မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာတန်ကို ဘုရားသခင် ဖန်ဆင်းခဲ့သလား

စာတန်ကို ဘုရားသခင် ဖန်ဆင်းခဲ့သလား

စာရှုသူများအမေး . . .

စာတန်ကို ဘုရားသခင် ဖန်ဆင်းခဲ့သလား

▪ ဘုရားသခင်က “အရာခပ်သိမ်းကို ဖန်ဆင်း” ခဲ့တယ်လို့ ကျမ်းစာမှာဆိုထားတဲ့အတွက် စာတန်ကိုလည်း ဘုရားသခင် ဖန်ဆင်းခဲ့မှာပဲလို့ တချို့က ကောက်ချက်ချကြတယ်။ (ဧဖက် ၃:၉; ဗျာ. ၄:၁၁) စာတန်ကို ဘုရားသခင် မဖန်ဆင်းခဲ့ဘူးလို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။

ဘုရားသခင်ဟာ ဝိညာဉ်သတ္တဝါတွေကို ဖန်ဆင်းခဲ့တယ်။ အဲဒီအထဲက တစ်ဦးဟာ နောက်ပိုင်းမှာ စာတန်ဖြစ်လာတယ်။ ဒါဆိုရင် ယေဟောဝါဘုရားသခင်ကို ဆန့်ကျင်တဲ့ ရန်သူကြီး တည်ရှိနေတယ်ဆိုတဲ့အချက်က ဖန်ဆင်းရှင်ဘုရားသခင်အကြောင်း ကျမ်းစာဖော်ပြချက်နဲ့ ဘယ်လိုလုပ်ကိုက်ညီမလဲ။ ဘုရားသခင်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘အမှုတော်သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့်ညီလျက် သစ္စာစောင့်သောဘုရားသခင်၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရားသခင် ဖြစ်တော်မူ၏။’ (တရားဟောရာ ၃၂:၃-၅) ဒီအချက်အရ စာတန်ဟာ အစပိုင်းမှာ စုံလင်ပြီး ဖြောင့်မတ်တဲ့ပုဂ္ဂိုလ်၊ တိတိကျကျ ပြောရမယ်ဆိုရင် ဘုရားသခင်ရဲ့ ကောင်းကင်သားတစ်ယောက် ဖြစ်ခဲ့တယ်လို့ ကောက်ချက်ချနိုင်တယ်။ စာတန်ဟာ “အမှန်တရား၌ မတည်မနေ” ဆိုပြီး ယေရှုပြောခဲ့တယ်။ (ယောဟန် ၈:၄၄) ဒါကြောင့် စာတန်ဟာ တစ်ချိန်တုန်းက ဖြောင့်မတ်ပြီး အပြစ်ကင်းစင်ခဲ့တယ်ဆိုတာ သိရတယ်။

ဒါပေမဲ့ ယေဟောဝါဘုရားသခင်ရဲ့ အသိဉာဏ်ရှိတဲ့ သတ္တဝါတွေလိုပဲ စာတန်ဖြစ်လာတဲ့ ကောင်းကင်တမန်မှာလည်း အမှားအမှန်ကို လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့်ရှိတယ်။ စာတန်ဟာ ဘုရားသခင်ကို ဆန့်ကျင်ဖို့ ရွေးချယ်ပြီး အာဒံနဲ့ဧဝကို သူနဲ့ပူးပေါင်းဖို့ လှုံ့ဆော်ခြင်းအားဖြင့် သူ့ကိုယ်သူ “ခုခံသူ” လို့အဓိပ္ပာယ်ရတဲ့ စာတန်ဖြစ်စေခဲ့တယ်။—ကမ္ဘာဦး ၃:၁-၅

အဲဒီဆိုးညစ်တဲ့ ကောင်းကင်တမန်ဟာ “အသရေဖျက်သူ” လို့အဓိပ္ပာယ်ရှိတဲ့ (Devil) ဆိုတဲ့ နာမည်ကိုလည်း ရသွားတယ်။ စာတန်ဟာ မြွေရဲ့နောက်ကွယ်က မမြင်နိုင်တဲ့ အယောင်ဆောင်သမားဖြစ်ပြီး ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့ ဖန်ဆင်းရှင်ရဲ့ ပညတ်ကို ဧဝ မလိုက်လျှောက်နိုင်အောင် လိမ်ညာတဲ့စကားတွေကို ကောက်ကျစ်စဉ်းလဲစွာ အသုံးပြုခဲ့တယ်။ ဒါကြောင့် ယေရှုက စာတန်ကို ‘လိမ်လည်ပြောဆိုခြင်း၏ အဖ’ လို့ခေါ်ဆိုခဲ့တာဖြစ်တယ်။—ယောဟန် ၈:၄၄

ဒါပေမဲ့ စုံလင်တဲ့ ဝိညာဉ်သတ္တဝါတစ်ဦးဟာ အားနည်းချက်တွေ မရှိတဲ့အပြင် မကောင်းတဲ့သြဇာရဲ့ လွှမ်းမိုးမှုကိုလည်း မခံရဘဲနဲ့ ဘယ်လိုလုပ် မှားယွင်းတဲ့သဘောထားတွေ သူ့ဆီ ဝင်လာရတာလဲ။ ဘုရားသခင် တစ်ဦးတည်းသာ ပိုင်ဆိုင်တဲ့ ဝတ်ပြုမှုကို စာတန် လိုချင်တပ်မက်လာပြီး ဘုရားသခင်ရဲ့ အုပ်ချုပ်မှုအောက်ကနေ သူ့ရဲ့အုပ်ချုပ်မှုအောက်ထဲ လူတွေရောက်ရှိလာအောင် သူလုပ်နိုင်စွမ်းရှိတယ်ဆိုပြီး မြင်လာတယ်။ အဲဒီအတွေးတွေကို ထုတ်ပစ်လိုက်မယ့်အစား ဆက်စဉ်းစားပြီး နောက်ဆုံး အကောင်အထည်ဖော်လိုက်တယ်။ အဲဒီလိုမျိုးဖြစ်စဉ်ကို ယာကုပ်ကျမ်းမှာ ဒီလိုဖော်ပြထားတယ်– “လူတစ်ဦးစီသည် မိမိ၏အလိုဆန္ဒအားဖြင့် ဆွဲဆောင်ဖြားယောင်းခြင်းခံရသဖြင့် စုံစမ်းနှောင့်ယှက်ခံရခြင်းဖြစ်၏။ ထို့နောက် အလိုဆန္ဒသည် အမြစ်တွယ်သွားသောအခါ မကောင်းမှုကို မွေးထုတ်ပေးလေ၏။”—ယာကုပ် ၁:၁၄၊ ၁၅ကက်သလစ်ကျမ်းစာတော်မြတ်; ၁ တိမောသေ ၃:၆

အဲဒါကို ဒီလိုဥပမာပြနိုင်ပါတယ်။ စာရင်းကိုင်တစ်ယောက်ဟာ မိမိကိုယ်ကျိုးအတွက် ကုမ္ပဏီကို စာရင်းလိမ်တင်ပြဖို့ အခွင့်အရေးတစ်ခုကို တွေ့ထားတယ်။ အဲဒီမှားယွင်းတဲ့အတွေးကို သူ ချက်ချင်း ထုတ်ပစ်လိုက်နိုင်တယ်။ အဲလိုမှမဟုတ်ဘဲ တနုံ့နုံ့တွေးနေမယ်ဆိုရင် သူ့အတွက် နှစ်သက်စရာဖြစ်လာပြီး နောက်ဆုံး သူစဉ်းစားထားတဲ့အတိုင်း လုပ်ဆောင်နိုင်စရာရှိတယ်။ တကယ်လို့ အဲလိုသူလုပ်ခဲ့မယ်ဆိုရင် သူ့ကိုယ်သူ သူခိုးဖြစ်စေတာပဲ။ သူ့အပြစ်နဲ့ပတ်သက်ပြီး လိမ်ညာပြောဆိုခဲ့မယ်ဆိုရင် သူဟာ လူလိမ်လူညာလည်း ဖြစ်သွားပြီ။ အဲဒီလိုပါပဲ၊ မှားယွင်းတဲ့စိတ်ဆန္ဒတွေကို မွေးမြူပြီး အဲဒီအတိုင်း လုပ်ဆောင်ခဲ့ခြင်းအားဖြင့် ဘုရားသခင် ဖန်ဆင်းထားတဲ့ ကောင်းကင်တမန်တစ်ဦးဟာ လှည့်စားဖို့၊ ဘုရားသခင်ကိုပုန်ကန်ဖို့ သူ့ရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အသုံးချခဲ့တယ်။ ဒီလိုနဲ့ သူဟာ သူ့ကိုယ်သူ စာတန်ဖြစ်စေခဲ့တယ်။

ဝမ်းသာစရာက စာတန်ဟာ ဘုရားသခင် သတ်မှတ်ထားတဲ့အချိန်ရောက်ရင် ဖျက်ဆီးခံရပါလိမ့်မယ်။ (ရောမ ၁၆:၂၀) ဒီအတောအတွင်း ယေဟောဝါဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုတဲ့သူတွေကို စာတန်ရဲ့အကြံအစည်တွေ အသိပေးထားတဲ့အပြင် သူ့ရဲ့ စဉ်းလဲတဲ့ပရိယာယ်တွေကနေ အကာအကွယ်ပေးထားပါတယ်။ (၂ ကောရိန္သု ၂:၁၁; ဧဖက် ၆:၁၁) ဒါကြောင့် ‘စာတန်ကို ခုခံတွန်းလှန်ကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံမှ ထွက်သွားလိမ့်မည်။’—ယာကုပ် ၄:၇

[စာမျက်နှာ ၂၁ ပါအကျဉ်းဖော်ပြချက်]

စုံလင်တဲ့ ကောင်းကင်တမန်တစ်ဦးဟာ ဘုရားသခင်ကို ဆန့်ကျင်ဖို့ ရွေးချယ်ခြင်းအားဖြင့် သူ့ကိုယ်သူ စာတန်ဖြစ်စေခဲ့