ကိုယ်တော်၏ပညတ်များကို လိုက်နာခြင်းဖြစ်၏။ ကိုယ်တော်၏ပညတ်များသည် ဝန်ထုပ်ဝန်ပိုးဖြစ်သည်မဟုတ်။” (၁ ယော. ၅:၃) ဘုရားသခင်နဲ့တည်မြဲတဲ့မိတ်ဖွဲ့မှုက ကိုယ်တော့်ကို ကျွန်ုပ်တို့နာခံခြင်းအပေါ်မူတည်တယ်ဆိုတဲ့ အရေးကြီးတဲ့အမှန်တရားကို ဘယ်တော့မှ လျစ်လျူမရှုမိပါစေနဲ့။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ရှောလုက အစပိုင်းမှာ နှိမ့်ချတဲ့ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ရှမွေလက ရှောလုကို ဘာကြောင့် “နားထောင်ခြင်းသည် သိုးထီးဆီဥထက် သာ၍ကောင်း၏” လို့ပြောခဲ့သလဲ