မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှု ဘာကြောင့် သေရတာလဲ

ယေရှု ဘာကြောင့် သေရတာလဲ

ယေရှု ဘာကြောင့် သေရတာလဲ

‘လူသားသည် လူများအတွက် ရွေးနုတ်ဖိုးအဖြစ် အသက်ကိုစွန့်ရန် ကြွလာတော်မူ၏။’—မာကု ၁၀:၄၅

အနာဂတ်မှာ ဘာတွေကြုံရမယ်ဆိုတာကို ယေရှု ကြိုသိထားပါတယ်။ သူ့ဘဝဟာ အေးအေးချမ်းချမ်းနဲ့ နေထိုင်သွားရလိမ့်မယ်လို့ မမျှော်မှန်းထားပါဘူး။ အဲဒီအစား အသက် ၃၀ ကျော်အရွယ်မှာပဲ အဖြစ်ဆိုးနဲ့ကြုံရပြီး အသက်တိုရလိမ့်မယ်လို့ သဘောပေါက်ထားပါတယ်။ ဒီအတွက် သေခြင်းတရားကိုရင်ဆိုင်ဖို့ အဆင်သင့်လုပ်ထားတယ်။

သမ္မာကျမ်းစာထဲမှာ ယေရှုရဲ့သေခြင်းကို အလွန်အရေးပါတဲ့အရာအဖြစ် အလေးပေးဖော်ပြထားပါတယ်။ အကိုးအကားစာပေတစ်ခုရဲ့အဆိုအရ ဓမ္မသစ်ကျမ်းလို့ခေါ်တဲ့ ခရစ်ယာန်ဂရိကျမ်းစောင်ထဲမှာ ယေရှုရဲ့သေခြင်းအကြောင်းကို အကြိမ်ပေါင်း ၁၇၅ ကြိမ်ခန့် တိုက်ရိုက်ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ယေရှုဟာ ဘာဖြစ်လို့ ဆင်းရဲဝေဒနာခံစားပြီး သေဆုံးခဲ့ရတာလဲ။ ယေရှုရဲ့သေခြင်းက ကျွန်ုပ်တို့ရဲ့အသက်တာအပေါ် များစွာအကျိုးသက်ရောက်နိုင်တာမို့ အဲဒီမေးခွန်းရဲ့အဖြေကို သိဖို့လိုအပ်ပါတယ်။

ယေရှု မျှော်လင့်ထားရာများ ယေရှုဟာ မိမိရဲ့အသက်တာ နောက်ဆုံးနှစ်အတွင်းမှာ ကြုံတွေ့ရတော့မယ့် ဆင်းရဲဝေဒနာနဲ့ သေခြင်းအကြောင်း တပည့်တွေကို မကြာခဏ ပြောပြခဲ့တယ်။ ယေရှုအတွက် နောက်ဆုံးဖြစ်မယ့် ပသခါပွဲ (ဂျူးလူမျိုးရဲ့ ပွဲတော်) ကိုတက်ရောက်ဖို့ ဂျေရုဆလင်မြို့ကိုအသွား လမ်းခရီးမှာ တမန်တော် ၁၂ ယောက်ကို ကိုယ်တော်ဒီလိုပြောခဲ့တယ်– “လူသားသည် ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများလက်သို့ အပ်နှံခြင်းကို ခံရမည်။ ထိုသူတို့သည် လူသားကို သေဒဏ်စီရင်ကြလိမ့်မည်။ လူမျိုးခြားတို့လက်သို့ အပ်နှံကြလိမ့်မည်။ လူသားကို လှောင်ပြောင်ခြင်း၊ တံတွေးထွေးခြင်း၊ ရိုက်ပုတ်ခြင်း၊ အသေသတ်ခြင်းတို့ကို ပြုကြလိမ့်မည်။” * (မာကု ၁၀:၃၃၊ ၃၄) ယေရှုဟာ ကြုံတွေ့ရတော့မယ့် အရာတွေနဲ့ပတ်သက်ပြီး ဘာဖြစ်လို့ ဒီလောက်အသေအချာ ပြောနိုင်ရတာလဲ။

ယေရှုဟာ မိမိရဲ့အသက်တာ ဘယ်လိုအဆုံးသတ်သွားမယ်ဆိုတဲ့ ဟေဗြဲကျမ်းစောင်ထဲက ကြိုပြောချက်အတော်များများနဲ့ အကျွမ်းတဝင်ရှိထားတယ်။ (လုကာ ၁၈:၃၁-၃၃) ကျမ်းစာကြိုပြောချက်တချို့ ဘယ်လိုပြည့်စုံခဲ့တယ်ဆိုတာကို ကျမ်းစာရည်ညွှန်းချက်တွေနဲ့အတူ သုံးသပ်ကြည့်ရအောင်။

မေရှိယ ကြုံတွေ့ရတော့မယ့်အရာတွေက အောက်ပါအတိုင်းဖြစ်ပါတယ်

▪ ငွေ ၃၀ နဲ့ သစ္စာဖောက်ခံရမယ်။—ဇာခရိ ၁၁:၁၂; မဿဲ ၂၆:၁၄-၁၆

▪ ရိုက်ပုတ်ခြင်း၊ တံတွေးထွေးခြင်းခံရမယ်။—ဟေရှာယ ၅၀:၆; မဿဲ ၂၆:၆၇; ၂၇:၂၆၊ ၃၀

▪ နှက်တိုင်တင်ခံရမယ်။—ဆာလံ ၂၂:၁၆; မာကု ၁၅:၂၄၊ ၂၅

▪ သစ်တိုင်ပေါ်မှာရှိနေတုန်း ကဲ့ရဲ့ရှုတ်ချခံရမယ်။—ဆာလံ ၂၂:၇၊ ၈; မဿဲ ၂၇:၃၉-၄၃

▪ အရိုးတစ်ချောင်းမှ အချိုးမခံရဘဲ ကွပ်မျက်ခံရမယ်။—ဆာလံ ၃၄:၂၀; ယောဟန် ၁၉:၃၃၊ ၃၆

အထက်မှာ ဖော်ပြထားတဲ့အရာတွေ ဖြစ်ပျက်လာအောင် ယေရှု မစီစဉ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အဲဒီအရာတွေအပြင် တခြားကြိုဟောချက်တွေကို ပြည့်စုံစေခဲ့ပါတယ်။ အဲဒါတွေကိုကြည့်ခြင်းအားဖြင့် ယေရှုဟာ အမှန်တကယ်ပဲ ဘုရားသခင်စေလွှတ်လိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာ သိနိုင်တယ်။ *

ဒါပေမဲ့ ယေရှုဟာ ဆင်းရဲဝေဒနာခံစားပြီး သေဆုံးဖို့ ဘာဖြစ်လို့ လိုအပ်ရတာလဲ။

အင်မတန်အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဖြေရှင်းဖို့ ယေရှု အသေခံခဲ့ ဧဒင်ဥယျာဉ်မှာ စတင်ပေါ်ပေါက်ခဲ့တဲ့ စကြဝဠာဆိုင်ရာ အရေးကိစ္စတွေကို ယေရှု သိရှိထားတယ်။ အာဒံနဲ့ဧဝတို့ဟာ ဘုရားသခင်ကိုပုန်ကန်တဲ့ ဝိညာဉ်သတ္တဝါတစ်ဦးရဲ့ ဩဇာခံဘဝရောက်ခဲ့ရပြီး ဘုရားသခင့်စကားကို နားမထောင်တော့ဘူး။ သူတို့ရဲ့ပုန်ကန်မှုက ဘုရားသခင်ရဲ့အုပ်ချုပ်ပိုင်ခွင့်ကို သံသယဝင်စေခဲ့တယ်။ ဒါ့အပြင် သူတို့ရဲ့အပြစ်က လူသားတွေဟာ စမ်းသပ်မှုကြုံရတဲ့အခါ ဘုရားသခင်အပေါ် တည်ကြည်ပါဦးမလားဆိုတဲ့ မေးခွန်းကိုလည်း ပေါ်ပေါက်စေခဲ့ပါတယ်။—ကမ္ဘာဦး ၃:၁-၆; ယောဘ ၂:၁-၅

ဘုရားသခင့်အုပ်ချုပ်ပိုင်ခွင့်အပြင် လူတွေရဲ့တည်ကြည်မှုနဲ့ပတ်သက်ပြီး အခိုင်လုံဆုံး ဖြေရှင်းချက်နှစ်ခုကို ယေရှုပေးခဲ့တယ်။ ယေရှုဟာ “ညှဉ်းဆဲရာသစ်တိုင်ပေါ် အသေခံရသည့်တိုင်အောင်” အပြည့်အဝ နာခံခြင်းအားဖြင့် ဘုရားသခင့်အုပ်ချုပ်ပိုင်ခွင့်ကို ထောက်ခံခဲ့တယ်။ (ဖိလိပ္ပိ ၂:၈) ဒါ့အပြင် စုံလင်တဲ့ လူသားတစ်ဦးဟာ အဆိုးဝါးဆုံး စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရပါစေ ဘုရားသခင်အပေါ် အပြည့်အဝ တည်ကြည်နိုင်တယ်ဆိုတာကိုလည်း သက်သေပြသွားခဲ့တယ်။

လူသားတွေကို ကယ်တင်ဖို့ ယေရှု အသေခံခဲ့ ကတိထားရာ မေရှိယ (ဘုရားသခင် ခန့်အပ်ထားတဲ့ဘုရင်) ဟာ လူသားတွေရဲ့အပြစ်ကိုဖြေဖို့ ဆင်းရဲဝေဒနာခံပြီး သေဆုံးရမယ်လို့ ပရောဖက်ဟေရှာယ ကြိုဟောခဲ့တယ်။ (ဟေရှာယ ၅၃:၅၊ ၁၀) ဒီအချက်ကို ယေရှု ရှင်းရှင်းလင်းလင်း နားလည်ထားတယ်။ ဒါကြောင့်လည်း “လူများအတွက် ရွေးနုတ်ဖိုးအဖြစ် အသက်ကိုစွန့်” ဖို့ ယေရှုတလိုတလားရှိခဲ့တာ ဖြစ်တယ်။ (မဿဲ ၂၀:၂၈) ပူဇော်ရာယဇ်အဖြစ် ယေရှုရဲ့သေခြင်းက မစုံလင်တဲ့လူသားတွေကို ဘုရားသခင်နဲ့ဆက်ဆံရေးကောင်းရှိစေပြီး အပြစ်နဲ့သေခြင်းကနေ ကယ်တင်ခံရစေတယ်။ ဒါ့အပြင် အာဒံနဲ့ဧဝ ဆုံးရှုံးခဲ့ရာဖြစ်တဲ့ စုံလင်တဲ့အခြေအနေနဲ့ ကမ္ဘာပေါ် ထာဝစဉ်နေထိုင်သွားမယ်ဆိုတဲ့ မျှော်လင့်ချက်ကိုလည်း ပြန်လည်ရရှိစေတယ်။ *ဗျာ. ၂၁:၃၊ ၄

သင်လုပ်ဆောင်နိုင်ရာ ဒီအခန်းဆက်ဆောင်းပါးတွေမှာ ယေရှုနဲ့ပတ်သက်ပြီး သူ ဘယ်ကလာသလဲ၊ ဘယ်လိုနေထိုင်သွားသလဲ၊ ဘာကြောင့်သေဆုံးခဲ့တာလဲဆိုတဲ့ ကျမ်းစာဖော်ပြချက်တွေကို လေ့လာဆန်းစစ်ခဲ့ပါပြီ။ ယေရှုနဲ့ပတ်သက်တဲ့ အဲဒီအမှန်တရားတွေကို သိရှိထားခြင်းက သူနဲ့ပတ်သက်တဲ့ သံသယတွေကို အများကြီး ရှင်းလင်းသွားစေနိုင်ပါတယ်။ သိရှိလာတဲ့အမှန်တရားတွေနဲ့အညီ ပြုမူလုပ်ဆောင်မယ်ဆိုရင် လက်ရှိအသက်တာကို တိုးတက်ကောင်းမွန်စေနိုင်တဲ့အပြင် အနာဂတ်မှာလည်း ထာဝရအသက်ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအကျိုးကျေးဇူးတွေကို ရယူခံစားချင်တယ်ဆိုရင် ကျွန်ုပ်တို့ လုပ်ဆောင်ရမယ့်အရာတွေကို ကျမ်းစာမှာ ဖော်ပြပေးထားပါတယ်။

▪ ယေရှုခရစ်အကြောင်း၊ ဘုရားသခင့်ရည်ရွယ်ချက်မှာ ကိုယ်တော် ထမ်းဆောင်ရမယ့် တာဝန်တွေအကြောင်း လေ့လာဆည်းပူးပါ။—ယောဟန် ၁၇:၃

▪ ယေရှုကို ယုံကြည်ကြောင်း လက်တွေ့ ပြပါ။ ယေရှုကို သင့်ရဲ့ကယ်တင်ရှင်အဖြစ် လက်ခံကြောင်း သင့်ရဲ့အသက်ရှင်နေထိုင်ပုံနဲ့ ပြသသွားပါ။—ယောဟန် ၃:၃၆; တမန်တော် ၅:၃၁

ဘုရားသခင်ရဲ့ ‘တစ်ဦးတည်းသော သားတော်’ ယေရှုခရစ်အကြောင်း သင် များများသိရှိနိုင်အောင် ယေဟောဝါသက်သေတွေက ဝမ်းမြောက်ဝမ်းသာ ကူညီပေးချင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ယေရှုကနေတစ်ဆင့် “ထာဝရအသက်” ရရှိနိုင်လို့ ဖြစ်ပါတယ်။—ယောဟန် ၃:၁၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ယေရှုဟာ မိမိကိုယ်ကို “လူသား” ဆိုပြီး ရည်ညွှန်းပြောဆိုတတ်ပါတယ်။ (မဿဲ ၈:၂၀) ဒီအသုံးအနှုန်းက ယေရှုဟာ လူသားစင်စစ်ဖြစ်ရုံသာမကဘူး၊ ကျမ်းစာကြိုပြောချက်မှာ ရည်ညွှန်းထားတဲ့ “လူသား” လည်းဖြစ်တယ်ဆိုတာကို ဖော်ပြပါတယ်။—ဒံယေလ ၇:၁၃၊ ၁၄

^ အပိုဒ်၊ 13 ယေရှုမှာ ပြည့်စုံခဲ့တဲ့ ကြိုပြောချက်တွေအကြောင်း ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ရဲ့ နောက်ဆက်တွဲမှာပါတဲ့ “ယေရှုခရစ်—ကတိထားရာ မေရှိယ” ဆိုတဲ့ အကြောင်းအရာကို ဖတ်ကြည့်နိုင်ပါတယ်။

^ အပိုဒ်၊ 17 ပူဇော်ရာယဇ်အဖြစ် ပေးဆက်ခဲ့တဲ့ ယေရှုသေခြင်းရဲ့တန်ဖိုးအကြောင်း ထပ်သိချင်တယ်ဆိုရင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်က “ရွေးနုတ်ဖိုး—ဘုရားသခင်ထံမှ အကြီးမြတ်ဆုံး ဆုကျေးဇူး” ဆိုတဲ့ အခန်း ၅ မှာဖတ်ကြည့်နိုင်ပါတယ်။