မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သတင်းကောင်းကို ဘယ်သူတွေ ဟောပြောနေသလဲ

သတင်းကောင်းကို ဘယ်သူတွေ ဟောပြောနေသလဲ

သတင်းကောင်းကို ဘယ်သူတွေ ဟောပြောနေသလဲ

“ . . . လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။”—မဿဲ ၂၄:၁၄

ယေဟောဝါသက်သေတွေဟာ သတင်းကောင်းကို နည်းမျိုးစုံနဲ့ ကမ္ဘာတစ်ဝန်းလုံးမှာ ဟောပြောနေကြပါတယ်။ သူတို့အသုံးပြုနေတဲ့ နည်းတစ်နည်းကတော့ နှုတ်နဲ့ဟောပြောခြင်းဖြစ်ပါတယ်။

နှုတ်နဲ့ ဟောပြောခြင်း။ ယေဟောဝါသက်သေတွေဟာ ယေရှုနဲ့ ကိုယ်တော့်တပည့်တွေလိုပဲ လူတွေဆီသွားပြီး သတင်းကောင်း ဟောပြောကြတယ်။ (လုကာ ၈:၁; ၁၀:၁) သူတို့ဆီကိုပဲ လူတွေလာဖို့ မမျှော်လင့်ကြဘူး။ ခုနစ်သန်းကျော်ရှိတဲ့ သက်သေခံတွေအားလုံး ဘုရားသခင့်နိုင်ငံတော်အကြောင်း သက်သေခံခြင်းမှာ ပါဝင်နေကြပါတယ်။ သူတို့ဟာ တစ်အိမ်မှတစ်အိမ်၊ လမ်းပေါ်၊ တယ်လီဖုန်းအပြင် တခြားနည်းလမ်းတွေနဲ့လည်း ဟောပြောနေကြတယ်။ မနှစ်က ဒီလုပ်ငန်းမှာ သက်သေခံတွေ အသုံးပြုခဲ့တဲ့ နာရီပေါင်းက ၁.၅ ဘီလီယံကျော်ရှိတယ်။

ဘုရားသခင့်နိုင်ငံတော်အကြောင်းအပြင် “[ယေရှု] မိန့်မှာသမျှကို” လည်း တခြားသူတွေကို သူတို့သွန်သင်ပေးကြတယ်။ (မဿဲ ၂၈:၂၀) အခမဲ့ကျမ်းစာသင်အံမှုပေါင်း ရှစ်သန်းကျော်ကိုလည်း မှန်မှန် ကျင်းပနေကြပါတယ်။

ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၂၃၆ နိုင်ငံမှာ နောက်ခံအမျိုးမျိုးရှိတဲ့ လူတွေကို သူတို့ ဟောပြောနေကြတယ်။ လူနေထိုင်ရာ ကျေးလက်တောရွာ၊ မြို့ကြီးပြကြီး၊ တောကြိုအုံကြား၊ သဲကန္တာရ၊ တောင်တန်းတွေပါမကျန် သွားဟောပြောကြပါတယ်။ ဒီလုပ်ငန်းအတွက် သူတို့ အခကြေးငွေ မရကြပါဘူး။ ဘုရားသခင်နဲ့ လူသားချင်းတွေကိုချစ်တဲ့အတွက် သူတို့ရဲ့ကိုယ်ပိုင်စရိတ်၊ ကိုယ်ပိုင်အချိန်တွေကို အသုံးပြုပြီး လုပ်ဆောင်နေကြတာပါ။ သူတို့ဟာ သတင်းကောင်းကို စာပေတွေနဲ့လည်း ဟောပြောကြပါတယ်။

စာပေတွေနဲ့ ဟောပြောခြင်း။ ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကို ကြေညာခြင်းလို့ ခေါင်းစဉ်အပြည့်အစုံတပ်ထားတဲ့ ဒီမဂ္ဂဇင်းကို အခု ဘာသာစကားပေါင်း ၁၈၅ မျိုးနဲ့ စောင်ရေ ၄၂ သန်းကျော် ပုံနှိပ်ထုတ်ဝေနေပါတယ်။ နိုးလော့! မဂ္ဂဇင်းမှာလည်း ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းအကြောင်း ဖော်ပြထားပါတယ်။ အဲဒီမဂ္ဂဇင်းကို လစဉ် ဘာသာစကားပေါင်း ၈၃ မျိုးနဲ့ စောင်ရေသန်း ၄၀ နီးပါး ထုတ်ဝေနေပါတယ်။

ကျမ်းစာသွန်သင်ချက်တွေအကြောင်း ရှင်းပြထားတဲ့ စာအုပ်တွေ၊ စာစောင်တွေ၊ ဝေစာတွေ၊ စီဒီ၊ အမ်ပီသရီးနဲ့ ဒီဗီဒီတွေကိုလည်း ဘာသာစကားပေါင်း ၅၄၀ ခန့်ရရှိနိုင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ အဲဒီအရာတွေကို ဘီလီယံ ၂၀ ကျော် ထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်။ အဲဒီကိန်းဂဏန်းကို ကမ္ဘာတစ်ဝန်း ဖြန့်ချိကြည့်မယ်ဆိုရင် လူတစ်ယောက်ကို ပစ္စည်းသုံးမျိုးလောက် ရရှိနိုင်ပါတယ်။

ယေဟောဝါသက်သေတွေဟာ ဘာသာပြန်ကျမ်းအမျိုးမျိုးကို ကိုယ်ပိုင်စက်တွေနဲ့ ပုံနှိပ်တဲ့အပြင် တခြားပုံနှိပ်တိုက်တွေမှာလည်း ပုံနှိပ်ခဲ့တယ်။ ယေဟောဝါသက်သေတွေ ပြန်ဆိုပြီး ပုံနှိပ်ဖြန့်ဝေတဲ့ ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာကို တစ်အုပ်လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ အခုဆိုရင် ဘာသာစကားပေါင်း ၉၆ မျိုးနဲ့ရရှိနိုင်ပါတယ်။ အုပ်ရေ ၁၆၆ သန်းကျော် ထုတ်ဝေဖြန့်ချိပြီးပါပြီ။ ယေဟောဝါသက်သေတွေဟာ သတင်းကောင်းကို ခရစ်ယာန်အစည်းအဝေးတွေမှာလည်း ဟောပြောကြပါတယ်။

ခရစ်ယာန်အစည်းအဝေးတွေမှာ။ ဒေသန္တရဝတ်ပြုရာခန်းမမှာ ကျင်းပတဲ့ ပတ်စဉ်အစည်းအဝေးတွေဟာ ဘာသာရေးဆိုင်ရာ ဝတ်ပြုစည်းဝေးပွဲဖြစ်ရုံတင်မကဘူး၊ သွန်သင်ပေးခြင်းအစီအစဉ်တွေလည်း ဖြစ်ပါတယ်။ ကျမ်းစာနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကိုပဲ ဟောပြောကြတယ်။ ကင်းမျှော်စင်မဂ္ဂဇင်းနဲ့ တခြားစာပေတွေအားဖြင့် ကျမ်းစာလေ့လာကြတယ်။ သက်သေခံတွေဟာ သတင်းကောင်းကို ပိုပြီးထိထိရောက်ရောက် ဟောပြောနိုင်ဖို့လည်း အစည်းအဝေးတွေမှာ သင်ကြားခံရပါတယ်။

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အသင်းတော်ပေါင်း ၁၀၇,၀၀၀ ကျော်က သက်သေခံတွေဟာ အကြောင်းအရာတစ်မျိုးတည်းကိုပဲ လေ့လာနေကြပါတယ်။ အဲဒါက သူတို့ကိုစည်းလုံးစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီအစည်းအဝေးတွေကို လူတိုင်း တက်ရောက်ခွင့်ရှိပါတယ်။ အဲဒီမှာ အလှူငွေ လိုက်ကောက်ခံခြင်း မရှိပါဘူး။ သက်သေခံတွေဟာ သူတို့ဟောတဲ့အတိုင်း မကျင့်ကြံဘူးဆိုရင် အထက်မှာ ဖော်ပြထားတဲ့ လုပ်ဆောင်မှုတွေက အချည်းနှီး ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် သူတို့ဟာ စံနမူနာကောင်းပြခြင်းအားဖြင့် တခြားသူတွေကို သတင်းကောင်း ဟောပြောကြတယ်။

စံနမူနာကောင်းပြခြင်းအားဖြင့်။ ခရစ်ယာန်အမူအကျင့်တင်ပြခြင်းမှာ စံနမူနာကောင်းဖို့ သူတို့ကြိုးစားကြတယ်။ ကိုယ့်ကို သူတစ်ပါး ပြုစေလိုတဲ့အတိုင်း သူတစ်ပါးကို အတတ်နိုင်ဆုံး ပြုမူဆက်ဆံကြတယ်။ (မဿဲ ၇:၁၂) သူတို့ဟာ မစုံလင်သူတွေဖြစ်လို့ တစ်ခါတလေ အမှားလုပ်တတ်ကြပါတယ်။ ဒါပေမဲ့ သတင်းကောင်းဝေမျှခြင်းအပြင် ဖြစ်နိုင်တဲ့အခါတိုင်း တခြားနည်းတွေနဲ့ အကူအညီပေးခြင်းအားဖြင့် လူတိုင်းကို အတတ်နိုင်ဆုံး မေတ္တာနဲ့ ပြုမူဆက်ဆံကြပါတယ်။

ယေဟောဝါသက်သေတွေ သတင်းကောင်း ဟောပြောရတဲ့ ရည်ရွယ်ချက်က ကမ္ဘာတစ်ခုလုံးကို ဘာသာသွတ်သွင်းဖို့ မဟုတ်ပါဘူး။ အဲဒီအစား ယေဟောဝါဘုရားသခင် စိတ်ကျေနပ်တဲ့အထိ၊ တော်ပြီလို့ မပြောမချင်း သတင်းကောင်းကို ဟောပြောနေကြမှာဖြစ်တယ်။ အဲဒီနောက် ယေရှု ကြိုပြောခဲ့တဲ့အတိုင်း အဆုံးရောက်လာပါလိမ့်မယ်။ ဒါဆိုရင် ကမ္ဘာမြေကြီးနဲ့ လူသားတွေက ဘာဖြစ်သွားမလဲ။

[စာမျက်နှာ ၇ ပါရုပ်ပုံ]

ယေဟောဝါသက်သေတွေ သတင်းကောင်းကို ကမ္ဘာတစ်ဝန်း ဟောပြောနေကြ