မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကျွန်မ ယုံပါသည်”

“ကျွန်မ ယုံပါသည်”

သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ

“ကျွန်မ ယုံပါသည်”

ဂူဝမှာ ကျောက်တုံးနဲ့ပိတ်ထားတဲ့ မောင်လေးရဲ့သင်္ချိုင်းကို မာသ မြင်ယောင်နေမိတယ်။ သူဟာ အရမ်းကို ဝမ်းနည်းကြေကွဲနေတယ်။ ချစ်မြတ်နိုးရတဲ့ မောင်လေး လာဇရု သေဆုံးသွားတာကို သူမယုံနိုင်သေးဘူး။ လာဇရု သေဆုံးတာ လေးရက်ရှိသွားပါပြီ။ လာဇရုသေဆုံးပြီးတဲ့နောက် လေးရက်အတွင်းမှာ ငိုကြွေးမြည်တမ်းတာတွေ၊ ဧည့်သည်တွေရောက်လာပြီး နှစ်သိမ့်ပေးတာတွေနဲ့ ရှုပ်ယှက်ခတ်နေပုံပဲ။

အခု မာသရှေ့မှာ ရပ်နေတဲ့သူက လာဇရုအတွက် အရမ်းအရေးပါတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ယေရှုကို မာသမြင်လိုက်တဲ့အခါ ပိုပြီးဝမ်းနည်းလာတယ်။ ဘာကြောင့်လဲဆိုတော့ လာဇရုကို မသေအောင်လုပ်ပေးနိုင်တဲ့သူဆိုလို့ ယေရှုတစ်ယောက်တည်းပဲ ရှိတယ်ဆိုတာကို သိထားလို့ပါ။ ဗေသနိရွာနဲ့ မနီးမဝေးမှာ ယေရှုနဲ့အတူ ရှိနေတဲ့အတွက် မာသ စိတ်သက်သာရာရခဲ့တယ်။ ယေရှုနဲ့အတူရှိနေချိန် တဒင်္ဂလေးမှာပဲ ကိုယ်တော့်မျက်လုံးမှာ ကြင်နာရိပ်လွှမ်းနေတာ၊ မျှဝေခံစားပေးတာကို မာသမြင်လိုက်ရတော့ ပိုပြီးအားရှိသွားတယ်။ ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်ပြီး မာသရဲ့ ယုံကြည်ခြင်းကိုပဲ အာရုံစိုက်နိုင်အောင် ယေရှုက သူ့ကို မေးခွန်းတွေ မေးခဲ့တယ်။ စကားအပြန်အလှန်ပြောရင်းနဲ့ မာသက အရေးကြီးဆုံးစကားတစ်ခွန်းကို ဒီလိုဖွင့်ပြောလိုက်တယ်– “ကိုယ်တော်သည် ဤလောကသို့ ကြွလာရမည့် ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်သည်ကို ကျွန်မ ယုံပါသည်။”—ယောဟန် ၁၁:၂၇

မာသဟာ ယုံကြည်ခြင်း အလွန်ခိုင်ခံ့တဲ့သူပါ။ ကျမ်းစာမှာ သူ့အကြောင်း နည်းနည်းပဲပါပေမဲ့ ကျွန်ုပ်တို့ကို သင်ခန်းစာအများကြီး ပေးတယ်။ အဲဒါက ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေတယ်။ ဘယ်လိုခိုင်ခံ့စေနိုင်သလဲဆိုတာ သိနိုင်အောင် မာသနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဦးဆုံးဖော်ပြတဲ့မှတ်တမ်းကို သုံးသပ်ကြည့်ကြစို့။

“စိုးရိမ်ကြောင့်ကြလျက်ရှိ၏”

လွန်ခဲ့တဲ့လ အနည်းငယ်ကပေါ့။ အဲဒီတုန်းက လာဇရုဟာ ကျန်းကျန်းမာမာပါပဲ။ ဗေသနိရွာက လာဇရုရဲ့အိမ်ကို လာတည်းမယ့် အရေးပါဆုံးဧည့်သည်ဖြစ်တဲ့ ယေရှုခရစ် ရောက်လာခါနီးပြီ။ လာဇရု၊ မာသနဲ့ မာရိတို့ မောင်နှမသုံးယောက်ဟာ တစ်အိမ်ထဲမှာ အတူတူနေကြတယ်။ မောင်နှမသုံးယောက်ထဲမှာ မာသက အကြီးဆုံးဖြစ်ရမယ်လို့ သုတေသီတချို့က ပြောကြတယ်။ ဘာဖြစ်လို့လဲဆိုရင် သူက အိမ်ရှင်မလို အလုပ်လုပ်ပြီး တစ်ခါတလေ သူ့ရဲ့နာမည်ကို အရင်ဆုံး ဖော်ပြထားလို့ပါ။ (ယောဟန် ၁၁:၅) သူတို့သုံးယောက်စလုံးက အိမ်ထောင်သည်ဟုတ်မဟုတ်ဆိုတာကိုတော့ မသိရပါဘူး။ ဘာပဲဖြစ်ဖြစ်၊ သူတို့သုံးယောက်စလုံးက ယေရှုရဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေပါ။ ယုဒပြည်မှာ ယေရှု အမှုဆောင်ချိန်အတွင်း ဆန့်ကျင်မှုတွေ၊ ရန်လိုမှုတွေ အများကြီးခံခဲ့ရတယ်။ အဲဒီတုန်းက ယေရှုဟာ သူတို့အိမ်မှာပဲ အမြဲတည်းခိုခဲ့တယ်။ သူတို့အိမ်မှာ အေးအေးဆေးဆေး နေရတဲ့အပြင် ကျွေးမွေးပြုစုခံရတဲ့အတွက် ယေရှု ကျေးဇူးတင်မှာ သေချာတယ်။

သက်သောင့်သက်သာရှိအောင်၊ ဧည့်ဝတ်ကျေပွန်အောင် မာသ အလုပ်များခဲ့ရမှာပဲ။ ဝီရိယရှိတဲ့ မာသဟာ ပျာယာခတ်ပြီး အလုပ်များနေတတ်တယ်။ ယေရှုလာလည်တဲ့ အချိန်မှာလည်း သေချာပေါက် သူအလုပ်များနေမှာပါ။ အထူးဧည့်သည်နဲ့ သူ့ရဲ့ခရီးသွားဖော်တချို့အတွက် ဟင်းပွဲတွေ အများကြီးချက်ပြုတ်ဖို့ မာသ စီစဉ်နေပါပြီ။ အဲဒီခေတ်တုန်းက ဧည့်ဝတ်ကျေပွန်မှုဟာ အလွန်အရေးပါတယ်။ ကိုယ့်ရဲ့အိမ်ကို ဧည့်သည်တစ်ယောက် ရောက်လာပြီဆိုရင် အိမ်ရှင်က သူ့ကို အနမ်းနဲ့ ကြိုဆိုပြီး သူ့ရဲ့ ဖိနပ်ကို ချွတ်ပေးရတယ်။ သူ့ခြေထောက်ကို ရေဆေးပေးပြီး သူ့ခေါင်းကိုလည်း ဆီမွှေးလိမ်းပေးရတယ်။ (လုကာ ၇:၄၄-၄၇) ဧည့်သည်ကို ကောင်းကောင်းဂရုစိုက်တာ၊ သူအနားယူဖို့ နေရာကောင်းကောင်းလုပ်ပေးတာ၊ စားကောင်းသောက်ဖွယ်တွေနဲ့ ဧည့်ခံကျွေးမွေးတာတွေက ဂျူးတွေရဲ့ဓလေ့ပါ။

မာသနဲ့မာရိဟာ အထူးဧည့်သည်ကို ကောင်းကောင်းဧည့်ခံဖို့ အလုပ်တော်တော်များခဲ့ရမှာပါ။ မာသထက် ပိုပြီးထက်မြက်ပုံရတဲ့ မာရိဟာ အစပိုင်းမှာ မာသကို ကူညီပေးခဲ့ပုံပဲ။ ဒါပေမဲ့ ယေရှုလည်းရောက်လာရော အခြေအနေက ပြောင်းလဲသွားတယ်။ ယေရှုဟာ ရောက်တုန်းရောက်ခိုက် အိမ်မှာရှိနေတဲ့သူတွေကို သွန်သင်ပေးဖို့ အခွင့်အရေးယူခဲ့တယ်။ အဲဒီခေတ်တုန်းက ဘာသာရေးခေါင်းဆောင်တွေနဲ့မတူဘဲ ယေရှုဟာ အမျိုးသမီးတွေကို လေးစားပြီး သူတို့ကို ဘုရားသခင့်နိုင်ငံတော်အကြောင်း တလိုတလား ပြောပြခဲ့တယ်။ ဒီအခွင့်ထူးကို လက်လွှတ်မခံတဲ့ မာရိဟာ ယေရှုရဲ့ ခြေရင်းမှာထိုင်ပြီး ဟောပြောနေတာကို နားထောင်ခဲ့တယ်။

မာသ ဘယ်လောက်ထိ စိုးရိမ်ပြီး စိတ်ဖိစီးနေမယ်ဆိုတာကို မြင်ယောင်ကြည့်နိုင်ပါတယ်။ ဧည့်သည်တွေကို ကျွေးမွေးဖို့ ဟင်းလျာအမျိုးမျိုး ချက်ရဦးမယ်၊ ပြီးရင် သူတို့ရဲ့ဝေယျာဝစ္စတွေ လုပ်ပေးရဦးမယ်ဆိုတော့ အချိန်မီ မပြီးမှာကို စိုးရိမ်လာပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတယ်။ ပျာယာခတ်ပြီး အလုပ်များနေချိန်မှာ ညီမဖြစ်သူက ဘာအကူအညီမှမပေးဘဲ ထိုင်နေတာကို တွေ့လိုက်ရတော့ မာသရဲ့မျက်နှာ နီရဲလာပြီး သက်ပြင်းကို ခပ်ပြင်းပြင်းချကာ မျက်မှောင်ကြုတ်ထားသလား။ အဲဒီလို မာသလုပ်ခဲ့မယ်ဆိုရင် မအံ့သြသင့်ပါဘူး။ အလုပ်တွေကို သူတစ်ယောက်တည်း ဒိုင်ခံလုပ်နေရင် ဘယ်ပြီးတော့မလဲ။

နောက်ဆုံးတော့ မာသ ဆက်ပြီး မျိုသိပ်မထားနိုင်တော့ဘူး။ ဒါနဲ့ ယေရှုဆီသွားပြီး “သခင်၊ ကျွန်မ၏ညီမသည် ကျွန်မတစ်ယောက်တည်းအား လုပ်ကျွေးမှုတာဝန် ဆောင်ရွက်စေသည်ကို လျစ်လျူရှုတော်မူသလော။ သူသည် ကျွန်မကို ကူညီမည်အကြောင်း အမိန့်ရှိတော်မူပါ” လို့လွှတ်ခနဲ ပြောချလိုက်တယ်။ (လုကာ ၁၀:၄၀) မာသပြောတာ ကြမ်းသွားတယ်။ ကက်သလစ်ကျမ်းစာတော်မြတ်မှာ မာသရဲ့ မေးခွန်းကို ဒီလိုပြန်ဆိုထားတယ်– “သခင်၊ . . .  သတိမမူပါသလော။” အဲလိုမေးပြီးတဲ့နောက် မာရိကို ဆုံးမပေးဖို့၊ အလုပ်သွားလုပ်ခိုင်းဖို့ ယေရှုကို တောင်းဆိုလိုက်တယ်။

ယေရှုရဲ့တုံ့ပြန်ပုံကို မာသ အံ့သြသွားသလို ကျမ်းစာဖတ်ရှုသူ အတော်များများလည်း အံ့သြသွားကြမှာပါ။ ယေရှု ဒီလိုညင်ညင်သာသာ ပြောလိုက်တယ်– “မာသ၊ မာသ၊ သင်သည် များစွာသောအမှုတို့၌ စိုးရိမ်ကြောင့်ကြလျက်ရှိ၏။ အနည်းငယ်သာလျှင်၊ တစ်မည်သာလျှင် လို၏။ မာရိမူကား သာ၍ကောင်းသောအရာကို ရွေးချယ်လေပြီ။ ထိုအရာကို မည်သူမျှ နုတ်ယူ၍ရမည်မဟုတ်။” (လုကာ ၁၀:၄၁၊ ၄၂) ယေရှု ဘာကိုဆိုလိုနေတာလဲ။ မာသဟာ ကာယရေးနဲ့ဆိုင်တဲ့အရာကိုပဲ အာရုံစိုက်လွန်းတယ်လို့ ကိုယ်တော်ပြောနေတာလား။ စားကောင်းသောက်ဖွယ်ရာတွေကို မာသ ကြိုးစားပမ်းစား ပြင်ဆင်ချက်ပြုတ်နေတာကို အရေးမထားတဲ့ သဘောလား။

မဟုတ်ပါဘူး။ မာသရဲ့ရည်ရွယ်ချက်က မေတ္တာပါပြီး ဖြူစင်တယ်ဆိုတာ ယေရှု ကောင်းကောင်း သိထားတယ်။ ပြီးတော့ ရက်ရက်ရောရော ဧည့်ဝတ်ပြုတာကို မှားတယ်လို့လည်း ယေရှု မယူမှတ်ပါဘူး။ သိပ်မကြာသေးခင်က မဿဲရဲ့အိမ်မှာ ယေရှုအတွက် ပြုလုပ်ပေးတဲ့ “ဧည့်ခံပွဲကြီး” ကိုတောင် ကိုယ်တော် စိတ်ပါလက်ပါ တက်ရောက်ခဲ့သေးတာပဲ။ (လုကာ ၅:၂၉) ဒီနေရာမှာ မာသရဲ့ စားသောက်ဖွယ်ရာတွေက အဓိကမကျပါဘူး။ အဓိကကျတာက သူဦးစားထားနေတဲ့အရာတွေပါ။ သူဟာ အရေးကြီးဆုံးအရာကို လျစ်လျူရှုမိတဲ့အထိ အစားအသောက်တွေကို ဖွယ်ဖွယ်ရာရာ စီမံချက်ပြုတ်ဖို့လောက်ပဲ အာရုံစိုက်ခဲ့တယ်။ သူလျစ်လျူရှုမိလိုက်တဲ့အရာက ဘာဖြစ်မလဲ။

မာသရဲ့အိမ်မှာ အမှန်တရားတွေသွန်သင်ဖို့ ရောက်ရှိနေတဲ့ပုဂ္ဂိုလ်က ဘုရားသခင်ရဲ့ တစ်ဦးတည်းသောသားတော် ယေရှုဖြစ်ပါတယ်။ စားကောင်းသောက်ဖွယ်ရာတွေနဲ့ ပြင်ဆင်ပေးမှုတွေက သိပ်အရေးမကြီးပါဘူး။ မာသဟာ မိမိရဲ့ယုံကြည်ခြင်းကို အလွန်ခိုင်ခံ့စေတဲ့ အခွင့်အရေးကောင်းကို လက်လွတ်ဆုံးရှုံးလိုက်တဲ့အတွက် ယေရှု စိတ်မကောင်းဖြစ်မိမှာ သေချာတယ်။ ယေရှုဟာ မာသရဲ့ရွေးချယ်မှုနဲ့ပတ်သက်ပြီး ဘာမှဝင်မစွက်ခဲ့ဘူး။ ဒါပေမဲ့ အခုကိစ္စကျတော့ မာသဟာ ယေရှုဆီသွားပြီး အဲဒီအခွင့်အရေးကောင်းကို မာရိလက်လွှတ်လိုက်ဖို့ အကျပ်မကိုင်ခိုင်းသင့်ဘူး။ ဘာကြောင့်လဲဆိုတော့ မာရိရဲ့ ဦးစားထားရာတွေနဲ့ပတ်သက်ပြီး မာသမှာ ရွေးချယ်ပိုင်ခွင့်မရှိဘူး။

ဒါကြောင့် မာသကို ယေရှု ညင်ညင်သာသာ တည့်မတ်ပေးခဲ့တယ်။ သူ့နာမည်ကို ထပ်ဆင့်ခေါ်ဆိုခြင်းအားဖြင့် သူစိတ်အနှောင့်အယှက်ဖြစ်နေတာတွေကို တည်ငြိမ်သွားအောင် ချော့မော့ပြောဆိုခဲ့တယ်။ “များစွာသောအမှုတို့၌ စိုးရိမ်ကြောင့်ကြ” နေစရာမလိုဘူးလို့ မာသကို အခိုင်အမာပြောခဲ့တယ်။ အထူးသဖြင့် ကျမ်းစာအမှန်တရားတွေ သွန်သင်နေချိန်မှာ ရိုးရှင်းတဲ့ဟင်းလျာ တစ်မျိုးနှစ်မျိုးဆို လုံလောက်ပါပြီ။ ယေရှုဆီကနေ သင်ယူခြင်းဖြစ်တဲ့ “ကောင်းသောအရာ” ကို မာရိဆီကနေ ဘယ်သူမှ ယူလို့မရပါဘူး။

ကနေ့ ခရစ်တော်ရဲ့ နောက်လိုက်တွေအနေနဲ့ မာသရဲ့အိမ်မှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို ဖော်ပြတဲ့ ဒီမှတ်တမ်းကနေ သင်ခန်းစာ အများကြီးယူနိုင်ပါတယ်။ “ဘုရားသခင်ကို မှီခိုရန်လို” ပြီး ဘုရားသခင့်သွန်သင်ချက်တွေ နားထောင်ခြင်းကို တခြားအဘယ်အရာနဲ့မှ မလဲဖို့ဖြစ်တယ်။ (မဿဲ ၅:၃) မာသရဲ့ရက်ရောမှု၊ အလုပ်ကြိုးစားမှုတွေက အတုယူစရာကောင်းပါတယ်။ ဒါပေမဲ့ ပိုအရေးကြီးတဲ့အရာတွေကို လက်လွတ်သွားတဲ့အထိ သိပ်အရေးမကြီးတဲ့ ဧည့်ဝတ်ကျေပွန်မှုနဲ့ပတ်သက်ပြီး “စိုးရိမ်ကြောင့်ကြ”နေတာမျိုး မဖြစ်ချင်ကြပါဘူး။ ယုံကြည်သူချင်းတွေနဲ့ တွေ့ဆုံပေါင်းသင်းတာက ငွေကုန်ကြေးကျများတဲ့ အစားအသောက်တွေနဲ့ တည်ခင်းဧည့်ခံဖို့ ဒါမှမဟုတ် စားသောက်ဖို့ထက် အပြန်အလှန်အားပေးဖို့၊ ဘုရားသခင်ဆီကရရှိတဲ့ ဆုကျေးဇူးတွေ ဝေမျှဖို့ဖြစ်ပါတယ်။ (ရောမ ၁:၁၁၊ ၁၂) အဲလိုအချိန်အခါမျိုးမှာ ရိုးရှင်းတဲ့အစားအသောက်နဲ့လည်း တည်ခင်းဧည့်ခံနိုင်ပါတယ်။

ချစ်မြတ်နိုးရတဲ့မောင်လေး သေလွန်ပြီးကာမှ ပြန်အသက်ရှင်လာ

ယေရှု ကြင်ကြင်နာနာ တည့်မတ်ပေးတာကို မာသ လက်ခံပြီး သင်ခန်းစာယူခဲ့ပါသလား။ စဉ်းစားနေစရာ မလိုပါဘူး။ မာသရဲ့မောင်လေးနဲ့ပတ်သက်တဲ့ စိတ်လှုပ်ရှားဖွယ်အကြောင်းကို တမန်တော်ယောဟန် ဖော်ပြပြီးတဲ့နောက် “ယေရှုသည် မာသ၊ သူ၏ညီမနှင့် လာဇရုတို့ကို ချစ်တော်မူ၏” လို့ပြောပြတယ်။ (ယောဟန် ၁၁:၅) အထက်မှာ ဖော်ပြထားတဲ့အတိုင်း ဗေသနိရွာကို ယေရှု သွားလည်ပတ်ခဲ့တာ လပေါင်းအတော်ကြာခဲ့ပါပြီ။ မာသဟာ ယေရှုဆီကနေ မေတ္တာနဲ့ဆုံးမပဲ့ပြင်ခံရတာကို စိတ်ထဲမှာ အငြိုးအတေးမထားခဲ့သလို မကျေမနပ်လည်း ဖြစ်မနေဘူးဆိုတာ သိသာပါတယ်။ အဲဒီအစား ဆုံးမပဲ့ပြင်မှုကို သူလက်ခံခဲ့တယ်။ ဒီကိစ္စမှာလည်း ကျွန်ုပ်တို့လိုက်လျှောက်စရာ ယုံကြည်ခြင်းနဲ့ဆိုင်တဲ့ အကောင်းဆုံးစံနမူနာကို မာသ ပြသသွားတယ်။ တကယ်တော့ ကျွန်ုပ်တို့အားလုံးဟာ အနည်းနဲ့အများ ဆုံးမပဲ့ပြင်မှုကို ခံယူဖို့လိုအပ်ကြပါတယ်။

မာသဟာ မောင်လေးလာဇရု ဖျားနေတဲ့အချိန်မှာ သူ့ကိုပြုစုရတာနဲ့ အလုပ်များနေတယ်။ မောင်လေး နေပြန်ကောင်းလာအောင် အစွမ်းကုန် ပြုစုပေးခဲ့တယ်။ ဒါပေမဲ့ လာဇရုရဲ့ရောဂါအခြေအနေက ကောင်းမလာတဲ့အပြင် ပိုဆိုးလာတယ်။ မာရိနဲ့မာသတို့ခမျာ တစ်ရက်ပြီးတစ်ရက် မောင်လေးအနားကနေ တစ်ဖဝါးမှမခွာဘဲ ပြုစုပေးနေရရှာတယ်။ မာသဟာ မောင်နှမသုံးယောက် နှစ်ပေါင်းများစွာ အတူတူ နေလာခဲ့တာတွေ၊ အတူတူခံစားခဲ့ရတဲ့ ပျော်ရွှင်မှုတွေနဲ့ ဝမ်းနည်းမှုတွေကို သတိရနေရင်း မောင်လေးရဲ့ ချောင်ကျနေတဲ့မျက်နှာကို ငေးစိုက်ကြည့်ခဲ့ရတာလည်း အကြိမ်ကြိမ်ပါပဲ။

လာဇရုရဲ့ ကျန်းမာရေးအခြေအနေက ကောင်းလာမယ့်ပုံမပေါက်တဲ့အဆုံး ယေရှုဆီ သတင်းပို့လိုက်ကြတယ်။ အဲဒီအချိန်မှာ ယေရှုက နှစ်ရက်လောက် ခရီးသွားရတဲ့ နေရာမှာ ဟောပြောနေပါတယ်။ ယေရှုဆီရောက်လာတဲ့သတင်းက ဒီလိုပါ– “သခင်၊ ကိုယ်တော်ချစ်ခင်တော်မူသောသူသည် ဖျားနာနေပါသည်။” (ယောဟန် ၁၁:၁၊ ၃) မောင်လေးကို ယေရှုချစ်ခင်တယ်ဆိုတာ အစ်မတွေ သိထားကြတယ်။ မောင်လေး နေပြန်ကောင်းလာအောင် ယေရှု ဘာမဆို လုပ်ပေးနိုင်တယ်ဆိုတာကိုလည်း အစ်မတွေ ယုံကြည်တယ်။ အချိန်မနှောင်းခင် ယေရှု ရောက်လာနိုင်ရင်ကောင်းမှာပဲဆိုပြီး သူတို့မျှော်တလင့်လင့် ဖြစ်ခဲ့ကြတယ်။ ယေရှု အချိန်မီ ရောက်မလာနိုင်ခဲ့လို့ သူတို့ရဲ့ မျှော်လင့်ချက် ပြိုကွဲသွားရပြီ။ လာဇရုလည်း ဆုံးသွားပါပြီ။

မောင်လေး ဆုံးသွားတဲ့အတွက် မာသနဲ့မာရိတို့ ဝမ်းနည်းကြေကွဲနေပြီး ဈာပနကိစ္စအတွက် ပြင်ဆင်နေရတဲ့အပြင် ဗေသနိရွာနဲ့ အနီးဝန်းကျင်ဒေသက ဧည့်သည်တွေကို လက်ခံစကားပြောနေရရှာတယ်။ ဒါပေမဲ့ ယေရှုဆီက ဘာသတင်းမှ မကြားရသေးပါဘူး။ အချိန်တွေကုန်လွန်လာတာနဲ့အမျှ မာသအနေနဲ့ ပိုပြီးတွေးရခက်နေတယ်။ လာဇရုသေပြီး လေးရက်ကြာမှ ဗေသနိရွာနားကို ယေရှုရောက်လာနေပြီဆိုတဲ့သတင်းကို မာသ ကြားသွားတယ်။ စိတ်မြန်လက်မြန်လုပ်တတ်တဲ့ မာသဟာ ဝမ်းနည်းပူဆွေးနေချိန်မှာတောင် မာရိကို ပြောပြမနေတော့ဘဲ ယေရှုနဲ့တွေ့ဖို့ ခပ်သွက်သွက် ပြေးထွက်သွားတယ်။—ယောဟန် ၁၁:၂၀

ယေရှုကို မာသတွေ့တော့ သူတို့ညီအစ်မနှစ်ယောက်ခမျာ ရက်ပေါင်းများစွာ အကြီးအကျယ် စိတ်သောကရောက်ခဲ့ရတယ်ဆိုတဲ့အတွေးနဲ့ “သခင်၊ ဤတွင် ကိုယ်တော်ရှိတော်မူခဲ့လျှင် ကျွန်မ၏မောင် သေမည်မဟုတ်ပါ” ဆိုပြီး ပြောချလိုက်တယ်။ ဒါပေမဲ့ မာသမှာ မျှော်လင့်ချက်နဲ့ ယုံကြည်ခြင်းက ရှိနေတုန်းပါပဲ။ ဒါနဲ့ “ယခုပင်လျှင် ဘုရားသခင်ထံ ကိုယ်တော်တောင်းလျှောက်သမျှကို ပေးတော်မူမည်ဟု ကျွန်မသိပါ၏” လို့ဆက်ပြောလိုက်တယ်။ မာသရဲ့မျှော်လင့်ချက်ကို ခိုင်မာစေတဲ့အနေနဲ့ ယေရှုကလည်း ချက်ချင်းပဲ “သင်၏မောင်သည် ထမြောက်လိမ့်မည်” လို့ပြောလိုက်တယ်။​——ယောဟန် ၁၁:၂၁-၂၃

အနာဂတ်ထမြောက်ခြင်းအကြောင်း ယေရှု ပြောနေတယ်လို့ထင်ပြီး မာသက “နောက်ဆုံးသောနေ့၌ ရှင်ပြန်ထမြောက်ရာကာလတွင် သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်” လို့ပြန်ဖြေခဲ့တယ်။ (ယောဟန် ၁၁:၂၄) ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို မာသ ယုံကြည်နေတာက တကယ်ထူးခြားတယ်။ သမ္မာကျမ်းစာမှာ အဲဒီမျှော်လင့်ချက်အကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပေမဲ့ ဇဒ္ဒုကဲလို့ခေါ်တဲ့ ဂျူးဘာသာရေးခေါင်းဆောင်တချို့က ရှင်ပြန်ထမြောက်ခြင်းကို မယုံကြည်ကြဘူး။ (ဒံယေလ ၁၂:၁၃ခမ; မာကု ၁၂:၁၈) ယေရှုဟာ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်အကြောင်း သွန်သင်ခဲ့တဲ့အပြင် သေလွန်သူတချို့ကိုတောင် အသက်ပြန်ရှင်လာအောင် လုပ်ပေးခဲ့တယ်ဆိုတာကို မာသ သိထားတယ်။ ဒါပေမဲ့ ယေရှု ပြန်ရှင်လာအောင် လုပ်ပေးခဲ့တဲ့ သေလွန်သူတချို့ဟာ လာဇရုလို ရက်အကြာကြီး သေနေတာမဟုတ်ပါဘူး။ ဒါကြောင့် လာဇရုနဲ့ပတ်သက်ပြီး ရှေ့မှာ ဘာတွေဖြစ်လာမယ်ဆိုတာ မာသ မသိဘူး။

အဲဒီအခါမှာ ယေရှုက မမေ့နိုင်တဲ့ စကားတစ်ခွန်းကို ဒီလိုပြောခဲ့တယ်– “ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ အသက်လည်း ဖြစ်၏။” တကယ်လည်း ယေရှုဟာ အနာဂတ်မှာ ကမ္ဘာတစ်ဝန်းလုံးက သေလွန်သူတွေကို အသက်ပြန်ရှင်လာအောင် ပြုလုပ်ပေးနိုင်တဲ့တန်ခိုးကို ယေဟောဝါဘုရားသခင်ဆီက ရရှိထားပါတယ်။ ယေရှုက “ဤစကားကို ယုံသလော” ဆိုပြီး မာသကို မေးလိုက်တယ်။ အဲဒီအခါမှာ မာသက ဒီဆောင်းပါးရဲ့အစမှာ ဖော်ပြထားတဲ့ အဖြေကို ပေးလိုက်တယ်။ ယေရှုဟာ မေရှိယဆိုတဲ့ ခရစ်တော်ဖြစ်တယ်၊ ယေဟောဝါဘုရားသခင်ရဲ့ သားတော်လည်းဖြစ်တယ်၊ ကမ္ဘာပေါ်ရောက်ရှိလာမယ်လို့ ပရောဖက်တွေ ကြိုဟောထားတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်ဆိုတာကို မာသ ယုံကြည်ထားတယ်။—ယောဟန် ၅:၂၈၊ ၂၉; ၁၁:၂၅-၂၇

အဲလိုယုံကြည်မှုမျိုးကို ယေဟောဝါဘုရားသခင်နဲ့ သားတော်ယေရှုခရစ်တို့ တန်ဖိုးထားပါသလား။ နောက်ပိုင်းမှာ မာသမျက်စိနဲ့ တပ်အပ်တွေ့မြင်ရမယ့် အဖြစ်အပျက်တွေကိုကြည့်ရင် အဖြေက ရှင်းသွားပါလိမ့်မယ်။ မာသဟာ ညီမဖြစ်သူကို မြန်မြန်ပြေးခေါ်လိုက်တယ်။ အဲဒီနောက် မာရိအပြင် သူနဲ့အတူ ငိုကြွေးမြည်တမ်းနေတဲ့သူတွေကို ယေရှုစကားပြောနေချိန်မှာ ကိုယ်တော်အရမ်းစိတ်ထိခိုက်သွားတာကို မာသတွေ့လိုက်ရတယ်။ သေခြင်းတရားကြောင့် လူတွေ ဘယ်လောက် ဝမ်းနည်းကြေကွဲနေတယ်ဆိုတာကို ယေရှုတွေ့မြင်ပြီး မိမိရဲ့ဝမ်းနည်းပူဆွေးမှုကို ပြသတဲ့အနေနဲ့ မျက်ရည်ကျနေတာကိုလည်း တွေ့လိုက်ရတယ်။ မောင်လေးရဲ့ သင်္ချိုင်းဂူဝကို ပိတ်ထားတဲ့ ကျောက်တုံးကို ရွှေ့လိုက်ကြဖို့ ယေရှု အမိန့်ပေးတာကို မာသကြားလိုက်ရတယ်။—ယောဟန် ၁၁:၂၈-၃၉

သေတာ လေးရက်ရှိပြီဖြစ်တဲ့ အလောင်းဟာ အခုချိန်ဆို နံနေလောက်ပြီဆိုပြီး အမြဲလက်တွေ့ကျကျ လုပ်တတ်တဲ့ မာသက ကန့်ကွက်တယ်။ ယေရှုက ‘သင်သည် ယုံကြည်လျှင် ဘုရားသခင်၏ [တန်ခိုးတော်] ကိုမြင်ရလိမ့်မည်ဟူ၍ ငါပြောခဲ့ပြီမဟုတ်လော’ ဆိုပြီး မာသကို အသိပေးတယ်။ မာသ ယုံကြည်တဲ့အပြင် ယေဟောဝါဘုရားသခင်ရဲ့ တန်ခိုးတော်ကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ လာဇရု အသက်ပြန်ရှင်လာအောင် လုပ်ပေးဖို့ ဘုရားသခင်က ချက်ချင်းပဲ သားတော်ယေရှုကို တန်ခိုးပေးခဲ့တယ်။ “လာဇရု၊ ထွက်လာလော့” ဆိုတဲ့ ယေရှုရဲ့ အမိန့်ပေးသံ၊ လာဇရုကို မြှုပ်နှံထားတဲ့ သင်္ချိုင်းဂူထဲကနေ အသံသဲ့သဲ့ကြားလိုက်ရပုံ၊ အဲဒီနောက် လာဇရုဟာ ပိတ်အဝတ်စည်းလျက်နဲ့ ဂူဝကို တရွေ့ရွေ့ထွက်လာတဲ့ပုံ၊ “သူ့ကို အဝတ်ဖြေ၍ လွှတ်ပေးကြလော့” ဆိုတဲ့ ယေရှုရဲ့အမိန့်ပေးသံ၊ မာသနဲ့မာရိတို့ ဝမ်းသာအားရနဲ့ မောင်လေးကိုပြေးဖက်ကြပုံ စတဲ့အဖြစ်အပျက်တွေကို မာသ ဘယ်တော့မှ မေ့ပျောက်နိုင်မှာမဟုတ်ပါဘူး။ (ယောဟန် ၁၁:၄၀-၄၄) မာသရဲ့ဝမ်းနည်းကြေကွဲမှုက လုံးလုံးပျောက်ကွယ်သွားပါပြီ။

သေလွန်သူတွေ ပြန်အသက်ရှင်လာမယ်ဆိုတာက စိတ်ကူးယဉ်သက်သက် မဟုတ်ဘူးဆိုတာကို မှတ်တမ်းက ဖော်ပြပါတယ်။ အဲဒါက နှလုံးနွေးထွေးစေတဲ့ ကျမ်းစာသွန်သင်ချက်ဖြစ်တဲ့အပြင် သက်သေခိုင်လုံတဲ့ ဖြစ်ရပ်မှန်လည်းဖြစ်ပါတယ်။ မာသ၊ မာရိနဲ့ လာဇရုတို့ရဲ့ အဖြစ်အပျက်မှာလိုပဲ ယုံကြည်ခြင်းရှိတဲ့သူတွေကို ယေဟောဝါနဲ့ယေရှုတို့က ဆုချပေးချင်တယ်။ မာသလိုပဲ ယုံကြည်ခြင်းခိုင်ခံ့အောင် သင်လုပ်ဆောင်မယ်ဆိုရင် သင့်ကိုလည်း ဘုရားသခင်နဲ့ယေရှုခရစ်က အဲဒီလိုဆုချမှာဖြစ်ပါတယ်။ *

“မာသသည် လုပ်ကျွေးလျက်နေ၏”

ကျမ်းစာမှာ မာသရဲ့အကြောင်း နောက်တစ်ကြိမ် ထပ်ပါလာသေးတယ်။ ယေရှုရဲ့ မြေကြီးအသက်တာ နောက်ဆုံးအပတ်ရဲ့ အစပိုင်းမှာ ဖြစ်ပါတယ်။ မကြာခင် ညှဉ်းပန်းနှိပ်စက်မှုတွေ ကြုံရတော့မယ်ဆိုတာကို ယေရှု ကောင်းကောင်းသိထားပေမဲ့ တည်းခိုဖို့အတွက် ဗေသနိရွာက မာသတို့ရဲ့အိမ်ကိုပဲ ရွေးချယ်ခဲ့တယ်။ အဲဒီရွာကနေ ဂျေရုဆလင်မြို့ကို လမ်းလျှောက်သွားရင် နှစ်မိုင်ခရီးရှိတယ်။ ယေရှုနဲ့လာဇရုတို့ဟာ အနူသည် ရှိမုန်ရဲ့အိမ်မှာ ညစာစားနေကြပြီး “မာသသည် လုပ်ကျွေးလျက်နေ၏” လို့ဖော်ပြထားတယ်။ ဒါက မာသနဲ့ပတ်သက်တဲ့ နောက်ဆုံးဖော်ပြချက် ဖြစ်ပါတယ်။။—ယောဟန် ၁၂:၂

မာသဟာ တကယ့်ကို အလုပ်ကြိုးစားတဲ့ အမျိုးသမီးပါ။ သမ္မာကျမ်းစာမှာ သူ့အကြောင်း ဦးဆုံးဖော်ပြတုန်းကလည်း သူအလုပ်လုပ်နေတယ်။ နောက်ဆုံးဖော်ပြတဲ့အခါမှာလည်း အလုပ်လုပ်နေတုန်းပါပဲ။ သူ့အနားမှာရှိတဲ့ သူတွေရဲ့လိုအပ်ရာတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့တယ်။ ကနေ့ ခရစ်တော်နောက်လိုက်တွေရဲ့ အသင်းတော်တွေမှာ မာသလို စိတ်ဓာတ်ကြံ့ခိုင်ပြီး ရက်ရောတဲ့ အမျိုးသမီးတွေရှိတာ တကယ်အထောက်အကူရတယ်။ သူတို့ဟာ မာသလိုပဲ အမြဲ ကိုယ့်ကိုယ်ကိုယ်ပေးဆက်ခြင်းအားဖြင့် သူတို့ရဲ့ယုံကြည်ခြင်းကို လက်တွေ့ပြသနေကြပါတယ်။ မာသလည်း အမြဲ ပေးဆက်ခဲ့ပုံရတယ်။ အဲဒီလိုသာဆိုရင် ဒါဟာ ပညာရှိလမ်းစဉ်ပါပဲ။ ဘာကြောင့်လဲဆိုတော့ သူဟာ ဒီထက်ဆိုးဝါးတဲ့ အခြေအနေတွေကို ကြုံတွေ့ရဦးမှာ ဖြစ်လို့ပါ။

ရက်အနည်းငယ်တုန်းက မာသဟာ သူချစ်မြတ်နိုးရတဲ့သခင် ယေရှု မရှုမလှသေဆုံးသွားတာကို တွေ့ခဲ့ရတယ်။ ယေရှုကို သတ်ခဲ့တဲ့ လူတွေဟာ လာဇရုကိုလည်း သတ်ပစ်ဖို့ ဆုံးဖြတ်ထားကြတယ်။ ဘာကြောင့်လဲဆိုရင် လာဇရု ပြန်အသက်ရှင်လာတဲ့အတွက် လူအတော်များများက ယုံကြည်သူတွေ ဖြစ်လာခဲ့ကြလို့ပါ။ (ယောဟန် ၁၂:၉-၁၁) သေခြင်းက မာသတို့ မောင်နှမသုံးယောက်ရဲ့ မေတ္တာနှောင်ကြိုးကို နောက်ဆုံးမှာ ဖြတ်တောက်လိုက်ပါတယ်။ ဘယ်အချိန်မှာ ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတာကိုတော့ ကျွန်ုပ်တို့ မသိနိုင်ပါဘူး။ ဒါပေမဲ့ မာသရဲ့ယုံကြည်ခြင်းက သူ့ကို အဆုံးတိုင်တည်ကြည်ဖို့ ထောက်ကူပေးခဲ့တယ်ဆိုတာကိုတော့ ပြောနိုင်ပါတယ်။ ဒါကြောင့် ကနေ့ ခရစ်ယာန်တွေဟာ မာသရဲ့ယုံကြည်ခြင်းကို တုပသင့်ပါတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 27 ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ချက်ကို ဒီထက်မက ပိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၇ မှာဖတ်ကြည့်နိုင်ပါတယ်။

[စာမျက်နှာ ၁၁ ပါရုပ်ပုံ]

မာသဟာ ဝမ်းနည်းပူဆွေးနေချိန်မှာတောင် ယုံကြည်ခြင်းခိုင်ခံ့စေတဲ့ အကြောင်းအရာတွေကို အာရုံစိုက်ဖို့ ယေရှုပြောတဲ့အခါ လက်ခံခဲ့

[စာမျက်နှာ ၁၂ ပါရုပ်ပုံ]

မာသဟာ “စိုးရိမ်ကြောင့်ကြ” နေပေမဲ့ ပြုပြင်တည့်မတ်ခံရတဲ့အခါ နှိမ့်ချစွာ လက်ခံခဲ့

[စာမျက်နှာ ၁၅ ပါရုပ်ပုံ]

ယေရှုကို မာသယုံကြည်တဲ့အတွက် ရရှိတဲ့အကျိုးကျေးဇူးက မောင်လေး ပြန်အသက်ရှင်လာတာကို တွေ့ မြင်ခဲ့ရ