မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာမြေနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ရည်ရွယ်ချက်က ဘာလဲ

ကမ္ဘာမြေနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ရည်ရွယ်ချက်က ဘာလဲ

ဘုရားသခင့်စကားတော်မှ သင်ယူပါ

ကမ္ဘာမြေနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ရည်ရွယ်ချက်က ဘာလဲ

ဒီဆောင်းပါးမှာ သင် မေးကောင်းမေးခဲ့ဖူးတဲ့ မေးခွန်းတွေကို တင်ပြထားပြီး အဖြေတွေကို သင့်ကျမ်းစာရဲ့ ဘယ်နေရာမှာ တွေ့ ရှိနိုင်တဲ့အကြောင်း ဖော်ပြပေးထားပါတယ်။ ယေဟောဝါသက်သေတွေက အဖြေတွေကို သင်နဲ့အတူ ဝမ်းမြောက်ဝမ်းသာ ဆွေးနွေးလိုကြပါတယ်။

၁။ ကမ္ဘာမြေနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ရည်ရွယ်ချက်က ဘာလဲ

ကမ္ဘာမြေဟာ လူသားတွေနေထိုင်တဲ့ စံအိမ်ဖြစ်ပါတယ်။ ဘုရားသခင်ဟာ ကောင်းကင်တမန်တွေ နေထိုင်စရာ ကောင်းကင်ကို ဖန်ဆင်းပြီးနောက် လူသားတွေ နေထိုင်စရာ ကမ္ဘာမြေကို ဖန်ဆင်းခဲ့ပါတယ်။ (ယောဘ ၃၈:၄၊သမ္မာ) ဒါကြောင့် ပထမဆုံးလူသားကို သာယာလှပတဲ့ ဧဒင်ဥယျာဉ်မှာ နေရာချထားပေးခဲ့တယ်။ သူအပါအဝင် သူ့ရဲ့သားစဉ်မြေးဆက်တွေကို ကမ္ဘာမြေကြီးပေါ်မှာ ထာဝစဉ်နေထိုင်သွားဖို့ဆိုတဲ့ မျှော်လင့်ချက်ပါ ပေးခဲ့တယ်။—ကမ္ဘာဦး ၂:၁၅-၁၇; ဆာလံ ၁၁၅:၁၆ ကိုဖတ်ပါ။

ဧဒင်ဥယျာဉ်ဟာ ကမ္ဘာရဲ့ တစ်စိတ်တစ်ဒေသမှာပဲ ရှိတယ်။ ပထမဆုံးလူသားမောင်နှံ အာဒံနဲ့ဧဝတို့ဟာ သားသမီးတွေ မွေးဖွားရမယ်။ သူတို့ရဲ့ မိသားစုအရေအတွက် တိုးများလာတဲ့အခါ ကမ္ဘာမြေကို ပြုစုပြီး သာယာလှပတဲ့ဥယျာဉ် ပရဒိသုဖြစ်ဖို့ ပြုလုပ်ရမယ်။ (ကမ္ဘာဦး ၁:၂၈) ကမ္ဘာမြေကြီးဟာ ဘယ်တော့မှ ဖျက်ဆီးခံရမှာ မဟုတ်ပါဘူး။—ဆာလံ ၁၀၄:၅ ကိုဖတ်ပါ။

၂။ အခုချိန်မှာ ကမ္ဘာမြေကြီးက ဘာကြောင့် သာယာလှပတဲ့ဥယျာဉ် ပရဒိသု ဖြစ်မနေတာလဲ

အာဒံနဲ့ဧဝတို့ဟာ ဘုရားသခင်ရဲ့စကားကို နားမထောင်ခဲ့ကြလို့ ဧဒင်ဥယျာဉ်ကနေ နှင်ထုတ်ခံလိုက်ရတယ်။ ဒီလိုနဲ့ ဥယျာဉ်က ပျောက်ဆုံးသွားပြီး အဲဒီလိုဥယျာဉ်မျိုးကို ဘယ်သူမှ မလုပ်နိုင်တော့ပါဘူး။ ‘မြေကြီးကို လူဆိုးလက်၌ အပ်တော်မူ၏’ လို့ကျမ်းစာမှာ ဖော်ပြထားတယ်။—ယောဘ ၉:၂၄; ကမ္ဘာဦး ၃:၂၃၊ ၂၄ တို့ကိုဖတ်ပါ။

ဒါပေမဲ့ လူသားတွေနဲ့ပတ်သက်တဲ့ မူလရည်ရွယ်ချက်ကို ဘုရားသခင် မေ့မသွားပါဘူး။ (ဟေရှာယ ၄၅:၁၈) ဘုရားသခင်ဟာ လူသားတွေအတွက် နဂိုရည်ရွယ်ထားတဲ့အတိုင်း ပြန်လုပ်ပေးတော့မှာဖြစ်ပါတယ်။—ဆာလံ ၃၇:၁၁[ကဘ] ကိုဖတ်ပါ။

၃။ ကမ္ဘာကြီး ငြိမ်းချမ်းအောင် ဘုရားသခင် ဘယ်လိုလုပ်ဆောင်ပေးမလဲ

လူသားတွေ အေးအေးချမ်းချမ်းရှိဖို့ အရင်ဆုံး လူဆိုးတွေကို ဘုရားသခင် ဖယ်ရှားပစ်ပါလိမ့်မယ်။ အာမဂေဒုန်စစ်ပွဲမှာ ကောင်းကင်တမန်တွေဟာ ဘုရားသခင်ကို ဆန့်ကျင်တဲ့သူအားလုံးကို ရှင်းပစ်မှာဖြစ်တယ်။ စာတန်ကို အနှစ် ၁,၀၀၀ ချုပ်နှောင်ထားမှာဖြစ်ပေမဲ့ ဘုရားသခင်ကိုချစ်တဲ့သူတွေကတော့ ကမ္ဘာသစ်မှာ စံစားဖို့ ကပ်ကျော်သွားပါလိမ့်မယ်။—ဗျာ. ၁၆:၁၄၊ ၁၆; ၂၀:၁-၃; ၂၁:၃၊ ၄ တို့ကိုဖတ်ပါ။

၄။ ဆင်းရဲဝေဒနာတွေ ဘယ်တော့ အဆုံးတိုင်မှာလဲ

အနှစ် ၁,၀၀၀ အတွင်း ယေရှုဟာ ကောင်းကင်ကနေ မြေကြီးကို အုပ်စိုးမှာဖြစ်ပြီး သာယာလှပတဲ့ဥယျာဉ် ပရဒိသုဖြစ်အောင် ပြန်လုပ်ပေးပါလိမ့်မယ်။ ဒါ့အပြင် ဘုရားသခင်ကို ချစ်မြတ်နိုးသူတွေရဲ့ အပြစ်တွေကို ဖယ်ရှားပစ်မယ်။ ဖျားနာမှု၊ အသက်အရွယ်ကြီးရင့်မှုနဲ့ သေခြင်းတို့ကိုလည်း ယေရှု ဖယ်ရှားပစ်ပါလိမ့်မယ်။—ဟေရှာယ ၁၁:၉; ၂၅:၈; ၃၃:၂၄; ၃၅:၁ တို့ကိုဖတ်ပါ။

ကမ္ဘာပေါ်က မကောင်းမှုတွေကို ဘုရားသခင် ဘယ်အချိန်မှာ ဖယ်ရှားပစ်မလဲ။ အဆုံးနီးပြီဆိုတာကို သိနိုင်အောင် “လက္ခဏာ” တစ်ခု ယေရှုပေးသွားတယ်။ လက်ရှိကမ္ဘာ့အခြေအနေတွေက လူသားတွေရဲ့ အသက်ရှင်ရပ်တည်ရေးကို ခြိမ်းခြောက်နေပြီး “လောကစနစ်နိဂုံးပိုင်း” အချိန်မှာ ကျွန်ုပ်တို့အသက်ရှင်နေရတယ်ဆိုတာ ဖော်ပြတယ်။—မဿဲ ၂၄:၃၊ ၇-၁၄၊ ၂၁၊ ၂၂; ၂ တိမောသေ ၃:၁-၅ တို့ကိုဖတ်ပါ။

၅။ တည်ထောင်တော့မယ့် သာယာလှပတဲ့ဥယျာဉ် ပရဒိသုမှာ ဘယ်သူတွေ နေထိုင်ကြမလဲ

လူတွေကို တပည့်ဖြစ်စေဖို့၊ ဘုရားသခင့်မေတ္တာဆိုင်ရာ နည်းလမ်းတော်များအကြောင်း သူတို့ကို သွန်သင်ပေးဖို့ နောက်လိုက်တွေကို ယေရှု ညွှန်ကြားခဲ့ပါတယ်။ (မဿဲ ၂၈:၁၉၊ ၂၀) ကမ္ဘာသစ်မှာ အသက်ရှင်နေထိုင်နိုင်ဖို့ လူသန်းပေါင်းများစွာကို အခုကတည်းက ကမ္ဘာနဲ့ချီပြီး ယေဟောဝါဘုရားသခင် ကြိုတင်ပြင်ဆင်ပေးနေပါတယ်။ (ဇေဖနိ ၂:၃) ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမတွေမှာ လူတွေဟာ ခင်ပွန်းကောင်း၊ ဇနီးကောင်း၊ မိဘကောင်းတွေဖြစ်ဖို့ သင်ယူလေ့လာနေကြတယ်။ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ယုံကြည်စိတ်ချဖို့ အခြေခံလိုအပ်ချက်တွေအကြောင်း မိသားစုဝင်အားလုံး အတူတကွ သင်ယူလေ့လာနေကြပါတယ်။—မိက္ခာ ၄:၁-၄ ကိုဖတ်ပါ။

ဝတ်ပြုရာခန်းမမှာ ဘုရားသခင်ကိုချစ်မြတ်နိုးတဲ့သူတွေ၊ ဘုရားသခင်ရဲ့စိတ်တော်နဲ့တွေ့ဖို့ သင်ယူလိုစိတ်ရှိသူတွေကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။—ဟေဗြဲ ၁၀:၂၄၊ ၂၅ ကိုဖတ်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာအဘယ်နည်း စာအုပ်ရဲ့ အခန်း ၃ မှာဖတ်ကြည့်နိုင်ပါတယ်။