မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

“နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်း . . .။”—မဿဲ ၂၄:၁၄

ယေရှုရဲ့ ကျော်ကြားတဲ့ တောင်ပေါ်တရားတော်မှာ စံပြဆုတောင်းချက်လည်းပါတယ်။ အဲဒီဆုတောင်းချက်ထဲမှာ “နိုင်ငံတော်လာပါစေ” ဆိုပြီး ဘုရားသခင်ဆီ တောင်းလျှောက်ထားတယ်။ လူသန်းပေါင်းများစွာဟာ အဲဒီဆုတောင်းချက်ကို အလွတ်ကျက်ပြီး အထပ်ထပ် ရွတ်ဆိုတတ်ကြတယ်။ အဲဒီဆုတောင်းချက်ဟာ “ခရစ်ယာန်အသင်းတိုင်းရဲ့ ဝတ်ပြုမှုတွေမှာ ပါလေ့ရှိတဲ့ အဓိကဆုတောင်းချက်” ဖြစ်တယ်လို့ စွယ်စုံကျမ်းတစ်ကျမ်းမှာ ဖော်ပြထားတယ်။ လူအတော်များများဟာ အဲဒီဆုတောင်းချက်ကို ရွတ်ဆိုကြပေမဲ့ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ၊ ဘုရားသခင့်နိုင်ငံတော်လာတဲ့အခါ ဘာတွေလုပ်ပေးမလဲဆိုတာကိုတော့ မသိနားမလည်ကြပါဘူး။—မဿဲ ၆:၉၊ ၁၀

ဒါက အံ့ဩစရာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင့်နိုင်ငံတော်နဲ့ပတ်သက်ပြီး အမည်ခံခရစ်ယာန်ခေါင်းဆောင်တွေရဲ့ ရှင်းပြချက်တွေက အမျိုးမျိုးကွဲလွဲနေတဲ့အပြင် ဇဝေဇဝါဖြစ်စေပြီး ရှုပ်ထွေးနေတဲ့အတွက် ဖြစ်ပါတယ်။ ဘုရားသခင့်နိုင်ငံတော်ဆိုတာ “ဘုရားသခင့်တန်ခိုးတော်ကြောင့် ဖြစ်လာတဲ့အရာတစ်ခု၊ . . . အသက်ရှင်တော်မူတဲ့ ဘုရားသခင်နဲ့ စိတ်ချင်းဆက်သွယ်တဲ့အရာတစ်ခု . . . ၊ ဘုရားသခင်နဲ့အတူ မျှဝေခံစားနိုင်ပြီး ကယ်တင်ခြင်းရစေနိုင်တဲ့ အရာတစ်ခု” ဖြစ်တယ်လို့ စာရေးဆရာတစ်ယောက်က ရေးသားဖော်ပြတယ်။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဆိုတာ “ချာ့ခ်ျသွန်သင်ချက်” ဖြစ်တယ်လို့ နောက်စာရေးဆရာတစ်ယောက်က ဆိုတယ်။

ဘုရားသခင့်နိုင်ငံတော်နဲ့ပတ်သက်ပြီး ဒီမဂ္ဂဇင်းရဲ့ စာမျက်နှာ ၂ မှာ အခုလို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်– “ကောင်းကင်မှာတည်ထောင်ထားတဲ့ ဘုရားသခင့်နိုင်ငံတော်က ဆိုးသွမ်းမှုအားလုံးကို မကြာခင် ဖယ်ရှားပြီး ကမ္ဘာမြေကြီးကို သာယာလှပတဲ့ဥယျာဉ် ပရဒိသုအဖြစ် ပြောင်းလဲပေးတော့မယ်။” ဒါနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ဘယ်လိုထောက်ခံသလဲဆိုတာကို သုံးသပ်ကြည့်ရအောင်။

ကမ္ဘာတစ်ခုလုံးရဲ့ အနာဂတ်အုပ်စိုးရှင်များ

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘုရင်တစ်ဦးအုပ်ချုပ်တဲ့ အစိုးရတစ်ခုဖြစ်တယ်။ ဘုရားသခင့်နိုင်ငံတော်ရဲ့ ဘုရင်က ရှင်ပြန်ထမြောက်ပြီးဖြစ်တဲ့ ယေရှုခရစ်ဖြစ်ပါတယ်။ ကောင်းကင်မှာ ယေရှုနန်းထိုင်ကြောင်း ပရောဖက်ဒံယေလရရှိခဲ့တဲ့ အဆင်းအာရုံတစ်ခုမှာ အခုလို ဖော်ပြထားတယ်– “ညအခါ ငါသည် အာရုံပြု၍ လူသားနှင့်တူသောသူ [ယေရှု] တစ်ဦးသည် မိုးတိမ်ကိုစီးလျက် အသက်ကြီးသောသူ [ယေဟောဝါဘုရားသခင်] ၏အထံတော်သို့ ရောက်လာ၏။ ထိုသူကို အထံတော်ပါးသို့ သွင်းကြ၏။ အရပ်ရပ်တို့၌နေ၍ အသီးသီး အခြားခြားသော ဘာသာစကားကိုပြောသော လူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှာ ထိုသူသည် နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကိုရ၏။ အာဏာစက်တော်သည် ကမ္ဘာအဆက်ဆက် တည်၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့မရောက်နိုင်ရာ။”—ဒံယေလ ၇:၁၃၊ ၁၄

ဘုရားသခင့်နိုင်ငံတော်ကို ဘုရားသခင်ကိုယ်တော်တိုင် အခိုင်အမာ ဖွဲ့စည်းတည်ထောင်မယ်။ ဘုရားသခင့်နိုင်ငံတော်က လူ့အုပ်ချုပ်မှုအားလုံးကို အဆုံးတိုင်စေပြီး အစဉ်အမြဲ တည်ရှိသွားမှာဖြစ်တယ်လို့လည်း ဒံယေလကျမ်းမှာ ဖော်ပြထားတယ်။ ဗာဗုလုန်ရှင်ဘုရင်ကို ဘုရားသခင် မြင်မက်စေခဲ့တဲ့ အိပ်မက်ထဲက ကမ္ဘာ့အာဏာစက်တွေရဲ့ အတက်အကျကို ကိုယ်စားပြုတဲ့ ဧရာမရုပ်တုကြီးအကြောင်းကိုလည်း ဒံယေလကျမ်း အခန်းကြီး ၂ မှာ ဖော်ပြထားတယ်။ ပရောဖက်ဒံယေလက အဲဒီအိပ်မက်ရဲ့အနက်ကို ဖွင့်ပြပေးခဲ့ရတယ်။ “နောင်ကာလ၌၊” ‘ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့ မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်’ ဆိုပြီး ပရောဖက်ဒံယေလ ရေးသားခဲ့တယ်။—ဒံယေလ ၂:၂၈၊ ၄၅

ဘုရားသခင့်နိုင်ငံတော်မှာ ယေရှုတစ်ဦးတည်း အုပ်ချုပ်မှာ မဟုတ်ပါဘူး။ ယေရှု မြေကြီးပေါ်မှာ ခရစ်ယာန်ဓမ္မအမှုဆောင်စဉ်က တည်ကြည်တဲ့ တမန်တော်တွေနဲ့ တခြားသူတွေလည်း ရှင်ပြန်ထမြောက်ပြီး ကောင်းကင်မှာ နန်းထိုင်ခွင့်ရကြမယ်လို့ ကိုယ်တော်အာမခံခဲ့တယ်။ (လုကာ ၂၂:၂၈-၃၀) မြေကြီးပေါ်က ပကတိနန်းထိုင်တဲ့နေရာကို ယေရှုပြောနေတာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ယေရှုပြောခဲ့တဲ့အတိုင်း ဘုရားသခင့်နိုင်ငံတော်ဟာ ကောင်းကင်မှာ တည်ရှိပါလိမ့်မယ်။ ယေရှုနဲ့အတူ တွဲဖက်အုပ်စိုးကြမယ့်သူတွေဟာ “လူမျိုးနွယ်၊ ဘာသာစကား၊ လူစု၊ လူမျိုးအသီးသီး” ကဖြစ်ကြတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ သူတို့ကို ‘ဘုရားသခင်အတွက် နိုင်ငံတော်နှင့် ယဇ်ပုရောဟိတ်များ ဖြစ်စေတော်မူ၍ ဘုရင်များအဖြစ် မြေကြီးကို အုပ်စိုး’ စေပါလိမ့်မယ်။—ဗျာ. ၅:၉၊ ၁၀

ဘုရားသခင့်နိုင်ငံတော်သတင်းကို သတင်းကောင်းလို့ ပြောရတဲ့အကြောင်းရင်း

ခရစ်တော်ယေရှုဟာ “အသီးသီး အခြားခြားသော ဘာသာစကားကိုပြောသော လူမျိုးတကာ” အပေါ် အုပ်စိုးခွင့်ရပြီး ကိုယ်တော်နဲ့အတူ ပူးပေါင်းမယ့်သူတွေကလည်း “ဘုရင်များအဖြစ် မြေကြီးကို အုပ်စိုး” ကြမယ်ဆိုတာ ကျွန်ုပ်တို့သိရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါဆိုရင် ဘုရားသခင့်နိုင်ငံတော်ရဲ့ လက်အောက်ခံတွေက ဘယ်သူတွေဖြစ်မလဲ။ ကနေ့ ဟောပြောနေတဲ့ သတင်းကောင်းကို တလိုတလား လက်ခံတဲ့သူတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်အောက်ခံတဲ့သူတွေထဲမှာ ကမ္ဘာပေါ် ပြန်လည်ထမြောက်လာပြီးနောက် ထာဝစဉ်အသက်ရှင်ဖို့ အလားအလာရှိတဲ့သူတွေလည်း ပါဝင်ကြမှာ ဖြစ်ပါတယ်။

ဘုရားသခင့်နိုင်ငံတော်ရဲ့အုပ်ချုပ်မှုမှာ ခံစားရမယ့် အကျိုးကျေးဇူးတွေကို သမ္မာကျမ်းစာထဲမှာ ဝေဝေဆာဆာ ဖော်ပြထားပါတယ်။ အကျိုးကျေးဇူးတချို့ကတော့–

“လေးကိုချိုးလျက်၊ လှံကို အပိုင်းပိုင်းဖြတ်လျက်၊ ရထားကိုမီးရှို့လျက် မြေကြီးစွန်းတိုင်အောင် စစ်မှုကို ငြိမ်းစေတော်မူ၏။”ဆာလံ ၄၆:၉

“ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူနေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။”ဟေရှာယ ၆၅:၂၁၊ ၂၂

“[ဘုရားသခင်] သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကိုသုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။”ဗျာ. ၂၁:၃၊ ၄

“ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့်လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။”ဟေရှာယ ၃၅:၅၊ ၆

‘သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော် [ယေရှု] ၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လိမ့်မည်။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာ ရှင်ပြန်ထမြောက်ခြင်းသို့ ထွက်လာကြလိမ့်မည်။’ယောဟန် ၅:၂၈၊ ၂၉

“စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ များပြားသော ငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”ဆာလံ ၃၇:၁၁

အဲဒါတွေက သတင်းကောင်းတွေပဲ မဟုတ်ဘူးလား။ ဒါ့အပြင် ကမ္ဘာမြေတစ်ပြင်လုံးအပေါ် ဘုရားသခင့်နိုင်ငံတော် ဖြောင့်မတ်စွာ အုပ်စိုးချိန်နီးပြီဆိုတာကို ပြည့်စုံပြီးဖြစ်တဲ့ ကျမ်းစာကြိုပြောချက်တွေက ဖော်ပြပါသေးတယ်။