မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့် ယုံကြည်သူချင်းတွေကို လျစ်လျူမရှုပါနဲ့

သင့် ယုံကြည်သူချင်းတွေကို လျစ်လျူမရှုပါနဲ့

သင့် ယုံကြည်သူချင်းတွေကို လျစ်လျူမရှုပါနဲ့

“စီးပွားရေးလောကမှာ ဆယ်နှစ်ကြာ ကျင်လည်ပြီးတဲ့နောက် ကျွန်တော်တို့ အတော်လေးချမ်းသာလာတယ်။ အမှန်တရားမှာ ကြီးပြင်းလာခဲ့ကြပေမဲ့ ယေဟောဝါနဲ့ တရွေ့ရွေ့ဝေးကွာသွားခဲ့ပြီး ပြန်လှည့်ဖို့ စိတ်ကူးမရှိခဲ့ဘူး” လို့ ယာရိုဆွာနဲ့ ဇနီး ဘယာတာက ပြန်ပြောပြတယ်။ *

နောက်ညီအစ်ကိုတစ်ဦးဖြစ်တဲ့ မာရက်က ဒီလိုပြောတယ်– “ပိုလန်မှာ လူမှုရေးနဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် အလုပ်တစ်ခုပြီးတစ်ခု ပြုတ်သွားတယ်။ ဒါကြောင့် ကျွန်တော် စိတ်ပျက်ခဲ့တယ်။ ကျွန်တော့်မှာ စီးပွားရေးအမြင်မရှိလို့ ကိုယ်ပိုင်ကုမ္ပဏီထောင်ဖို့ စိုးရိမ်ခဲ့တယ်။ နောက်ဆုံးမှာတော့ ဘုရားသခင်နဲ့ကျွန်တော့်ရဲ့ဆက်ဆံရေးကို မထိခိုက်ဘဲ မိသားစုကို ကောင်းကောင်း ကျွေးမွေးထောက်ပံ့ပေးနိုင်မှာပဲလို့ စဉ်းစားပြီး ကုမ္ပဏီတစ်ခုထောင်ခဲ့တယ်။ အချိန်ကြာလာတဲ့အခါ တက်တက်စင်အောင် လွဲမှားနေပါလားဆိုတာ ကျွန်တော်သိခဲ့ရတယ်။”

ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်နေပြီး အလုပ်လက်မဲ့တိုးများလာတဲ့ လောကမှာ တချို့သူတွေက စိုးရိမ်လာကြတဲ့အတွက် ပညာမဲ့တဲ့ဆုံးဖြတ်ချက်တွေ ချလာကြတယ်။ ညီအစ်ကိုအတော်များများက အချိန်ပိုအလုပ်ဆင်းဖို့၊ နောက်ထပ်အလုပ်တစ်ခုထပ်လုပ်ဖို့၊ အတွေ့အကြုံမရှိတာတောင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အပိုဝင်ငွေကြောင့် မိသားစုကို တစ်ဖက်တစ်လမ်းကနေ ကူညီနိုင်ပြီး ယေဟောဝါနဲ့ဆက်ဆံရေးကိုလည်း ထိခိုက်မှာမဟုတ်ပါဘူးလို့ ယူဆကြတယ်။ ဒါပေမဲ့ ကြိုတင်မမြင်နိုင်တဲ့အဖြစ်အပျက်တွေနဲ့ မတည်ငြိမ်တဲ့စီးပွားရေးကြောင့် သူတို့ထင်သလိုဖြစ်မလာခဲ့ဘူး။ ရလဒ်အနေနဲ့ တချို့ဆိုရင် လောဘထောင်ချောက်ထဲကျသွားပြီး ဝတ်ပြုရေးကို ထိခိုက်တဲ့အထိ ရုပ်ပစ္စည်းကိုပဲ သည်းကြီးမည်းကြီးရှာကြတော့တယ်။—ဒေ. ၉:၁၁၊ ၁၂

တချို့ညီအစ်ကို ညီအစ်မတွေက လောကစီးပွားရေးထဲကို ခြေစုံပစ်ဝင်ပြီး လုပ်ကိုင်နေတဲ့အတွက် ကိုယ်ပိုင်လေ့လာမှုလုပ်ဖို့၊ အစည်းအဝေးတွေတက်ဖို့၊ အမှုဆောင်ထွက်ဖို့ အချိန်မရှိကြဘူး။ ဒီလိုလျစ်လျူရှုခြင်းက ဝတ်ပြုရေးကိုရော၊ ယေဟောဝါနဲ့ သူတို့ရဲ့ဆက်ဆံရေးကိုပါ ထိခိုက်စေတယ်ဆိုတာ ရှင်းနေပါတယ်။ အရေးကြီးတဲ့ နောက်ဆက်ဆံရေးတစ်ခုဖြစ်တဲ့ “ယုံကြည်ခြင်း၌ ဆွေမျိုးတော်သူ” တွေကိုလည်း လျစ်လျူရှုလာကြတယ်။ (ဂလ. ၆:၁၀) တချို့သူတွေက ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းကနေ တဖြည်းဖြည်း ဝေးကွာသွားကြတယ်။ ဒီကိစ္စကို အလေးအနက် စဉ်းစားကြည့်ပါ။

ယုံကြည်သူချင်းတွေအပေါ် ကျွန်ုပ်တို့ရဲ့တာဝန်

ညီအစ်ကိုညီအစ်မတွေအနေနဲ့ ကျွန်ုပ်တို့က တစ်ဦးကိုတစ်ဦး မေတ္တာပြနိုင်တဲ့ အခြေအနေတွေအများကြီးရှိပါတယ်။ (ရော. ၁၃:၈) သင့်အသင်းတော်မှာ ‘အကူအညီအတွက် အော်ဟစ်နေသူ’ တွေ ရှိနိုင်ပါတယ်။ (ယောဘ ၂၉:၁၂ကဘ) တချို့သူတွေမှာ အခြေခံလိုအပ်ရာတွေ မရှိဘဲဖြစ်နေနိုင်တယ်။ အဲဒီလိုအခြေအနေတွေက ကျွန်ုပ်တို့အတွက် အခွင့်အရေးဖြစ်တယ်ဆိုပြီး တမန်တော်ယောဟန် သတိပေးခဲ့တယ်– “လောကစည်းစိမ်ရှိလျက်ပင် မိမိညီအစ်ကို ချို့ငဲ့နေသည်ကို သိမြင်သော်လည်း သနားစာနာစိတ်ကို ထိန်းချုပ်ထားလျှင် ထိုသူ၌ ဘုရားသခင်၏မေတ္တာတော် တည်ပါမည်လော။”—၁ ယော. ၃:၁၇

သင်ဟာ အဲဒီလို လိုအပ်နေသူတွေကိုရော တခြားသူတွေကိုပါ ရက်ရက်ရောရော ကူညီပေးခဲ့ဖူးမှာပဲ။ ဒါပေမဲ့ ညီအစ်ကိုအသင်းအပင်းကို စိတ်ဝင်စားကြောင်းပြရာမှာ ရုပ်ပစ္စည်းကူညီပေးရုံလောက်ပဲ မဟုတ်ဘူး။ တချို့သူတွေက အထီးကျန် ဒါမှမဟုတ် စိတ်ပျက်အားငယ်နေလို့ အကူအညီလိုအပ်နေတာ ဖြစ်နိုင်တယ်။ သူတို့တွေက ယေဟောဝါကို အမှုဆောင်ဖို့ မထိုက်တန်ဘူးလို့ခံစားရတာ၊ အကြီးအကျယ်ဖျားနာနေတာ ဒါမှမဟုတ် ချစ်မြတ်နိုးရသူသေဆုံးသွားတာကြောင့် ဖြစ်နိုင်ပါတယ်။ ကျွန်ုပ်တို့အားပေးနိုင်တဲ့တစ်နည်းကတော့ သူတို့ပြောတာကို နားထောင်ပေးပြီး သူတို့နဲ့စကားပြောဆိုပေးခြင်းအားဖြင့် သူတို့ရဲ့စိတ်ခံစားချက်ကိုသက်သာစေပြီး ယေဟောဝါနဲ့ဆက်ဆံရေးခိုင်မြဲဖို့ ကူညီပေးခြင်းဖြစ်တယ်။ (၁ သက်. ၅:၁၄) ဒီလိုလုပ်ဆောင်ခြင်းက ကျွန်ုပ်တို့နဲ့ ညီအစ်ကိုညီအစ်မကြား မေတ္တာနှောင်ကြိုးကို ပိုခိုင်မြဲစေပါတယ်။

အသင်းတော်မှာရှိတဲ့အကြီးအကဲတွေက ကိုယ်ချင်းစာစိတ်၊ နားလည်မှုပြပြီး မေတ္တာနဲ့ ကျမ်းဆိုင်ရာလမ်းညွှန်ချက်တွေကို ပေးနိုင်တဲ့အနေအထားမှာရှိကြတယ်။ (တ. ၂၀:၂၈) ဒီလိုနည်းအားဖြင့် ကြီးကြပ်မှူးတွေက ညီအစ်ကိုညီအစ်မတွေအပေါ် “အလွန်ချစ်ခင်စုံမက်” တဲ့ တမန်တော်ပေါလုကို တုပကြတယ်။—၁ သက်. ၂:၇၊ ၈

ဒါပေမဲ့ ခရစ်ယာန်တစ်ဦး သိုးအုပ်ကနေလမ်းလွဲသွားတယ်ဆိုရင် ယုံကြည်သူချင်းတွေကို ကူညီပေးရမယ့်သူ့တာဝန်ကို ဘယ်လိုလုပ်ဆောင်နိုင်တော့မလဲ။ ကြီးကြပ်မှူးတွေတောင် ရုပ်ပစ္စည်းတပ်မက်မှုထောင်ချောက်ထဲ ကျရောက်သွားနိုင်ပါတယ်။ ခရစ်ယာန်တစ်ဦးက အဲဒီသွေးဆောင်မှုတွေကို အလျှော့ပေးလိုက်လျောလိုက်မယ်ဆိုရင် ဘာဖြစ်သွားမလဲ။

ဘဝစိုးရိမ်ပူပန်မှုတွေနဲ့ ဝန်ပိနေတဲ့အခါ

သိခဲ့ပြီးဖြစ်တဲ့အတိုင်း မိသားစုရဲ့အခြေခံလိုအပ်ရာတွေကိုဖြည့်ဆည်းဖို့အတွက်ပဲ ရုန်းကန်နေမယ်ဆိုရင် စိုးရိမ်ပူပန်မှုတွေနဲ့ဝန်ပိပြီး ကျွန်ုပ်တို့ရဲ့ခရစ်ယာန်စံနှုန်းတွေကို ပေါ့ပေါ့တန်တန်သဘောထားလာမှာဖြစ်တယ်။ (မ. ၁၃:၂၂) အစပိုင်းမှာဖော်ပြခဲ့တဲ့မာရက် ဒီလိုပြောတယ်– “ကျွန်တော်စီးပွားပျက်သွားတော့ နိုင်ငံခြားသွားပြီး လစာကောင်းတဲ့အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အစပိုင်းမှာတော့ သုံးလလောက်ပဲလုပ်မယ်လို့ စိတ်ကူးခဲ့ပေမဲ့ နောက်ထပ်သုံးလ၊ သုံးလနဲ့ပဲ အိမ်ကိုသိပ်မကပ်နိုင်တော့ဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့ မယုံကြည်သူဇနီးသည်က တော်တော့်ကို စိတ်ထိခိုက်လာတယ်။”

မိသားစုဘဝကိုပဲ ထိခိုက်တာမဟုတ်ဘူး။ မာရက်က ဒီလိုဆက်ပြောတယ်– “ချစ်ချစ်တောက်ပူတဲ့နေရောင်အောက်မှာ နာရီများစွာ အလုပ်လုပ်ရတဲ့အပြင် တခြားသူတွေကို အနိုင်ကျင့်ဗိုလ်ကျတဲ့ ရိုင်းစိုင်းတဲ့သူတွေနဲ့ ရင်ဆိုင်ရတယ်။ သူတို့တွေက လူဆိုးဂိုဏ်းသားတွေလိုပဲ။ ဒါကြောင့် ကျွန်တော် စိတ်ဓာတ်ကျလာပြီး အနိုင်ကျင့်ခံနေရတယ်လို့ ခံစားခဲ့ရတယ်။ ယုံကြည်သူချင်းတွေကို အားပေးဖို့မပြောနဲ့ ကိုယ့်ကိုယ်ကိုယ်တောင် ဂရုစိုက်ဖို့အချိန်မရှိတော့ဘူး။”

မာရက်ရဲ့အဖြစ်အပျက်ကိုကြည့်ပြီး ကျွန်ုပ်တို့လည်း စဉ်းစားသင့်တယ်။ နိုင်ငံခြားသွားပြီးအလုပ်လုပ်တာက ငွေရေးကြေးရေးအခက်အခဲတွေကို ဖြေရှင်းပေးနိုင်တယ်ဆိုရင်တောင်မှ တခြားပြဿနာတွေ ပေါ်လာနိုင်တယ်။ ဥပမာ၊ ယေဟောဝါနဲ့ မိသားစုရဲ့ဆက်ဆံရေး၊ မိသားစုရဲ့စိတ်ခံစားချက်တွေကို ထိခိုက်သွားမလား။ ဒီလိုလုပ်တာက အသင်းတော်နဲ့အဆက်အသွယ် ပြတ်တောက်သွားစေမလား။ ယုံကြည်သူချင်းတွေအတွက် အမှုဆောင်နိုင်တဲ့အခွင့်ထူးကိုရော လက်လွှတ်ဆုံးရှုံးသွားစေမလား။—၁ တိ. ၃:၂-၅

နိုင်ငံခြားသွားပြီးအလုပ်လုပ်မှပဲ လောကအလုပ်မှာ နစ်မြုပ်သွားနိုင်တာ မဟုတ်ဘူးဆိုတာ သင်လည်းသိပါတယ်။ ယာရိုဆွာနဲ့ ဘယာတာတို့ရဲ့အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ သူဒီလိုပြောတယ်– “အစပိုင်းမှာတော့ ရိုးရိုးလေးပါပဲ။ လက်ထပ်ပြီးခါစမှာ လူစည်ကားတဲ့နေရာမှာ ဟော့ဒေါ့ (ဝက်အူချောင်းညှပ်ပေါင်မုန့်) ဆိုင်လေးတစ်ဆိုင် ဖွင့်ခဲ့တယ်။ အမြတ်တအားရလာလို့ ဆိုင်ကိုတိုးချဲ့ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါနဲ့ ကျွန်တော်တို့ အစည်းအဝေးတွေ ပျက်လာတယ်။ သိပ်မကြာပါဘူး၊ ကျွန်တော် ရှေ့ဆောင်လည်းမလုပ်နိုင်တော့ဘူး၊ (ခရစ်ယာန်) ဓမ္မအမှုထမ်းလည်း မလုပ်နိုင်တော့ဘူး။ အမြတ်ရဖို့ကိုပဲ စိတ်ဝင်စားလို့ ဆိုင်ကြီးတစ်ဆိုင်ဖွင့်ပြီး မယုံကြည်သူတစ်ဦးနဲ့ စပ်တူလုပ်ခဲ့တယ်။ နောက်မကြာခင်မှာပဲ ဒေါ်လာသန်းနဲ့ချီတဲ့စာချုပ်တွေချုပ်ဆိုဖို့ နိုင်ငံခြားအထိ ခရီးသွားခဲ့တယ်။ ကျွန်တော် အိမ်သိပ်မကပ်နိုင်တော့လို့ မိသားစုနဲ့ကျွန်တော့်ရဲ့ဆက်ဆံရေး ထိခိုက်လာတယ်။ နောက်ဆုံးမှာတော့ စီးပွားရေးမှာပဲ စုံးစုံးမြုပ်နေတဲ့အတွက် တဖြည်းဖြည်းနဲ့ ယေဟောဝါကို အမှုမဆောင်နိုင်တော့ဘူး။ အသင်းတော်နဲ့လည်း အဆက်အသွယ်ပြတ်သွားလို့ ညီအစ်ကိုညီအစ်မတွေအကြောင်း ခေါင်းထဲမထည့်နိုင်တော့ဘူး။”

ဒီအချက်ကနေ သင် ဘာသင်ခန်းစာရသလဲ။ ဇိမ်ခံပစ္စည်းအပြည့်နဲ့ ခမ်းနားထည်ဝါတဲ့အိမ်ကြီးမှာနေလိုတဲ့ဆန္ဒက ခရစ်ယာန်တစ်ဦးအတွက် ထောင်ချောက်ဖြစ်နိုင်ပြီး ခရစ်ယာန်အမှတ်အသားဖြစ်တဲ့ “မိမိ၏ဝတ်ရုံများ” ပျောက်ဆုံးသွားတာတောင်မှ ကိုယ့်ကိုယ်ကိုယ် အကျေနပ်ကြီးကျေနပ်နေတဲ့အထိ ဖြစ်သွားစေနိုင်တယ်။ (ဗျာ. ၁၆:၁၅) ဒီလိုလုပ်ခြင်းက အရင်က ကျွန်ုပ်တို့ကူညီပေးခဲ့တဲ့ ညီအစ်ကိုညီအစ်မတွေနဲ့ ဝေးကွာသွားစေတယ်။

ရိုးရိုးသားသား ဆန်းစစ်ပါ

‘ငါကတော့ အဲဒီလိုဖြစ်မှာမဟုတ်ဘူး’ လို့စဉ်းစားမိနိုင်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့တစ်ဦးစီက ငါအသက်ရှင်ဖို့ ဘယ်လောက်ပဲ လိုအပ်သလဲဆိုတာ အလေးအနက်သုံးသပ်သင့်တယ်။ ပေါလု ဒီလိုရေးခဲ့တယ်– “ငါတို့သည် ဤလောကသို့ မည်သည့်အရာကိုမျှ ယူလာခဲ့သည်မဟုတ်။ ထွက်သွားလျှင်လည်း မည်သည့်အရာကိုမျှ ယူသွားနိုင်မည်မဟုတ်။ သို့ဖြစ်၍ ငါတို့သည် စားစရာ၊ ဝတ်စရာ၊ နေစရာရှိသမျှနှင့် ကျေနပ်ရောင့်ရဲနေကြရမည်။” (၁ တိ. ၆:၇၊ ၈) လူနေမှုအဆင့်အတန်းက တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူဘူးဆိုတာ မှန်ပါတယ်။ တိုးတက်တဲ့နိုင်ငံရဲ့ အခြေခံအဆင့်က တခြားနိုင်ငံတွေအတွက် အထက်တန်းကျတဲ့အဆင့် ဖြစ်နိုင်တယ်။

ကျွန်ုပ်တို့နေထိုင်တဲ့နိုင်ငံရဲ့ လူနေမှုအဆင့်အတန်းက ဘယ်လိုပဲရှိပါစေ ပေါလုရဲ့ နောက်ဆက်တွဲစကားတွေကို သုံးသပ်ကြည့်ပါ– “ချမ်းသာရန် စိတ်ပိုင်းဖြတ်ထားသူတို့မူကား လူတို့ကို လုံးလုံးပျက်စီး ဆုံးရှုံးစေတတ်သော သွေးဆောင်ခြင်း၊ ကျော့မိခြင်းနှင့် မိုက်မဲ၍ ထိခိုက်နစ်နာစေနိုင်သည့် အလိုဆန္ဒများထဲသို့ ကျရောက်ကြ၏။” (၁ တိ. ၆:၉) သားကောင်က ထောင်ချောက်ကို မမြင်နိုင်ဘူး။ ထောင်ချောက်ဆိုတာ သားကောင်ကို အမှတ်တမဲ့ဖမ်းဖို့ ပြုလုပ်ထားတာဖြစ်တယ်။ “ထိခိုက်နစ်နာစေနိုင်သည့် အလိုဆန္ဒများ” ရဲ့ထောင်ချောက်ထဲ ကျရောက်မသွားဖို့ ဘယ်လို ရှောင်နိုင်မလဲ။

ဦးစားထားရမယ့်အရာတွေကို သတ်မှတ်ထားမယ်ဆိုရင် ကိုယ်ပိုင်လေ့လာမှုအပါအဝင် ယေဟောဝါကို အမှုဆောင်ဖို့ အချိန်ရစေတယ်။ သေချာဆုတောင်း လေ့လာခြင်းက တခြားသူတွေကို ကူညီပေးဖို့ ခရစ်ယာန်တစ်ဦးကို “အရည်အချင်းပြည့်ဝပြီး လုံးလုံးလျားလျား အသင့်ဖြစ်” စေနိုင်ပါတယ်။—၂ တိ. ၂:၁၅; ၃:၁၇

မေတ္တာပြည့်ဝတဲ့အကြီးအကဲတွေက နှစ်တွေတစ်လျှောက် ယာရိုဆွာကို အားပေးခဲ့တယ်။ ဒါကြောင့် ယာရိုဆွာက လုံးဝပြောင်းလဲဖို့ လှုံ့ဆော်ခံခဲ့ရတယ်။ သူ ဒီလိုပြောပြတယ်– “အကြီးအကဲတွေပြောခဲ့သမျှမှာ ကျွန်တော် ကောင်းကောင်းမှတ်မိနေတာကတော့ ထာဝရအသက်ရလိုပေမဲ့ မိမိရဲ့ပိုင်ဆိုင်ရာတွေကို မစွန့်လွှတ်လိုတဲ့ ချမ်းသာကြွယ်ဝတဲ့လူငယ်အကြောင်း ဥပမာကို ကိုးကားခဲ့တာဖြစ်တယ်။ ဒီအချက်က ကျွန်တော်နဲ့ ဘယ်လိုသက်ဆိုင်တယ်ဆိုတာသိအောင် လိမ္မာပါးနပ်စွာ ဖော်ပြခဲ့တယ်။ ဒါနဲ့ ကျွန်တော် မျက်စိပွင့်သွားတယ်။”—သု. ၁၁:၂၈; မာ. ၁၀:၁၇-၂၂

ယာရိုဆွာက သူ့ရဲ့အခြေအနေကို ရိုးရိုးသားသားဆန်းစစ်ပြီးတဲ့နောက် သူ့ရဲ့ စီးပွားရေးလုပ်ငန်းကြီးကို ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။ နှစ်နှစ်အတွင်းမှာပဲ သူနဲ့သူ့မိသားစုက ယေဟောဝါနဲ့ဆက်ဆံရေးပြန်ကောင်းလာတယ်။ အခုဆိုရင် သူက အကြီးအကဲတစ်ဦးအနေနဲ့ အမှုဆောင်နေပြီ။ ယာရိုဆွာ ဒီလိုပြောပြတယ်– “ယေဟောဝါနဲ့ဆက်ဆံရေးကို လျစ်လျူရှုတဲ့အထိ လောကအလုပ်မှာ နစ်မြုပ်စပြုလာတဲ့ ညီအစ်ကိုတွေကို အားပေးတဲ့အခါ မယုံကြည်သူတွေနဲ့အတူ စီးပွားရေးလုပ်တာက ဘယ်လောက်တောင်ပညာမဲ့တယ်ဆိုတာ ကျွန်တော့်ရဲ့ကိုယ်တွေ့ဖြစ်ရပ်ကို ပြောပြလေ့ရှိတယ်။ စီးပွားရေးတိုးချဲ့ဖို့ကမ်းလှမ်းမှုတွေကို ငြင်းပယ်ဖို့နဲ့ မရိုးသားတဲ့အကျင့်တွေကို ရှောင်ဖို့ဆိုတာ မလွယ်ဘူး။”—၂ ကော. ၆:၁၄

မာရက်လည်း ကိုယ်တွေ့အဖြစ်အပျက်ကနေ သင်ခန်းစာရခဲ့တယ်။ နိုင်ငံရပ်ခြားမှာ လစာကောင်းတဲ့အလုပ်လုပ်တာက မိသားစုအတွက် ငွေကြေးအရအဆင်ပြေပေမဲ့ ဘုရားသခင်နဲ့ရော ညီအစ်ကိုတွေနဲ့ဆက်ဆံရေးကိုပါ ထိခိုက်လာတယ်။ အချိန်တန်တဲ့အခါ သူ့ရဲ့ ဦးစားထားရာတွေကို ပြန်ဆန်းစစ်ခဲ့တယ်။ “ကျွန်တော့်ရဲ့အခြေအနေက ‘ကြီးစွာသောအရာတို့ကို ကိုယ်အဖို့ရှာ’ ခဲ့တဲ့ ဗာရုတ်နဲ့တူခဲ့တယ်။ နောက်ဆုံးမှာ ကျွန်တော် ဘုရားသခင်ထံရင်ဖွင့်ပြီး ကျွန်တော့်စိုးရိမ်ပူပန်မှုတွေကို ပြောပြခဲ့တယ်၊ အခုတော့ ကျွန်တော် ဘုရားသခင်နဲ့ဆက်ဆံရေးပြန်ကောင်းလာပြီလို့ ခံစားရတယ်။” (ယေ. ၄၅:၁-၅) အခုဆိုရင် မာရက်က “ကောင်းသောအမှု” ဖြစ်တဲ့ အသင်းတော်ကြီးကြပ်မှူးအရာကို တက်လှမ်းနေတယ်။—၁ တိ. ၃:၁

နိုင်ငံရပ်ခြားမှာ လစာကောင်းတဲ့အလုပ်သွားလုပ်ဖို့ စဉ်းစားနေတဲ့သူတွေကို မာရက် ဒီလို သတိပေးတယ်– “နိုင်ငံခြားမှာဆိုရင် ဒီဆိုးညစ်တဲ့စနစ်ရဲ့ထောင်ချောက်ထဲ အလွယ်တကူ ကျသွားနိုင်တယ်။ ဘာသာစကား အခက်အခဲကြောင့် တခြားသူတွေနဲ့ ကောင်းကောင်း ဆက်သွယ်ပြောဆိုဖို့ ခက်တယ်။ ငွေထုပ်ပိုက်ပြီး အိမ်ပြန်လာနိုင်ပေမဲ့ ပြတ်တောက်သွားတဲ့ ဘုရားသခင်နဲ့ဆက်ဆံရေး ပြန်နာလန်ထူနိုင်ဖို့ အချိန်အတော်ယူရတယ်။”

လောကအလုပ်နဲ့ ညီအစ်ကိုတွေကို ဂရုစိုက်ကြည့်ရှုရမယ့်တာ၀န်ကို ဟန်ချက်ညီစေခြင်းက ယေဟောဝါရဲ့မျက်နှာသာ ရရှိစေပါတယ်။ ဒါ့အပြင် တခြားသူတွေရှေ့မှာ ပုံသက်သေကောင်းဖြစ်နိုင်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချနိုင်ဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။ ဝန်ပိနေတဲ့သူတွေက ညီအစ်ကိုညီအစ်မတွေရဲ့ ထောက်မမှု၊ ကိုယ်ချင်းစာနာမှုနဲ့ ပုံသက်သေကောင်းလိုအပ်တယ်။ အသင်းတော်အကြီးအကဲတွေနဲ့ တခြားရင့်ကျက်သူတွေက ယုံကြည်သူချင်းတွေ ဟန်ချက်ညီညီ ဆက်လုပ်ဆောင်ဖို့နဲ့ ဘဝရဲ့စိုးရိမ်ပူပန်မှုတွေနဲ့ လုံးပန်းမနေဖို့ ကူညီပေးနိုင်ပါတယ်။—ဟေဗြဲ ၁၃:၇

လောကအလုပ်မှာပဲ နစ်မြုပ်နေခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ယုံကြည်သူချင်းတွေကို ဘယ်တော့မှ လျစ်လျူမရှုမိပါစေနဲ့။ (ဖိ. ၁:၁၀) အဲဒီအစား ကျွန်ုပ်တို့ရဲ့ဘဝမှာ ဘုရားသခင့်အမှုဆောင်ခြင်းကို ဦးစားထားခြင်းအားဖြင့် ‘ဘုရားသခင့်ရှေ့တော်တွင် ကြွယ်ဝ’ သူများ ဖြစ်ကြပါစို့။—လု. ၁၂:၂၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 အမည်တချို့ကို ပြောင်းထား။

[စာမျက်နှာ ၂၁ ပါရုပ်ပုံ]

သင့်အလုပ်ကြောင့် အစည်းအဝေးတွေမတက်နိုင် ဖြစ်နေသလား

[စာမျက်နှာ ၂၃ ပါရုပ်ပုံ]

သင့်ညီအစ်ကိုညီအစ်မတွေကို ကူညီပေးရတဲ့အခွင့်အရေးကို သင်တန်ဖိုးထားသလား