မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အဆုံး” ဆိုတာ ဘာလဲ

“အဆုံး” ဆိုတာ ဘာလဲ

“အဆုံး” ဆိုတာ ဘာလဲ

“. . . သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်။”—မဿဲ ၂၄:၁၄

ကမ္ဘာဆုံးခန်းတိုင်တော့မယ့်အကြောင်း မကြာသေးခင်က လူပြောများလာကြတယ်။ ကမ္ဘာဆုံးခန်းတိုင်တော့မယ့်အကြောင်းကို စာပေတွေနဲ့ ရုပ်ရှင်တွေမှာ ဟာသဆန်ဆန်အနေနဲ့ရော သိပ္ပံဆိုင်ရာရှုထောင့်အနေနဲ့ပါ အမျိုးမျိုး ရေးသားတင်ဆက်နေကြတယ်။ ကပ်ဘေးအမျိုးမျိုးထဲမှာ နျူကလီးယားစစ်ပွဲ၊ ဂြိုလ်သိမ်ဂြိုလ်မွှားအချင်းချင်း တိုက်မိခြင်း၊ ဘေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးမွှားများ၊ ရာသီဥတုဖောက်ပြန်ခြင်း၊ အာကာသမှလာတဲ့ ကျူးကျော်သူတွေကြောင့် အစအနပါမကျန် ပျက်သုဉ်းခြင်း ပါဝင်တယ်။

အဆုံးနဲ့ပတ်သက်တဲ့ ဘာသာရေးရှုထောင့်တွေကလည်း အမျိုးမျိုး ကွဲပြားနေကြတယ်။ “အဆုံး” ရောက်လာတဲ့အခါ မြေကြီးပေါ်ရှိ သက်ရှိအားလုံး ပျောက်ပျက်သွားမယ်ဆိုပြီး ဘာသာတရား အတော်များများက သွန်သင်ပေးကြတယ်။ မဿဲ ၂၄:၁၄ နဲ့ပတ်သက်ပြီး ခရစ်ယာန်ဓမ္မပညာရှင်တစ်ယောက်က အရေးကြီးတဲ့ ဒီစကားတွေကို ရေးသားခဲ့တယ်– “ကျမ်းစာတစ်အုပ်လုံးက အရေးကြီးဆုံးကျမ်းချက်တွေထဲမှာ ဒီကျမ်းချက်လည်းပါတယ်။ . . . ကျွန်ုပ်တို့ရဲ့ လူမျိုးဆက်ဟာ လုံးလုံးဖျက်ဆီးခံရမယ့်ဘေးကို ရင်ဆိုင်ရဖို့အကြောင်း ရှိနေတယ်။ ကျွန်ုပ်တို့အများစုဟာ အဲဒီအမှန်တရားကို တွေးတောင်မတွေးချင်ဘူး။”

အဲလိုရှုမြင်ချက်တွေက အရေးကြီးတဲ့ အချက်တစ်ချက်ကို ချန်လှပ်ထားကြတယ်။ အဲဒါကတော့ ယေဟောဝါဘုရားသခင်ဟာ ‘မြေကြီးကို အမြဲတည်စေ’ ပြီး “အချည်းနှီးဖန်ဆင်း” ထားတာမဟုတ်ဘဲ “သတ္တဝါနေစရာဖို့ ဖန်ဆင်း” ထားတယ်ဆိုတဲ့ အချက်ဖြစ်တယ်။ (ဟေရှာယ ၄၅:၁၈) ဒါကြောင့် “အဆုံး” လို့ ယေရှု ရည်ညွှန်းတဲ့အခါ ကမ္ဘာမြေကြီးက ဖျက်ဆီးခံရမယ်လို့ မဆိုလိုတဲ့အပြင် လူသားထုတစ်ရပ်လုံး ပျက်သုဉ်းသွားမယ်လို့လည်း မဆိုလိုပါဘူး။ ယေရှုရဲ့ဆိုလိုရင်းက ဘုရားသခင်ရဲ့ မေတ္တာပါတဲ့ ညွှန်ကြားချက်တွေကို ခေါင်းမာမာနဲ့ ငြင်းဆန်နေတဲ့ ဆိုးညစ်သူတွေပဲ ဖျက်ဆီးခံရမှာဖြစ်ပါတယ်။

ဒီဥပမာကို သုံးသပ်ကြည့်ပါ။ သင့်မှာ လှပတဲ့အိမ်တစ်လုံးရှိပြီး လူတွေကို အခမဲ့ ပေးနေတယ်လို့ ဆိုကြပါစို့။ တချို့က အေးအေးဆေးဆေး နေထိုင်ပြီး အိမ်ကိုလည်း ကြည့်ရှုစောင့်ရှောက်ပေးတယ်။ ဒါပေမဲ့ တချို့ကတော့ ခိုက်ရန်ဖြစ်ပွားနေကြပြီး အတူနေတဲ့ တခြားသူတွေကို အနိုင်ကျင့်တယ်။ အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေကိုလည်း ဖျက်လိုဖျက်ဆီးလုပ်နေတယ်။ အဲဒီလိုမလုပ်ဖို့ သင်ပြောတဲ့အခါမှာ နားမထောင်ဘဲ ထင်တိုင်းကြဲနေကြတယ်။

အဲဒီကိစ္စကို သင် ဘယ်လိုဖြေရှင်းမလဲ။ သင့်ရဲ့အိမ်ကို ဖျက်ဆီးပစ်မလား။ အဲဒီလိုတော့ သင်လုပ်မယ်လို့မထင်ဘူး။ ထင်တိုင်းကြဲနေတဲ့သူတွေကို အိမ်ကနေ မောင်းချလိုက်ပြီး ပျက်စီးသွားတဲ့အရာတွေကို ပြန်လည်ပြုပြင်မှာ ဖြစ်ပါတယ်။

ယေဟောဝါဘုရားသခင်လည်း အဲဒီအတိုင်းပဲ လုပ်ဆောင်ပါလိမ့်မယ်။ ဘုရားသခင်က ဆာလံဆရာကို ဒီလိုရေးသားဖို့ လှုံ့ဆော်ပေးခဲ့တယ်– ‘ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။ ထာဝရဘုရားသခင်ကို မျှော်လင့်သောသူတို့မူကား မြေကြီးကို အမွေခံရကြလိမ့်မည်။ ခဏကြာပြီးမှ မတရားသောသူ မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍ မတွေ့ရ။ စိတ်နှိမ့်ချသောသူတို့မူကား မြေကြီးကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။’—ဆာလံ ၃၇:၉-၁၁

တမန်တော်ပေတရုလည်း အဲဒီအကြောင်းကို ပြောခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ညွှန်ကြားမှုနဲ့ သူ ဒီလိုရေးသားခဲ့တယ်– “ဘုရားသခင်၏ တရားစကားတော်အရ ရှေးကောင်းကင်တည်ရှိကြောင်း၊ ရေထဲမှပေါ်ထွက်၍ ရေဝိုင်းရံထားသော ကမ္ဘာမြေကြီး တည်ရှိကြောင်း၊ ၎င်းတို့အားဖြင့် ထိုအချိန်က လောကသည် ရေလွှမ်းမိုးခံရ၍ ပျက်စီးခဲ့ကြောင်းတို့ ဖြစ်၏။” (၂ ပေတရု ၃:၅၊ ၆) တမန်တော်ပေတရုဟာ နောဧခေတ် ရေလွှမ်းမိုးခြင်းအကြောင်းကို ရည်ညွှန်းနေတာဖြစ်တယ်။ အဲဒီခေတ်တုန်းက ဆိုးညစ်တဲ့သူတွေကို ဖျက်ဆီးလိုက်ပေမဲ့ ကမ္ဘာမြေကြီးကိုတော့ မဖျက်ဆီးခဲ့ပါဘူး။ အဲဒီကမ္ဘာချီ ရေလွှမ်းမိုးဘေးဟာ ‘ဆိုးညစ်သောသူတို့၌ ဖြစ်ရမည့်အရာများ၏ ပုံနမူနာ’ ဖြစ်ပါတယ်။—၂ ပေတရု ၂:၆

အဲဒီနောက် တမန်တော်ပေတရုက “ကောင်းကင်နှင့်မြေကြီးသည် မီးရှို့ရန်သိုထားခံရ” တယ်လို့ ဆက်ပြောခဲ့တယ်။ သူပြောတဲ့စကားတွေကို ဆက်မဖတ်ဖြစ်ဘူးဆိုရင် အဓိပ္ပာယ် တလွဲကောက်မိနိုင်တယ်။ တကယ်ဆိုရင် ‘ဆိုးညစ်သောသူတို့ကို ဖျက်ဆီး’ မယ်လို့ သူဆက်ပြောသေးတယ်။ ကမ္ဘာမြေကြီးကိုမဟုတ်ဘဲ ဆိုးညစ်တဲ့သူတွေကိုပဲ ဖျက်ဆီးမှာဖြစ်ပါတယ်။ ပြီးတော့ သူဘာဆက်ပြောသေးသလဲ။ “ငါတို့သည် ဖြောင့်မတ်ခြင်းတည်နေရာ ကောင်းကင်သစ် [ယေရှုခရစ် အုပ်ချုပ်တဲ့ ဘုရားသခင့်နိုင်ငံတော်] နှင့် မြေကြီးသစ် [ဖြောင့်မတ်တဲ့ လူ့အဖွဲ့အစည်း] ကို ကတိတော်နှင့်အညီ စောင့်မျှော်လျက်ရှိကြ၏” ဆိုပြီး သူရေးခဲ့တယ်။—၂ ပေတရု ၃:၇၊ ၁၃

ကျမ်းစာကြိုဟောချက်တွေကလည်း “အဆုံး” ရောက်လာခါနီးပြီဆိုတာကို ဖော်ပြနေတယ်။ အဲဒါမှန်ကန်ကြောင်း သက်သေထူတဲ့ ဖြစ်ရပ်တွေကို သိနိုင်ဖို့ မဿဲ ၂၄:၃-၁၄ နဲ့ ၂ တိမောသေ ၃:၁-၅ ကိုဖတ်ကြည့်ပါ။ *

ကလေးတစ်ယောက်တောင် နားလည်နိုင်တဲ့ မဿဲ ၂၄:၁၄ ကို ဘာကြောင့် ဒီလောက်ရှုပ်ထွေးအောင် လုပ်နေကြတာလဲဆိုပြီး သင် အံ့သြမိမှာပဲ။ အဲလိုရှုပ်ထွေးစေတဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။ စာတန်ဟာ ကျမ်းစာမှာပါတဲ့ အဖိုးထိုက်အမှန်တရားကို လူတွေမသိအောင် သူတို့ရဲ့ ဉာဏ်မျက်စိကိုကွယ်ထားတယ်။ (၂ ကောရိန္သု ၄:၄) ဘုရားသခင်ကလည်း မိမိရည်ရွယ်ချက်တွေကို မာနကြီးတဲ့သူတွေမသိအောင် ဝှက်ထားပြီး နှိမ့်ချတဲ့သူတွေကိုပဲ ဖွင့်ပြတယ်။ အဲဒါနဲ့ပတ်သက်ပြီး ယေရှု ဒီလိုပြောခဲ့တယ်– “ကောင်းကင်နှင့်မြေကြီးကို အစိုးရသောအဖ၊ ကိုယ်တော်သည် ဤအကြောင်းအရာတို့ကို ပညာရှိသောသူနှင့် ဉာဏ်ကောင်းသောသူတို့ မသိစေရန် ဝှက်ထား၍ သူငယ်များကို ဖော်ပြတော်မူသောကြောင့် ကိုယ်တော်အား ချီးမွမ်းပါ၏။” (မဿဲ ၁၁:၂၅) ဘုရားသခင့်နိုင်ငံတော်က အမှန်တကယ် ဘာလဲဆိုတာ သဘောပေါက်ပြီး အဲဒီနိုင်ငံတော်ကို ထောက်ခံသူအားလုံး ခံစားရရှိမယ့် အကျိုးကျေးဇူးတွေကို စောင့်မျှော်နေကြတဲ့ စိတ်နှိမ့်ချတဲ့သူတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ရတာ ဂုဏ်ယူစရာ ကောင်းလိုက်တာ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 အသေးစိတ်သိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ရဲ့ အခန်း ၉ မှာဖတ်ကြည့်နိုင်ပါတယ်။

[စာမျက်နှာ ၉ ပါရုပ်ပုံ]

ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာမြေကြီးပေါ်ရှိ ဆိုးညစ်မှုအားလုံးကို “အဆုံး” တိုင်စေမယ်