မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူအိုတွေ ပြန်လည်နုပျိုလာမယ့်အချိန်

လူအိုတွေ ပြန်လည်နုပျိုလာမယ့်အချိန်

ဘုရားသခင်ထံ ချဉ်းကပ်ကြပါ

လူအိုတွေ ပြန်လည်နုပျိုလာမယ့်အချိန်

ပါးရေနားရေတွေတွန့်၊ မျက်စိက မှုန်၊ နားက လေး၊ ခြေလက်တွေက တုန်တုန်ယင်ယင်နဲ့။ ဒီလိုမျိုး ဇရာအိုလက္ခဏာတွေကို ဘယ်သူ နှစ်သက်ပါ့မလဲ။ ‘ဘုရားသခင်ဟာ ဘာကြောင့် ကျွန်ုပ်တို့ကို လူငယ့်အစွမ်းခွန်အားနဲ့ တစ်ခဏပဲ နေစေပြီး ဇရာအိုလက္ခဏာတွေကိုခံစားကာ သေဆုံးစေဖို့ ဖန်ဆင်းရတာလဲ’ ဆိုပြီး သင်သိချင်နေမှာပါ။ ကျွန်ုပ်တို့ကို အဲလိုရည်ရွယ်ချက်မျိုးနဲ့ ဘုရားသခင် မဖန်ဆင်းခဲ့ပါဘူး။ အဲဒီအစား မေတ္တာရှင်ဘုရားသခင်က ကျွန်ုပ်တို့ကို ဇရာအိုဖြစ်စဉ်ကနေ လွတ်မြောက်စေချင်ပါတယ်။ ယောဘ ၃၃:၂၄၊ ၂၅ မှာဖော်ပြထားတဲ့ စကားတွေကို လေ့လာကြည့်ရအောင်။

ယေဟောဝါဘုရားသခင်ရဲ့ ချစ်မြတ်နိုးမှုကိုခံရတဲ့ တည်ကြည်သူ ယောဘရဲ့ အခြေအနေကို သုံးသပ်ကြည့်ပါ။ ဘုရားသခင်ကို ယောဘ ဝတ်ပြုတာဟာ ကိုယ်ကျိုးကြောင့်ပဲဆိုပြီး ယောဘရဲ့တည်ကြည်မှုကို စာတန် စောဒကတက်ခဲ့တယ်။ ဒါကို ယောဘ မသိခဲ့ရှာဘူး။ ယောဘကို ယုံကြည်စိတ်ချတဲ့အပြင် အန္တရာယ်တွေကို ဖယ်ရှားပေးနိုင်စွမ်းရှိတဲ့ ဘုရားသခင်ဟာ ယောဘကိုစမ်းသပ်ဖို့ စာတန်ကို ခွင့်ပြုလိုက်တယ်။ ခွင့်ပြုချက်လည်းရရော စာတန်ဟာ “ယောဘ၏ခြေဖဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ၏။” (ယောဘ ၂:၇) ယောဘရဲ့ကိုယ်ပေါ်မှာ လောက်ကောင်တွေတက်၊ အရေပြားကလည်း ကွဲအက်မည်းကြုတ်နေပြီး အဖတ်လိုက် ကွာကျနေတယ်။ (ယောဘ ၇:၅; ၃၀:၁၇၊ ၃၀) မချိမဆံ့ခံစားနေရတဲ့ သူ့ရဲ့ဝေဒနာကို သင် မြင်ယောင်ကြည့်နိုင်မလား။ ယောဘဟာ ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရပေမဲ့လည်း ‘ငါသည် သေသည်တိုင်အောင် ငါ့တည်ကြည်မှုကို မစွန့်လွှတ်’ ဆိုပြီး ပြောခဲ့တယ်။—ယောဘ ၂၇:၅ကဘ။

ဒါပေမဲ့ ယောဘဟာ ဆိုးဝါးတဲ့အမှားတစ်ခုကို ကျူးလွန်လိုက်မိတယ်။ သူသေရတော့မယ်လို့ထင်ပြီး “ဘုရားသခင်ထက် မိမိဖြောင့်မတ်ကြောင်းကိုပြ” ဖို့ အလွန်အမင်း အာရုံစိုက်လာတယ်။ (ယောဘ ၃၂:၂) ဧလိဟုက ဘုရားသခင်ကိုယ်စား ယောဘကို ပြစ်တင်ဆုံးမခဲ့ရတယ်။ ဒါပေမဲ့ ဘုရားသခင်ဆီကလာတဲ့ သတင်းကောင်းတစ်ခုကိုလည်း အခုလိုပေးသိခဲ့ပါတယ်– ‘သင်္ချိုင်းတွင်းထဲသို့ ထိုသူ [ယောဘ] ကို မဆင်းစေဘဲ ကယ်တင်လော့။ ရွေးရာအကြောင်း [“ရွေးနုတ်ဖိုး၊” ကဘ] ကို ငါတွေ့ပြီ။ ထိုသူသည် သူငယ်ထက် အသားအရေနုထွား၍ ပျိုသောအသက်နှင့် တစ်ဖန် ပြည့်စုံလိမ့်မည်။’ (ယောဘ ၃၃:၂၄၊ ၂၅) ယောဘဟာ အဲဒီစကားတွေကြောင့် မျှော်လင့်ချက်ပြန်ရလာခဲ့တယ်။ ဆင်းရဲဝေဒနာကို သေတဲ့အထိ သူ ဆက်ခံစားနေစရာ မလိုတော့ပါဘူး။ ယောဘသာ နောင်တယူမယ်ဆိုရင် ဘုရားသခင်က သူ့အကျိုးအတွက် ရွေးနုတ်ဖိုးကို ဝမ်းသာစွာ လက်ခံမှာဖြစ်ပြီး ဘေးဆိုးတွေကနေ ကယ်လွှတ်မှာဖြစ်ပါတယ်။ *

ပြုပြင်တည့်မတ်ပေးတာကို ယောဘ နှိမ့်ချစွာ ခံယူပြီး နောင်တယူခဲ့ပါတယ်။ (ယောဘ ၄၂:၆) ယောဘအကျိုးအတွက် ရွေးနုတ်ဖိုးကို ဘုရားသခင် လက်ခံပြီး သူ့အမှားကို ဖုံးအုပ်ပေးခဲ့တယ်။ ဘုရားသခင်ဟာ သူ့ကိုဆုချတဲ့အနေနဲ့ နဂိုအခြေအနေကို ပြန်ရောက်စေခဲ့တယ်။ “ယောဘ၏ ရှေ့ဖြစ်ဟန်ကို ကောင်းချီးပေးတော်မူသည်ထက် နောက်ဖြစ်ဟန်ကို သာ၍ကောင်းချီးပေး” ခဲ့တယ်။ (ယောဘ ၄၂:၁၂-၁၇) ယောဘရဲ့ ရွံရှာဖွယ်ကောင်းတဲ့ ရောဂါဆိုး ကုသခံရပြီး “သူငယ်ထက် အသားအရေနု” လာတဲ့အခါ သူခံစားရတဲ့ စိတ်သက်သာမှုကို မြင်ယောင်ကြည့်လိုက်ပါ။

ယောဘရဲ့အကျိုးအတွက် ဘုရားသခင် လက်ခံခဲ့တဲ့ ရွေးနုတ်ဖိုးတန်ဖိုးက အကန့်အသတ်ပဲရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ မစုံလင်တဲ့အပြင် နောက်ပိုင်းမှာ သေဆုံးကြရလို့ပါ။ ဒါပေမဲ့ ကျွန်ုပ်တို့မှာ သာလွန်ကောင်းမွန်တဲ့ ရွေးနုတ်ဖိုးရှိထားပါတယ်။ အဲဒါကတော့ မေတ္တာရှင်ဘုရားသခင်က ကျွန်ုပ်တို့အတွက် ရွေးနုတ်ဖိုးအဖြစ် သားတော်ယေရှုကို ပေးဆက်ခဲ့ပါတယ်။ (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆) ယေရှုရဲ့ရွေးနုတ်ဖိုးကို ယုံကြည်တဲ့သူအားလုံး သာယာလှပတဲ့ ကမ္ဘာပေါ်မှာ ထာဝစဉ်အသက်ရှင်ဖို့ အလားအလာရှိပါတယ်။ ရောက်ရှိလာတော့မယ့် ကမ္ဘာသစ်မှာ တည်ကြည်တဲ့ လူသားတွေဟာ အိုမင်းခြင်းကနေ လွတ်မြောက်ခွင့်ရကြပါလိမ့်မယ်။ သက်ကြီးရွယ်အိုတွေ “သူငယ်ထက် အသားအရေနု” လာတော့မယ့်အချိန်ကို တွေ့မြင်ဖို့ သင် ဘယ်လိုအသက်ရှင် နေထိုင်ရမယ်ဆိုတာကို လေ့လာကြည့်ရင် မကောင်းဘူးလား။

ဧပြီလအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်-

ယောဘ ၁၆-၃၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ဒီနေရာမှာ အသုံးပြုထားတဲ့ “ရွေးနုတ်ဖိုး” ဆိုတဲ့စကားလုံးက ဖုံးအုပ်ခြင်းဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ (ယောဘ ၃၃:၂၄) ယောဘရဲ့ကိစ္စမှာ ရွေးနုတ်ဖိုးဆိုတာ တိရစ္ဆာန်ယဇ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ယောဘရဲ့အမှားကို ဖုံးအုပ်ဖို့ ဘုရားသခင်လက်ခံမယ့်ယဇ်လည်း ဖြစ်နိုင်ပါတယ်။—ယောဘ ၁:၅