မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖြောင့်မတ်ခြင်းတရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်ပါ

ဖြောင့်မတ်ခြင်းတရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်ပါ

ဖြောင့်မတ်ခြင်းတရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်ပါ

‘သင်သည် ဖြောင့်မတ်ခြင်းကိုချစ်၏။’—ဟေဗြဲ ၁:၉

၁။ ‘ဖြောင့်မတ်ခြင်းတရားလမ်း’ ကိုလိုက်ဖို့ ဘာက ကျွန်ုပ်တို့ကို ကူညီပေးမလဲ။

ယေဟောဝါက သမ္မာကျမ်းစာနဲ့ မိမိရဲ့သန့်ရှင်းသောစွမ်းအားတော်မှတစ်ဆင့် မိမိလူမျိုးကို ‘ဖြောင့်မတ်ခြင်းတရားလမ်း’ ထဲသို့ သွေးဆောင်တော်မူတယ်။ (ဆာ. ၂၃:၃) ဒါပေမဲ့ ကျွန်ုပ်တို့က မစုံလင်တဲ့အတွက် ဒီလမ်းကနေ လွဲချော်လိုတဲ့သဘောရှိတယ်။ ဒါကြောင့် အမှန်တရားလမ်းကို ပြန်လှည့်လာဖို့ စိတ်ပိုင်းဖြတ်ပြီး ကြိုးစားအားထုတ်ဖို့လိုတယ်။ ဒီလိုလုပ်နိုင်ဖို့ ကျွန်ုပ်တို့ကို ဘာကကူညီပေးမလဲ။ ယေရှုလိုပဲ ကျွန်ုပ်တို့က မှန်ရာကိုပြုလုပ်လိုစိတ်ရှိရမယ်။—ဟေဗြဲ ၁:၉ ကိုဖတ်ပါ။

၂။ ‘ဖြောင့်မတ်ခြင်းတရားလမ်း’ ဆိုတာဘာလဲ။

‘ဖြောင့်မတ်ခြင်းတရားလမ်း’ ဆိုတာဘာလဲ။ ဒါက ယေဟောဝါရဲ့ ဖြောင့်မတ်ခြင်းစံနှုန်းတွေနဲ့ သတ်မှတ်ထားတဲ့ ‘လမ်းစဉ်’ ဖြစ်တယ်။ ဟေဗြဲနဲ့ ဂရိစကားမှာ “ဖြောင့်မတ်ခြင်း” ဆိုတာက ကိုယ်ကျင့်တရားစံနှုန်းတွေကို တိတိကျကျလိုက်နာခြင်းကို ဆိုလိုတယ်။ ယေဟောဝါက “ဖြောင့်မတ်တော်မူ” တဲ့အတွက် ကိုယ်တော့်လူမျိုးက သူတို့လိုက်လျှောက်သင့်တဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို ချမှတ်ပေးဖို့ မျှော်လင့်ကြတယ်။—ယောဘ ၃၆:၃

၃။ ဘုရားသခင့်ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့ ဘယ်လို ပိုပြီး လေ့လာနိုင်သလဲ။

ဘုရားသခင့်ဖြောင့်မတ်ခြင်းစံနှုန်းတွေနဲ့ ကိုက်ညီဖို့ အပြည့်အဝကြိုးစားနေမှသာ ကိုယ်တော့်နှစ်သက်မှုကို ရမှာဖြစ်တယ်။ (တရား. ၃၂:၄) ဒါက ကိုယ်တော့်တရားစကားတော် သမ္မာကျမ်းစာမှာပါတဲ့ ယေဟောဝါဘုရားသခင်အကြောင်း အတတ်နိုင်ဆုံးလေ့လာခြင်းနဲ့ အစပြုတယ်။ ကိုယ်တော့်အကြောင်း ကျွန်ုပ်တို့လေ့လာလေ၊ ကိုယ်တော်နဲ့ပိုရင်းနှီးလေဖြစ်ပြီး ကိုယ်တော့်ဖြောင့်မတ်ခြင်းကို ပိုချစ်လာလေဖြစ်တယ်။ (ယာ. ၄:၈) ဘဝမှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချရတဲ့အခါ သမ္မာကျမ်းစာမူတွေရဲ့ လမ်းညွှန်မှုကို လက်ခံဖို့လည်းလိုတယ်။

ဘုရားသခင့်ဖြောင့်မတ်ခြင်းတရားကို ရှာပါ

၄။ ဘုရားသခင့်ဖြောင့်မတ်ခြင်းတရားကိုရှာခြင်းမှာ ဘာပါဝင်သလဲ။

မဿဲ ၆:၃၃ ကိုဖတ်ပါ။ ဘုရားသခင့်ဖြောင့်မတ်ခြင်းတရားကိုရှာခြင်းဆိုတာ သတင်းကောင်းဟောပြောခြင်းမှာ အချိန်ယူပါဝင်ခြင်းထက်မကလိုတယ်။ ကျွန်ုပ်တို့ရဲ့ဝတ်ပြုမှုကို ယေဟောဝါလက်ခံဖို့ ကျွန်ုပ်တို့ရဲ့နေ့စဉ်အမူအကျင့်က မြင့်မားတဲ့စံနှုန်းတွေနဲ့အညီ ဖြစ်နေရမယ်။ ယေဟောဝါရဲ့ဖြောင့်မတ်ခြင်းတရားကို ရှာနေသူအားလုံး ဘာလုပ်ရမလဲ။ သူတို့က “စစ်မှန်သော ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်သိခြင်းတို့နှင့်အညီ ဘုရားသခင်၏ အလိုတော်အတိုင်း ဖန်ဆင်းခံရသော စရိုက်သစ်ကို ဝတ်ဆင်” ရမှာဖြစ်တယ်။—ဧ. ၄:၂၄

၅။ စိတ်ပျက်အားလျော့မှုကို အောင်မြင်ဖို့ ကျွန်ုပ်တို့ကို ဘာကကူညီပေးမလဲ။

ဘုရားသခင့်ဖြောင့်မတ်တဲ့စံနှုန်းတွေနဲ့အညီ အသက်ရှင်ဖို့ကြိုးစားတဲ့အခါ ကျွန်ုပ်တို့ရဲ့မစုံလင်မှုတွေကြောင့် တစ်ခါတလေမှာ စိတ်ဓာတ်ကျလာနိုင်တယ်။ စိတ်ပျက်အားလျော့မှုကို အောင်မြင်ဖို့၊ ဖြောင့်မတ်ခြင်းကိုချစ်ဖို့သင်ယူပြီး လက်တွေ့ကျင့်သုံးဖို့ ကျွန်ုပ်တို့ကို ဘာကကူညီပေးနိုင်သလဲ။ (သု. ၂၄:၁၀) ကျွန်ုပ်တို့က “စိတ်ရင်းမှန်ဖြင့်လည်းကောင်း၊ အကြွင်းမဲ့စိတ်ချခြင်း၊ ယုံကြည်ခြင်းဖြင့်လည်းကောင်း” ယေဟောဝါထံ မှန်မှန်ဆုတောင်းချဉ်းကပ်ရမှာဖြစ်တယ်။ (ဟေဗြဲ ၁၀:၁၉-၂၂) ကျွန်ုပ်တို့က ကောင်းကင်မျှော်လင့်ချက်ရှိသူဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိသူဖြစ်စေ ယေရှုခရစ်ရဲ့ရွေးနုတ်ဖိုးနဲ့ ယဇ်ပုရောဟိတ်မင်းအနေနဲ့ ကိုယ်တော့်လုပ်ဆောင်မှုကို ယုံကြည်ကြတယ်။ (ရော. ၅:၈; ဟေဗြဲ ၄:၁၄-၁၆) ယေရှုသွန်းလောင်းခဲ့တဲ့အသွေးရဲ့ အကျိုးကျေးဇူးကို ဒီမဂ္ဂဇင်းရဲ့ပထမဆုံး စာစောင်မှာ ရှင်းပြခဲ့တယ်။ (၁ ယော. ၁:၆၊ ၇) ဆောင်းပါးမှာ ဒီလိုဖော်ပြထားတယ်– “အလင်းရောင်ထဲမှာ အနီရောင်ရှိတဲ့အရာဝတ္ထုတစ်ခုကို အနီရောင်ဖန်သားကတစ်ဆင့်ကြည့်မယ်ဆိုရင် အဲဒီအရာဝတ္ထုကို အဖြူရောင်အဖြစ် မြင်ရတယ်။ ဒီလိုပဲ ဘုရားသခင်မြင်သလိုမြင်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့အပြစ်က အနီရောင်ဖြစ်ပေမဲ့ ခရစ်တော်ရဲ့အသွေးကြောင့် အဖြူရောင်အဖြစ်မြင်ရတယ်။ (ဇူလိုင် ၁၈၇၉၊ စ. ၆) ကိုယ်တော်ချစ်မြတ်နိုးတဲ့သားတော်ရဲ့ ပူဇော်ရာယဇ်အားဖြင့် ယေဟောဝါက ကျွန်ုပ်တို့အတွက် ရွေးနုတ်ဖိုးကို အံ့ဖွယ်ပြင်ဆင်ပေးခဲ့ခြင်းဖြစ်တယ်။—ဟေရှာ. ၁:၁၈

သင့်ချပ်ဝတ်တန်ဆာကို စစ်ဆေးပါ

၆။ ကျွန်ုပ်တို့ရဲ့ ချပ်ဝတ်တန်ဆာကိုစစ်ဆေးဖို့ ဘာကြောင့် အရေးကြီးသလဲ။

ဘုရားသခင်ပြင်ဆင်ပေးတဲ့ ချပ်ဝတ်တန်ဆာတွေထဲမှာ အရေးပါတဲ့အရာတစ်ခုဖြစ်တဲ့ “ဖြောင့်မတ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာ” ကို ကျွန်ုပ်တို့ အချိန်ပြည့်၀တ်ဆင်ထားရမှာဖြစ်တယ်။ (ဧ. ၆:၁၁၊ ၁၄) ကျွန်ုပ်တို့က မနေ့တစ်နေ့ကမှ နှစ်ခြင်းခံတဲ့သူဖြစ်စေ၊ ဘုရားသခင်ကိုဝတ်ပြုတာ ဆယ်စုနှစ်ချီ ကြာခဲ့သူဖြစ်ပါစေ ကျွန်ုပ်တို့ရဲ့ ချပ်ဝတ်တန်ဆာဝတ်ဆင်ထား၊ မထားဆိုတာကို နေ့စဉ်စစ်ဆေးဖို့ အရေးကြီးတယ်။ အကြောင်းကတော့ စာတန်နဲ့ သူ့ရဲ့နောက်လိုက် နာမ်ဝိညာဉ်ဆိုးတွေက မြေကြီးပေါ်ကို ပစ်ချခံရလို့ပဲ။ (ဗျာ. ၁၂:၇-၁၂) စာတန်က မိမိအချိန် ခဏပဲကျန်တော့တယ်ဆိုတာသိလို့ ဒေါသအမျက်ချောင်းချောင်းထွက်နေတယ်။ ဒါကြောင့် သူက ဘုရားသခင့်လူမျိုးကို သဲသဲမဲမဲ တိုက်ခိုက်နေတယ်။ “ဖြောင့်မတ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာ” ကိုဝတ်ဆင်ထားဖို့ အရေးကြီးကြောင်း ကျွန်ုပ်တို့ သိမြင်ပါသလား။

၇။ “ဖြောင့်မတ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာ” ကိုဝတ်ဆင်ဖို့ လိုအပ်တယ်ဆိုတာ သိမြင်တယ်ဆိုရင် ကျွန်ုပ်တို့ ဘယ်လိုပြုမူကျင့်ကြံကြမလဲ။

ရင်အုပ်တန်ဆာက ပကတိနှလုံးကို ကာကွယ်ပေးသလို ဖြောင့်မတ်ခြင်းက ကျွန်ုပ်တို့ရဲ့ ပုံဆောင်နှလုံးကို ကာကွယ်ပေးတယ်။ ကျွန်ုပ်တို့က မစုံလင်တဲ့အတွက် ကျွန်ုပ်တို့ရဲ့ပုံဆောင်နှလုံးက စဉ်းလဲယိုယွင်းတဲ့သဘောရှိတယ်။ (ယေ. ၁၇:၉) ကျွန်ုပ်တို့နှလုံးက အမှားပြုလိုတဲ့သဘောရှိတဲ့အတွက် နှလုံးကို လေ့ကျင့်၊ ဆုံးမဖို့ အရေးကြီးတယ်။ (က. ၈:၂၁) “ဖြောင့်မတ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာ” ကိုဝတ်ဆင်ဖို့ လိုအပ်တယ်ဆိုတာ ကျွန်ုပ်တို့ သိမြင်တယ်ဆိုရင် ဘုရားသခင်မုန်းတဲ့အရာတွေနဲ့ အပန်းဖြေဖို့ ဒီချပ်ဝတ်တန်ဆာကို ခဏလေးတောင် ချွတ်မှာမဟုတ်သလို အပြစ်တွေကို စိတ်ကူးနဲ့တောင် ကျူးလွန်မှာမဟုတ်ဘူး။ ရုပ်မြင်သံကြားကြည့်ရှုခြင်းအားဖြင့်လည်း ကျွန်ုပ်တို့ရဲ့ အဖိုးတန်အချိန်များစွာကို ဖြုန်းတီးမှာမဟုတ်ဘူး။ အဲဒီအစား ယေဟောဝါနှစ်သက်ရာတွေကို ကြိုးစားလုပ်ဆောင်ကြမှာဖြစ်တယ်။ ကျွန်ုပ်တို့က မဖြောင့်မတ်တဲ့ ဇာတိအတွေးအခေါ်ကြောင့် ခဏတစ်ဖြုတ်ခြေချော်သွားရင်တောင် ယေဟောဝါရဲ့ အကူအညီနဲ့ ပြန်ထမှာဖြစ်တယ်။—သု. ၂၄:၁၆ ကိုဖတ်ပါ။

၈။ ဘာကြောင့် “ယုံကြည်ခြင်းတည်းဟူသော ဒိုင်းလွှား” လိုအပ်သလဲ။

ဘုရားသခင်ပြင်ဆင်ပေးတဲ့ ချပ်ဝတ်တန်ဆာထဲမှာ “ယုံကြည်ခြင်းတည်းဟူသော ဒိုင်းလွှား” လည်းပါတယ်။ ဒါက “ဆိုးညစ်သူပစ်ခတ်သော မီးမြားလက်နက်မှန်သမျှကို ကာသတ်” စေနိုင်တယ်။ (ဧ. ၆:၁၆) ယုံကြည်ခြင်းနဲ့ ယေဟောဝါကို နှလုံးအကြွင်းမဲ့ချစ်မြတ်နိုးခြင်းက ဖြောင့်မတ်တဲ့အကျင့်ကိုကျင့်ဖို့နဲ့ ထာဝရအသက်လမ်းပေါ်ဆက်ရှိနေဖို့ ကျွန်ုပ်တို့ကို ကူညီပေးတယ်။ ယေဟောဝါကိုချစ်ဖို့သင်ယူလေ ကိုယ်တော်ရဲ့ဖြောင့်မတ်ခြင်းတရားကို ပိုတန်ဖိုးထားလေ ဖြစ်လာပါလိမ့်မယ်။ ကိုယ်ကိုယ်ကိုယ်သိသောစိတ်နဲ့ ပတ်သက်ပြီးတော့ကော ဘယ်လိုလဲ။ ဒါက ဖြောင့်မတ်ခြင်းတရားကိုချစ်ဖို့ ကျွန်ုပ်တို့ရဲ့ ကြိုးစားမှုကို ဘယ်လိုထောက်ကူပေးသလဲ။

ကြည်လင်သော ကိုယ်ကိုယ်ကိုယ်သိသောစိတ်ကို ထိန်းသိမ်းပါ

၉။ ကြည်လင်သောကိုယ်ကိုယ်ကိုယ်သိသောစိတ်ကို ထိန်းသိမ်းခြင်းကနေ ဘယ်လိုအကျိုးခံစားရသလဲ။

ကျွန်ုပ်တို့ နှစ်ခြင်းခံချိန်မှာ ‘ကြည်လင်သော ကိုယ်ကိုယ်ကိုယ်သိသောစိတ်ကို’ ယေဟောဝါထံက တောင်းခံခဲ့တယ်။ (၁ ပေ. ၃:၂၁) ကျွန်ုပ်တို့က ရွေးနုတ်ဖိုးကို ယုံကြည်တဲ့အတွက် ယေရှုရဲ့အသွေးက ကျွန်ုပ်တို့ရဲ့အပြစ်တွေကို ဖုံးအုပ်ပေးပြီး ဘုရားသခင်ရှေ့ သန့်ရှင်းတဲ့အနေအထား ရှိကြတယ်။ ဒီအနေအထားမှာဆက်ရှိနေဖို့အတွက် ကြည်လင်သောကိုယ်ကိုယ်ကိုယ်သိသောစိတ်ကို ထိန်းသိမ်းထားဖို့လိုတယ်။ တစ်ခါတလေ ကျွန်ုပ်တို့ရဲ့ကိုယ်ကိုယ်ကိုယ်သိသောစိတ်က ကျွန်ုပ်တို့ကို သတိပေးပြီး အပြစ်တင်တယ်ဆိုရင် ကိုယ်ကိုယ်ကိုယ်သိသောစိတ် အလုပ်လုပ်နေတာဖြစ်တဲ့အတွက် ဝမ်းသာသင့်တယ်။ အဲဒီလိုအချက်ပေးခြင်းက ယေဟောဝါရဲ့ဖြောင့်မတ်တဲ့နည်းလမ်းတွေနဲ့ ပတ်သက်လာရင် ကျွန်ုပ်တို့ရဲ့ကိုယ်ကိုယ်ကိုယ်သိသောစိတ်က မထုံထိုင်းသေးဘူးဆိုတာ ဖော်ပြတယ်။ (၁ တိ. ၄:၂) ဒါပေမဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်က ဖြောင့်မတ်ခြင်းကိုချစ်လိုသူတွေအတွက် နောက်ထပ်နည်းတစ်နည်းနဲ့ လုပ်ဆောင်ပေးနိုင်တယ်။

၁၀၊ ၁၁။ (က) သမ္မာကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်ရဲ့ သတိပေးချက်ကို နားထောင်ဖို့လိုကြောင်းဖော်ပြတဲ့ တွေ့ကြုံမှုတစ်ခုခု ပြောပြပါ။ (ခ) ဖြောင့်မတ်ခြင်းကိုချစ်ခြင်းက ဘာကြောင့် ကျွန်ုပ်တို့ကို ပျော်ရွှင်စေနိုင်သလဲ။

၁၀ အမှားတစ်ခုခုကိုလုပ်မိတဲ့အခါ ကျွန်ုပ်တို့ရဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်က ကျွန်ုပ်တို့ကို အပြစ်တင်ပြီး စိတ်အနှောင့်အယှက်ပေးတယ်။ လူငယ်တစ်ဦးက ‘ဖြောင့်မတ်ခြင်းတရားလမ်း’ ကနေ သွေဖယ်သွားခဲ့တယ်။ သူက ညစ်ညမ်းရုပ်ပုံတွေကိုကြည့်တဲ့အကျင့်စွဲလာပြီး ဆေးခြောက်ကို စတင်သုံးစွဲခဲ့တယ်။ အစည်းအဝေးတွေတက်တဲ့အခါ အပြစ်ရှိတယ်လို့ခံစားရပြီး လယ်ကွင်းလုပ်ငန်းမှာပါဝင်တဲ့အခါ ဟန်ဆောင်နေတယ်လို့ ခံစားခဲ့ရတဲ့အတွက် ဒီခရစ်ယာန်လုပ်ဆောင်မှုတွေမှာ ဆက်မပါဝင်တော့ဘူး။ သူဒီလိုပြောခဲ့တယ်– “ဒါပေမဲ့ ကျွန်တော့်ရဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်က ကျွန်တော့်ရဲ့လုပ်ရပ်မှားကြောင်း အချက်ပြနေသေးတယ်ဆိုတာကို ကျွန်တော်သတိမပြုမိခဲ့ဘူး။ ဒီလိုနဲ့ မိုက်မဲတဲ့ဘဝလမ်းစဉ်မှာ လေးနှစ်ကြာအချိန်ဖြုန်းခဲ့တယ်။” အဲဒီနောက်မှာ အမှန်တရားဘက်ပြန်လှည့်ဖို့ စပြီးစဉ်းစားလာတယ်။ ယေဟောဝါက သူ့ရဲ့ဆုတောင်းချက်ကို နားထောင်မှာမဟုတ်ဘူးလို့ သူထင်ပေမဲ့လည်း ဘုရားသခင့်ခွင့်လွှတ်မှုရဖို့ ဆုတောင်းခဲ့တယ်။ ဆယ်မိနစ်တောင်မကြာလိုက်ဘူး၊ သူ့အမေရောက်လာပြီး အစည်းအဝေးတွေပြန်တက်ဖို့ အားပေးခဲ့တယ်။ ဝတ်ပြုရာခန်းမရောက်တဲ့အခါ သူ့ကိုကျမ်းစာသင်ပေးဖို့ အကြီးအကဲကို သူတောင်းဆိုခဲ့တယ်။ အချိန်တန်တဲ့အခါ နှစ်ခြင်းခံခဲ့ပြီး သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်ခဲ့တယ်။

၁၁ မှန်ရာကိုလုပ်ခြင်းကနေ အကျိုးရရှိတယ်ဆိုတာကို ကျွန်ုပ်တို့ တွေ့ရတယ်မဟုတ်လား။ ဖြောင့်မတ်ခြင်းကိုချစ်ပြီး အဲဒီအတိုင်းနေထိုင်ဖို့ကြိုးစားလေ ကောင်းကင်ခမည်းတော် နှစ်သက်ရာကိုလုပ်ဆောင်ခြင်းကနေ ရွှင်လန်းမှုခံစားရလေဖြစ်တယ်။ လူသားတွေအားလုံး ကိုယ်ကိုယ်ကိုယ်သိသောစိတ် ကြည်ကြည်လင်လင်နဲ့ အမြဲအသက်ရှင်ပြီး ဘုရားသခင့်အရည်အသွေးတွေကို စုံလင်စွာတင်ပြနိုင်တဲ့အချိန် ရောက်လာတော့မယ်ဆိုတာ စဉ်းစားကြည့်ပါ။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့နှလုံးမှာ ဖြောင့်မတ်ခြင်းကို နက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးစိတ်ကို မွေးမြူပြီး ယေဟောဝါရဲ့စိတ်တော်ကို ရွှင်လန်းစေကြစို့။—သု. ၂၃:၁၅၊ ၁၆

၁၂၊ ၁၃။ ကျွန်ုပ်တို့ရဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်ကို ဘယ်လို လေ့ကျင့်ပေးနိုင်သလဲ။

၁၂ ကျွန်ုပ်တို့ရဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်ကို ဘယ်လိုလေ့ကျင့်ပေးနိုင်သလဲ။ သမ္မာကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေကို လေ့လာတဲ့အခါ “ဖြောင့်မတ်သောသူသည် အဘယ်သို့ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာဆင်ခြင်” ရမယ်ဆိုတာကို သတိရဖို့ အရေးကြီးတယ်။ (သု. ၁၅:၂၈) ဒီအချက်က အလုပ်အကိုင်နဲ့ပတ်သက်တဲ့ မေးခွန်းတွေပေါ်လာတဲ့အခါ ဘယ်လိုအကျိုးပြုတယ်ဆိုတာ သုံးသပ်ကြည့်ပါ။ အလုပ်တစ်ခုက ကျမ်းစာတောင်းဆိုချက်နဲ့ လုံးလုံးဆန့်ကျင်နေမယ်ဆိုရင် ကျွန်ုပ်တို့အများစုက သစ္စာနဲ့သတိပညာရှိကျွန်ပေးတဲ့ လမ်းညွှန်ချက်အတိုင်း မဆိုင်းမတွလုပ်ဆောင်ကြတယ်။ ဒါပေမဲ့ အလုပ်တစ်ခုက လုပ်သင့်မလုပ်သင့်နဲ့ပတ်သက်ပြီး သိပ်မသေမချာဖြစ်နေမယ်ဆိုရင် ဒီအခြေအနေနဲ့ပတ်သက်ပြီး ကျမ်းစာမူတွေကို ရှာဖွေ၊ ဆုတောင်းသုံးသပ်ရမှာဖြစ်တယ်။ * ထည့်သွင်းသုံးသပ်ရမယ့် ကျမ်းစာမူတစ်ခုက တခြားသူတွေရဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ် ထိခိုက်စေမယ့်အရာကို ရှောင်ခြင်းဆိုတဲ့မူလည်း ပါဝင်တယ်။ (၁ ကော. ၁၀:၃၁-၃၃) အထူးသဖြင့် ကျွန်ုပ်တို့နဲ့ ဘုရားသခင်ရဲ့ဆက်ဆံရေးကို အလေးထားသင့်တယ်။ ယေဟောဝါက ကျွန်ုပ်တို့အတွက် တကယ့်ပုဂ္ဂိုလ်ဖြစ်မယ်ဆိုရင် မိမိကိုယ်ကို ဒီလိုမေးမှာဖြစ်တယ်– ‘ဒီအလုပ်ကိုငါလုပ်မယ်ဆိုရင် ယေဟောဝါ စိတ်ထိခိုက်သွားမလား။’—ဆာ. ၇၈:၄၀၊ ၄၁

၁၃ ကင်းမျှော်စင်လေ့လာမှုနဲ့ အသင်းတော်ကျမ်းစာလေ့လာမှုအတွက် ပြင်ဆင်တဲ့အခါ ပါဝင်တဲ့အကြောင်းအရာတွေကို တွေးတောဆင်ခြင်ရမယ်ဆိုတာ သတိရဖို့လိုတယ်။ ကျွန်ုပ်တို့က မေးခွန်းရဲ့အဖြေကို တစ်ပိုဒ်ပြီးတစ်ပိုဒ် မျဉ်းသားရုံလောက်ပဲ လုပ်နေသလား။ အဲဒီလိုပြင်ဆင်ခြင်းက ဖြောင့်မတ်ခြင်းကိုချစ်တဲ့စိတ် နက်ရှိုင်းလာမှာ မဟုတ်သလို ကျွန်ုပ်တို့ရဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်လည်း အကဲဆတ်လာမှာမဟုတ်ဘူး။ ဖြောင့်မတ်ခြင်းကို ချစ်မြတ်နိုးစိတ်ရှိလာဖို့ သမ္မာကျမ်းစာကို ဝီရိယရှိရှိလေ့လာပြီး ဖတ်တဲ့အရာတွေကို တွေးတောဆင်ခြင်ဖို့လိုတယ်။ ဖြောင့်မတ်ခြင်းကို နှလုံးအပြည့်ချစ်လာအောင်သင်ယူရာမှာ ဒီနည်းအပြင် တခြားဖြတ်လမ်းနည်းမရှိဘူး။

ဖြောင့်မတ်ခြင်းတရားကို ဆာငတ်ပါ

၁၄။ ယေဟောဝါဘုရားသခင်နဲ့ ယေရှုခရစ်က ကျွန်ုပ်တို့ ဘုရားသခင့်အမှုတော်ဆောင်ရာမှာ ဘယ်လိုခံစားစေလိုသလဲ။

၁၄ ယေဟောဝါဘုရားသခင်နဲ့ ယေရှုခရစ်က ကျွန်ုပ်တို့ ဘုရားသခင့်အမှုတော်ဆောင်ရာမှာ ပျော်ရွှင်စေလိုတယ်။ ဘာက ကျွန်ုပ်တို့ကို ပျော်ရွှင်စေမလဲ။ ဖြောင့်မတ်ခြင်းတရားကို ချစ်ခြင်းပါပဲ။ တောင်ပေါ်တရားတော်မှာ ယေရှုဒီလိုပြောခဲ့တယ်– “ဖြောင့်မတ်ခြင်းတရားကို ဆာငတ်သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဝပြောကြလိမ့်မည်။” (မ. ၅:၆) ဖြောင့်မတ်ခြင်းတရားကို ချစ်မြတ်နိုးလိုသူတွေအတွက် ဒီစကားတွေက ဘာအဓိပ္ပာယ်ရှိသလဲ။

၁၅၊ ၁၆။ ဖြောင့်မတ်ခြင်းတရားဆာငတ်သူတွေ ဘယ်လိုနည်းတွေနဲ့ စိတ်ကျေနပ်နိုင်ကြမလဲ။

၁၅ ဆိုးညစ်သူစာတန်အုပ်ချုပ်တဲ့လောကမှာ ကျွန်ုပ်တို့ အသက်ရှင်နေကြရတယ်။ (၁ ယော. ၅:၁၉) ဘယ်နိုင်ငံကသတင်းစာကိုပဲဖတ်ဖတ် ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှုသတင်းတွေကို ကြောက်ခမန်းလိလိမြင်တွေ့နေရတယ်။ လူလူချင်းအပေါ် လူမဆန်တဲ့ရက်စက်ကြမ်းကြုတ်မှုတွေက ဖြောင့်မတ်ခြင်းကိုချစ်မြတ်နိုးသူတစ်ဦးအဖို့ အလွန် စိတ်ထိခိုက်စရာဖြစ်တယ်။ (ဒေ. ၈:၉) ဖြောင့်မတ်ခြင်းတရားကိုဆာငတ်သူတွေကို ကိုယ်တော်တစ်ပါးတည်းကသာ စိတ်ကျေနပ်စေနိုင်တယ်ဆိုတာ ယေဟောဝါကိုချစ်တဲ့ကျွန်ုပ်တို့ သိထားကြတယ်။ ဘုရားသခင်ကိုမကြောက်ရွံ့သူတွေဟာ မကြာခင်ပယ်ရှားခံရမှာဖြစ်ပြီး ဖြောင့်မတ်ခြင်းတရားကိုချစ်မြတ်နိုးသူတွေက တရားမဲ့သူတွေနဲ့ သူတို့ရဲ့ဆိုးညစ်တဲ့လုပ်ရပ်တွေကြောင့် စိတ်ဆင်းရဲရတော့မှာမဟုတ်ဘူး။ (၂ ပေ. ၂:၇၊ ၈) တကယ့်ကို စိတ်သက်သာမှုဖြစ်စေပါတယ်။

၁၆ ယေဟောဝါရဲ့ကျေးကျွန်နဲ့ ယေရှုခရစ်ရဲ့နောက်လိုက်တွေဖြစ်တဲ့ ကျွန်ုပ်တို့က ဖြောင့်မတ်ခြင်းတရားကိုဆာငတ်သူတွေဟာ “ဝပြောကြလိမ့်” မယ်ဆိုတာ သိထားကြတယ်။ သူတို့တွေဟာ “ဖြောင့်မတ်ခြင်းတည်နေရာ” ကောင်းကင်သစ်နဲ့ မြေကြီးသစ်ဖြစ်တဲ့ ဘုရားသခင့်အစီအစဉ်ကနေ စိတ်ကျေနပ်မှု အပြည့်အဝ ရရှိကြမှာဖြစ်တယ်။ (၂ ပေ. ၃:၁၃) ဒါကြောင့် စာတန့်လောကမှာ ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေကြောင့် ဖြောင့်မတ်မှုကင်းမဲ့နေတာကို တွေ့မြင်ရတဲ့အခါ စိတ်ဓာတ်မကျသင့်၊ မအံ့သြသင့်ပါဘူး။ (ဒေ. ၅:၈) အမြင့်ဆုံးဘုရားသခင် ယေဟောဝါက ဖြစ်ပျက်နေတာတွေကိုသိမြင်ပြီး ဖြောင့်မတ်ခြင်းကိုချစ်မြတ်နိုးသူတွေကို မကြာခင် ကယ်နုတ်ပါတော့မယ်။

ဖြောင့်မတ်ခြင်းကိုချစ်ခြင်းမှ အကျိုးရယူပါ

၁၇။ ဖြောင့်မတ်ခြင်းကိုချစ်ခြင်းကနေ ဘာအကျိုးကျေးဇူးတွေ ရသလဲ။

၁၇ ဆာလံ ၁၄၆:၈ မှာ ဖြောင့်မတ်ခြင်းတရားလမ်းကို လိုက်တဲ့သူတွေခံစားရတဲ့ ထူးမြတ်တဲ့အကျိုးကို အလေးပေးဖော်ပြထားတယ်။ ဆာလံဆရာက ‘ယေဟောဝါသည် ဖြောင့်မတ်သောသူတို့ကို ချစ်တော်မူ၏’ လို့ သီဆိုခဲ့တယ်။ ကျွန်ုပ်တို့က ဖြောင့်မတ်ခြင်းတရားကိုချစ်တဲ့အတွက် စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်က ကျွန်ုပ်တို့ကိုချစ်တယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ယေဟောဝါက မေတ္တာရှိတဲ့အတွက် ကျွန်ုပ်တို့ဘဝမှာ ဘုရားသခင့်နိုင်ငံတော်ကို ဦးစားထားမယ်ဆိုရင် ရုပ်ပိုင်းလိုအပ်ရာတွေကို ထောက်မပေးမယ်ဆိုတာကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချကြတယ်။ (ဆာလံ ၃၇:၂၅; သု. ၁၀:၃ တို့ကိုဖတ်ပါ။) နောက်ဆုံးမှာ ဒီကမ္ဘာတစ်ခုလုံးဟာ ဖြောင့်မတ်ခြင်းကိုချစ်မြတ်နိုးသူတွေနဲ့ ပြည့်နေမှာဖြစ်တယ်။ (သု. ၁၃:၂၂) ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးတဲ့သူအများစုက သာယာလှပတဲ့မြေကြီးပရဒိသုမှာ အဆုံးမဲ့အသက်တာနဲ့ ပျော်ရွှင်စွာနေထိုင်ခွင့်ရခြင်းအားဖြင့် ဆုချခံရမှာဖြစ်တယ်။ အခုအချိန်မှာတောင် ဘုရားသခင့်ဖြောင့်မတ်ခြင်းတရားကို ချစ်တဲ့သူတွေဟာ စိတ်ငြိမ်သက်မှုခံစားရတယ်၊ ဒါကြောင့် မိသားစုမှာရော၊ အသင်းတော်မှာပါ စည်းလုံးငြိမ်သက်မှုရှိကြတယ်။—ဖိ. ၄:၆၊ ၇

၁၈။ ယေဟောဝါရဲ့နေ့ကြီးကို စောင့်ဆိုင်းနေစဉ်မှာ ကျွန်ုပ်တို့ ဘာဆက်လုပ်နေရမလဲ။

၁၈ ကျွန်ုပ်တို့ဟာ ယေဟောဝါရဲ့နေ့ကြီးကို စောင့်ဆိုင်းနေစဉ် ကိုယ်တော့်ဖြောင့်မတ်ခြင်းတရားကို ဆက်ရှာရမှာဖြစ်တယ်။ (ဇေ. ၂:၂၊ ၃) ဒါကြောင့် ယေဟောဝါရဲ့ဖြောင့်မတ်တဲ့နည်လမ်းတွေကို စိတ်ရင်းမှန်နဲ့ချစ်မြတ်နိုးကြောင်း တင်ပြကြပါစို့။ ဒီလိုလုပ်ဆောင်ရာမှာ ကျွန်ုပ်တို့ရဲ့ပုံဆောင်နှလုံးကို ကာကွယ်ပေးတဲ့ “ဖြောင့်မတ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာ” ကို နေရာမှန်မှန်နဲ့ ခိုင်ခိုင်မြဲမြဲဝတ်ဆင်ထားရမှာဖြစ်တယ်။ ကျွန်ုပ်တို့ကိုရော၊ ဘုရားသခင့်စိတ်နှလုံးကိုပါ ရွှင်လန်းစေနိုင်တဲ့ ကျွန်ုပ်တို့ရဲ့ ကြည်လင်တဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်ကိုလည်း ဆက်ထိန်းသိမ်းထားဖို့လိုတယ်။—သု. ၂၇:၁၁

၁၉။ ကျွန်ုပ်တို့ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသင့်သလဲ၊ နောက်ဆောင်းပါးမှာ ဘာအကြောင်းသုံးသပ်ကြမလဲ။

၁၉ ယေဟောဝါရဲ့မျက်စိတော်က “စုံလင်သောစေတနာစိတ်ရှိသောသူတို့ဘက်၌ ခိုင်ခံ့စွာနေခြင်းငှာ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက်ရှိတော်မူ” တယ်။ (၆ ရာ. ၁၆:၉) မသေချာမရေရာမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ဆိုးညစ်မှုတွေ ပြည့်နှက်နေတဲ့ ဒီလောကအလယ်မှာ မှန်ရာကိုလုပ်ဆောင်နေတဲ့ ကျွန်ုပ်တို့အတွက် ဒီစကားတွေက တကယ့်ကိုနှစ်သိမ့်မှုဖြစ်စေပါတယ်။ မှန်ပါတယ်၊ ဘုရားသခင်နဲ့ကင်းကွာနေတဲ့လူသားထုက ကျွန်ုပ်တို့ရဲ့ဖြောင့်မတ်တဲ့လမ်းစဉ်ကို အံ့သြကြပါလိမ့်မယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ဖြောင့်မတ်ခြင်းတရားကို အခိုင်အမာကိုင်စွဲထားခြင်းကြောင့် ကျွန်ုပ်တို့ အကျိုးများစွာရရှိကြတယ်။ (ဟေရှာ. ၄၈:၁၇; ၁ ပေ. ၄:၄) ဒါကြောင့် ကျွန်ုပ်တို့ကို ပျော်ရွှင်စေတဲ့ ဖြောင့်မတ်ခြင်းတရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်ပြီး လက်တွေ့ကျင့်သုံးဖို့ အခိုင်အမာ စိတ်ပိုင်းဖြတ်ထားကြပါစို့။ စိတ်နှလုံးအကြွင်းမဲ့လုပ်ဆောင်ခြင်းမှာ မတရားမှုကို မုန်းတီးခြင်းလည်းပါဝင်တယ်။ အဲဒါက ဘာကိုဆိုလိုတယ်ဆိုတာ နောက်ဆောင်းပါးမှာ သုံးသပ်ကြပါမယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 အလုပ်အကိုင်နဲ့ပတ်သက်တဲ့ ကျမ်းစာမူတွေအတွက် ကင်းမျှော်စင်၊ ဧပြီ ၁၅၊ ၁၉၉၉၊ စာမျက်နှာ ၂၈-၃၀ ကိုကြည့်ပါ။

သင် ဘယ်လိုဖြေဆိုမလဲ

• ဖြောင့်မတ်ခြင်းကိုချစ်ဖို့ ရွေးနုတ်ဖိုးရဲ့တန်ဖိုးကို အသိအမှတ် ပြုဖို့ ဘာကြောင့်လိုသလဲ။

• “ဖြောင့်မတ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာ” ကို ဝတ်ဆင်ဖို့ ဘာကြောင့်အရေးကြီးသလဲ။

• ကျွန်ုပ်တို့ရဲ့ကိုယ်ကိုယ်ကိုယ်သိသောစိတ်ကို ဘယ်လိုလေ့ကျင့်ပေးနိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

လေ့ကျင့်ထားတဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်က အလုပ်အကိုင်နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေရှင်းရာမှာ ကူညီပေး