မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှု ဘယ်နေရာက လာတာလဲ

ယေရှု ဘယ်နေရာက လာတာလဲ

ယေရှု ဘယ်နေရာက လာတာလဲ

“[ပိလတ်မင်းသည်] နန်းတော်တွင်းသို့ ပြန်ဝင်ပြီးလျှင် ယေရှုအား ‘သင်သည် အဘယ်ကနည်း’ ဟု မေးသော် ယေရှုသည် တစ်ခွန်းမျှဖြေတော်မမူ။”—ယောဟန်၁၉:၉။

ယေရှုကို ရုံးတင်စစ်ဆေးချိန်မှာ ရောမဘုရင်ခံ ပုန္တိပိလတ်က အဲဒီမေးခွန်းကို မေးခဲ့တာဖြစ်တယ်။ * ယေရှုဟာ အစ္စရေးနိုင်ငံရဲ့ ဘယ်နယ်သားလဲဆိုတာကို ပိလတ်မင်း သိထားတယ်။ (လုကာ ၂၃:၆၊ ၇) သာမန်လူသား မဟုတ်ဘူးဆိုတာကိုလည်း သူသိထားတယ်။ ယေရှု အရင်တုန်းက အသက်ရှင်ခဲ့၊ မရှင်ခဲ့ဆိုတာကို ပိလတ်မင်း သိချင်နေတာလား။ အဲဒီဘုရင်ခံမှာ အမှန်တရားကို လက်ခံကျင့်သုံးချင်တဲ့စိတ် ရှိသလား။ ဘယ်လိုပဲဖြစ်ဖြစ် ယေရှု တစ်ခွန်းမှ ပြန်မဖြေခဲ့ဘူး။ ပိလတ်မင်းက အမှန်တရားနဲ့ တရားမျှတမှုထက် သူ့ရာထူးကိုပဲ ပိုပြီးစိတ်ဝင်စားတယ်ဆိုတာ အဖြေပေါ်လာတော့မယ်။—မဿဲ ၂၇:၁၁-၂၆

ယေရှု ဘယ်နေရာက လာတာလဲဆိုတာကို စိတ်ရင်းမှန်နဲ့ သိချင်တဲ့သူတွေက အဖြေကို အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။ ကျမ်းစာမှာ ယေရှုရဲ့ဇာစ်မြစ်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ အောက်ပါအချက်တွေကို သုံးသပ်ကြည့်ရအောင်။

ယေရှုမွေးဖွားခဲ့တဲ့နေရာ ကနေ့ခေတ် တွက်ချက်မှုအရ ဘီစီအီး ၂၊ ဆောင်းဦးပေါက်ရာသီမှာ ယုဒပြည်၊ ဘက်သလီဟင်မြို့ငယ်က ဆင်းရဲနွမ်းပါးတဲ့ မိသားစုကနေ ယေရှု မွေးဖွားခဲ့ပါတယ်။ ကိုယ်ဝန်အရင့်အမာရှိနေတဲ့ မာရိနဲ့ သူ့ခင်ပွန်းယောသပ်တို့ဟာ ကဲသာသြဂုတ္တုရဲ့အမိန့်အရ အမည်စာရင်းသွင်းဖို့ ယောသပ်ရဲ့ဇာတိဖြစ်တဲ့ ဘက်သလီဟင်မြို့ငယ်ကို မသွားမဖြစ် သွားခဲ့ရတယ်။ အဲဒီမြို့ငယ်မှာ လူတွေအများကြီး ရောက်နေတဲ့အတွက် သူတို့ တည်းခိုဖို့ နေရာမရှိတော့ဘူး။ ဒါနဲ့ နွားတင်းကုပ်မှာပဲ တည်းခဲ့ရတယ်။ အဲဒီမှာပဲ ယေရှုကို မွေးဖွားပြီး နွားစားခွက်ထဲမှာ သိပ်ထားခဲ့ရတယ်။—လုကာ ၂:၁-၇

ယေရှုမွေးမယ့်နေရာကို ရာစုနှစ်များစွာကတည်းက ကျမ်းစာမှာ ကြိုပြောခဲ့တယ်– “အို [ဘက်သလီဟင်] ဧဖရတ်မြို့ အစိုးရသောယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း [အစ္စရေး] အမျိုးကိုအုပ်စိုးရသော သခင်သည် ငါ့အဖို့ သင်၏အထဲမှာ ပေါ်ထွန်းလတ္တံ့။” * (မိက္ခာ ၅:၂) ဘက်သလီဟင်မြို့ဟာ ယုဒပြည်ထဲက မြို့တွေထဲမှာ အသေးဆုံးမြို့ဖြစ်တယ်။ ဒါပေမဲ့ ဒီမြို့ငယ်လေးက တစ်မူထူးခြားစွာ ဂုဏ်တင်ခံရတော့မယ်။ အဲဒီနေရာကနေ ကြိုဟောထားတဲ့ မေရှိယ (ဘုရားသခင်ခန့်အပ်ထားတဲ့သူ) လို့ခေါ်တဲ့ ခရစ်တော် ပေါ်ထွန်းတော့မယ်။—မဿဲ ၂:၃-၆; ယောဟန် ၇:၄၀-၄၂

ယေရှု ကြီးပြင်းခဲ့ရာနေရာ ယေရှုရဲ့ မိသားစုဟာ အီဂျစ်ပြည်မှာ ခဏနေပြီး ဂျေရုဆလင်မြို့ရဲ့ မြောက်ဘက် မိုင် ၆၀ အကွာလောက်မှာရှိတဲ့ ဂါလိလဲပြည်၊ နာဇရက်မြို့ကို ပြောင်းရွှေ့သွားကြတယ်။ အဲဒီတုန်းက ယေရှုဟာ အသက် ၃ နှစ်တောင် မပြည့်သေးဘူး။ လှပတဲ့ ဒီဒေသမှာ လယ်သမားတွေ၊ သိုးထိန်းတွေ၊ တံငါသည်တွေ အသက်မွေးဝမ်းကျောင်းပြုကြတယ်။ ယေရှုဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုကြီးမှာ ကြီးပြင်းလာတာပါ။—မဿဲ ၁၃:၅၅၊ ၅၆

မေရှိယဟာ “နာဇရက်မြို့သား” ဖြစ်မယ်ဆိုပြီး ရာစုနှစ်များစွာကတည်းက ကျမ်းစာမှာ ကြိုဟောထားတယ်။ “‘ကိုယ်တော်အား နာဇရက်မြို့သားဟုခေါ်ကြမည်’ ဟူသည့် ပရောဖက်တို့ဆင့်ဆိုသောစကား ပြည့်စုံ” စေဖို့ ယေရှုမိသားစုဟာ “နာဇရက်” မြို့မှာ လာနေထိုင်ကြတယ်လို့ ခရစ်ဝင်ကျမ်းရေးသူ မဿဲက ပြောတယ်။ (မဿဲ ၂:၁၉-၂၃) နာဇရက်ဆိုတဲ့ အမည်ဟာ “အညွန့်” လို့ပြန်ဆိုထားတဲ့ ဟေဗြဲစကားလုံးနဲ့ ဆက်စပ်နေပါတယ်။ မေရှိယဟာ ယေရှဲအမျိုးအငုတ်ထဲက ထွက်လာမယ့် “အညွန့်” လို့အခေါ်ခံရမယ်။ ဆိုလိုတာက မေရှိယဟာ ဘုရင်ဒါဝိဒ်ရဲ့ဖခင် ယေရှဲကနေ ဆင်းသက်လာမယ်ဆိုတဲ့ ပရောဖက်ဟေရှာယရဲ့ ကြိုဟောချက်ကို မဿဲ ရည်ညွှန်းနေတာဖြစ်ပါတယ်။ (ဟေရှာယ ၁၁:၁) တကယ်လည်း ယေရှုဟာ ယေရှဲရဲ့ မျိုးဆက် ဒါဝိဒ်ကနေ ဆင်းသက်လာခဲ့တယ်။—မဿဲ ၁:၆၊ ၁၆; လုကာ ၃:၂၃၊ ၃၁၊ ၃၂

ယေရှုရဲ့ မူလနေရာ ယေရှုဟာ ဘက်သလီဟင်မြို့ငယ်လေးက နွားတင်းကုပ်မှာ မမွေးဖွားခင် ကြာမြင့်စွာကတည်းက အသက်ရှင်ခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ “ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသော သခင်ဖြစ်၏” လို့ ပရောဖက်မိက္ခာက ကြိုဟောခဲ့တယ်။ (မိက္ခာ ၅:၂) ဘုရားသခင်ရဲ့သားဦးဖြစ်တဲ့ ယေရှုဟာ လူသားအနေနဲ့ မြေကြီးပေါ် မလာခင်ကတည်းက ကောင်းကင်မှာ ဝိညာဉ်သားတစ်ဦးအနေနဲ့ နေထိုင်ခဲ့တယ်။ ယေရှုကိုယ်တော်တိုင်ကလည်း “ငါမူကား အထက်ဘုံမှဖြစ်၏” လို့ပြောခဲ့တယ်။ (ယောဟန် ၆:၃၈; ၈:၂၃) အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။

ယေဟောဝါဘုရားသခင်ဟာ သန့်ရှင်းသောစွမ်းအားတော်ကိုအသုံးပြုပြီး သားတော်ယေရှုရဲ့အသက်ကို ဂျူးအပျိုကညာမာရိရဲ့ သားအိမ်ထဲ ရွှေ့ပြောင်းပေးခဲ့တယ်။ * ဒါကြောင့် ယေရှုဟာ စုံလင်တဲ့လူသားအနေနဲ့ မွေးဖွားလာနိုင်တာပါ။ အနှိုင်းမဲ့တန်ခိုးရှင် ဘုရားသခင်အတွက် အဲဒီအံ့ဖွယ်အမှုကို ပြုလုပ်ရတာ ဘာမှမခက်ခဲပါဘူး။ အဲဒီအံ့ဖွယ်အမှုအကြောင်း မာရိကို ကောင်းကင်တမန် ပြောတုန်းက “ဘုရားသခင်၏မိန့်ဆိုချက်သည် မပြည့်စုံဘဲမနေ” ဘူးလို့လည်း ပြောပြခဲ့တယ်။—လုကာ ၁:၃၀-၃၅၊ ၃၇

ယေရှု ဘယ်နေရာက လာတာလဲဆိုတာလောက်ပဲ ကျမ်းစာမှာ ဖော်ပြထားတာမဟုတ်ပါဘူး။ ယေရှု ဘယ်လိုနေထိုင်သွားသလဲဆိုတာကိုလည်း မဿဲ၊ မာကု၊ လုကာ၊ ယောဟန်ခရစ်ဝင်ကျမ်း လေးကျမ်းစလုံးမှာ ဖော်ပြထားပါသေးတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ယေရှုအဖမ်းခံရပြီး ရုံးတင်စစ်ဆေးခံရတဲ့အကြောင်း ပိုသိချင်တယ်ဆိုရင် ဒီစာစောင်ရဲ့ စာမျက်နှာ ၁၈-၂၂ မှာပါတဲ့ “အဆိုးရွားဆုံး ရုံးတင်စစ်ဆေးမှု” ဆောင်းပါးကိုဖတ်ပါ။

^ အပိုဒ်၊ 6 ဘက်သလီဟင်မြို့ငယ်လေးကို အရင်တုန်းက ဧဖရတ်မြို့ လို့ခေါ်တယ်။—ကမ္ဘာဦး ၃၅:၁၉

^ အပိုဒ်၊ 10 ဘုရားသခင်ရဲ့နာမည်က ယေဟောဝါဖြစ်တယ်ဆိုပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။—ယေရမိ ၃၃:၂